- By CNI News
- Category: စီးပွားရေး
- Hits: 1730
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆
စီးပွားရေးလုပ်ငန်းရှင်ကြီး ဧဒင်အုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူ ထား ကြောင်း MRTV က ယနေ့(ဧပြီ ၂၆ ရက်) ည ၈ နာရီသတင်းမှာ ကြေညာသွားခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ် အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက်ချက်များတွင် အဂတိ လိုက် စားမှုများ ရှိနေကြောင်း ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်ကြားခြင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ် ခုတို့သည် တီကျစ် ကျောက်မီးသွေး အကြီးစား ထုတ်လုပ်မှုအပေါ် နိုင်ငံတော်မှ ၃၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိ ကမှ ၇၀ ရာခိုင်နှုန်း ဖြင့် ခွဲဝေခံစားသည့် လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်သို့ ပေးသွင်းသည့် ဓာတ်သတ္တုခွန် ၂ ရာခိုင် နှုန်းကို ဓာတ်သတ္တုများ ရောင်းချသည့်အခါ ပြောင်းလဲလာသည့် နှစ်အလိုက် သတ်မှတ်ထားသည့် ဓာတ်သတ္တု ထုတ် လုပ်မှု တစ်တန် ရောင်းဈေး(၂၀၁၈-၂၀၁၉ ခုနှစ်တွင် တစ်တန်လျှင် ငွေကျပ် ၄၈၁၀၀၊ ၂၀၁၉-၂၀၂၀ ခုနှစ်အထိ တစ်တန်လျှင် ငွေကျပ် ၅၆၅၀၀)အပေါ် ပြင်ဆင်ကောက်ခံရမည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပ သည့် ဝန်ကြီးဌာန စီမံခန့် ခွဲမှု ကော်မတီ အစည်းအဝေး ၁/၂၀၁၇ ဆုံးဖြတ်ချက်အတိုင်း ကျောက်မီးသွေးထုတ်လုပ်မှု တစ် တန်ရောင်းဈေး ငွေကျပ် ၁၂၀၀၀ နှုန်းအပေါ်တွင်သာ တွက်ချက်ကောက်ခံခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဆိုသည်။
ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း
ထို့နောက် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ နှစ်အလိုက် ထုတ်လုပ်သည့် ကျောက်မီးသွေး တန်ချိန် ၂၃ သိန်းကျော်အတွက် ဓာတ်သတ္တုခွန် ငွေကျပ်သန်း ၁၉၀၀ ကျော်နှင့် နိုင်ငံတော်မှရရှိမည့် ထုတ်လုပ်မှုအချိုး ၃၀ ရာခိုင်နှုန်းအပေါ် ငွေကျပ်သန်း ၁၄၀၀၀ ကျော် လျော့နည်းရရှိခဲ့ပြီး နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သန်း ၁၅,၉၀၀ ကျော်နစ်နာမှုဖြစ်ပေါ်ခဲ့ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောသည်။
ထို့ကြောင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ စာချုပ်ချုပ်ဆိုစဉ် လက်မှတ်ရေးထိုးပြီး လုပ်ငန်း အကောင်အထည် ဖော်မှုများအပေါ် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန် ကြားရေးမှူးဟောင်း ဦးကျော်ဆန်းနှင့် နိုင်ငံတော် နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ သည့် ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ငွေကျပ်သန်း ၉၄၀၀ ကျော်နိုင်ငံတော်မှ နစ်နာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ စာချုပ်ပါ သတ်မှတ်ချက်အတိုင်း လိုက်နာ အကောင်အထည်ဖော်ရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် နိုင်ငံ တော် နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် တရားစွဲဆို အရေး ယူနိုင်ရေး ဆောင်ရွက်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။
ဧဒင်အုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်သည် မြန်မာနိုင်ငံတွင် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး ဟိုတယ်၊ ဆောက်လုပ်ရေး၊ ဘဏ်၊ လောင်စာဆီ ဖြန့်ဖြူးရောင်းချရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2683
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆
လက်ရှိတွင် ရန်ကုန်လေဆိပ် တစ်ခုတည်း၌ နိုင်ငံတကာ လေကြောင်းလိုင်းများ ဆိုက်ရောက်ခွင့်သာ ခွင့်ပြုထားခြင်းကြောင့် နေပြည်တော်နှင့်မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင်လည်း နိုင်ငံတကာလေကြောင်းလိုင်းများ ဆိုက်ရောက်နိုင်ရန် စီစဉ်နေသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နေပြည်တော်နှင့် မန္တလေးသို့ နိုင်ငံတကာ လေယာဉ်ခရီးစဉ်များ ဆိုက် ရောက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်သည့် အတွက် တိုင်းအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များအား ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက “ကြိုတော့ပြောလို့ မရသေးဘူး။ ဒီရောဂါဖြစ်ပွားတဲ့ဟာ တွေ ကျနော်တို့ စောင့်ကြပ်ကြည့်ရှုနေတယ်။ နိုင်ငံတကာမှာ ရောဂါဖြစ်ပွားတဲ့ အခြေအနေ၊ နောက် ကျနော်တို့ဆီမှာ ရောဂါ ဖြစ်ပွားတဲ့ အခြေအနေ၊ ကာကွယ်ဆေးထိုးနှံတဲ့ အခြေအနေ၊ ပြီးတော့ အခုလက်ရှိလုပ်နေတဲ့ Operation တွေအပေါ်မှာ ဆောင်ရွက်နိုင်မယ့် အခြေအနေပေါ့။ ပြီးတော့ တွေ့ကြုံရတဲ့ အခက်အခဲ ဒါတွေအကုန်လုံးကို ခြုံငုံသုံးသပ်ပြီးတော့ ကျနော်တို့ က နောက်ထပ် သုံးသပ်ပြီးတော့ နောက်ထပ် ထပ်ပြီးတော့ပေါ့ လေဆိပ်တွေ ထပ်ဖွင့်မလဲ။ ဘယ်လို SOP နဲ့ ထပ်ပြီးတော့ ဖြေ လျှော့ပြီး သွားမလဲပေါ့။ SOP အခုလည်း ဆွဲနေပြီပေါ့။ Modify လေး နည်းနည်း ထပ်လုပ်ရဦးမှာပေါ့။ ဒါတွေက ကျနော်တို့ ကြိုတင်ပြီးတော့ အခုတည်းက ဆောင်ရွက်လျက်ရှိပါတယ်။ စီစဉ်လျက်ရှိတယ်။ ဒါပေမယ့် ပြီးမှပဲ ကျနော်တို့က ပြောလို့ရမှာ ပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တွေ့ရစဉ်
နိုင်ငံတကာ လေကြောင်းလိုင်းများအား ဧပြီ ၁၇ ရက်နေ့မှ စတင်ကာ ပြန်လည် ပြေးဆွဲခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန် လေဆိပ်သို့ တစ်ရက်လျှင် လေယာဉ် ၆ စင်းခန့် ဆင်းသက်ကြောင်း၊ နိုင်ငံခြားသား ခရီးသည်အနေဖြင့် တစ်ရက်လျှင် ၁၀၀ ဝန်းကျင်ခန့် Business Visa ဖြင့် ဝင်ရောက်ကြောင်း သိရသည်။
အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံကဲ့သို့ လေဆိပ်တွင် တခါတည်း ကိုဗစ် ရှိ၊မရှိ စစ်ဆေးပြီး မရှိပါက သွားလိုရာ သွားနိုင်သည်မျိုး ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ဆောင်ရန်ရှိကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများထံက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သက်ထွန်းက နိုင်ငံတကာ လေဆိပ်များ ပြန်၍ Run နိုင်ပါက နိုင်ငံခြားသား ခရီးသွားများ ဝင်လာနိုင်သည်ဟု ပြောသည်။
လေကြောင်း ခရီးစဉ်
ဦးအောင်သက်ထွန်းက “အဲ့ဒီလိုမျိုး မြန်မြန်ဆန်ဆန် သွားလို့ရရင် ရတာရယ်။ နောက်တစ်ခုက တစ်ဖက်ကလည်း ကျနော်တို့ ဘက်ကလည်း လေကြောင်းလိုင်းတွေလည်း ပိုဆွဲလာမယ်ဆိုရင်တော့ အဲ့ဒီလိုမျိုး။ နောက် ရန်ကုန်ရော၊ မန္တလေးရော International လေဆိပ်တွေက ပြန်ပြီးတော့ စတင်ပြီးတော့ run နိုင်မယ်ဆိုရင်တော့ tourist တွေ ဝင်လာနိုင်မယ်လို့ ကျနော်တို့လည်း ယူဆတာပေါ့နော်”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် နိုင်ငံတကာ လေကြောင်းလိုင်းဖြင့် လာရောက်မည့် သူများသည် မလာခင် ၁၄ ရက် အလိုတွင် ကိုဗစ်ကာကွယ် ဆေး ၂ လုံး အပြည့် ထိုးထားရမည်ဖြစ်ကြောင်း၊ နိုင်ငံကို ရောက်မလာခင် ၇၂ နာရီအတွင်း ကိုဗစ်ရောဂါ ရှိ၊မရှိ RT- PCR နည်း ဖြင့် စစ်ထားသည့် ဓာတ်ခွဲအဖြေ လိုအပ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံခြားသား ခရီးသည်များ အနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိပါကလည်း RT- PCR နည်းဖြင့် ထပ်မံစစ်ဆေးပြီး ကိုဗစ်ရောဂါပိုး မတွေ့ပါက သတ်မှတ်ထားသည့် ဟိုတယ်တွင် ကွာရန်တင်း တစ်ရက်နေရမည်ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 2113
CNI News
၂၀၂၂ခုနှစ်၊ ဧပြီ ၂၅
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ဖြစ်ပွားနေသည့် လက်ရှိအခြေအနေများကြောင့် ထိုင်းနိုင်ငံသို့ MOU ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်မည့်ကိစ္စသည် လုံခြုံရေးစိတ်ချရမှုမရှိကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ပြောသည်။
ဒါ့ကြောင့် အစိုးရအနေဖြင့် ပြန်လည်စဉ်းစားသင့်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က CNI သို့ပြောသည်။
“အခုလောလောဆယ်မှာ အဲ့ဒီလိုတိုက်ခိုက်မှုတွေဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုံခြုံရေးအတွက်ကိုတော့ သူတို့စနစ်တကျပြင်ဆင်သင့်တယ်လို့ ကျနော်တို့အနေနဲ့ အဲဒီလိုပဲပြောလို့ရမယ် ထင်တယ်။ အခုက ပြဿနာကတော့ အလုပ်သမားတွေအတွက်က MOUနဲ့ လာမယ်ဆိုရင် နဂိုကတည်းက အောက်လမ်းကနေလာဖို့ သူတို့ကပြောတယ်။ ဖြစ်သင့်တာက ဒီအောက်လမ်းတစ်ခုတည်းကိုပဲမစဥ်းစားဘဲနဲ့ ထိုင်းအစိုးရနဲ့ ညှိပြီးတော့ တခြား နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားတွေ သွားလာနေသလိုမျိုး ဘာဖြစ်လို့ လေကြောင်းခရီးလမ်းနဲ့ သွားလို့မရတာလဲပေါ့။ ဒါကျနော်တို့က မေးစရာဖြစ်လာတာပေါ့။ လေကြောင်းခရီးလမ်းနဲ့ သွားလို့ရှိရင် အများကြီး စရိတ်စကလည်း အဲဒီလောက်ထိတော့ ပိုမကုန်နိုင်ဘူး။ နောက်တစ်ခုက အများကြီးလုံခြုံ စိတ်ချရတဲ့ဟာမျိုး ပိုဖြစ်နိုင်တယ်”ဟု ပြောသည်။
ထို့ကြောင့် မြန်မာ-ထိုင်း နှစ်ဖက်အစိုးရအနေဖြင့် ကုန်းလမ်းဖြတ်ကျော်ခြင်းတစ်ခုတည်းဖြင့် MOU အလုပ်သမား များအား စေလွှတ်ခြင်းမဟုတ်ဘဲ လေကြောင်းလမ်းကနေပါ ဝင်၊ ထွက်၍ ရနိုင်သည့် နည်းလမ်းများအား စနစ်တကျ စဉ်းစားသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
အာရှလမ်းမကြီးပေါ်တွင် တပ်မတော်နှင့် KNLA ၊ PDF ပူးပေါင်းအဖွဲ့တို့၏ တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ခရီးသည် တင်ကားများ၊ အရပ်သားကားများ၊ ကုန်တင်မော်တော်ယာဉ်များ ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်းများဖြစ်ပွားခဲ့ပြီး ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်ခဲ့သည်။
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁)ထိပ်၌ ဧပြီ ၂၃ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်
ထိုကိစ္စနှင့်ပတ်သက်၍ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက သွားလာ ပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ်များ၊ အရပ်သားကားများ၊ ကုန်တင်မော်တော်ယာဉ်များအား အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်ရန် KNLA တပ်မဟာ၊ တပ်ရင်းများသို့ ဧပြီ ၂၃ ရက် နေ့စွဲဖြင့် ညွှန်ကြားချက်ပေးပို့ခဲ့ သည်။
ထိုင်း-မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ကိုသားကြီးက “ကျနော်တို့နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေအရက ဥပဒေစိုးမိုးမှုမရှိတဲ့အခါကျတော့ တစ်စုံတစ်ရာ တစ်ခုခုဖြစ်သွားရင် တာဝန်ယူမယ့် သူလည်းမရှိဘူးလေ။ ပြည်သူတွေကို ပစ်ခတ်တာတွေမလုပ်ဖို့ KNU က စာထုတ်တယ်ဆိုပေမယ့် ဒီလိုမပစ်ခတ်ဖို့ တားမြစ်ထားတယ်ဖြစ်ပေမယ့်လည်း အလုပ်သမားတွေလာတဲ့အခါကျရင် လုံခြုံမှုကို ဘယ်သူကပေးမလဲဆိုတာကို အတိအကျမသိနိုင်ဘူး။ မပစ်တာ ဆိုပေမယ့် တစ်စုံတစ်ရာ တခုခု ဖြစ်လာခဲ့လို့ရှိရင် တာဝန်ယူမယ့်သူ တာဝန် ယူမယ့်အစိုးရ တာဝန်ခံသူ မရှိဘူးပေါ့။ ခရီးသွားပြည်သူတွေရဲ့ ကားသွားလာတဲ့အချိန်မှာ စာထုတ်ထားတဲ့အတိုင်း မပစ်ခတ်ဖို့ပြောပေမယ့် တခြားသူတွေရော မပစ်နိုင်ဘူးလားပေါ့။ အဲဒီလိုတွေလည်း ကျနော်တို့က ပြန်ပြီးတော့ ကြည့်ရမယ်။ ခရီးသွားပြည်သူတွေ အနည်းငယ်သွားနေတာတွေရှိပေမယ့် လက်ရှိအခြေအနေထိတော့ အေးချမ်း နေတယ်။ သို့သော် အစုလိုက်အပြုံလိုက်အလုပ်သမားတွေ စေလွှတ်တဲ့အချိန်မှာ ဘာတွေ ဆက်ဖြစ်လာနိုင်လဲ ဆိုတာ ဘယ်သူမှမသိတဲ့အတွက် လုံခြုံရေးအရ သိပ်စိတ်မချရဘူးလို့ ပြောချင်တယ်” ဟု CNI သို့ ပြောသည်။
