
- By CNI
- Category: စီးပွားရေး
- Hits: 753
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် အဝေးပြေး ယာဉ်လိုင်းခများ တိုးမြှင့်ကောက်ခံပါက တိုင်ကြားနိုင်ပြီး အရေးယူမည်ဟု YRTC တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန်က CNI သတင်းဌာနသို့ ပြောသည်။
အဝေးပြေး ယာဉ်လိုင်းကော်မတီမှ အဝေးပြေးယာဉ်လိုင်းများအား ယာဉ်စီးခနှုန်းထားများ ပုံမှန်အတိုင်း ကောက်ခံရန်နှင့် ပိုမိုတောင်းခံခြင်း မရှိစေရေးတို့ကို ခေါ်ယူ၍ ပြောထားကြောင်း သိရသည်။
တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန်က "ဒါကတော့ တစ်လိုင်းနဲ့ တစ်လိုင်းမတူဘူး(ယာဉ်စီးခ)။ ဝေးတဲ့နေရာ နီးတဲ့နေရာ။ ခရီးဝေးဆို ပိုများမှာပေါ့။ သူ့ခရီး အကွာအဝေးလိုက် ကောက်မှာပေါ့။ သူတို့သတ်မှတ်ထားတဲ့ ယာဉ်စီးခတွေ ရှိတယ်။ အခု ကတော့ တိုင်ထားလို့ ပြန်အမ်းခိုင်းတဲ့ ယာဉ်လိုင်းတွေရှိတယ်။ သူတို့ပြန်အမ်းပါတယ်။ အဲ့ဒီလိုမျိုး တိုင်တာခံရတာ တစ်လိုင်း ပဲ။ အခု လောလောလတ်လတ် တစ်လိုင်း"ဟု ပြောသည်။
ယခင်က ကိုဗစ်ကာလကြောင့် ခရီးသွားမည်ဆိုပါက လူတစ်ဦးလျှင် ခုံ(၂)ခုံစာ လက်မှတ်ဝယ်ယူ၍ စီးရကြောင်း၊ ယခုတွင် ပုံမှန်အတိုင်း လူတစ်ဦးလျှင် တစ်ခုံစာသာ လက်မှတ်ဝယ်ယူ စီးနိုင်ကြောင်း သိရသည်။
မကြာခင်၌ သင်္ကြန်ပိတ်ရက်များ ရောက်ရှိလာတော့မည်ဖြစ်ကာ ယခင်က သင်္ကြန်ပိတ်ရက် ရောက်ခါနီးအချိန်တွင် အိမ်ပြန် ကြသူများရှိသည့်အတွက် အဝေးပြေးယာဉ်လိုင်း လက်မှတ် အများအပြား ဝယ်ယူမှုရှိသော်လည်း ယခုအခါမှာတော့ လက်မှတ် ဝယ်ယူမှုနည်းကြောင်း JJ Express မှ မန်နေဂျာ မကျော့ကျော့သက်က CNI သတင်းဌာနသို့ ပြောသည်။
အဝေးပြေးယာဉ်လိုင်းများကိုတွေ့ရစဉ်
၎င်းက “အခုကတော့ များတော့မများဘူး။ ကိုဗစ်မတိုင်ခင် အရင်နှစ်တွေဆို သင်္ကြန်ဆိုရင် အုန်းအုန်းထနေအောင် ဝယ်ကြ တာ။ အခုကတော့ အဲဒီလောက် မများပဲနဲ့ ပုံမှန်လေးပဲ။ နည်းတော့နည်းတယ်။ အရင်တုန်းကကြရင်တော့ ဝယ်လိုအားလည်း များတယ်လေ။ နောက်ပြီးတော့ ယာဉ်လိုင်းပိုင်ရှင်တွေကလည်း ကားတွေကို အများကြီး ထုတ်ထားတာပေါ့နော်။ အများကြီး ထုတ်ပြီးတော့ ရောင်းကြတာပေါ့။ အခုချိန်ကျတော့ ဝယ်လိုအားလည်း နည်းတယ်။ နောက် ယာဉ်လိုင်းပိုင်ရှင်တွေကလည်း အခုဆီဈေးနဲ့ဆိုတော့ ဈေးကလည်း တက်လို့မရဘူးလေ။ ဈေးတွေကလည်း