
- By CNI
- Category: စီးပွားရေး
- Hits: 985
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရ ကုမ္ပဏီ ၁၂၃ ခုကို လိုင်စင်ရုပ်သိမ်းကြောင်း ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ လိုင်စင်ရုပ်သိမ်းခံရသော ကုမ္ပဏီများသည် နိုင်ငံခြားသုံးငွေ စီမံခန်ခွဲ့မှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 976
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉
မြန်မာနိုင်ငံရှိ ဆန်ဆိုင် အများစုသည် ဆန်အချောများဖြစ်သည့် ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်းများကို ရောင်းချရာတွင် ရက် ၉၀ ဆန်နှင့် ဆန်ကြမ်းအမျိုးအစားတချို့ကို ရောနှော၍ ရောင်းချနေမှုများ ရှိနေသည်ဟု စားသုံးသူများထံမှ သိရသည်။
ဆန်အချောများကို ရောင်းချရာတွင် ဈေးနှုန်း သတ်မှတ်ချက်တချို့ ရှိနေခြင်းကြောင့် ရောင်းချသူများက သတ်မှတ် ထားသည့် ဈေးနှုန်းနှင့် ကိုက်ညီစေရန် ဆန်အချော၌ ဆန်အကြမ်းအနည်းငယ် ရောနှောထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖြစ်ပေါ်နေခြင်းကြောင့် စားသုံးသူများ ဝယ်ယူသည့် ဈေးနှုန်းနှင့် ညီမျှသော ဆန်အရည်အသွေးကို ရရှိရန် အတွက် အရည်အသွေးပိုင်းဆိုင်ရာကို ဆွေးနွေးသွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတော့ တစ်ဆိုင်ချင်းစီရဲ့ လုပ်ဆောင်ချက်ပေါ် မူတည်လိမ့်မယ်။ ကွာလတီပိုင်းကိုကျတော့ ဈေးနှုန်း သတ်မှတ်ချက်ရှိတော့ တချို့တွေကလည်း အဲဒီဈေးနှုန်းနဲ့ ကိုက်အောင်လုပ်တဲ့ ဆိုင်တွေရှိရင် ရှိနိုင်တာပေါ့။ ဘယ်လို လုပ်ဆောင်ပေးရမလဲဆိုတော့ ကွာလတီပိုင်းလည်း ကျနော်တို့ နည်းနည်းလေး ထိန်းဖို့တော့ ဘယ်လို လုပ်ရမလဲဆိုတာ အခုထက်ထိတော့ မဆွေးနွေးရသေးဘူး။ အဲဒါတွေလည်း နည်းနည်း ဆွေးနွေးကြည့်ပါအုံးမယ်။ အဲဒါလည်း ကျနော်တို့ စားသုံးသူကိုလည်း သူတို့ မထိခိုက်အောင်ပေါ့၊ စားသုံးသူလည်း ပေးရတဲ့နှုန်းနဲ့ ရတဲ့ပစ္စည်း လေး နည်းနည်း ထိုက်တန်မှုရှိအောင် ကျနော်တို့ ညှိပါအုံးမယ်။ အဲဒါတော့ ကျနော်တို့လည်း ကြားနေတယ်။ ဘယ်လို လုပ်မလဲဆိုတော့ ဒီရက်ပိုင်းမှာ ကျနော်တို့ နည်းနည်းလေး ကွာလတီပိုင်းကို ထိန်းတာဘာညာ လုပ်ရင် တော့ လုပ်မှာပေါ့ ပြောလို့တော့ မရသေးဘူး။ အဲဒါတော့ ဆန်ကတော့ အရေးကြီး ကုန်ပစ္စည်းထဲမှာ ပါတယ်ဗျ။ မမှန်မကန် ရောင်းတယ်ဆိုတာတော့ အဲဒါတော့ နည်းနည်းလေး ဆိုင်နာမည် ပျက်သွားရင်တော့ သူဆိုင် မရောင်း ရဘူးပေါ့” ဟု ပြောသည်။
ဆန်ဆိုင် တစ်ခုကိုတွေ့ရစဉ်
သက်သာသောနှုန်းထားဖြင့် ရောင်းချရန်အတွက် သတ်မှတ်ပေးထားသည့် ဆန်ဈေးနှုန်းသည် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁ သိန်းခွဲနှင့် ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁ သိန်း ၃ သောင်းကျပ်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ဈေးနှုန်း သတ်မှတ်ထားခြင်းကြောင့် ဈေးကွက်အတွင်းရှိ တချို့သော အရောင်းဆိုင်များသည် ဆန်ကြမ်း အမျိုးအစားဖြစ်သည့် ရက် ၉၀ ဆန်၊ ဆင်းသုခနှင့် ဧည့်မထဆန် အမျိုးအစားများကို ၃ ပုံ ၁ ပုံခန့် ရောနှောမှုများ ရှိနေကြောင်း သိရသည်။
ယခု သတ်မှတ်ထားသည့် ဈေးနှုန်းသည် ဆန်သိုလှောင်သူများနှင့် ရောင်းချသူများအတွက် ထိုက်သင့်သည့် အကျိုးအမြတ် ရရှိသော ဈေးနှုန်းဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ဆန်ကြမ်းများနှင့် ရောနှောမှုများ မပြုလုပ်သင့် ကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များအနေဖြင့် ယခုကဲ့သို့ ရောင်းချနေမှုများကို အရေးယူဆောင်ရွက်ရန် လိုအပ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဆန်ဆိုင် တစ်ခုကိုတွေ့ရစဉ်
၎င်းက “စာသုံးသူတွေက လက်ရှိ ပေးဝယ်ရတဲ့ ဈေးကလည်း ထိုက်ထိုက်တန်တန် တင့်သင့်လျောက်ပတ်တဲ့ ဈေးဖြစ်တယ်။ အလွန်နှိမ်တဲ့ဈေးလည်း မဟုတ်ဘူး။ သိုလှောင်ရောင်းချသူတွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ အရှုံး မရှိဘဲနဲ့ ထိုက်ထိုက်တန်တန် အကျိုးအမြတ် ရရှိပြီးသား ဈေးမျိုးကို သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် မကောင်း တဲ့ပစ္စည်းနဲ့ ရောနှောပြီးတော့ ရောင်းတဲ့ဆိုင်တွေကို အစိုးရအနေနဲ့ အဲဒါကို လိုက်လံစစ်ဆေးပြီးတော့ အရေးယူတဲ့ လုပ်ငန်းမျိုးက ဒီနေ့ဒီအချိန်မှာ လုပ်ကိုလုပ်ရမယ်လို့၊ မလုပ်ရင် ဒီလူတွေရဲ့ မတရားပြုလုပ်မှုတွေက နောင်ကို အခွင့်အလမ်းတွေ ရသွားမယ်။ အခုတစ်ခါ ထိထိရောက်ရောက် အရေးယူလိုက်ရင် နောက်ဆိုရင် ဒါမျိုး မလုပ်ရဲ တော့ ဘူးပေါ့လေ။ ဒါတွေ့ရင် ဘယ်လို အရေးယူမယ်ဆိုတာကိုပါ တစ်ခါတည်း ဥပဒေ ညွှန်ကြားချက်ပါ ထုတ်ပြီး တော့ သက်ဆိုင်ရာ လူကြီးတွေအနေနဲ့ အစည်းအဝေး ထိုင်ပြီးတော့ တစ်ခါတည်း ဥပဒေ သဘောမျိုး ပြဋ္ဌာန်းပြီး တော့ အဲဒါကို အားချင်း စိစစ်ပြီးတော့ လုပ်သင့်တယ်လို့ လုပ်ဖို့ အချိန်တန်ပြီလို့ အန်ကယ်တို့ မြင်တယ်” ဟု ပြော သည်။
ပြီးခဲ့သည့်လက ရွှေဘိုပေါ်ဆန်းနှင့် ဖျာပုံပေါ်ဆန်း လှိုင်လှိုင်ပေါ်ချိန်တွင် ဖျာပုံပေါ်ဆန်း ၁ အိတ်လျှင် ၈ သောင်း ကျပ်ခန့်သာ ရှိခြင်းကြောင့် လက်ရှိ သတ်မှတ်ပေးထားသည့် ဈေးနှုန်းသည် ရောင်းချသူများနှင့် သိုလှောင်သူများ အတွက် ထိုက်သင့်သော အကျိုးအမြတ် ရရှိနေပြီဖြစ်သည်ဟု တောင်သူများက ပြောသည်။
ဆန်စက်များတွင် ဆန်ကို ကြိတ်ရာ၌ ဆန်အမျိုးအစားများ ရောနှောသွားလေ့ ရှိသော်လည်း ရောနှောသွားသည့် ပမာဏသည် ၃ ပုံ ၁ ပုံ ခန့် မရှိကြောင်း၊ ရောနှောသည့် ပမာဏသည် အနည်းငယ်သာ ရှိပြီး ၁၀၀ ရာခိုင်နှုန်းတွင် ၃ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူများထံမှ သိရသည်။

- By CNi
- Category: စီးပွားရေး
- Hits: 710
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈
ပြည်ပနိုင်ငံများသို့ အေဂျင်စီများဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ ရရှိသည့် အခြေခံ လုပ်ခလစာ တစ်လဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်လမ်းကြောင်းကနေ လွှဲပို့ရမည်ဖြစ် ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
အေဂျင်စီနှင့် အလုပ်သမားတို့အကြား ချုပ်ဆိုမည့် စံစာချုပ်တွင် မိသားစုလွှဲပို့ငွေများမှ လစဉ်အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းဖြင့် လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “အဲဒီပိုက်ဆံကလည်း ဆုံးသွားမှာ မဟုတ်ဘူး။ ပြင်ပပေါက်ဈေးနဲ့ မတိမ်းမယိမ်း သူတို့ပြန်ရကြမှာ။ ညှိနှိုင်း ပြီးသွားပြီ။ သင်္ဘောသားတွေလည်း အခု လွှဲနေရပြီ။ တချို့ဆို ၈၀ ရာခိုင်နှုန်းအထိ လွှဲရတယ်။ ၇၅ ရာခိုင်နှုန်း လွှဲရတယ်။ အဲဒီလိုဟာမျိုးတွေရှိတယ် နိုင်ငံ တကာမှာ တိုးတက်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အားလုံးက နိုင်ငံခြား ဝင်ငွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ရယူ တာပဲလေ။ ၁၅၀၀ ရဲ့ ၂၅ ရာခိုင်နှုန်းဆို ၃၀၀ ကျော်လောက် ဖြစ်မယ်။ အရင်တုန်းကကျ အလုပ်ရှင်နဲ့ အလုပ် သမား စာချုပ်၊ အခုထပ်တိုးလာတာက အေဂျင်စီနဲ့ အလုပ်သမား စာချုပ်၊ အဲဒီတော့ အေဂျင်စီနဲ့ အလုပ်သမား စာချုပ်ကို ပြည့်ပြည့်စုံစုံ ဖြစ်လာတယ်။ အေဂျင်စီကလည်း အေဂျင်စီ လိုက်နာရမယ့် အချက်လေးတွေ ရှိလာ တယ်။ အလုပ်သမားဘက်ကလည်း အလုပ်သမားဆိုင်ရာ အချက်အလက်တွေ လိုက်နာရမှာတွေ ရှိလာတယ်” ဟု ပြောသည်။