လက်ရှိတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁)ထိပ်၌ ဧပြီ ၂၃ ရက်နေ့ ည ၁၀ နာရီခန့်က ပြင်းထန် သည့်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် နယ်စပ်တလျှောက် ထိုင်းအာဏာပိုင်များမှ လုံခြုံရေးတင်းကြပ် ထားသည်။
ထို့သို့ လုံခြုံရေးတင်းကြပ်လိုက်တာကြောင့် ခိုးဝင်မည့်သူများအတွက် အဟန့်အတားတစ်ခုဖြစ်စေကြောင်း ကိုသားကြီးက ဆက်ပြောသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းကို MOU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမားများ၏ လုံခြုံရေးအား သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ယူနိုင်ရန်အတွက် မေလတွင် စတင်စေလွှတ်မည်ဟု ခန့်မှန်းထားသည်။
ထိုင်းသို့ မြန်မာအလုပ်သမားများအား မြဝတီ-မဲဆောက်၊ ရနောင်း-ကော့သောင်း၊ မယ့်ဆိုင်-တာချီလိတ် စသည့် လမ်းကြောင်းများမှ စေလွှတ်နေခြင်းဖြစ်ပြီး မြဝတီ-မဲဆောက်လမ်းကြောင်းသည် အခြားလမ်းကြောင်းများထက် ကုန်ကျစရိတ်လည်း သက်သာသည့်အတွက် အလုပ်သမား ၈၀ ရာခိုင်နှုန်းခန့်အား အဆိုပါလမ်းကြောင်းမှ စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1490
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကန့်သတ်လိုက်သည့် နိုင်ငံခြားငွေလဲလှယ်မှုထဲတွင် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုများကိုသာ ကင်းလွတ်ခွင့်ပေးထားပြီး ပြည်တွင်းလုပ်ငန်းများကို မပေးထားသည့်အတွက် ယင်း မူဝါဒသည် ရေရှည်အတွက် မဖြစ်နိုင်ကြောင်းနှင့် ပြည်တွင်းရှိလုပ်ငန်းများအတွက် ထိခိုက်နိုင်ကြောင်း မြန်မာ့စီးပွားရေးလေ့လာသူများက ပြောသည်။
နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် အထူးစီးပွားရေးဇုန် လုပ်ငန်းများကိုသာ ကင်းလွတ်ခွင့်ပေးထားပြီး ပြည်တွင်းရှိ ပို့ကုန် သွင်းကုန်လုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို ကန့်သတ်ထားခြင်းကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို ချုပ်နှောင်ထားသည့် အခြေအနေ သက်ရောက်နေသည့်အတွက် ရေတိုတွင် အစိုးရ၏ လိုအပ်ချက် ပြေလည်နိုင်သော်လည်း ရေရှည်တွင် သွား၍ ရနိုင်မည်မဟုတ်ဟု စီးပွားရေးပညာရှင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကိုယ့်လူကို ကိုယ်ပြန်သတ်ထားတာလေ Long term မှာပေါ့လေ။ Short term မှာတော့ အစိုးရရဲ့ သူ့ ရည်ရွယ်ချက်ကို ရကောင်း ရမယ်ပေါ့လေ။ ဒေါ်လာတွေ တရားဝင် ဝင်လာတာတို့၊ နောက်ပိုင်း Competition မလုပ်နိုင်ပါဘူး။ ကိုယ့်လူကို ခြေထောက်ကို ချည်ထားတယ်။ Foreign investors ကို ကျတော့ လွတ်လွတ်လပ်လပ် ပြေးခွင့်ရှိတယ်။ အဲ့ပြိုင်ပွဲမှာ ကိုယ့်လူ နာမှာပဲလေ။ Business ချင်း တူလို့ ရှိရင် Foreign investment က ပိုပြီးတော့ အသာရသွားတဲ့သဘော ရှိသွားတာပဲ။ ပြည်တွင်းလုပ်ငန်းရှင် ကို သတ်တဲ့သဘော ဖြစ်နေတာပေါ့လေ။ ထင်ပါတယ် Policy က နောက်ပိုင်းတော့ ပြန်ရှင်းသွားလိမ့် မယ်။ ဒါ ရေရှည်သွားလို့တော့ မရဘူး” ဟု ပြောသည်။
ပြည်ပမှ ဝင်ရောက်လာသည့် ပို့ကုန် သွင်းကုန် လုပ်ငန်းများမှ ရရှိထားသည့် အမေရိကန်ဒေါ်လာများကို တစ်ရက်အတွင်း ၁၈၅၀ ကျပ်ဖြင့် ရောင်းချရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားခဲ့ သည်။
ထို့နောက် နိုင်ငံခြားငွေများကို AD လိုင်စင်ရ ဘဏ်များမှ လိုအပ်လျှင် လိုအပ်သလောက် ပြန်လည် ရောင်းချပေးမည်ဟု ဆိုထားသော်လည်း ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် တိကျသေချာသည့် ထုတ်ပြန်ချက် ထုတ်ပြန်ပေးထားခြင်း မရှိကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။
“ဒါက အပြေးပြိုင်ပွဲ လုပ်နေတာလေ။ Foreign investors ကိုကျတော့ Favor ပေးတယ်။ သူတို့က မပေးဘူး မဟုတ်ဘူးလေ။ ကိုယ့်ပြည်တွင်းလုပ်ငန်းရှင်တွေကိုလည်း လိုရင် လိုသလို ပေးမယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် အဲဒီဟာက Commitment (ကတိကဝတ်) တောင် မဟုတ်ဘူး။ အဆင်ပြေသလို လုပ်ပေးမယ့် သဘောမျိုး။ Foreign investors တွေကျတော့ Commitment ရသွားပြီ။ သူတို့အတွက်က Expansion ပြုလိုက်တယ်ဆိုတော့” ဟု CNI သို့ ပြောသည်။
နိုင်ငံခြားငွေ လဲလှယ်မှု ကန့်သတ်ချက်ကြောင့် ပြည်တွင်းတွင် စက်သုံးဆီ အခက်အခဲ ဖြစ်ပေါ်သွားသည့် အပြင် ပြည်ပမှ တင်သွင်းသည့် သံ၊ ဘိလပ်မြေ၊ လျှပ်စစ်ပစ္စည်းများကို မှီခို အားထားနေရသည့် ဆောက်လုပ်ရေးလုပ်ငန်းများလည်း အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမျိုးမြင့်က “အဓိက ဒေါ်လာ ဒီလိုနှုန်း သတ်မှတ်လိုက်တဲ့ အခါမှာ စက်သုံးဆီကအစပေါ့နော် အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်တယ်။ ကျနော်တို့ ဆောက်လုပ်ရေးမှာ နိုင်ငံခြား သွင်းကုန်တွေနဲ့ လှောင်နေရတဲ့ ပစ္စည်းက အများကြီးပဲ။ အဲဒါကြောင့်မလို့ ငွေကြေးနဲ့ပတ်သက်တဲ့ ကန့်သတ်လိုက်တဲ့အပေါ်မှာတော့ နိုင်ငံခြားက တင်သွင်းတဲ့ပစ္စည်းတွေနဲ့ ပတ်သက်တဲ့လုပ်ငန်း လုပ်တဲ့သူမှန်သမျှက Export, Import လုပ်တဲ့သူတွေ၊ ကျနော်တို့ ဆောက်လုပ်ရေး ကဏ္ဍမှာလည်း နိုင်ငံခြားက တင်သွင်းတဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာတော့ အခိုက် အတန့်တော့ အခက်အခဲလေးတွေ ဖြစ်တယ်လို့တော့ ပြောလို့ရမှာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြည်တွင်းလုပ်ငန်းရှင်များကို ခွဲခြားဆက်ဆံခြင်းမဟုတ်ကြောင်းနှင့် နိုင်ငံခြားငွေလိုသည့်အခါ ပြန်ထုတ်ပေးရန် လုပ်ငန်းစဉ် အသေးစိတ် ပြင်ဆင်နေသည်ဟုလည်း ပြောကြားထားသည်။
