CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၁

စင်္ကာပူနိုင်ငံ၏ အဓိက အကြီးဆုံးဘဏ်ကြီးတစ်ခုဖြစ်သည့် UOB (United Oversea Bank) သည် မြန်မာနိုင်ငံ တွင်ရှိသည့် ဘဏ်များနှင့်လုပ်ငန်းများကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့၌ ကန့်သတ်လုပ်ဆောင်မည်ဟု Nikkei Asia သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာကုန်သွယ်မှုနှင့် တခြားသော လုပ်ငန်းများမှရရှိသည့် ငွေများ၊ စင်္ကာပူနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ် သမားများ၏ လုပ်ခလစာများကို လွှဲပြောင်းရာတွင် UOB ဘဏ်ကို အများဆုံး အသုံးပြုကြခြင်းဖြစ်သည်။
 
လက်ရှိ UOB ဘဏ်က မြန်မာနိုင်ငံ၏ဘဏ်များနှင့် ချိတ်ဆက် လုပ်ဆောင်နေသည့် လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်သော်လည်း စင်္ကာပူရှိ တခြားသော ဘဏ်များနှင့် ချိတ်ဆက်၍ ရနိုင်ကြောင်း၊ တခြားသော ဘဏ်များက ထိုနည်းလည်းကောင်း ကန့်သတ်မှသာ အခက်အခဲ ရှိနိုင်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်ပညာ ရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပိတ်တယ်ဆိုတာက ဆရာက UOB ဘဏ်မှာ အပ်ထားတယ် ဆရာ့ပိုက်ဆံကို သူတို့ သိမ်းလို့မရဘူး။ ဆရာ့ ပိုက်ဆံကို မြန်မာပြည်နဲ့ Transition လုပ်ခွင့်မပေးဘူးဆိုတာလောက်ပဲ လုပ်လို့ရမှာ။ သဘောက UOB က မပေးဘူး။ DBS ကပေးတယ် ဆရာ DBS ပြောင်းပြီးတော့ လုပ်မှာပေါ့။ DBS ရော UOB ရော တခြားဘဏ် တွေရော ပိတ်တယ်ဆိုရင်တော့ တော်တော်ခက်ခဲသွားမှာပေါ့။ အခြားလုပ်လို့ရတဲ့ တစ်ဘဏ်၊ နှစ်ဘဏ် ရှိနေ သေးရင်တော့ ပြဿနာမရှိဘူး။ အားလုံးပြိုင်ပိတ်ရင်တော့ တစ်မျိုးပေါ့။ နောက်တစ်ခုက အလားအလာပေါ့။ စင်္ကာပူဆိုတာက ကမ္ဘာမှာ အကြီးဆုံး World foundation head လေ။ ကမ္ဘာ့ဘဏ္ဍာရေးဗဟိုပေါ့။ လန်ဒန်၊ နယူးယောက်ပြီးရင် အကြီးဆုံးပဲ။ ဆိုတော့ UOB ဖြစ်တဲ့ကိစ္စတွေကို အဲဒီအရိပ်ကို စင်္ကာပူအစိုးရရော အထိုးခံ မလား။ စင်္ကာပူအစိုးရက အထိုးမခံဘဲနဲ့ အဲဒီဘဏ်တွေကို ဖိအားပေးရင်တော့ မပြောတတ်ဘူးပေါ့နော်။ ဈေးကွက်ထဲမှာ စင်္ကာပူက Oversea Bank တွေအားလုံး အများကြီးရှိတာ။ အဲဒီအထဲက ဘယ်ဘဏ်တွေနဲ့ အများဆုံး လုပ်နေလဲ။ ဒီတစ်ခုကတော့ ဒီလိုဖြစ်ပြီ။ ကျန်တဲ့ဘဏ်တွေလည်း ထပ်လုပ်လို့ရတယ်ဆိုရင် ဒါက ပြဿနာ မရှိပါဘူး။ ဘဏ်ပြောင်းလုပ်လိုက်ရုံပေါ့။ Banking ပြောင်းတယ်ဆိုတာ နိုင်ငံခြားမှာ သိပ်ခက်ခက် ခဲခဲ မဟုတ်ဘူးလေ။ ဒါပေမယ့် အားလုံး တခြားသော ဘဏ်တွေပါ အဲဒီလိုဖြစ်တယ်ဆိုရင်တော့ အန္တရာယ်ရှိ တာပေါ့ လုပ်ရကိုင်ရ ခက်ကုန်မှာပေါ့” ဟု ပြောသည်။