ထိုင်းကို အလုပ်သွားလုပ်ကြသည့် အလုပ်သမားများကိုတွေ့ရစဉ်
အဆိုပါ စာချူပ်အား အလုပ်သမားဘက်မှ ဖောက်ဖျက်ပါက အလုပ်သမားများအတွက် ဆုံးရှုံးမှုများရှိပြီး အေဂျင်စီ ဘက်မှ ဖောက်ဖျက်ပါက အရေးယူခံရမည် ဖြစ်ကြောင်းလည်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရ သည်။
အေဂျင်စီများအနေဖြင့် ထိုစံစာချုပ်အား စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ ချုပ်ဆိုကြရန် မှာကြားထားကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ ၁၆ ရက်နေ့တွင် ပြောကြားထားသည်။
ထို ၂၅ ရာခိုင်နှုန်းသည် အခြေခံလုပ်လစာ၏ တစ်လစာ ဝင်ငွေကိုသာ သတ်မှတ်ခြင်းဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အချိန်ပိုဆင်း၍ ရရှိသည့် နှုန်းထားမပါဝင်ကြောင်းလည်း သိရသည်။
Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “အလုပ်သမားတွေရဲ့ လုပ်အားခ လစာ အပြင် အလုပ်သမားတွေဟာ နေ့ဓဒူဝ အလုပ်မှာ အခက်အခဲများစွာနဲ့ တွေ့နေရတဲ့အခါကြတော့ အဲဒီလိုမဖြစ်မနေ လစာ ပို့ပေးရမယ်ဆိုတဲ့ ပုံစံမျိုးတွေက လုပ်တာက လုပ်လို့ရပေမယ့် လက်တွေ့ကျကျ စဉ်းစားကြည့်ရင်ကတော့ အောင်မြင်မှုအနေနဲ့ အားနည်းနိုင်တယ်။ အကြံဥာဏ်ပေးချင်တာကတော့ အဓိက သူလုပ်ဆောင်ရမှာက ထိုင်းနိုင်ငံ ကို ရောက်လာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿနာကို အရင်ဆုံးဖြေရှင်းရမှာ ဖြစ်တယ်။ ဥပမာ MOU နဲ့ လာတဲ့ အလုပ်သမားတွေအနေနဲ့ စာရွက်စာတမ်း ပြဿနာတွေက ဘာအခက်အခဲတွေရှိလဲ၊ လုပ်အားခ လစာတွေ က အပြည့်အဝ ရရှိကြလား၊ ထိုင်းနိုင်ငံပေးတဲ့ ဝန်ဆောင်မှုတွေ အပြည့်အဝရလား၊ တကယ်လို့ မရဘူးဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ကူညီဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ နောက်တစ်ခုက ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု တွေက ဘာတွေရှိလဲ” ဟု ပြောသည်။
ပြည်ပထွက် အလုပ်လုပ်ကြမည့် သူများကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၄၇၇ ခု ရှိသည့်အထဲ အေဂျင်စီ ၁၀ ခုအား ယာယီပိတ်သိမ်းထားသည်။
ထိုထဲတွင် ထိုင်းလိုင်စင်ရအေဂျင်စီ ၁၅၈ ခုရှိပြီး ယာယီပိတ်သိမ်းသည့် အေဂျင်စီ ၈ ခုရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် ထိုင်းသို့ MOU လုပ်သားများ စေလွှတ်ရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူစာချုပ်အား ရန်ကုန်မြို့၌ပင် ပြန်လည်ချုပ်ဆိုခွင့် ပေးထားကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ၎င်းအလုပ်သမား သဘောတူစာချုပ်အား သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ အေဂျင်စီများမှ သွားရောက်၍ ချုပ်ဆိုရခြင်းဖြစ်သော်လည်း ထိုကာလများတွင် အခက်အခဲများစွာ ရှိခဲ့ကြသည်။
ထို့ကြောင့် စက်တင်ဘာ ၁၁ ရက်နေ့မှ စတင်က ထိုစာချုပ် ချုပ်ဆိုခြင်းအား ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားသင်တန်းကျောင်း၌ပင် ပြန်လည်ချုပ်ဆိုကြရန် ပြောင်းလဲသွားခြင်း ဖြစ်သည့်အတွက် ပို၍ ကောင်းမွန်သွားကြောင်းလည်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 808
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈
ရုရှားနိုင်ငံက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီကို ဝယ်ယူပြီး ကုန်သွယ်မှု လုပ်ဆောင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရုရှားရှိ လက်လီအရောင်းဆိုင်များတွင် မြန်မာကော်ဖီကို မိတ်ဆက်ကာ ဝယ်ယူတင်သွင်းရန် လုပ်ဆောင်နေ သည်ဟု သိရသည်။
ရုရှားသို့ မြန်မာကော်ဖီ တင်ပို့နိုင်ရန်နှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အပြင် တခြားသော ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ဌာနများက ပို့ကုန်လိုင်စင် လျှောက်ထားမှုနှင့် သင်္ဘောလိုင်းများ စီစဉ်ပေးရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြကြသည်။
ထို့အပြင် တစ်ဖက်နိုင်ငံမှ ဝယ်ယူမည့် ကုန်သည်များကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ပြီး မြန်မာကော်ဖီနှင့် ပတ်သက်၍ လေ့လာမှုများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးပေးရန် လိုအပ်သည်ဟု ရွာငံကော်ဖီ စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ကော်ဖီစေ့ကို အခြောက်လှန်ထားစဉ်
၎င်းက “တင်ပို့လို့ရနိုင်တယ်ဆိုတော့ ဒီဟာက ဦးတို့ ဝန်ကြီးဌာနတွေက ကူညီပံ့ပိုးဖို့ပဲ အဓိက အဲဒါကျနေတာ။ ဦးတို့ကတော့ ကုန်သည်တွေ၊ တောင်သူတွေကတော့ Export ရှိတယ်၊ သူတို့ ထိုက်သင့်တဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ ဈေးတန်းရမယ်ဆိုရင်တော့ ပို့ဖို့ကတော့ အဆင်သင့်ပေါ့။ လူကြီးတွေက စီးပွားကူးသန်းတို့ ဘာတို့က သူတို့ရဲ့ နိုင်ငံတော်ရဲ့ ကူညီပံ့ပိုးမှုတွေလည်း လိုတာပေါ့။ ဥပမာဆိုလို့ရှိရင် Export လိုင်စင် အဆင်ပြေအောင် အတွက်က သင်္ဘောလမ်းကြောင်းတွေ ချိတ်ပေးတာမျိုးတွေ ဘာညာပေါ့။ တစ်ဖက်နိုင်ငံနဲ့ Agreement လုပ်ပေးတာမျိုးတွေ ကူညီပံ့ပိုးမှုတော့ လိုတာပေါ့။ တစ်ဖက်နိုင်ငံက Buyer တွေရဲ့ အလိုကျ သူတို့ ဒီမှာ လာကြည့်မယ်။ သူတို့ ဒီဈေး ပေးမယ်ဆိုရင် သူတို့ရဲ့ ဖိတ်ခေါ်ပြီးတော့မှ ကုန်သည်တွေကိုယ်တိုင် လာကြည့်။ လာကြည့်ပြီး ဒီက Location တွေရဲ့ အနေအထားတွေပေါ့၊ ဒီက ဘယ်လိုထုတ်လုပ်သလဲ၊ ကွာလတီ ဘယ်လောက်ထိ ကောင်းသလဲ၊ နောက်ပြီး တော့ သူ့ကို အရသာ မြည်းတဲ့အခါမှာ ဘယ်လောက်ထိ အရသာ ရှိသလဲအပေါ်မှာ မူတည်ပြီးတော့ ကော်ဖီဈေး ပေးကြတာကိုး။ ဈေးပေးကြတော့ တစ်ဖက် Buyer တွေကိုလည်း ဖိတ်ခေါ်ပြီး ဦးတို့ မြန်မာနိုင်ငံ ကော်ဖီအသင်းတို့ ဘာတို့နဲ့ တွေ့ပြီးတော့ သူ့ရဲ့ ထွက်တဲ့ဒေသတွေမှာ သူတို့ လေ့လာပြီးတော့မှ ဝယ်မှာပေါ့။ ဒီအတိုင်းပဲနဲ့တော့ မမြင်ဘဲနဲ့တော့ မဝယ်ဘူးပေါ့” ဟု ပြောသည်။
ရုရှားသို့ ကော်ဖီတင်ပို့ရာတွင် မြန်မာနိုင်ငံ၌ အဓိကအများဆုံး စိုက်ပျိုးလျက်ရှိသည် အာရေဗီးကားကော်ဖီကိုသာ တင်ပို့နိုင်ကြောင်း၊ ကော်ဖီစိုက် တောင်သူများနှင့် ကုန်သည်များက ပြည်ပသို့ တင်ပို့ရန်အတွက် အဆင်သင့် ရှိနေ ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာကော်ဖီကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကိုသာ အဓိက တင်ပို့လျက်ရှိနေပြီး ဈေးနှုန်းရရှိမှု နည်းပါး ကြောင်း၊ ရုရှားသို့ တင်ပို့ခွင့် ရမည်ဆိုပါက တောင်သူများအတွက် အဆင်ပြေမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း)ရွာငံဒေသမှ ကော်ဖီစိုက်တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာကော်ဖီကို တွေ့ရစဉ်