သို့သော် နိုင်ငံခြားငွေ ကန့်သတ်ချက်နှင့်ပတ်သက်ပြီး ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကို တပြေးညီ တန်းတူ အခွင့်အရေးများပေးစေလိုကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1978
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂
ပြည်တွင်း ရွှေဈေးနှုန်းများကို ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဈေးနှုန်းဖြင့် တွက်ချက်၍ ရောင်းချမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဆုံးဖြတ်ခဲ့သော်လည်း ထိုဈေးနှုန်းဖြင့် ရောင်းချမည့် ရွှေကုန်သည်များ မရှိကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များသည် ဒေါ်လာဈေးနှုန်း ၂၀၀၀ ကျပ်ဖြင့် တွက်ချက်၍ ရွှေဈေးနှုန်း သတ်မှတ်ပြီး ရောင်းချနေကြသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာန သို့ ပြောသည်။
ဦးမျိုးမြင့်က “အခုက ဗဟိုဘဏ်နှုန်းထားနဲ့ ရောင်းတဲ့သူက မရောင်းတော့ဘူး။ ရောင်းတဲ့သူတွေကလည်း ဆိုင်တွေက ဈေးနှုန်းအတိုင်း ၂၀၀၀ နဲ့ တွက်ပြီးတော့ ရောင်းနေကြတယ်။ ၁၈၅၀ နဲ့ အရောင်းအဝယ် မဖြစ်ကြဘူး။ အဓိက ရောင်းတဲ့သူက ၁၈၅၀ နဲ့ ရောင်းနိုင်ရင်တော့ အလုပ်ဖြစ်တာပေါ့။ ရောင်းတဲ့သူက ၁၈၅၀ နဲ့ဆို မရောင်းတော့ဘူးလေ။ သူက ဘယ်လောက် ရမှဆိုပြီးတော့ သူက ပစ္စည်းရှားတဲ့ အခါကျတော့ သူ့ပစ္စည်းသူ ပေါက်ဈေးနဲ့ပဲ ရောင်းတာပေါ့။ ပေါက်ဈေးဆိုတာလည်း အခု အပြင်မှာ ကျနော်တို့ဆိုင်တွေက မိုးတွင်းကတည်းက စဖွင့်ထားတာလေ။ ဆိုင်ဈေးနဲ့ပဲ၊ အသင်းမှာ ဈေးနည်းရင် ဆိုင်ကို သွား ရောင်း ကြတာပဲ။ အသင်းမှာ ရောင်းမယ့်သူကို မရှိဘူး ဖြစ်နေတယ်” ဟု ပြောသည်။
ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဒေါ်လာဈေးနှုန်းဖြင့် ပြည်တွင်း ရွှေဈေးနှုန်းကို တွက်ချက်သည့်အခါတွင် ရွှေဈေးနှုန်း အပြောင်းအလဲ အနည်းငယ် ရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။
ရွှေဆိုင်ကိုတွေ့ရစဉ်(ဆင်ဟွာ)
လက်ရှိတွင် ပြည်တွင်း ဒေါ်လာပေါက်ဈေးဖြင့် ရွှေဆိုင်များက ရောင်းချနေခြင်းကြောင့် ရွှေဈေးနှုန်းများသည် အမြင့်ဈေးတွင် သာ ဆက်လက် ရှိနေနိုင်ပြီး ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းမှ ပြည်တွင်း ရွှေဈေးနှုန်းများလည်း လိုက်ပါကျဆင်းတော့မည်ဟု ရွှေလေ့လာသူများက ပြောသည်။
ထို့ကြောင့် ရွှေဈေးနှုန်း ထပ်မံမြင့်တက်မည်ကို စိုးရိမ်ခြင်းကြောင့် ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် လာရောက်ဝယ်ယူမှုများ များပြားနေကြောင်း ဦးမျိုးမြင့်က ပြောသည်။
၎င်းက “အသင်းရုံးက ဖွင့်တာ နောက်ကျတယ်။ ဆိုင်တွေက သူ့ဈေးနဲ့သူ ဖွင့်ထားတယ်။ ဖွင့်ထားတော့ ဆိုင်တွေဈေးနဲ့ပဲ အရောင်းအဝယ် လုပ်နေကြတာပေါ့။ အားလုံးကတော့ အဝယ်လိုက်တာလို့ပဲ ပြောလို့ရမယ်။ ကျန်တာတော့ သူ့ဟာသူ ရွှေစု ကြတဲ့ သဘောပါပဲ။ ရွှေဈေး တက်မယ်ဆိုပြီး စုကြတဲ့ သဘောပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရွှေဆိုင်များတွင် ဝယ်လိုအား များနေသော်လည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရုံးသို့ လာရောက် ဝယ်ယူ သူ နည်းပါးလျှက်ရှိကြောင်း၊ ယခင်က တစ်ရက်လျှင် ရွှေပိဿာချိန် ၅၀ နီးပါး ရောင်းချရသော်လည်း လက်ရှိတွင် အနည်းငယ် သာ ဝယ်ယူမှု ရှိကြောင်း သိရသည်။
ယနေ့(ဧပြီလ ၂၂ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေဈေးကွက်အတွင်း အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ၂၀၈၆၀၀၀ ဈေးနှုန်း ရှိကြောင်း တွေ့ရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1757
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂
ကိုဗစ်ကြောင့်ပိတ်ထားသည့် နိုင်ငံတကာလေကြောင်းလိုင်း Commercial Flight များအား ဧပြီ ၁၇ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ပြီးနောက် ဧပြီ ၂၁ ရက်နေ့အထိ နိုင်ငံခြားသား ၅၀၀ နီးပါး ဝင်ရောက်မှု ရှိခဲ့ကြောင်း ရန်ကုန်လေဆိပ် Information ကောင်တာမှ သိရသည်။
ထိုဝင်ရောက်လာသည့် နိုင်ငံခြားသားများထဲတွင် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း ရန်ကုန်လေဆိပ် Information ကောင်တာတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သက်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“နိုင်ငံခြားသားတွေကတော့ business လာတဲ့လူပေါ့။ နေပြည်တော်မှာရှိတဲ့ ကျောက်မျက်ပြပွဲလိုဟာမျိုး လာတာမျိုးတွေရှိတယ်။ တချို့ကျတော့လည်း အလုပ်ကိစ္စ လာတာမျိုးတွေရှိတယ်။ တချို့ကျတော့လည်း သံတမန်နဲ့လာတာမျိုးတွေရှိတယ်ပေ့ါ။ ဒီရက်ထဲမှာတော့ Tourist visa ကျတော့ ၁၇ ရက်မတိုင်ခင် website ကနေ e-visa လျှောက်ထားဖို့စတင်ခွင့်ပြုတဲ့ဟာဆိုတော့ ဒီရက်ပိုင်းအစမှာတော့ ဒါကို ကျယ်ကျယ်ပြန့်ပြန့်လည်း မသိရှိနိုင်တာမို့လို့။ စပြီးတော့ ကြေညာထားတာမို့လို့ လတ်တလောတော့ tourist visa နဲ့ ဝင်လာတဲ့သူကတော့ ပြီးခဲ့တဲ့ ၅ ရက်မှာ မရှိသေးဘူး။ business နဲ့ လာတဲ့ဟာများပါတယ်။ သူကသာ သူ့ရဲ့ ဗီဇာအရသာ Tourist visa only နဲ့လာတာမဟုတ်ပေမယ့်လည်း business သမားကလည်း သူ့ business အလုပ်ပြီးရင်တော့ သက်ဆိုင်ရာ အလည်အပတ်နေရာတွေတော့ လည်ပတ်သွားလာတာမျိုးရှိပါတယ်” ဟုပြောသည်။