အခုက ဆီဈေးတွေနဲ့ဆိုတော့ အဲဒီလိုမျိုး ယာဉ် လိုင်း ပိုင်ရှင်တွေကလည်း ကားတွေကို အများကြီး မထုတ်ပေးနိုင်ဘူးလေ။ ခရီးသည်တွေလည်း အရင်နှစ်တွေလောက် မများ ဘူး။ ကားခတွေကတော့ အရင်သူတို့ ဟိုးတလောပိုင်းက ဆီဈေးကြောင့် တက်ထားတဲ့ ဈေးရှိတယ်လေ။ ဆီဈေးကြောင့် နည်း နည်းတိုးထားတဲ့ဈေး အဲဒီအတိုင်းပဲ သွားနေကြတာ”ဟု ပြောသည်။
အဝေးပြေး ယာဉ်လိုင်းပြေးဆွဲမှုအား သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်ပြီးဆုံးသွားသည့်ရက်တွင် ခရီးသည်ပေါ် မူတည်ကာ တိုးမြှင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။
သို့သော် သင်္ကြန်ပိတ်ရက်တွင်မူ အဝေးပြေး ယာဉ်လိုင်းပြေးဆွဲမှု အနည်းငယ်သာရှိမည်ဖြစ်ပြီး ပိတ်ရက်မရှိ ပြေးဆွဲမည့် ယာဉ်လိုင်း နှစ်လိုင်းရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် အဝေးပြေးယာဉ်လိုင်း ၁၉၀ လိုင်းပြေးဆွဲလျက်ရှိပြီး ယာဉ်အစီးရေ ၄၉၉ စီး၊ ခရီးသည် ၆၀၀၀ ဝန်းကျင်ရှိကြောင်း၊ စနေ၊ တနင်္ဂနွေတွင် ပိုများကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1056
CNI News
၂၀၂၂ ခုနှစ်၊ မတ် ၂၅
ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် မြန်မာ့စိုက်ပျိုးရေးဘဏ်မှ ထုတ်ချေးပေးထားသည့် စိုက်ပျိုးရေး ချေးငွေများကို တောင်သူလယ်သမားများမှ ပြန်လည် ဆပ်ပေးနိုင်မှု မရှိခြင်းကြောင့် ယခုနှစ်တွင် ချေးငွေရရှိမှု လျော့ကျသွား မည်ဟု ရခိုင်တောင်သူများက ပြောသည်။
လက်ရှိတွင် ရခိုင်တောင်သူလယ်သမားများသည် စစ်ဘေးဒဏ်နှင့် ကိုဗစ် ကပ်ရောဂါ တို့ကြောင့် လယ်ယာလုပ်ငန်းများ ရပ်နားထားရခြင်းများ ရှိသဖြင့် အရှုံးနှင့်ရင်ဆိုင် နေရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးဘဏ်မှ ချေးယူထားသည့် ချေးငွေများ ပြန်လည် မပေးဆပ်နိုင်ဘဲ ဖြစ်နေသည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်မားသမဂ္ဂဥက္ကဋ္ဌ ဦးအောင်ကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရင်ကာလ တစ်လျှောက်လုံးကတော့ ရှိနေခဲ့တယ်။ ဒါပေမယ့် ဒီဘက်မှာ တောင်သူတွေက စိုက်ပျိုးရေး ချေးငွေ ပေါ့နော် စိုက်ဘဏ်လို့ ကျနော်တို့ သုံးကြတယ်။ အဲဒီစိုက်ဘဏ်ကို မဆပ်နိုင်ကြတဲ့ အခါကျတော့ အစိုးရဘက်ကလည်း နည်း နည်း နှောင့်နှေးသွားတဲ့ သဘောရှိတယ်လို့လည်း