၎င်းက “ပို့လို့ရမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဦးတို့က တရုတ်ဘက် ပို့ပြန်တော့လည်း GACC လက်မှတ်တွေ ကလည်း ခက်ခဲတယ်လေ။ နောက်ပြီးတော့ ထိုင်းဘက် ပို့တော့လည်း ထိုင်းဘက်ကလည်း ဈေးက အရမ်းနှိမ် တယ်။ သူတို့က ကိုယ့်ဒီဘက်အထိ လာနေတော့ ဒီကပေါက်ဈေး သိနေတော့ ပေါက်ဈေးပိုပိုလေးပဲ ပေးချင်တာ ပေါ့။ အဲဒီလိုမျိုး ပို့ရမယ်ဆိုရင်တော့ ကိုယ့်တောင်သူတွေအတွက် အဆင်ပြေတာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ကော်ဖီတန်ချိန် ၆ ထောင်ခန့် ထွက်ရှိပြီး ပြည်ပသို့ ထွက်ရှိမှုနှုန်း၏ ၄၀ ရာခိုင်နှုန်းခန့်ကို သာ တင်ပို့ထားနိုင်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာ-ရုရှားကုန်သွယ်မှု ကန်ဒေါ်လာ ၃၄ သန်းကျော်ရှိပြီး ရုရှားသို့ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၆ သန်းကျော်နှင့် ရုရှားမှ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁၈ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 797
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄
မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက်များမှ တစ်ခါသုံးကဒ်(TBP)ဖြင့် တရုတ်သို့ ဝင်ရောက်လာသည့် မြန်မာ လူဦးရေ မှာ တစ်ရက်လျှင် အနည်းဆုံး ၇၀၀ ဦးခန့်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသော လူသားချင်းစာနာထောက် ထားမှု အကူအညီ ပေးအပ်ရေးကွန်ရက်မှဥက္ကဋ္ဌ ဦးဌေးက CNI သတင်းဌာနသို့ ပြောသည်။
နန်းတော်ဂိတ်-ဆင်ဖြူဂိတ်- မန့်ဝိန်းဂိတ်တို့တွင် စက်တင်ဘာ ၄ ရက်နေ့မှ စတင်ကာ ၇ ရက် သက်တမ်းရှိသည့် တစ်ခါသုံးကဒ်(TBP)နှင့် ဝင်ရောက်ခွင့်ပြုခဲ့သဖြင့် ယနေ့အထိ လူဦးရေ ၈၀၀၀ ကျော်ခန့် ဝင်ရောက်ခဲ့ပြီး ဖြစ် ကြောင်း သိရသည်။
အဆိုပါကဒ်သည် အလည်အပတ် ဝင်ထွက်ခွင့်ပေးသည့် ကဒ်ဖြစ်သော်လည်း မြန်မာနိုင်ငံသားများမှာ အလုပ်သွား ရောက် လုပ်ကိုင်ရန် သွားကြခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံသို့ တစ်ခါသုံးကဒ်ဖြင့် ဝင်ရောက်ရန် စောင့်ဆိုင်းနေသည့် လူဦးရေမှာ ၁၀၀၀၀ နီးပါးခန့် ရှိနေသေးကြောင်း လူသားချင်းစာနာ ထောက်ထားမှု အကူ အညီ ပေးအပ်ရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးဌေးက ပြောသည်။
၎င်းက “စာအုပ်ရော ကဒ်ရောက အလုပ်လုပ်ခွင့်မရှိဘူး။ အလည်အပတ်နဲ့ အရောင်းအဝယ်အတွက်ပဲ ခွင့်ပြုထား တာလေ။ အခုတောင်မှ ဘယ်နှယောက် အဖမ်းခံထားရလဲဆိုတာ မသိနိုင်ဘူး။ အလုပ်ရှင်က အာမခံလို့ သူတို့ကို ပေးတယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ အလုပ်လုပ်နေကြတဲ့ လူတွေလည်း ရှိတာပေါ့။ သူတို့ကလည်း လုပ်သား အင်အား လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ဥပဒေကို ချိန်ဆမှာပေါ့။ အခုအချိန်မှာ လုပ်သားပေါလာပြီဆိုရင်တော့ အရင်တုန်းက ၃၀၀၀(ယွမ်) ရတဲ့လူက အခု ၁၅၀၀၊ ၂၀၀၀ လုပ်အားခတွေလည်း ကျလာတာပေါ့။ ကျွမ်းကျင် လုပ်သားတွေ အတွက်တော့ ဈေးကွက်တစ်ခု ရှိပေမယ့် သာမန်လူတွေကတော့ သိပ်မလွယ်ပါဘူး။ အစ်ကိုတို့ အနေနဲ့ကတော့ မသွားစေချင်ဘူး။ အဓိကကတော့ တည်းခိုခန်းမှာပဲ တည်းတည်း၊ ဟိုတယ်မှာပဲ တည်းတည်း၊ အိမ်ခန်းပဲ ငှားနေနေ သူ့ရဲ့ လုပ်ရမယ့် process တွေရှိတယ်။ သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်းကို ဧည့်စာရင်း တိုင် ကြားရတယ်။ ဧည့်စာရင်းတိုင်ရင် နှစ်နိုင်ငံ ဘာသာစကား မတူတဲ့အတွက် သူတို့ရဲ့ တရုတ်ဘာသာနဲ့ ဘာသာပြန် ပေးရတယ်"ဟု ပြောသည်။
မူဆယ်နယ်စပ်ဂိတ်ပေါက် မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်
ထိုကဒ်အား ပြုလုပ်ရာတွင် မှတ်ပုံတင် မူရင်း အဓိကလိုအပ်ပြီး မှတ်ပုံတင်အမျိုးအစား မသတ်မှတ်ထားသဖြင့် မြန်မာတစ်နိုင်ငံလုံးမှ မှတ်ပုံတင်ရှိသူ မည်သူမဆို ငွေကျပ် ၂၀၀၀ ထက် မပိုသည့် နှုန်းထားဖြင့် ပြုလုပ်နိုင်ကြောင်း သိရသည်။
ယခုကဲ့သို့ တစ်ခါသုံးကဒ် (TBP) ဖြင့် တရုတ်နိုင်ငံထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်သည့်အတွက် လောက်ကိုင်၌ အလုပ်လုပ်ကိုင်နေသူအချို့သည် ၎င်းကဒ်ဖြင့် တရုတ်နိုင်ငံထဲသို့ ဝင်ရောက်ကာ လုပ်ငန်းခွင် ပြောင်းလဲခြင်းများ ပြုလုပ်နေကြကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များထံက သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က “လောက်ကိုင်မှာလည်း လော လောဆယ်တော့ အဓိက လောက်ကိုင်ကတော့ ခရီးသွားလည်း နည်းနေတယ်ပေါ့။ နိုင်ငံခြားသားတွေလည်း လာခွင့် မရှိတော့တဲ့အတွက် လောက်ကိုင်မှာ နည်းနည်းတော့ အလုပ်သမားတွေ အတွက်ပါ အလုပ်အကိုင် အခွင့်အလမ်း နည်းနည်း နည်းသွားတယ်ပေါ့။ သူတို့လည်း တချို့တွေ ပြန်လွှတ်လိုက် တာလည်း ရှိပါတယ်။ တချို့ တွေလည်း အခုပြန်ပြီး ဘယ်ကို ဝင်တိုးကြလဲဆိုတော့ မူဆယ်ကိုပေါ့။ ရွှေလီ၊ ကျယ်ဂေါင်မှာ အလုပ်သွား လုပ်လို့ရ အောင် ဆိုပြီးတော့ မူဆယ်ဂိတ်ပေါက်မှာ ကျနော်တို့နိုင်ငံက မြန်မာလုပ်သားတွေပေ့ါလေ။ တော်တော်များများ ရောက်နေတယ်။ လောက်ကိုင်မှာ သွားတဲ့လုပ်သား တော်တော်များများလည်း အခု မူဆယ်ဘက်ကို ကူးနေတာ လေးတွေ ရှိပါတယ်။ ၇ ရက်ကဒ်နဲ့ပဲဝင်တယ်။ ပြီးလို့ရှိရင် ၇ ရက်ပြည့်ရင် ဒီဘက် ကဒ်ပြန်လာတိုးပေါ့” ဟု ပြော သည်။
မူဆယ်နယ်စပ်ဂိတ်ပေါက် မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်
တစ်ခါသုံးကဒ် (TBP) အား နန်းတော်ဂိတ်ပေါက်နှင့် ဆင်ဖြူဂိတ်ပေါက်တွင်သာ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး မန့်ဝိန်းဂိတ်ပေါက်တွင်မူ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကိုသာ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဂိတ်ပေါက်များမှ တစ်ခါသုံးကဒ်ဖြင့် ဝင်ရောက်ခြင်းကို နံနက် ၆ နာရီမှ ည ၈ နာရီခန့်အထိ စေလွှတ်နေခြင်း ဖြစ်သော်လည်း စက်ဖြင့် တစ်ဦးချင်းအလိုက် စာရင်းသွင်းရခြင်းများ ရှိသောကြောင့် သွားရောက်ချင်သူ ဦးရေ များပြားနေသော်လည်း ဂိတ်ပေါက်တစ်ခုလျှင် လူဦးရေ ၃၀၀ ခန့်သာ စေလွှတ်နိုင်ကြောင်း သိရသည်။
ထို့အပြင် ပွဲစားများ၏ တိုကင်ရောင်းစားခြင်းများ မရှိစေရန်လည်း လက်များတွင် တုံးထု၍ အမှတ်အသား ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
စက်ပစ္စည်းများ ချို့ယွင်းမှု တစ်စုံတစ်ရာ ဖြစ်သွားပါက ပို၍ကြန့်ကြာ သွားနိုင်သည့်အတွက် မန့်ဟီရိုး ဂိတ်ပေါက်-ကျင်စန်းကျော့ ဂိတ်ပေါက်-ပန်ဆိုင်း ဂိတ်ပေါက်တို့တွင်မှာ ၎င်းကဒ်ပြုလုပ်ပေး၍ ဝင်ထွက်ခွင့် ပေးမည်ဆိုပါက ပို၍ အဆင်ပြေ ကောင်းမွန်သွားမည် ဖြစ်ကြောင်းလည်း အကြံပြုကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1008