နိုင်ငံတကာလေကြောင်းလိုင်းများအား ဧပြီ ၁၇ ရက်တွင် စတင်ကာ ပြန်လည်ပြေးဆွဲခဲ့ပြီး ထိုနေ့တွင် နိုင်ငံခြား သား ၄၃ ဦးနှင့် ပြည်တွင်းမှ ၂၄၂ ဦး၊ ၁၈ ရက်နေ့တွင် နိုင်ငံခြားသား ၄၃ ဦးနှင့် ပြည်တွင်းမှ ၂၉၀ ဦး၊ ၁၉ ရက်နေ့ တွင် နိုင်ငံခြားသား ၂၅၆ ဦးနှင့် ပြည်တွင်းမှ ၃၃၃ ဦး၊ ၂၀ ရက်နေ့တွင် နိုင်ငံခြားသား ၁၃၄ ဦးနှင့် ပြည်တွင်းမှ ၄၄၁ ဦး၊ ၂၁ ရက်နေ့တွင် နိုင်ငံခြားသား ၂၁ ဦးနှင့် ပြည်တွင်းမှ ၂၀၅ ဦး ဝင်ရောက်ကာ စုစုပေါင်း ၂၀၀၈ ဦး ဝင်ရောက် ခဲ့ကြောင်း သိရသည်။
နိုင်ငံတကာလေကြောင်းလိုင်းများပြေးဆွဲရာတွင် တစ်ရက်လျှင် လေယာဉ်လေးစင်းမှ ၆ စင်းအထိ ပြေးဆွဲကြောင်း သိရသည်။
ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သက်ထွန်းက “Tourist ကတော့ လောလောဆယ်တော့ နိုင်ငံတကာကလည်း ပုံမှန် ခရီးသွားလုပ်ငန်းတွေကလည်း အတိုင်းအတာတစ်ခုနဲ့ ကိုဗစ်ကြောင့် ပြန်လုပ်နေရတာ ဖြစ်တဲ့အတွက် ကြောင့် e-visa လိုဟာမျိုး အွန်လိုင်းကနေ လျှောက်ထားပြီးတော့ဟာမျိုး နိုင်ငံတော်က ခွင့်ပြုထားတာဖြစ်တဲ့ အတွက်ကြောင့် တနေ့တနေ့ tourist တွေလည်း လာနိုင်ခြေရှိပြီးတော့မှ ဧည့်သည်ကတော့ အရင်လိုအချိန်မျိုး မဟုတ်ပေမယ့် လေကြောင်းခရီးစဉ်တွေ ပုံမှန်သာ ပြေးဆွဲနိုင်မယ်ဆိုလို့ရှိရင်တော့ ဒါ တိုးလာနိုင်မယ့် အနေ အထားတွေရှိပါတယ်” ဟု ပြောသည်။
နိုင်ငံတကာလေကြောင်းလိုင်းဖြင့် လာရောက်မည့်သူများသည် မလာခင် ၁၄ ရက်အလိုတွင် ကိုဗစ်ကာကွယ်ဆေး ၂ လုံး အပြည့်ထိုးထားရမည်ဖြစ်ကာ နိုင်ငံကို ရောက်မလာခင် ၇၂ နာရီအတွင်း ကိုဗစ်ရောဂါရှိ မရှိ RT- PCR နည်း ဖြင့် စစ်ထားသည့် ဓာတ်ခွဲအဖြေလိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် နိုင်ငံခြားသားများအနေဖြင့် မြန်မာ့အာမခံမှရောင်းသည့် ကိုဗစ်ဆိုင်ရာ ကျန်းမာရေးအာမခံအား ဝယ်ယူ ရမှာဖြစ်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိပါကလည်း RT- PCR နည်းဖြင့် ထပ်မံစစ်ဆေးပြီး ကိုဗစ်ရောဂါပိုးမတွေ့ပါက သတ်မှတ်ထားသည့် ဟိုတယ်တွင် ကွာရန်တင်း တစ်ရက်နေရမည်ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 3270
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁
နိုင်ငံခြားငွေ ကိုင်ဆောင်သုံးစွဲခြင်းများကို ကြပ်မတ်လျက်ရှိသော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်သုံးစွဲမှု ကင်းလွတ်ခွင့်ရှိ သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ လုပ်ငန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာ ထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1511
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် လျှပ်စစ်မီတာခ ကျပ် ၃၀၀ နီးပါး ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် တစ်ယူနစ်လျှင် ၇၆၅ ကျပ်အထိ ပေးဆောင်နေရသည်ဟု မြိတ်မြို့ဒေသခံများက ပြောသည်။
ယခင်က တစ်ယူနစ်ကို ကျပ် ၅၀၀ ရှိရာမှ ဖေဖော်ဝါရီလတွင် ၁၀၀ နီးပါး ဈေးတက်လာပြီး မတ်လတွင် ၂၀၀ ကျပ် ထပ်မံ ဈေးနှုန်းမြင့်တက်လာကာ ဧပြီလ နောက်ပိုင်းတွင်လည်း မီတာခဈေးနှုန်းများ ထပ်မံ မြင့်တက်လာနိုင်သည် ဟု ကြားသိရကြောင်း မြိတ်မြို့ဒေသခံ ကိုကျော်ကျော်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“ဈေးကတော့ တဖြည်းဖြည်းနဲ့ ပြောင်းလာတယ်ဗျ။ ၃၀၀ ကျော်ကနေ တက်လာလိုက်တာပေါ့။ အခု ဒီလမှ တစ်ခါတည်း တက်သွားတယ်။ ကျနော်တို့က လကတော့ ဒီလဆိုပေမယ့် ဒီလဖြတ်တဲ့ မီတာဈေးတော့ မဟုတ်ဘူး ပေါ့။ သူက တစ်လကြိုပြီးတော့ ဖြတ်တာ။ ဥပမာ ဒီ ၄ လပိုင်းဆိုလို့ရှိရင် ၃ လပိုင်းအတွက် မီတာဆောင်ရတာ။ ၃ လပိုင်းက ၂ လပိုင်းအတွက် ဆောင်ရတာ။ ၂ လပိုင်းအတွက် ဆောင်တဲ့အချိန်က ၅၀၀ ပဲ ပေးရတာ မီတာခ တစ်ယူနစ်ဈေးနှုန်းပေါ့။ ၃ လပိုင်းမှာ ချက်ချင်း ၂၀၀ လောက် ခုန်တက်သွားတယ်။ ၇၀၀ ဆိုတာ ၇၀၀ ကျော်တယ် ၇၆၅။ ဒါပေမယ့် အခု ၄ လပိုင်း ထပ်လာရင်တော့ ယူနစ်ဈေး ထပ်တက်မယ်လို့တော့ ကြားရတယ်” ဟု ပြော သည်။
မြိတ်မြို့ကို လက်ရှိ Petro & Trans ကုမ္ပဏီမှ လျှပ်စစ်မီး အဓိက ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး တစ်နိုင်တပိုင် လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် အသေးစားလုပ်ငန်းများလည်းရှိကြောင်း၊ မြိတ်မြို့၏ မြို့ပေါ်နှင့်ကျေးရွာပိုင်းတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ဈေးနှုန်းများသည် တူညီမှုမရှိဘဲ ကျေးရွာများတွင် လက်ရှိ တစ်ယူနစ်လျှင် ၁၀၀၀ ကျပ် နီးပါးရှိနေကြောင်း သိရသည်။
ဒါ့အပြင် ယခင်သုံးစွဲနေသည့် လျှပ်စစ်မီးပမာဏအတိုင်း သုံးစွဲနေသော်လည်း လျှပ်စစ်မီတာ ယူနစ်များသည် ယခင်ကထက် ၃ ဆ နီးပါး ပိုမိုမြင့်တက်နေသည်ကို တွေ့ရှိရသည်ဟု မြိတ်မြို့ဒေသခံ ကိုကျော်ကျော်ထွန်းက ဆက်ပြောသည်။
“ကျနော်တို့ အခုလက်ရှိ ခံစားနေရတာကတော့ မီတာခလည်း ဈေးများလာတယ်။ ပြီးတော့ ဘယ်လိုဖြစ်လဲ ဆိုတော့ မီတာတွေကလည်း ပိုပြီးတော့ တက်လာတယ်။ မီတာယူနစ်တွေပေါ့။ ပုံမှန် အိမ်တစ်အိမ်ကို ၁၀၀/ ၁၅၀ လောက် တက်နေတဲ့ အိမ်တစ်ဆောင်က ၄၅၀ လောက်ဖြစ်သွားတယ် ယူနစ်က။ အဲတော့ ဘာကြောင့် အဲလို တက်နေလဲဆိုတာ သိချင်တယ်။ တချို့ အခုနှုန်းနဲ့ပြောရင်လည်း အရင်က ၂ သောင်း ၅ ထောင်လောက် ကျနေတဲ့ အိမ်တစ်ဆောင်က ၁ သိန်းနီးပါးလောက် ကျသွားတယ်” ဟု ပြောသည်။