ဘဏ်ငွေလွှဲကိုတွေ့ရစဉ် 

UOB အနေဖြင့် မြန်မာနိုင်ငံရှိ ဘဏ်များမှတဆင့် ငွေသွင်းငွေထုတ် အားလုံးကို ကန့်သတ်မည်ဖြစ်ကြောင်း၊ UOB ဘဏ်အချင်းချင်းသာ ငွေကြေးလွှဲပြောင်းခြင်းကို ခွင့်ပြုကြောင်း၊ အကြွေးဝယ်ကတ် Visa နှင့် Master Card များ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တွင် အကြောင်းကြားခဲ့သည်ဟု Nikkei Asia သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

UOB ဘဏ်မှတဆင့် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များသို့ ငွေကြေးလွှဲပြောင်းခြင်းများကို လုပ်ဆောင်မှု ကန့် သတ်လိုက်ခြင်းကြောင့် စင်္ကာပူတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ် သမားများ၏ ငွေကြေးလွှဲပြောင်းမှုအပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြော သည်။

စင်္ကာပူ UOB ဘဏ်ကို တွေ့ရစဉ်

သို့သော်လည်း တခြားသော ဘဏ်များအပြင် ငွေကြေးဝန်ဆောင်မှု အေးဂျင့်များနှင့် ပြောင်းလဲအသုံးပြု၍ ရနိုင်သေးသည့်အတွက် အခက်အခဲ အနည်းငယ်သာ ရှိနိုင်သည်ဟု သိရသည်။

နိုင်ငံတကာက မြန်မာအစိုးရကို စီးပွားရေး ပိတ်ဆို့မှု လုပ်ဆောင်ရာတွင် အစိုးရ၏ ဘဏ်အကောင့်များထက် ပုဂ္ဂလိက လုပ်ငန်းပိုင်းဆိုင်ရာများကို ကန့်သတ်မှုများ ပြုလုပ်ခြင်းသည် မလုပ်သင့်သည့် ကိစ္စရပ် ဖြစ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စီးပွားရေး လုပ်ငန်းရှင်ကတော့ သူ့ဟာသူ ဖွင့်ထားတဲ့ အကောင့်တွေကို ဆက်သုံးလို့ရရင်လည်း  ရပေါ့။ သုံးလို့မရရင် ဒီ့ပြင်ဘဏ်သုံးပေါ့ ဒါပဲရှိတာပဲ။ နိုင်ငံတကာလုပ်တဲ့ ကိစ္စတွေပေါ့နော်။ Public ကို ဘယ်လို သွားထိလဲဆိုတော့ ဆရာတို့ မေးမှာပေါ့။ အစိုးရအကောင့်တွေကို ပိတ်တာတော့ သူတို့ရဲ့ ပေါ်လစီ ပေါ့။ ပုဂ္ဂလိကအပိုင်းတော့ မလုပ်သင့်ဘူးလေ ဒါတွေကတော့။ UOB ဘဏ်တစ်ခုတည်း မဟုတ်ဘူးလေ ဒီ့ပြင် ဘဏ်လည်း သုံးလို့ရနေသေးတာကိုး။ စင်္ကာပူမှာလည်း ဘဏ် ၁၀ ခု၊ ၁၅ ခုလောက် ရှိတာကိုး။ ပြောင်းသုံးရ မှာပေါ့။ ဥပမာပြောရရင်တော့ ရေနံလိုပေါ့ ပက်ထရိုနော့ထွက်သွားလည်း ဒီ့ပြင်ရေနံကုမ္ပဏီ လာတာပဲကို အဲဒီလိုပေါ့” ဟု ပြောသည်။

ထို့နောက် ကုန်သွယ်ရေး မြန်ဆန်လွယ်ကူစေရန်အတွက် ဟောင်ကောင်ရုံးခွဲရှိ UOB ဘဏ်တွင် ဖွင့်လှစ်ထား သည့် နိုင်ငံခြားငွေ အကောင့်များကိုလည်း ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ စင်္ကာပူ UOB ဘဏ်သည် နစက အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်များ အဓိက အသုံးပြုသည့် ဘဏ်တစ်ခုဖြစ်သည်ဟု Nikkei Asia သတင်းက ဖော်ပြထားသည်။