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုက်ပွဲဖြစ်ပွားပြီး နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ကလေးမြို့မှ တမူးမြို့သို့ သွားသည့် လမ်းကြောင်းသည် ဖြတ်သန်းသွားလာခွင့် မရသည်မှာ ၃ လခန့် ရှိခဲ့ပြီးနောက် ယခု သီတင်းပတ်တွင် ပြန်လည်၍ ဖြတ်သန်းသွားလာရပြီဖြစ်သည်ဟု တမူးမြို့ ဒေသခံများထံမှ သိရသည်။
ကလေး - တမူးလမ်းကို ပြန်လည်ဖြတ်သန်း၍ ရပြီဆိုသော်လည်း လုံခြုံသည့် အခြေအနေတွင် မရှိသေးကြောင်း၊ ယခု ပြန်လည်ဖွင့်လှစ်ချိန်တွင် ဂိတ်ကြေး ပေးဆောင်ရသည့် နှုန်းထားသည် များပြားလျက်ရှိနေကြောင်း သိရသည်။
ထို့နောက် ကုန်စည်သယ်ဆောင်ရာတွင်လည်း သယ်ယူစရိတ်များ ကြီးမြင့်နေခြင်းကြောင့် ကုန်ဈေးနှုန်းသည် ယခင်ကထက် နှစ်ဆခန့် မြင့်တက်သွားသည်ဟု တမူးမြို့ဒေသခံ ကိုရဲလင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရမ်းကြီး ပြောလို့မရသေးဘူး။ အရင်လိုမျိုး လုံးဝ safe ဖြစ်လားဆိုတော့ ပြောလို့မရသေးဘူးဗျ အခု လောလောဆယ်တော့လေ။ ဒါပေမယ့် အခုလောလောဆယ်ကာလ ပွင့်နေပြီဆိုတဲ့ အနေအထားပါပဲ အခုလက်ရှိ အနေအထားကတော့။ လမ်းကြေးတွေကတော့ တော်တော်လေးကို အတောင်းကြမ်းတယ်ဗျ။ အခုလောလော ဆယ်တော့ တမူးကနေ ကလေး သွားမယ်ဆိုရင် ၃/၄ သိန်းလောက်တော့ ကုန်တာဗျ။ ကုန်ဈေးနှုန်းက ဆိုင်ကယ် သမားတွေက သယ်တဲ့အတွက် တန်ဆာခတွေ အများကြီး ပိုပေးရတာပေါ့ဗျာ။ ဆန်အိတ်တစ်အိတ်ကို ၃/၄ သောင်းတွေ အဲဒီလိုမျိုးတွေ ပေးရတဲ့ အခါကျတော့ ကျနော်တို့ ဆန်ဈေးနှုန်းတွေက ၃ ဆလောက်ကို တက်သွား တော့တာ။ ပစ္စည်းပြတ်တာတော့ မရှိဘူးဗျ။ ကုန်ဈေးနှုန်းက အရမ်းမြင့်သွားတာဗျ။ ဈေးကတော့ နှစ်ဆလောက် တက်သွားတာပေါ့ အရင်ထက်တော့” ဟု ပြောသည်။
ကလေး-တမူး လမ်းကြောင်းကို တွေ့ရစဉ်
ကလေး - တမူး သွားရာလမ်းကို လက်ရှိတွင် ပြန်ဖွင့်ပြီဆိုသော်လည်း နယ်မြေတည်ငြိမ်မှုသည် ကောင်းမွန်မှု မရှိသေး၍ ပြန်လည်ပိတ်သွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။
လမ်းကြောင်း ပိတ်ထားသည့် အချိန်ကာလအတွင်းတွင် တမူးမြို့ဒေသခံများအနေဖြင့် ကျန်းမာရေးနှင့် ပတ်သက် ၍ အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း၊ လက်ရှိတွင် လမ်းကြောင်း ပြန်လည် ပွင့်သွားပြီဖြစ်သည့်အတွက် တမူး ဒေသခံများအတွက် အဆင်ပြေသွားသည်ဟု တမူးမြို့ကုန်သည် ဦးခင်မောင်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လမ်းဖွင့်တာတော့ ကောင်းပါတယ်။ တမူးက လူတွေအတွက် လမ်းဖွင့်တာ ကောင်းတယ်။ ကျန်းမာရေး ကအစ သွားလို့လည်း ရသွားတယ်။ စောစောကဆို ကျန်းမာရေးလည်း သွားလို့မရဘူး ဖြစ်နေတယ်။ ဒီမှာလည်း ဆရာဝန်ကောင်းကောင်း မရှိ။ သွားလို့လာလို့ မလွယ်ကူ ဖြစ်နေတာပေါ့။ အခုကတော့ လမ်းဖွင့်သွားတော့ တမူး အတွက်တော့ ကောင်းပါတယ်” ဟု ပြောသည်။
ကလေး - တမူး လမ်းကြောင်း ပိတ်ထားချိန်တွင် ကလေးမြို့မှ ကုန်စည်များကို သယ်ဆောင်ရာတွင် တခြားသော လမ်းကြောင်းများမှ သယ်ဆောင်ရကြောင်း၊ ထိုသို့ သယ်ဆောင်ရာမှာလည်း ကုန်တင်ယာဉ်များ သွားလာ၍ မရ ခြင်းကြောင့် ဆိုင်ကယ်ကယ်ရီဖြင့်သာ သယ်ဆောင်ရကြောင်း၊ ဆိုင်ကယ်ကယ်ရီဖြင့် သယ်ဆောင်ရာတွင် သယ်ယူ စရိတ်များ ပိုမိုကုန်ကျပြီး ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
တမူးမြို့က နန်းဖာလုံဈေးကိုတွေ့ရစဉ်
လက်ရှိ တမူးမြို့၌ ဆန်ဈေးနှုန်းသည် တစ်အိတ်လျှင် ငွေကျပ် ၁ သိန်းခွဲခန့် ဖြစ်ပေါ်နေပြီး စက်သုံးဆီ တစ်ဂါလံ လျှင် ၂ သောင်းကျပ် ဖြစ်ပေါ်နေသည်ဟု ဦးခင်မောင်ဝင်းက ဆက်ပြောသည်။
၎င်းက “ဒီမှာတော့ စောစောက ဧရာမင်းတစ်အိတ်ကို ၁ သိန်း ၄ သောင်း၊ ၁ သိန်းခွဲလောက် ဖြစ်သွားတယ်။ စက်သုံးဆီ ဓာတ်ဆီ၊ ဒီဇယ်က၊ ဓာတ်ဆီကတော့ တစ်ဂါလံ ၂ သောင်းလောက် ဖြစ်သွားတယ်။ ၂ သောင်း အထက် လည်း တစ်ခါတလေ ဖြစ်သွားပါတယ်။ ပဲဆီ၊ စားအုန်းဆီတွေလည်း ပဲဆီလည်း ၂ သိန်း၊ စားအုန်းဆီလည်း ၁ သိန်း၊ ၁ သိန်းကျော် ဖြစ်သွားတယ် တစ်ပုံးကို” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကလေး - တမူးလမ်းကြောင်း ပြန်လည်ဖြတ်သန်း၍ ရပြီဆိုသော်လည်း အိန္ဒိယနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူမျိုးရေး အဓိကရုဏ်းများကြောင့် တမူးမြို့နှင့် အိန္ဒိယ ကုန်သွယ်ရေးမှာ လုပ်ဆောင်မရသေးကြောင်း သိရသည်။
ကလေး - တမူးလမ်းကြောင်း ဖြတ်သန်းရာတွင် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖြတ်သန်းခွင့်ရှိပြီး ဖြတ်သန်းရာ၌ နိုင်ငံသားမှတ်ပုံတင် ပါရှိမှသာ အဆင်ပြေနိုင်သည်ဟု တမူးဒေသခံများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 752
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
ဗီယက်နမ်နိုင်ငံက မြန်မာ့သကြား တန်ချိန် ၁၀၀၀၀ (တစ်သောင်း)ကို ဝယ်ယူလိုကြောင်း အမှာစာ ပေးပို့ ကမ်းလှမ်းလာသော်လည်း ပြည်တွင်းစားသုံးမှု ဖူလုံရေးကို ဦးစားပေးသည့်အနေဖြင့် လာမည့် သကြားတင်ပို့သည့် ရာသီမှသာ ဦးစားပေးတင်ပို့သွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
လက်ရှိတွင် ကမ္ဘာ့သကြားဈေးနှုန်း မြင့်မားနေခြင်းကြောင့် နိုင်ငံပေါင်းစုံမှ မြန်မာ့သကြား ဝယ်ယူရန်အတွက် ကမ်းလှမ်းချက်များစွာ ရရှိထားကြောင်း၊ ယင်းကမ်းလှမ်းချက်များ၊ အဆိုပြုချက်များနှင့် ပတ်သက်၍ ကြံကြိတ် ဝါးရာသီ နောက်ပိုင်းတွင် ထွက်ရှိလာမည့် သကြားပမာဏနှင့်ချိန်၍ တင်ပို့သွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။
ကြံစိုက်တောင်သူများကိုတွေ့ရစဉ်
၎င်းက “အမှာစာတွေကတော့ တော်တော်များများ နိုင်ငံတွေက ကမ္ဘာမှာ သကြားဈေးတွေက မြင့်နေတာကိုး။ ၁ တန်ကို ဒေါ်လာ ၇၀၀ အထက်မှာ ရှိနေတော့ အမှာစာတွေကတော့ လာတယ်။ သို့သော်လည်းပဲ ဒီဘက်က ပြည်တွင်းစားသုံးမှုကို ဖူလုံဖို့ ဒီဘက်က လောလေ ာဆယ် မရောင်းနိုင်သေးဘူး။ ၂၀၂၃ - ၂၀၂၄ ကြံရာသီကျမှပဲ ရောင်းနိုင်မှာ။ အမှာစာတွေရယ်လို့တော့ မဟုတ်ဘူး၊ ကမ်းလှမ်းချက်တွေက အများကြီး ရှိတယ်။ နိုင်ငံတော်တော် စုံစုံ ရှိတယ်။ ကမ်းလှမ်းချက်က ဘယ်သူမှ လက်မခံနိုင်သေးဘူးလေ လောလောဆယ်က။ အဲဒီ ၁ သောင်းလည်း ကမ်းလှမ်းလည်း နောက်ကြံရာသီကျမှ ဦးစားပေးပြီး တင်ပေါ့။ ၁၀ လပိုင်း၊ ၁၁ လပိုင်းကျမှပဲ ကမ်းလှမ်းချက်တွေ ကို၊ အဆိုပြုချက်တွေကို နှစ်ဖက်ညှိနှိုင်းကြတာပေါ့။ ကြံရာသီ ကြိတ်ဝါးတဲ့ ဒီဇင်ဘာနောက်ပိုင်း ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ စပြီးတော့ တင်ပို့မှာပေါ့” ဟု ပြောသည်။
မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံက အများဆုံး ဝယ်ယူနေခြင်းဖြစ်ပြီး ယခုနှစ်တွင် သကြားတန်ချိန် ၉၀၀၀၀ ဝန်းကျင်ထိ တင်ပို့ထားကြောင်း သိရသည်။
သကြား ချက်နေကြစဉ်