လျှပ်စစ်မီတာခ ယူနစ် ယခုလို ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်း ကုန်ကျစရိတ်များ မြင့်တက်လာပြီး ယင်းစရိတ်အတွက် ကြိုးစားရှာဖွေနေရသည်ဟု မြိတ်မြို့နယ်မှ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အခုကတော့ လုပ်ငန်းတွေ နည်းနည်း လျှော့ထားလို့။ ကျနော်က ဓာတ်ပုံရိုက်ကူးရေး လုပ်တာပေါ့။ တဖက်က စတူဒီယိုတစ်ခုအနေနဲ့ သုံးနေတယ်ဆိုလို့ရှိရင် ပုံမှန်မီတာခက ၃ သိန်းပတ်လည် အလွန်ဆုံးပေါ့။ အဲလောက် ဖြစ်နေတဲ့ ဆိုင်တစ်ဆိုင်က အခုချိန်မှာ ကျနော်တို့က ၇ သိန်းလောက် ဖြစ်သွားပြီဆိုရင် ကျနော်တို့အတွက် ရှာရ တော်တော်ခက်သွားပြီ။ ခက်သွားပြီဆို ခေတ်အခြေအနေအရပေါ့။ ကျနော်တို့က ဈေးတွေတက်လို့ပါ၊ ကုန်ဈေးနှုန်း တွေ ကြီးလို့ပါဆိုပြီးတော့ ကျနော်တို့က ရိုက်ကူးခတွေကို အဆမတန် တင်တောင်းလို့မရဘူး။ ထားလိုက်ပါဗျာ ရိုက်ကူးခကို ပွဲတစ်ပွဲအတွက် ကျနော်တို့ ၃ သိန်းလောက် ရိုက်နေတဲ့အချိန်မှာ ဈေးအဲလောက် တက်သွားတယ် ကျနော်တို့ ၆ သိန်းလောက် တောင်းလို့လည်း မရဘူး။ အဲတော့ ဒီဘက်က အရမ်းတက်လို့မရဘဲနဲ့ ဒီဘက်က စရိတ်တွေက တော်တော်မြင့်လာတယ်။ ကျနော်တို့က လျှပ်စစ်ကို မှီခိုနေရတော့ မီတာခ တက်သွားပြီဆိုတာနဲ့ တော်တော်ထိသွားတယ်။ အရှုံးအမြတ်ရဖို့ထက် ဒီဘက်မှာ စရိတ်ကို ကာမိအောင် အရင်ကြိုးစားနေရတယ် အဲလိုပုံစံမျိုး ဖြစ်သွားတယ်” ဟု ပြောသည်။
မြိတ်မြို့တွင် စက်သုံးဆီအသုံးပြု၍ လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးပေးနေခြင်းဖြစ်ကာ ယခုလို လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံရသည့် အကြောင်းအရင်းအမှန်ကို သုံးစွဲသူ ပြည်သူများအား ရှင်းရှင်းလင်းလင်းအသိမပေးဘဲ ကောက်ခံနေခြင်းဖြစ်သည်ဟု မြိတ်မြို့ဒေသခံများထံမှ သိရသည်။
မြိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တစ်ယူနစ်လျှင် ၂၉၂ ကျပ်နှုန်းဖြင့် Petro & Trans ကုမ္ပဏီက တင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 2668
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀
ခရီးသွားဝင်ရောက်မှု တစ်ရက်လျှင် တစ်ထောင်ကျော်သာဝင်ရောက်သည့် ပုဂံဒေသသို့ သင်္ကြန်ပိတ်ရက် ၉ ရက် အတွင်း ခရီးသွားဝင်ရောက်မှု နှစ်သိန်းနီးပါးရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန(ပုဂံဌာနခွဲ)၏ စာရင်းအရ သိရသည်။
ပုံမှန်ကာလများတွင် တစ်လကို ပျမ်းမျှ ခြောက်သောင်းကျော်ခန့်သာ ဝင်ရောက်မှုရှိခဲ့သည့်အတွက် သင်္ကြန် ပိတ်ရက် ခရီးသွားဝင်ရောက်မှုမှာ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က “အများကြီးကွာခြားတယ်။ ဟိုကတော့ ပုံမှန် စနေ၊ တနင်္ဂနွေတွေတော့ ပိုများတာပေါ့။ ဒီသင်္ကြန်ပိတ်ရက်မှာတော့ ရုံးပိတ်တာလည်းဖြစ်တယ်။ တခြားသောပိတ်တာတွေလည်းရှိနေတော့ တော်တော်များများလာကြတာလေ။ ကျနော်တို့ ပုဂံဒေသက လည်စရာတွေကလည်း အများကြီးရှိတယ်လေ။ သွားလို့လာလို့ကလည်း လွယ်ကူတယ်။ ဒါကြောင့်မရိုးနိုင်ဘူးပေါ့လေ။ တစ်နေရာနဲ့ တစ်နေရာ ပုဂံမှာက ဘယ်နေရာကြည့်ကြည့် ရှုခင်းက တစ်မျိုးစီလှကြတာပေါ့။ အဲဒါကြောင့်မို့လို့ တော်တော်များများလည်း လာကြတယ်။ နောက်ပြီးတော့ ဒီ နယ်မြေကလည်း ဘာအသံမှလည်း မကြားရဘူးပေါ့။ အေးဆေးတည်ငြိမ်တယ် ဒါကြောင့်မို့လို့လည်း လာကြတာပါ” ဟု ပြောသည်။
ပုံမှန် စနေ၊တနင်္ဂနွေကဲ့သို့ ရုံးပိတ်ရက်များတွင် ခရီးသွားဝင်ရောက်မှုသည် တစ်ရက်လျှင် နှစ်ထောင်ကျော်သာ ရှိခဲ့သည်။
သို့သော် သင်္ကြန်ပိတ်ရက်၌ တစ်ရက်လျှင် ခရီးသွားဝင်ရောက်မှု နှစ်သောင်းကျော်ရှိခဲ့ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် မူ သုံးသောင်းကျော်ဝင်ရောက်ခဲ့ပြီး အများဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ နိုင်ငံခြားသား ခရီးသွားအနေဖြင့် ၃၁ ဦး လာရောက်ကြောင်း သိရသည်။
ဓမ္မရာဇက ဘုရား(ဓါတ်ပုံ- CNI)
လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည့်အတွက် နိုင်ငံခြားသားခရီးသွားများ ပုဂံသို့ လာရောက်မည်ဟု မျှော်မှန်းထားကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ဆက်ပြောသည်။
“ကျနော်တို့ ပုဂံဒေသကတော့ ရှေးဟောင်းစေတီပုထိုးတွေကလည်း အများကြီးပေါ့နော် ရှိတဲ့အခါကျတော့ လည်ပတ်ချင်စရာကောင်းတဲ့နေရာဆိုတာလည်း တော်တော်များများ သိကြပါတယ်။ ပုဂံဒေသခရီးသွား ပိုမို လာရောက်ရေးအတွက်တော့ ကျနော်တို့ ဆက်လက်ပြီးတော့မှ လုပ်ရမယ့်အပိုင်းတွေလည်း ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ပုဂံမှာရှိတဲ့ အဓိကဘုရားကြီးတွေအပြင် တခြားသော ရှုခင်းကောင်းတဲ့နေရာတွေ sunset ကြည့်လို့လှတဲ့ ကောင်းတဲ့နေရာလေးတွေ ကျနော်တို့ မီဒီယာကနေတဆင့် အသိပေးပြီးတော့မှ ဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပုဂံဒေသသို့လာရောက်လည်ပတ်မည့်ခရီးသည်များ အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ပုဂံဒေသသည် ၂၀၁၉ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပခဲ့သော ယူနက်စကို၏ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံ အစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင် (၆)ရက်တွင် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။
ပုဂံရှိ ဘုရားစေတီပုထိုးများထဲတွင် ဗူးဘုရား၊ ဓမ္မရံကြီးဘုရား၊ ပြဿဒ်ကြီး၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား တို့မှာ ထင်ရှားကျော်ကြားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2656
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉
ပြီးခဲ့သည့် သင်္ကြန်ပိတ်ရက်ကာလဖြစ်သော ၉ ရက်မှ ၁၇ ရက်နေ့အထိ ရခိုင်ပြည်နယ်သို့ ခရီးသွားဝင်ရောက်မှု ၁၅၀၀၀ ကျော်ရှိခဲ့ကာ သံတွဲနှင့်စစ်တွေမြို့သို့ ခရီးသွား အများဆုံးဝင်ရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြော သည်။
“တို့ဗမာတွေသင်္ကြန်တွင်းမှာပျော်ချင်တာပေါ့။ ပျော်ချင်တယ်ဆိုတော့လည်းပဲ အန္တရာယ်ကင်းတဲ့နေရာ အေးအေး ဆေးဆေးရှိတဲ့နေရာ၊ ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့နေရာကို ပျော်ချင်တာပေါ့။ တစ်ခါပျော်ရရင်ပြီးရောလည်း မဟုတ် သေးဘူးပေါ့။ ဘေးအန္တရာယ်ကင်းတဲ့နေရာကိုလည်း သူတို့လာချင်တာပေါ့။ နောက်တစ်ခုက ဒီမှာ ပင်လယ် ကမ်းခြေဆိုတဲ့ အရပ်ဒေသက ဥပမာ မန္တလေးတို့လို ရှမ်းပြည်တို့ဘက်က ပုဂ္ဂိုလ်တွေကျတော့ ပင်လယ်ကို မမြင်ဖူး ဘူးလေ။ ပင်လယ်နဲ့အထိအတွေ့နည်းတာပေါ့။ နည်းတော့ ဒီဘက်ကို အများကြီး လာချင်ကြတာပေါ့။ ဆွဲဆောင်မှု အနေနဲ့ကတော့ ပင်လယ်ကမ်းခြေဒေသမို့လို့ လာတာလည်း ပါတယ်။ နောက် အေးချမ်းလမ်းသာတာလည်း ပါတာပေါ့။ ရခိုင်ပြည်နယ် အေးအေးချမ်းချမ်းရှိတာလေးကတော့ အဓိကပေါ့” ဟု ပြောသည်။
သင်္ကြန်ပိတ်ရက်များတွင် စစ်တွေမြို့သို့ ပြည်တွင်းခရီးသွား ၅၂၉၀ ဦးနှင့် နိုင်ငံခြားခရီးသွား ၂၁ ဦး၊ သံတွဲမြို့တွင် ပြည်တွင်းခရီးသွား ၆၁၈၆ ဦးနှင့် နိုင်ငံခြားခရီးသွား ၂၃၉ ဦး၊ မြောက်ဦးမြို့သို့ ၃၁၉၅ ဦး၊ ကျောက်ဖြူသို့ ၁၂၄၆ ဦး လာရောက်ခဲ့သည့်အတွက် ရခိုင်တပြည်နယ်လုံးအတိုင်းအတာဖြင့် ခရီးသွားဝင်ရောက်မှု ၁၅၉၁၇ ဦးရှိကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။
ထို့အပြင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၆၀ ဦး ခန့်ရှိခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံခြားသားခရီးသွားများမှာ ပြည်တွင်းရှိ NGO အဖွဲ့အစည်းများ၊ သံရုံးမှ လူပုဂ္ဂိုလ်များ၊ အလုပ်ကိစ္စဖြင့် ဝင်ရောက်လာသူများသာဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
ပြီးခဲ့သည့် မတ်လ တစ်လလုံးတွင် ရခိုင်ပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုဟာ ၁၈၀၀၀ ကျော်သာရှိခဲ့ပြီး ယခု သင်္ကြန်ပိတ်ရက် ရက်ပိုင်းအတွင်းမှာတင် ခရီးသွားဝင်ရောက်မှုမှာ ၁၅၀၀၀ ကျော်ရှိခဲ့သည့်အတွက် များပြား ကြောင်း ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
“ဆိုတော့ ဧည့်သည်ဝင်ရောက်မှုအနေထားက မတ်လ တစ်လုံးစာနီးပါးလောက်ကို ဒီ ၈ ရက်တည်းနဲ့ ဝင်ရောက် လာတာကို တွေ့ရှိရတယ်။ ဆိုတော့ သိသိသာသာဖြစ်နေတာက သံတွဲဆိုရင် မတ်လမှာ ၇၁၈၃ ယောက် Total အဝင်ရှိတယ်။ နိုင်ငံခြားသား ၇၃ ယောက် လာခဲ့တာရှိတယ်။ အဲဒီတော့ ဒီ ၈ ရက်စာမှာ ၆၁၈၆ ယောက်နဲ့ နိုင်ငံခြား ၂၃၉ ယောက်ရှိတဲ့အတွက် သူဟာ မတ်လ တစ်လစာနီးပါးလောက် ဝင်တယ်လို့ပြောလို့ရတယ်။ မြောက်ဦးဆိုရင် မတ်လမှာ ၂၈၂၅ ယောက်ဝင်ပြီးတော့ ဒီ ၈ ရက်စာလေးမှာ ၃၁၉၅ ယောက်ဝင်တဲ့အတွက် ပြီးခဲ့တဲ့ မတ်လတစ်လစာကိုတောင်မှ ကျော်ပြီးတော့ ဝင်ရောက်တယ်ဆိုတာတွေ့ရတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ဧပြီ ၁၇ ရက်နေ့ (နှစ်ဆန်းတစ်ရက်နေ့)မှ စတင်ကာ ရပ်နားထားသည့် နိုင်ငံတကာ လေကြောင်းလိုင်း ပြေးဆွဲမှုများအား ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းအပေါ် မျှော်လင့်ချက်များရှိကြောင်းလည်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြောသည်။
မကြာခင်တွင် မိုးရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်ကမ်းနားဒေသများရှိ အချို့ဟိုတယ် များမှာ ယာယီရပ်နားကြမည်ဖြစ်ကာ ပွင့်လင်းရာသီ အောက်တိုဘာလလောက်မှ ပြန်လည်စတင်ကြမည် ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2340
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉
တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်နှင့် ဆန်ကွဲ အပါအဝင် ပစ္စည်း ၇ မျိုးကို ရက်အကန့်အသတ်မရှိ တင်သွင်းခွင့် ယာယီ ကန့်သတ်ကြောင်း ပြီးခဲ့သည့် မတ်လ ၁၅ ရက်က တရုတ်နိုင်ငံမှ ထုတ်ပြန်ပြီးနောက် ယခု အကန့်အသတ်ဖြင့် ပြန်လည် တင်သွင်းခွင့်ပြုနေပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်မှ ပြန်လည်တင်သွင်းခွင့် ပြုသော်လည်း ယခင်ကကဲ့သို့ အရေအတွက်များစွာ တင်သွင်းခွင့်မရဘဲ တစ်နေ့လျှင် ဆန် ကုန်တင်ကား အစီးရေ ၆ စီးသာ တင်ပို့နေရကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာန သို့ ပြောသည်။
ဦးမင်းသိန်းက “ဆန်ကတော့ ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့ ဟာဆိုပေမယ့် သူ့နည်းသူ့ဟန်နဲ့တော့ သွားနေကြတာပဲ။ သူတို့ရဲ့ သတ်မှတ်ချက် စည်းကမ်းတွေနဲ့အညီ အသီးတွေကတော့ နည်းသွားပြီပေါ့နော်။ သရက်သီး လာတာလည်း နည်းနည်း နည်းသွားတယ်။ ဖရဲသီး၊ သခွားမွှေး တော်တော်လေး နည်းသွားပြီ။ နောက်တစ်ခါ ရော်ဘာတို့၊ ပဲမျိုးစုံတို့ကိုတော့ ရှိတဲ့ လက် ကျန်လေးတွေကိုပဲ သူတို့က သူ့နည်းသူ့ဟန်နဲ့တော့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ တရုတ်ပြည်ထဲတော့ ဝင်ခွင့်ပြုနေတာပဲ။ ဒါပေသည့် အင်တိုက်အားတိုက် ဝင်လို့မရဘူး တော်တော်လေး နည်းတယ် ဝင်တာက။ ဆန်အပိုင်းနဲ့ ပြောမယ်ဆိုရင်တော့ တစ်နေ့ကို ၄/၅/၆ စီး ၇ စီးလောက်ပဲ ဝင်လို့ရတယ်၊ ဆန်နဲ့ ဆန်ကွဲအပိုင်းကို ပြောရရင်ပေါ့” ဟု ပြောသည်။
မတ်လ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံမှ ဆန် အပါအဝင် ကုန်ပစ္စည်း ၇ မျိုးကို ယာယီတင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းကြောင့် မူဆယ်သို့ ရောက်ရှိနေသည့် ဆန်များကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသို့ အစီးရေ ရာကျော် ပြန်လည် သယ်ဆောင်ခဲ့ ကြကြောင်း သိရသည်။