လာမည့်နှစ် သကြားတင်ပို့ရန်အတွက် သကြားစက်ရုံများက ကြံကြိတ်ဝါးမှုနှုန်းနှင့် သကြားထွက်ရှိမှု ပမာဏများ ကို တွက်ဆနေကြကြောင်း၊ ၂၀၂၃ - ၂၀၂၄ သကြားတင်ပို့မှုသည် ယခုနှစ်၏ တင်ပို့မှု ပမာဏထက် ပို၍ များမည် ဖြစ်သည်ဟု သကြားကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုကတည်းက ကြံစက်ရုံတွေက ကြိတ်ဝါးကြံတန်ကို ခန့်မှန်းသတ်မှတ်ပြီးပြီလေ။ အဲဒီတော့ ဘယ်လောက်ရောင်း၊ ပြည်တွင်း ဘယ်လောက်ရောင်း၊ နိုင်ငံခြား ဘယ်လောက် ရောင်းမယ်ဆိုတာ သူ့ဟာသူ ခွဲတမ်းလုပ်နေပြီပေါ့။ အဲဒီအချိန်ကျရင်တော့ ပြန်ပြီးတော့ ကွင်းဆင်းတိုင်းတာတာနဲ့ သူတို့ရဲ့ ခန့်မှန်းခြေနဲ့ တွက် ပြီးမှ သူ့ဟာသူ သူ့ရဲ့ သကြားထွက်နှုန်းကို တွက်ပြီးမှ နိုင်ငံခြားကို ဘယ်လောက်ရောင်း၊ ပြည်တွင်းကို ဘယ်လောက်ရောင်းမယ်ဆိုတာ စီမံခန့်ခွဲမှာပေါ့။ ဒီနှစ်ထက်များမှာ ၂၀၂၂ - ၂၀၂၃ ထက် ပိုပြီးတော့ ထွက်မှာ သေချာတယ်” ဟု ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ သကြားလက်ကျန် တန်ချိန် ၅ သောင်းကျော် ကျန်ရှိကြောင်း၊ ထိုပမာဏသည် လာမည့် ကြံကြိတ်သည့် ရာသီမတိုင်ခင်အထိ လုံလောက်မှု ရှိသည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်းထံမှ သိရသည်။
မြန်မာပြည်နိုင်ငံတွင် တစ်နှစ်လျှင် သကြားတန်ချိန် ၄ သိန်းခွဲကျော် ထွက်ရှိပြီး ပြည်တွင်း စားသုံးမှုအနေဖြင့် တန်ချိန် ၃ သိန်းကျော်ရှိကာ ပိုလျှံသည့် သကြားကို ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1224
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
နိုင်ငံခြားသားခရီးသွားများအား မြန်မာနိုင်ငံရှိ ဘုရားများကိုသာ လှည့်ပတ်ပြနေသရွေ့ ခရီးသွားလုပ်ငန်း တိုးတက် လာမှာ မဟုတ်သည့်အပြင် ပြည်ပခရီးသွား ဝင်ရောက်မှုမှာလည်း တိုးလာမည် မဟုတ်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော် က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ခရီးသွားကဏ္ဍတွင် အထင်ကရ ဘုရားစေတီပုထိုးများ၊ ဆယ့်နှစ်လရာသီပွဲတော်များမှာ ပုံမှန် လုပ်ဆောင် နေကြဖြစ်ရာ ပြည်ပခရီးသွားများအတွက် ငြီးငွေ့စေကြောင်း၊ ထို့ကြောင့် ၎င်းတို့အား ဆွဲဆောင်ရန် နှစ်စဉ် မတူညီသည့် ပွဲတော်များ၊ အစီအစဉ်များ၊ ခရီးသွားဒေသများကို ဆန်းသစ်သင့်ကြောင်း ၎င်းက ပြောသည်။
“နိုင်ငံတကာက ကျနော်တို့နိုင်ငံကိုလာဖို့အတွက်က ဘာတွေလိုအပ်သလဲ၊ ဘာတွေသူတို့ လိုချင်သလဲ၊ ဒီကို လာရင် ကျနော်တို့ ဘုရားတွေပဲ လှည့်ပတ်ပြနေလို့ အဆင်မပြေဘူး။ ကျနော်တို့ရဲ့ အလှအပလေးတွေပြ၊ သူတို့ စိတ်ဝင်စားတဲ့ဟာလေးတွေက ကျနော်တို့နိုင်ငံက ဘာတွေဖန်တီးပေးနိုင်မလဲ။ ဥပမာ demand ပေါ့နော်။ တရုတ် နိုင်ငံရဲ့ demand လိုချင်ရင် တရုတ်နိုင်ငံသားတွေ ဘာတွေကြိုက်သလဲ၊ ဒီနိုင်ငံကို သူတို့ဘာတွေ လိုအပ်သလဲ၊ ဘာတွေလာကြည့်ချင်လဲ ဒါတွေသိဖို့လည်းလိုတယ်။ နောက်ရုရှားဆိုလည်း ဒီလိုပဲ၊ ဒီအတိုင်းပဲ လာပါ လာပါ ပြောနေပေမယ့် ဒီမှာ ဘာမှ မပြနိုင်ဘူးဆိုလည်း အဲဒီလိုပြတာထက်စာရင် ဒီမှာ ဘာမှမပြနိုင်သေးဘဲနဲ့ မခေါ်တာ က ပိုတောင်ကောင်းသေးတယ်။ ခေါ်လိုက်မှ ဒီကနေ ဘာမှမပြနိုင်သေးဘဲနဲ့ ရုရှားနိုင်ငံသားတွေ ခေါ်လိုက်တယ် လာလိုက်တယ်။ ဒီမှာဘာမှမရှိဘူးဆို ပြန်သွားရင် မြန်မာနိုင်ငံကဘာမှမရှိပါဘူးလေဆိုတဲ့စကား ဟိုကို သယ်သွား ရင် ဒါ နောက်လူလာဖို့တောင်မှ တားသလိုဖြစ်သွားတာပေါ့။ ဘာလို့ဆို သူသူ ကိုယ်ကိုယ်ပဲလေ။ ကျနော်တို့ဆီမှာ ဘုရားတွေပဲ လှည့်ပတ်ပြနေလို့လည်း အဆင်မပြေဘူး။ ပုဂံဆိုလည်း ဗုဒ္ဓဘာသာနိုင်ငံတွေလောက်သာ ပုဂံဘုရား လာဖူးရင်းနဲ့ လာကြတာကို။ နိုင်ငံခြာသားခရစ်ယာန်တွေကြတော့ ပုဂံဘုရားလာတယ်ဆိုတာ ရောက်ဖူးအောင်ပဲ သူတို့လာတာ။ နောက်တစ်ခေါက်လာဖို့ဆိုတာကတော့ သူတို့လည်း လာမှာ မဟုတ်လောက်ဘူး။ ကျနော်တို့ နိုင်ငံက ဘယ်နိုင်ငံသားကို များများလာစေချင်လဲပေါ့။ အဲဒီအပေါ်မှာမူတည်တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ခရီးသွားဒေသ အသစ်အဆန်းများ ဖော်ဆောင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များရှိပါက သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
မန္တလေးတိုင်း အမရပူရမြို့ရှိ ဦးပိန်တံတားသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများ
လက်ရှိတွင် နယ်စပ် ဝင်၊ ထွက်ပေါက်များမှ ပြည်ပခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်အခါတွင် နိုင်ငံတကာ၌အကျုံးဝင်သည့် ကျန်းမာရေးအာမခံကို ဝယ်ယူထားပါက မြန်မာ့အာမခံလုပ်ငန်းမှ ကျန်းမာရေး အာမခံကို ထပ်မံဝယ်ယူစရာမလိုအပ်တော့ဘဲ ကင်းလွတ်ခွင့်ပြုထားသည်။
ယခင်က နိုင်ငံတကာ၌ အကျုံးဝင်သည့် ကျန်းမာရေးအာမခံဝယ်ထားသူဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ထပ်မံ ဝယ်ယူရခြင်းဖြစ်သည့်အတွက် ထိုအချက်မှာ ပြည်ပခရီးသွားများအပေါ် အဆင်မပြေဖြစ်စေခဲ့ကြောင်း၊ ယခုကဲ့သို့ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းသည် ကောင်းမွန်သွားကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
ယခင်က အချို့နိုင်ငံသားများ e-visa လျှောက်ရာတွင် ၎င်းတို့ ကန့်သတ်ထားသည့် ဘောင်ထဲမဝင်သဖြင့် ပယ်ချမှု များရှိသဖြင့် ပုံရိပ်ကျဆင်းစေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဗီဇာပိုင်းနှင့်ပတ်သက်၍လည်း ဖြေလျှော့မှုများဆောင်ရွက်သင့်ပြီး ဆိုက်ရောက်ဗီဇာ (visa on arrival) ပေးသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
“visa on arrival လည်းပေးသင့်တယ်။ ဟိုတုန်းကလည်း ပေခဲ့တယ်ဆိုတော့။ အခုတော့ visa on arrival ကို တရုတ်နဲ့ အိန္ဒိယကိုတော့ ပေးမယ်ပေါ့။ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်နေ့က cabinet မှာ ခွင့်ပြုလိုက်တယ်ကြားတယ် ။ ဒီဟာကိုတော့ လ.ဝ.ကနဲ့ လုပ်ငန်းစဉ်တွေ လုပ်နေတယ်ပေါ့။ အဲဒီအထဲမှာတော့ visa fee က ၃၀ (ဒေါ်လာ) ဖြစ်မလား၊ အရင်လို ၅၀ ဖြစ်မလား မသိဘူးပေါ့။ ပုံမှန်အတိုင်းဆိုရင်တော့ ၃၀ ပဲ ရှိပါတယ်။ ဘာလို့ဆို အွန်လိုင်း ဗီဇာကြတော့ service ပါ ပါတော့ အွန်လိုင်းကနေ ဘာညာဆိုတော့ ၂၀ ပိုယူတယ်။ ဒီမှာကတော့ ၃၀ လောက်ပဲ ဖြစ်သင့်တယ်။ ၃၀ ဆိုတော့ ဘာပဲပြောပြောလေ နိုင်ငံကြီးတွေနဲ့တော့ မယှဉ်နဲ့ပေါ့နော်။ နောက်အေးဂျင့်တွေက service လုပ်မယ်ဆိုလည်း ဒါက သိပ်ဈေးမကြီးတော့ဘူးပေါ့ ဧည့်သည်တွေအတွက်။ နောက် တစ်ခုက visa on arrival ဖြစ်တဲ့အတွက်ကြောင့် ဒီ ဧည့်သည်က ဗမာပြည်ကို ဗီဇာယူဖို့ အချိန်မရဘူး။ အွန်လိုင်းလည်း လျှောက်ဖို့ အခြေအနေမပေးဘူးဆိုရင် သူက လေယာဉ်ပေါ်တန်းတက်လာရမယ်။ ရန်ကုန်ရောက် မှ လေဆိပ်ကြမှ ဖြည့်ပြီး တော့ လျှောက်မယ်ဆိုလည်း ဒါတစ်မျိုးတော့ အဆင်ပြေတာပေါ့။ ထိုင်းကတော့ စောစောကတည်းက ဒါတွေကို သိလို့ လက်ခံလိုက်တော့ ထိုင်းက တရုတ်တွေ တော်တော် တက်သွားတယ်။ နောက်တစ်ခုက သံရုံးမရှိတဲ့ တိုင်းပြည်တွေ၊ သံရုံးရှိပေမယ့်လည်း သွားဖို့လာဖို့ ဗီဇာယူဖို့ခက်တဲ့ ဝေးလံတဲ့ ကျယ်ပြန့်တဲ့တိုင်းပြည်တွေကို လည်း ပေးသင့်တယ်လို့တော့ ပြောထားပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ် ဆောင်ရွက်သွားရန်လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ပြည်ပခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ၃ သိန်း ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 911