တရုတ်သို့ တင်ပို့သည့် ဆန်ကုန်တင်ကားများကိုတွေ့ရစဉ်
လက်ရှိ မူဆယ်တွင်ရှိသည့် ဆန်ဂိုဒေါင်များ အသီးသီးတွင် ဆန်အိတ်ရေ တစ်သိန်းဝန်းကျင် ကျန်ရှိနေသေးကြောင်း မူဆယ်ရှိ ဆန်ကုန်သည်များထံမှ သိရသည်။
လတ်တလောတွင် လွန်ခဲ့သည့် လများကတည်းက မူဆယ်သို့ ရောက်ရှိနေသည့် ဆန်များကိုသာ တရုတ်နိုင်ငံသို့ တင်ပို့နေရ ကြောင်း၊ မြန်မာနိုင်ငံအနှံ့မှ ဆန်များကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း၊ မူဆယ်ရှိ ဆန်လုပ်ငန်းများ ရပ်ဆိုင်း လု နီးပါး ဖြစ်နေကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆက်ပြောသည်။
ဦးမင်းသိန်းက “ဆန်တွေက လောလောဆယ် ဘာမှ သိပ်လုပ်စားလို့မရဘူး ပြောရမှာပဲ။ မရပေမယ့် အရင်က လွန်ခဲ့တဲ့ ၇ လ၊ ၈ လလောက်ကတည်းက ဝင်ထားတဲ့ မူဆယ်မှာ ပိတ်မိနေတဲ့ ဆန်တွေကိုပဲ အရင်ရှင်းနေရတယ်။ အောက်ကတော့ ဆန်လုံးဝ မသွားနိုင်သေးဘူး တရုတ်ပြည်ကို။ ဒါကြောင့် ပြောရမယ်ဆိုရင် မြန်မာပြည် အောက်ပိုင်း ကနေပြီးတော့ ရန်ကုန်၊ မန္တလေး ကနေပြီးတော့ မူဆယ်ကို ဆန်မတင်တာတော့ လနဲ့တောင် ချီကြာသွားပြီ။ ဒါကြောင့် မူဆယ် တရုတ် - မြန်မာ နယ်စပ်မှာရှိတဲ့ ဆန်လုပ်ငန်းကတော့ လုံးဝရပ်ဆိုင်းသွားသလောက် ရှိသွားပါပြီ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခင်က တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ ကုန်တင်ကားအစီးရေ ၁၀၀ ဝန်းကျင် နေ့စဉ် ဝင်ရောက်လျှက်ရှိကြောင်း၊ လက်ရှိ တွင် ၆ စီးခန့်သာ ဝင်ရောက်နေရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆန်များ တင်သွင်းလေ့ရှိသည့် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး နယ်စပ်ဂိတ်ပေါက် တစ်ခုဖြစ်သည့် မန့်ဝိန်း ဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်ထားခြင်းကြောင့် သစ်သီးများသာ တင်ပို့လေ့ရှိသည့် ကျင်စန်းကျော့ဂိတ်ပေါက်တွင် ဆန်များ တင်ပို့နေရသည်။
ရှမ်းပြည်နယ်ရှိ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များဖြစ်သည့် ချင်းရွှေဟော်၊ နန်းတော်ဂိတ်၊ ဂျယ်ဂေါင်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့ကို တရုတ်နိုင်ငံက ကိုဗစ် ၁၉ ရောဂါ အကြောင်းပြချက်ဖြင့် ပိတ်ထားခဲ့ပြီး လတ်တလောတွင် ကျင်စန်းကျော့ဂိတ်တစ်ခုသာ ဖွင့်လှစ်ထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1297
CNI News
၂၀၂၂ခုနှစ်၊ ဧပြီ ၁၉
စက်ဆုံးဆီဆိုင်များတွင် ယနေ့(ဧပြီ ၁၉ ရက်)၌ စက်သုံးဆီများအား အကန့်အသတ်ဖြင့်သာ ရောင်းချနေပြီး ဆီဖြည့်ရန် ကားများ တန်းစီစောင့်ဆိုင်းနေကြကြောင်း ဆီသွားဖြည့်သူများထံက သိရသည်။
ယခင်က ၂၀ လီတာဖြည့်နေကျ ဖြစ်သောကြောင့် ယနေ့တွင်လည်း ၂၀ လီတာ သွားရောက်ဖြည့်သော်လည်း ဖြည့်၍မရ ကြောင်း ဆီသွားဖြည့်သည့် တက္ကစီမောင်းသူ ကိုရဲ(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မနက်က ဆီဖြည့်တာတော့ ကျနော် ပုံမှန်ဖြည့်တာက သာကေတမှာ ဖြည့်တာပေါ့နော်။ ဖြည့်တော့ ကျနော်က တစ်ခါ ထည့်ရင် ပုံမှန် လီတာ ၂၀ အဲ့ဒီလိုမျိုး ထည့်တာ။ မနက်က သူက လီတာ ၂၀ ထည့်လို့ မရဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက ၃သောင်းဖိုးပဲ ထည့်လို့ရတယ်တဲ့ အများဆုံးပဲတဲ့။ ဘာဖြစ်လို့ သုံးသောင်းဖိုးပဲ ထည့်လို့ရတာလဲ။ ကိုယ်ထည့်ချင်တာ ထည့်လို့ မရဘူးလားဆိုတော့ သူတို့က ညီမတို့လည်း မသိဘူးတဲ့ ဆိုင်က အဲ့ဒီလိုပဲ ပြောထားတယ်၊ မှာထားတယ်လို့ ပြောတော့ ကျနော်လည်း သုံးသောင်းဖိုးပဲ ထည့်ခဲ့တယ်။ ပုံမှန်ဆိုရင် အဲဒီနေရာက ကားလမ်းရှင်းတဲ့နေရာ။ ဆီထည့်တာ ပန့်ကလည်း ၁၂ လုံးရှိတယ်။ အဲ့ဒီ ၁၂ လုံးရှိတာတောင် ကားက တန်းစီနေရတယ်” ဟု ပြောသည်။
ထို့နောက် သိမ်ဖြူလမ်းမှ Max ဆီဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေကြသည့် ကားများမှာ ဒေါ်သိန်းတင် မီးပွိုင့်နားအထိ ရှိကြောင်းလည်း သိရသည်။
ယနေ့(ဧပြီ ၁၉ ရက်)စက်သုံးဆီ ဈေးနှုန်းများမှာ အောက်တိန်း 92 တစ်လီတာ ၁၈၀၀ ကျော်၊ အောက်တိန်း 95 တစ်လီတာကို ၂၀၀၀ ကျော်ဖြင့် ရောင်းချနေကြကြောင်း သိရသည်။
စက်သုံးဆီထည့်ရန် စောင့်နေတဲ့ကားများ
ယခုကဲ့သို့ စက်သုံးဆီအား အကန့်အသတ်ဖြင့် ဝယ်ယူရခြင်းသည် တက္ကစီသမားများအတွက် အခက်အခဲ ဖြစ်စေကြောင်း တက္ကစီမောင်းသူ ကိုရဲ(အမည်လွှဲ)က ပြောသည်။
၎င်းက “တကယ်လို့ ဆီသာခွဲတမ်းနဲ့ ပေးတာ တကယ်မှန်တယ်ဆိုရင် ကျနော်တို့ တက္ကစီသမားတွေကျတော့ ထည့်ချင်တိုင်း ထည့်လို့မရရင် အဆင်မပြေဘူးလေ။ ဆီက ကိုယ့်ကားပြည့်နေမှလည်း မောင်းလို့က အဆင်ပြေတာလေ။ အဲဒီလိုမဟုတ်ဘဲ ဆီဆိုင်မှာ သွားတန်းစီရတယ်ဆိုရင် ကျနော်တို့ကားတွေ အချိန်ကုန်နေမှာ ဖြစ်တယ်။ အဲဒီတော့ ဆီဈေးကလည်း သိတဲ့ အတိုင်းပဲ တစ်နေ့ တစ်နေ့ ပိုပိုတက်လာတော့ ထည့်ချင်သလောက် ထည့်လို့မရရင် နောက်နေ့ထည့်မယ်ဆို နောက်တစ်ဈေးနဲ့ ပေးနေရမှာ အဲဒီလိုဖြစ်သွားပြီ”ဟု ပြောသည်။
အဆိုပါ စက်သုံးဆီ အကန့်အသတ်ဖြင့် ရောင်းချနေခြင်းသည် စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်နေခြင်းနှင့် နိုင်ငံခြားငွေ လဲလှယ်မှုများ အလွယ်တကူ မရရှိခြင်းကြောင့်ဟု သုံးသပ်နေကြသည်။
နိုင်ငံခြားငွေ လဲလှယ်မှု အလွယ်တကူ မရရှိခြင်းကြောင့် လုပ်ငန်းရှင်များ လောင်စာဆီ ပြန်လည် ဝယ်ယူရန် အခက်အခဲများ ပေါ်ပေါက်လာခြင်းတို့နှင့် ဆက်စပ်မှုများရှိကြောင်း သုံးသပ်နေကြသည်။