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
တရုတ်ပြည်၊ ကျယ်ဂေါင်နှင့်ရွှေလီမြို့များအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများ ကို မူဆယ် နန်းတော်ဂိတ်တွင် တွေ့ရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းမှုနှင့်အတူ အလုပ်အကိုင် ရှားပါးခြင်း၊ ငွေကြေးဖောင်ပွခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံ တရုတ်ပြည်ဘက်သို့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြစ် သွားရောက် အလုပ်လုပ် ကိုင်ကြ မည့် မြန်မာများ ပြည့်နှက်နေခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 837
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
ပြည်တွင်းစျေးကွက်တွင် စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၁၀ ရာခိုင်နှုန်းထက် ပိုတင် ရောင်းချခြင်း မပြုရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ပြီးနောက် ရပ်ကွက် အတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များတွင် ဝယ်ယူ၍ မရ ဖြစ်နေသည်ဟု ရန်ကုန်မြို့နေ ပြည်သူများထံမှ သိရသည်။
စားအုန်ဆီကို တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ခန့် နှုန်းထားဖြင့် လူတဦးကို ၅၀ ကျပ်သားနှုန်းစီ ရန်ကုန်နှင့် နေပြည်တော် အပါအဝင် မြို့နယ်တချို့တွင် ဆီကုန်သည်အသင်းက လှည့်လည်ရောင်းချပေးနေသော်လည်း တချို့သော ဆိုင်များသည် ၁၀ သားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးကို ၂၀ ကျပ်သားခန့်သာ ရောင်းချပေးနေ ကြောင်း၊ ဆိုင်အများစုတွင် စားအုန်းဆီ မရှိသည်က များနေကြောင်း ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးဖြစ်သည့် မခိုင်လွင်က CNI သတင်းဌာနသို့ ပြောသည်။
“ဆီတွေက ဘယ်လိုဝယ်နေရလဲဆိုတော့ ဆိုင်တွေမှာ လာချပေးတယ်။ ချပေးတဲ့ဟာကို ၁၀ သားကို ၅၀၀ နဲ့ တစ်ဦးကို ၂၀ သားပဲ ရောင်းတယ်၊ ပိုမရောင်းဘူး။ မရှိတဲ့ဆိုင်တွေက များတယ်။ ရှိတဲ့ဆိုင်တွေကလည်း အုံပြီး လာချပေးသွားတာ။ အကန့်အသတ်နဲ့ လာချပေးပြီးတော့မှ အချိန် ၁၀ ဆို အချိန် ၁၀ လာချပေးတယ်။ အဲဒီ လာချပေးတဲ့ဟာကိုမှ သူတို့တွေက ၁၀ သားကို ၅၀၀ နဲ့ ၂၀ သား အဲဒါပဲ ရမယ်၊ ပိုမရောင်းဘူး။ ချက်ပြုတ်ဖို့ အတွက်ကို ဆီမရှိတဲ့အခါကျတော့ အခက်အခဲတွေ ဖြစ်တာပေါ့။ ဟိုတလောကဆိုလို့ရှိရင် ဆီလိုက်ဝယ်တာ ဘယ်မှမရလို့ ချဉ်ပေါင်ကြော်ဖို့တောင် မကြော်လိုက်ရဘူး” ဟု ပြောသည်။
စားအုန်းဆီကို ဈေးကွက်အတွင်း လက်ကားရည်ညွှန်းဈေးအပေါ်တွင် အထွေထွေကုန်ကျစရိတ်များနှင့် အသားတင်အမြတ် ၂ ရာခိုင်နှုန်းထက် မပိုသည့် ဈေးဖြင့် ရောင်းချနိုင်ရေး၊ လက်လီဈေးကွက်တွင် ၁၀ ရာခိုင်နှုန်း အမြတ်ထက်မပိုသည့် ဈေးနှုန်းဖြင့်သာ ရောင်းချရေးတို့ကို ကြီးကြပ်သွားရန် စီစဉ်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စားသုံးဆီများကို ချိန်တွယ်ရောင်းချပေးနေစဉ်
ထိုသို့ ထုတ်ပြန်လိုက်ခြင်းကြောင့် ဆီအရောင်းဆိုင်များက တန်ပြန်မှုအနေဖြင့် ရောင်းချခြင်း မပြုကြခြင်းဖြစ်ကာ စားအုန်းဆီများကို ဈေးနှုန်းသတ်မှတ်ခြင်းထက် ရပ်ကွက်တိုင်းတွင် သက်သာသောနှုန်းထားဖြင့် ပြည်သူများ လိုအပ်သလောက် ရောင်းချပေးနိုင်သည့် ပုံစံဖြင့် လုပ်ဆောင်နိုင်မှသာ စားအုန်းဆီ ဝယ်ယူမရသည့် ပြဿနာသည် ပြေလည်သွားမည် ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“သူတို့ဘက်ကလည်း ဒါက back ပြန်မှုပေါ့။ အဲဒါနဲ့ မရောင်းနိုင်ဘူး။ မရောင်းနိုင်တဲ့အတွက် မရှိဘူးဆိုပြီးတော့ နေလိုက်တဲ့ သဘောမျိုးပဲ။ အဲဒါကြောင့်မို့လို့ ဖြစ်နိုင်ရင်တော့ ဘယ်ဈေးကနေ ပိုမရောင်းရဘူးဆိုရင် သူတို့က လည်း back ပြန်မှာပဲလေ မရှိဘူးပြောရင် ဘယ်လိုလုပ်မလဲ။ အဲဒါတွေကို ကြိုတွေးပြီးတော့ အစောထဲက သူတို့ကို ဘယ်ဈေးနဲ့ ရောင်းပါလို့ ပြောတာထက်စာရင် တစ်ဖက်ကနေပြီးတော့ တကယ်ကို လက်တွေ့ကျကျ ပကတိ အခြေအနေမှာ အဲဒီလိုဈေးနဲ့ ရောင်းပေးနိုင်တဲ့ ဈေးဆိုင်တွေပေါ့၊ ရောင်းပေးတဲ့စနစ်ကို တည်ဆောက်လိုက်မှ သာလျှင် အဲဒီ back ပြန်မှုတွေကို ကျော်လွှားနိုင်မှာပေါ့။ အလွန် ၄ သောင်းဈေးနဲ့ မလိုပါဘူး။ ဆိုလိုတာက သူ့ဟာသူ ၆ သောင်းဈေးလောက်နဲ့ကို တကယ်ကို လုံလုံလောက်လောက်နဲ့ လိုချင်တဲ့အချိန် မြန်မြန်ဆန်ဆန် ရောင်းပေးနိုင်ဖို့၊ အခု ဥပမာ တစ်ပိဿာ ၄ ထောင်အစားပေါ့ ၆ ထောင်ဆို ၂ ထောင်ပဲ ပိုများမယ်။ ဒါပေမယ့် သူလိုချင်သလောက် ရောင်းပေးနိုင်ရင် အဲဒီပြဿနာ မတက်တော့ဘူးလေ” ဟု ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေသည် ပြည်တွင်းစားအုန်းဆီလက်ကျန် နည်းပါးခြင်းကြောင့် ဈေးကွက် အတွင်း လိုအပ်ချက်ကို ခွဲတမ်းဖြင့် ဝေမျှနေရကြောင်း၊ စားအုန်းဆီနှင့် ပတ်သက်၍ သွင်းကုန်ပါမစ်လိုင်စင်ကို ကုမ္ပဏီတချို့ကိုသာ ပေးထားသည့်ပုံစံဖြင့် မဟုတ်ဘဲ နိုင်ငံခြားငွေ ရှိသူများမှ စားအုန်းဆီကို လွတ်လပ်စွာ တင်သွင်းနိုင်ရန်အတွက် သက်ဆိုင်ရာမှ ခွင့်ပြုပေးပါက ကုန်စည်ရှားပါးခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းကို ထိန်းနိုင်မည် ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“စားအုန်းဆီမှ မဟုတ်ဘူး။ ဘယ်ကုန်ပစ္စည်းတိုင်းမဆိုပေါ့ policy maker တွေကို ဘောဂဗေဒ သဘောတရား တွေကို သင်ပေးဖို့ လိုနေပြီလို့ တွက်ရတယ်။ အဓိက supply များများရှိရင် ဈေးက သူ့ဟာသူ ဘယ်လိုမှ ဆွဲမတင် နိုင်ဘူး။ အခုက မူဝါဒအရကို စားအုန်းဆီ တင်သွင်းတဲ့ကုမ္ပဏီဆိုပြီးတော့ အဲဒီလို ပါမစ်တွေ, လိုင်စင်တွေနဲ့ ထိန်းချုပ်ထားတယ်။ ဘယ်လိုမှ supply မြှင့်လို့မရဘူး။ တကယ်လို ဒီဟာတွေသာ ကျစေချင်လို့ရှိရင် နိုင်ငံခြားငွေ ရှိတဲ့သူတွေကို အကုန်လုံး စားအုန်းဆီ သွင်းချင်တဲ့သူ လွတ်လွတ်လပ်လပ် သွင်းခွင့်ရှိတယ်လို့သာ ကြေညာလိုက် တန်းကျတယ်။ အဲဒီလိုမျိုး supply ကို များများ ဖြည့်ဆည်းပေးနိုင်အောင် လုပ်ရမှာပေါ့။ ဒီ shorten မှာတော့ နည်းနည်း ဒေါ်လာဈေး ဘာညာ ဈေးကွက်ပေါ်မှာ ထိခိုက်ကောင်း ထိခိုက်နိုင်မယ်။ ဒါပေမယ့် စားအုန်းဆီ မလုံ လောက်တဲ့ ပြဿနာ၊ စားအုန်းဆီကို ဈေးကစားတဲ့သူတွေက ဖွက်ထားတဲ့ ပြဿနာတွေကိုတော့ ရေတိုအတွင်းမှာ ဖြေရှင်းနိုင်မယ်ပေါ့” ဟု ပြောသည်။
ထို့နောက် စားအုန်းဆီနှင့် ပတ်သက်၍ ရန်ကုန်မှတဆင့် တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ဆောင်ရာတွင်လည်း စစ်ဆေးမှုများ ရှိနေခြင်းနှင့် နယ်ကျော်ဝယ်ယူမှုများအတွက် ရန်ကုန်ရှိ အရောင်းဆိုင် များက မရောင်းပေးခြင်းများလည်း ရှိနေသည်ကို တွေ့ရသည်။
ဆီကုန်သည်အသင်းက ဦးဆောင်၍ စားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေသော်လည်း အချိန်ကြာမြင့်စွာ တန်းစီပြီးမှသာ ဝယ်ယူ၍ ရခြင်းကြောင့် အလုပ်သမားများနှင့် သက်ကြီးရွယ်အိုများအတွက် အခက်အခဲ ရှိနိုင်ကြောင်း၊ တချို့သော မိသားစုများက တန်းစီပြီး ပြန်လည်ရောင်းချနေမှုများ ရှိနေခြင်းကြောင့် အမှန်တကယ် လိုအပ်သူများအတွက် အဆင်မပြေ ဖြစ်ကြရသည်ဟု ပြည်သူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 788
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားများသာမက အခြားသော လူငယ်၊ လူရွယ်များမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာ နေကြသဖြင့် လူသားအရင်းအမြစ် ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရချိန်တွင် ကုန်ထုတ်လုပ်မှုကဏ္ဍအား တိုးချဲ့ရန် မလွယ် ကူလှကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးပညာရှင်များက သုံးသပ်ကြသည်။
ကုန်ထုတ်လုပ်မှု မတိုးချဲ့နိုင်ပါက ပို့ကုန်တင်ပို့မှု နည်းပါးသွားနိုင်ကြောင်း၊ ပို့ကုန်မတင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေ ရရှိမှု နည်းပါးသွားနိုင်သည့်အတွက် ပြည်ပနိုင်ငံများသို့ လုပ်သားအင်အား ယိုစိမ့်မှု မဖြစ်စေရန် သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် နည်းလမ်း စဉ်းစားသင့်ကြောင်း ၎င်းတို့က ထောက်ပြကြသည်၊
နိုင်ငံခြားဝင်ငွေရရှိမှု နည်းပါးသွားပါက ပြည်တွင်း၌ သွင်းကုန်နှင့်ပတ်သက်၍ အခက်အခဲများ ဖြစ်လာနိုင်ပြီး အကျိုးသက်ရောက်မှု အများအပြား ရှိနိုင်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်း ဌာနသို့ ပြောသည်။
လယ်ယာစိုက်ပျိုးရေးလုပ်နေကြသူများကို တွေ့ရစဉ်
၎င်းက “strategy ကို မတိုးဘဲနဲ့တော့ income တိုးလာဖို့ ခက်တာပေါ့။ income နည်းတာက export earning ရဖို့ ခက်တာပေါ့။ export earning ရဖို့က လယ်ယာ စိုက်ပျိုးရေးကဏ္ဍတစ်ခုနဲ့ပဲ သွားနေရတာတွေက များတယ်။ အခု နောက်ပိုင်းက အရေအတွက်နဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ တစ်ခုတည်းပဲ အားကိုးနေရတာကို။ ကျန်တာက တော့ gas ပေါ့နော် gas ကတော့ ဘယ်အချိန် ကုန်လာမလဲ မသိဘူးပေါ့။ လယ်ယာ စိုက်ပျိုးရေးဌာနကနေပြီး တော့ အားကိုးရတဲ့ဟာတွေ မထုတ်နိုင်ရင်တော့ အခက်အခဲအများကြီး ရှိလာနိုင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသားများသည် စားဝတ်နေရေးများကြောင့် ဝင်ငွေကောင်းသည့် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြခြင်း အား တားဆီး၍ မရနိုင်သဖြင့် ယခုကဲ့သို့ လုပ်သားအရင်းအမြစ် ဆုံးရှုံးနေသော ပြဿနာအား ဖြေရှင်းနိုင်ရန် အတွက် အချို့နေရာတွင် စက်ကရိယာများကို အစားထိုးသင့်ကြောင်းလည်း ဦးသက်ဇော်က ဆက်ပြောသည်။
၎င်းက “မထိုးနိုင်ရင်တော့ လုပ်ငန်းတိုးချဲ့ ဖို့ကတော့ အခက်အခဲ ရှိသွားမှာ အမှန်ပဲ။ မြန်မာနိုင်ငံမှာက ၇၀ ရာခိုင်နှုန်းက တောင်သူလယ်သမား ဦးရေကို။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာတော့ အဓိက လုပ်သား အများဆုံး သုံးနေရတဲ့ အနေအထားမှာရှိပါတယ်။ စက်မှုကဏ္ဍမှာကတော့ လုပ်သားဦးရေက အများကြီး မရှိသေးဘူး ကျနော်တို့နိုင်ငံမှာ။ စိုက်ပျိုးရေးကဏ္ဍမှာက မျိုးရယ်၊ စိုက်နည်းပညာ technology တွေက အရေးကြီးတယ်။ နောက်ပြီးတော့ ရိတ်သိမ်းတဲ့ နည်းပညာတွေကလည်း အရေးကြီးတယ်။ ဒါတွေကို အကုန်လုံး ခေတ်မီ နည်း စနစ်နဲ့အညီ ပြောင်းလဲနိုင်ရင်တော့ တစ်ဧက အထွက်နှုန်းတွေ တိုးလာမယ်။ လက်ရှိနည်းပညာအတိုင်း သွားနေ ရင်တော့ သိပ်ပြီးတော့ တိုးတက်လာစရာ အကြောင်းမရှိဘူး” ဟု ပြောသည်။
ပြည်ပထွက်မည့် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
မြန်မာနိုင်ငံ၌ လူသားအရင်းအမြစ် ဆုံးရှုံးနေရခြင်း အကြောင်းများထဲတွင် လုပ်ခလစာ နည်းပါးမှုသည်လည်း တစ်ခု အပါအဝင်ဖြစ်ပြီး ကျွမ်းကျင်သည့် လူငယ်၊ လူရွယ်များ ပြည်ပထွက်ခွာမှု နည်းပါးစေချင်ပါက အလုပ်အကိုင် များ ဖန်တီးပေးခြင်းအပြင် လုပ်ခလစာပါ တိုးမြှင့်ပေးသင့်ကြောင်း သုံးသပ်ကြသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများ ထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ် သူများက ထုတ်ကုန်များ ဆောင်ရွက်ကြခြင်းဖြင့် ပြည်ပသွင်းကုန်များ အစားထိုး နိုင်ရေးအတွက် ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်နိုင်ရန် လိုအပ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လက နစကဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရန်မှာ မဖြစ်နိုင်သေးကြောင်း စိုက်ပျိုး ရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကတော့ ထုတ်လုပ်မှုပိုင်းက တက်မလာဘူးပေါ့။ မတက်လာနိုင်တဲ့ အတွက်ကြောင့်မို့လို့ ငွေကြေး ဖောင်းပွမှုတွေက ဖြစ်လာတယ်လို့ ထင်တယ်။ လက်ရှိ အနေအထားမှာလည်း ထုတ်လုပ်မှုအပိုင်းကို တက်လာ စရာလည်း မရှိဘူးပေါ့။ အခြေအနေ အကြောင်းကြောင်းတွေပေါ့ တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ conflict တွေအရ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေအရက ဘယ်လိုမှကို ထုတ်လုပ်မှုကို တိုးဖို့ဆိုတာက ခက်ခဲတာပေါ့ လုပ်ရကိုင်ရသူတွေ အနေနဲ့။ အခုဆိုရင် မြန်မာပြည်က ဘက်ပေါင်းစုံမှာ အကုန်လုံးက ကျဆင်းနေတယ် အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရတယ်။
ပြည်တွင်း ထုတ်ကုန်များကိုတွေ့ရစဉ်
တောင်သူဆိုလည်း တောင်သူအလျောက်၊ ကုန်သည်ဆိုလည်း ကုန်သည်အလျောက်ပေါ့။ အဲဒီ လို အများကြီး ဖြစ်ပျက်နေတဲ့ဟာတွေကို တစ်ခုချင်း save လုပ်နိုင်မှသာလျှင် production တက်ဖို့ဆိုတဲ့ဟာကို သွားလို့ရမှာပေါ့။ လက်ရှိ အနေအထားနဲ့က production ကို ဆွဲတင်ဖို့ဆိုတာက အရမ်းကို ခက်ခဲလွန်းတယ်။ မဖြစ် နိုင်ဘူး။ တည်ငြိမ်တဲ့ အခြေအနေတစ်ခု ရောက်သွားမှသာလျှင် ဒီဟာအပေါ်မှာ ပြန်ပြီးတော့ လုပ်နိုင်မယ်လို့ထင် တယ်။ ကုန်ထုတ်လုပ်မှုအပိုင်း တက်ဖို့ဆိုတာကတော့ လတ်တလော အခြေအနေက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်တယ်”ဟု ပြောသည်။
ထို့အပြင် ၎င်းကုန်ထုတ်လုပ်မှု ပစ္စည်းများအား ပြည်တွင်း၌ ဖူလုံမှုရှိစေရန် ဦးစွာ လုပ်ဆောင်သင့်ကြောင်း၊ ပြည်တွင်းတွင် ဖူလုံမှသာ ပြည်ပနိုင်ငံများသို့ တင်ပို့သင့်ကြောင်း၊ ပြည်တွင်း မဖူလုံဘဲ ပြည်ပသို့ တင်ပို့မည် ဆိုပါက ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ မူဝါဒပိုင်းဆိုင်ရာများလည်း ပြုပြင်ပြောင်းလဲရန် လိုအပ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးပညာရှင်များက ထောက်ပြကြသည်။
သို့သော် S&P Global မြန်မာထုတ်လုပ်မှု PMI(Purchasing Managers’ Index) အညွှန်းကိန်းများ အစီရင်ခံ စာတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းအမှတ်မှာ ၅၇ ဒသမ ၄ သို့ တက်လှမ်းလာနိုင်ခဲ့ကြောင်း သိရသည်။
PMI အညွှန်းကိန်း အမှတ်များသည် သုညမှ ၁၀၀ အထိရှိနိုင်ပြီး အညွှန်းကိန်းအမှတ် ၅၀ အထက်တွင် ရှိနေပါက တိုးတက်မှုကိုပြကာ အညွှန်းအမှတ် ၅၀ အောက်တွင်ရှိလျှင် ယေဘုယျအားဖြင့် ကျဆင်းမှုကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1262
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ပို့ကုန်သွင်းကုန်များ ကန့်သတ်မှုများ ပြုလုပ်လာသည့် အတွက် ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်ပေါ်လာပြီး ဈေးကွက်စီးပွားရေးစနစ် အားနည်းလာကာ ဈေးကွက်စီးပွားရေးစနစ် ကို အကောင်အထည် မဖော်နိုင်ပါက ပြည်တွင်းစီးပွားရေးသည် မည်ကဲ့သို့ ဖြစ်လာမည်ကို စီးပွားရေးလုပ်ငန်းရှင် နှင့် စီးပွားရေးပညာရှင်များအကြား ဆွေးနွေးသုံးသပ်မှုများ ရှိနေသည်။
ဈေးကွက်စီးပွားရေးစနစ်ကို မသွားနိုင်ပါက တရားမဝင်လမ်းကြောင်းမှတဆင့် ကုန်စည်တင်သွင်းမှုများ ပြုလုပ် လာပြီး ပြည်တွင်းတွင် ကုန်ဈေးနှုန်းများ ပို၍ မြင့်မားလာမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရန်အတွက် တိုင်းပြည်၏ စီးပွားရေး တည်ငြိမ်မှသာ ဖြစ်နိုင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“ဈေးကွက်စီးပွားရေးစနစ်ဆိုတာက လွတ်လပ်သော ယှဉ်ပြိုင်ခြင်းနဲ့ ရောင်းဝယ်ခြင်းပေါ့နော်။ လွတ်လပ်သော ယှဉ်ပြိုင်ခြင်းနဲ့ ရောင်းဝယ်ခြင်းမှာ Criteria တွေ သိပ်မရှိဘူးပေါ့နော်။ လွတ်လပ်စွာ တင်သွင်းမယ်၊ လွတ်လပ်စွာ ရောင်းချမယ်။ ဒါပေမယ့် အဲဒီလိုဖြစ်ဖို့ကလည်း တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေးစနစ်ငြိမ်မှ ဈေးကွက်စီးပွားရေး စနစ်ဆိုတာ လုပ်လို့ရတာလေ။ တိုင်းပြည်စီးပွားရေးစနစ်က unstable ဖြစ်တယ်ဆိုရင်တော့ ဈေးကွက်စီးပွားရေး စနစ်က လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ ကြည့်လိုက်ရင်တော့ earning ရှားပါးတယ်ပေါ့နော်။ earning ရှားပါးတော့ သွင်းကုန်သွင်းဖို့ ခက်တယ်။ သွင်းကုန်ခက်တဲ့အခါကျတော့ ကုန်သည်တွေက ရတဲ့နည်းနဲ့ သွင်းမယ်။ တရားဝင် မရရင် တရားမဝင် သွင်းမယ်။ တရားမဝင် သွင်းတယ်ဆိုတာက မှောင်ခိုဈေးကွက်ပေါ့နော်။ မှောင်ခိုဈေးကွက်ဆိုတာ ဖြစ်ပေါ်လာတယ်။ လူတွေကလည်း တအားလိုချင်တယ်၊ ပစ္စည်းကလည်း တရားဝင် သွင်းဖို့ ခက်ခဲလာတယ်။ နိုင်ငံတော်မှာလည်း earning ဖြစ်တဲ့အခါကျတော့ သူကလည်း ခွင့်ပြုချက်နဲ့ အကန့် အသတ်နဲ့ ခွင့်ပြုရတဲ့အခါကျတော့ သွင်းကုန်ခက်လာတယ်။ ခက်လာတော့ ပြည်သူကလည်း လိုချင်တဲ့ အတိုင်း အတာ ရှိတယ်၊ ကုန်သည်ကလည်း ဒါသူ့အတွက်ပေါ့နော်။ တစ်ကျပ်တန်ကို သူငါးကျပ်ရအောင် ရောင်းမယ်၊ သူရတဲ့နည်းနဲ့ သွင်းမယ်ဆိုတဲ့ဟာတော့ စီးပွားရေးသမားတွေတော့ ဒါက လုပ်မှာပဲ။ အဲဒီတော့ ဈေးကွက် စီးပွားရေးစနစ်က ပျက်သုန်းလာတာပေါ့နော်။ ပျက်သုန်းလာပြီးတော့ ဒါကို ထိန်းချုပ်ဖို့အတွက် ဗဟိုချုပ်ကိုင်မှု စနစ်ကလည်း ပြန်လည်ပြီးတော့ အသက်ဝင်သလို ဖြစ်လာတာပေါ့နော်” ဟု ၎င်းက ပြောသည်။
ဆန်ဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်
အစိုးရမှ ပို့ကုန်တင်ပို့ခြင်းနှင့် သွင်းကုန်တင်သွင်းခြင်းတို့တွင် ကန့်သတ်မှုများ ပြုလုပ်ရာ၌ လိုင်စင်ချထားပေးမှု များ နည်းပါးခြင်းကြောင့် ပြည်ပမှတင်သွင်းနေရသည့် ကုန်စည်များ ရှားပါးလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။
အလားတူ ပို့ကုန်များ တင်ပို့ရာတွင်လည်း ပို့ကုန်ရငွေနှင့် ပတ်သက်၍ ထိန်းချုပ်မှုများ ရှိနေပြီး ကုန်သည်များ အတွက် အခက်တွေ့လာသည်ဟု သိရသည်။
သွင်းကုန်ကန့်သတ်ချက်များကြောင့် ဒေသတွင်း ကုန်စည်ရှားပါးမှုများ ဖြစ်ပေါ်လာပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လာနေသလို သွင်းကုန်များကို အခြေခံသည့် စိုက်ပျိုးရေး ထွက်ကုန်များလည်း ဈေးနှုန်းများ မြင့်တက်လာ သည်ကို တွေ့ရှိရသည်။
ထို့ကြောင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရန် လိုအပ်လာကြောင်း၊ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် စီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်နေသည့်အတွက် ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးရန် မလွယ်ကူကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှသာ ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်၍ ရနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်သည်တွေ ဈေးကစားလို့ ဈေးတက်လို့ရှိရင် အဲဒီဈေးကစားတဲ့ ပစ္စည်းပဲ တက်ရမှာပေါ့။ အခုက အထွေထွေကုန်စည် အကုန်လုံးကို တက်နေတာ။ အဲဒီရှားပါးမှုရယ်၊ နောက် ရှားပါးမှုတွေဖြစ်တော့ အလုပ်တွေ မလုပ်နိုင်၊ ကုန်ပစ္စည်းတွေ မပို့နိုင်၊ မသွင်းနိုင်၊ အဲဒီမှာ အခွန်က မရ။ အစိုးရ ဘတ်ဂျက်က မရှိ။ ဘတ်ဂျက် မရှိ တော့ ငွေတွေရိုက်ထုတ်။ ငွေတွေရိုက်ထုတ်တော့ ပိုပြီးတော့ ဈေးတွေတက်။ အဲဒီလို လုံးချာလည် လိုက်နေတာ။ အခုက ဗဟိုချုပ်ကိုင်မှုစနစ်လို့လည်း ပြောလို့မရဘူး။ ဗဟိုချုပ်ကိုင်မှုစနစ်ဆိုရင် ဗဟိုက သူတို့လိုလားချက်အတိုင်း လုပ်နိုင်ရမယ်။ ဆိုရှယ်လစ်ခေတ်တုန်းကဆိုလို့ရှိရင် သူတို့ ဗဟိုချုပ်ကိုင်ထားတယ်။ ပြည်သူလူထုကို သမချန်နယ် ကနေပြီးတော့ ပြန်ပြီးတော့ ဝေပေးရတယ်လေ။ လောက်တာမလောက်တာ အသာထားပေါ့။ တစ်အိမ်ထောင်ကို ဘယ်လောက်ဆိုပြီးတော့ သပ်သပ်မတ်မတ် လုပ်ပေးနိုင်တယ်။ အခုက ဗဟိုက ချုပ်ကိုင်တဲ့သဘောမျိုး ဖြစ်နေတာ ပဲလေ။ ဒါပေမဲ့ လောက်လောက်လားလား သူတို့လိုလားချက်အတိုင်း လုပ်ပေးနိုင်လားဆိုတော့လည်း အဲဒီလို လည်း မလုပ်ပေးနိုင်ဘူး။ ဆိုတော့ ဈေးကွက်စီးပွားရေးစနစ် ဖြစ်ဖို့ကတော့ နိုင်ငံရေးပါ ပြောင်းမှရမယ်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့တော့ ဘယ်လိုမှ လုပ်လို့မရဘူး။ အစိုးရက လုပ်ပေးလည်း အတိုက်အခံဘက်ကရော ဒီဟာကို လက်မခံဘူးပေါ့။ ဆိုတော့ နိုင်ငံရေးပြောင်းမှပဲ ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်လို့ရမယ်”ဟု ပြောသည်။
ငါးဒိုင်တစ်ခုကိုတွေ့ရစဉ်
နိုင်ငံ၏ စီးပွားရေးမူဝါဒသည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး နိုင်ငံတော်မှ စီးပွားရေးဆိုင်ရာမူဝါဒများကို ချမှတ် ဆောင်ရွက်ပေးခြင်းဖြစ်၍ ဗဟိုမှချုပ်ကိုင်သော စနစ်မဟုတ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားထားသည်။
သို့သော်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်းချုပ်သည့်အနေဖြင့် အစိုးရက ဗဟိုချုပ်ကိုင်မှုဖြင့် ကုန်စည်များကို ဈေးနှုန်းသတ်မှတ်မှုများ ပြုလုပ်လာခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ ကျဆင်းလာသော်လည်း ကုန်စည်ရှားပါးမှုနှင့် ကြုံတွေ့နေရသည်ကို တွေ့ရှိရသည်။
လက်ရှိ နိုင်ငံတော်အာဏာကို ရယူထားသည့် နစကအစိုးရအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ ထားမှုများရှိနေ ခြင်းကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများသည် ဝင်ရောက်လာမည် မဟုတ်သည့်အတွက် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံး၍ မရနိုင်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမည်ဆိုပါက နိုင်ငံတော်အနေဖြင့် နိုင်ငံခြားအရန်ငွေ လုံလောက်စွာ ရှိမှသာ အဆင်ပြေနိုင်မည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။