ကျနော်တို့ သုံးသပ်တယ်။ အဲဒါကြောင့် ဒီနှစ်မှာလည်း ကျနော်တို့ စိုက်ဘဏ် ထုတ်ချေးဖို့ အတွက်ကတော့ ဖြစ်နိုင်ခြေ နည်းလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဖြစ်နိုင်ခြေ နည်းလိမ့်မယ်ဆိုတာက အကုန်လုံး ပေါ့နော် တောင်သူတွေ အကုန်လုံးကို ထုတ်ပေးနိုင်ဖို့ အနေအထားကတော့ မတွေ့ရဘူးပေါ့။ တစ်ဖက်မှာလည်း ကျနော်တို့ ၂ နှစ်၊ ၃ နှစ်အတွင်းမှာက ကိုဗစ်တို့၊ အရင်နှစ်တုန်းကဆိုရင် ကျနော်တို့ စစ်ဘေးစစ်ဒဏ်တို့ပေါ့နော်၊ အဲဒါကြောင့်လည်း မလုပ် နိုင်ဘူး။ ပြီးရင် ကိုဗစ်ကြောင့် မလုပ်နိုင်ဘူး။ ဆိုတော့ ပြန်လုပ်တဲ့အခါကျတော့ သူတို့က အကြွေးတွေပေါ့နော် ၁ နှစ်၊ ၂ နှစ်ဆို သလို ကျနော်တို့က အကြွေးတွေ လည်နေကြတယ်။ အကြွေးတွေ တင်နေကြတယ်။ အဲဒီအကြွေးကို ဆပ်လိုက်တဲ့ အခါကျ တော့ စိုက်ဘဏ်အတွက်က မလုံလောက်ဘူးလေ။ စားရေးသောက်ရေးတောင် မဖူလုံနိုင်ဘူး။ အဲဒီအခြေအနေကြောင့် ကျနော်တို့ စိုက်ဘဏ်ဆပ်တဲ့ အနေအထားက လျော့ကျသွားတယ်လို့ ကျနော်တို့ သုံးသပ်တယ်ပေါ့” ဟု ပြောသည်။
တောင်သူ တစ်ဦး လယ်ထွန်နေစဉ်(DMG)
လက်ရှိ ရခိုင်ပြည်နယ်တွင် လယ်ယာလုပ်ငန်းခွင်၌ အသုံးပြုသည့် နွားများ ရှားပါးနေကြောင်း၊ နွားအစား စက်ကိရိယာများဖြင့် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းမှုများ ပြုလုပ်သည့်အခါမှာလည်း စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် အခက်အခဲရှိနေ ကြောင်း ရခိုင်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။
ထို့နောက် လုပ်သားရှားပါးခြင်းအပြင် ဓာတ်မြေဩဇာနှင့် မြေဆီ စသည့် သွင်းအားစုစရိတ်များ မြင့်တက်နေခြင်းများ ကြုံတွေ့ နေရကြောင်း၊ ထိုအခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် တောင်သူလယ်သမားများ၊ ပညာရှင်အစုအဖွဲ့များနှင့် ပူးပေါင်းကာ ညီလာခံ ပြုလုပ်၍ ဆွေးနွေးရန်ရှိကြောင်း ရခိုင်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။
ပြီးခဲ့သည့် စိုက်ပျိုးရာသီတွင် ရခိုင်ပြည်နယ်၏ ဓာတ်မြေဩဇာဈေးနှုန်းမှာ တစ်အိတ်လျှင် ၈၀၀၀၀(ရှစ်သောင်း) နီးပါးရှိသော်လည်း လက်ရှိတွင် ၁၀၀၀၀၀ (တစ်သိန်း ) ဝန်းကျင်ရှိနေကြောင်း စစ်တွေမြို့နယ်မှ ဓာတ်မြေဩဇာ ရောင်းချသူတစ်ဦးက ပြောသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(DMG)
၎င်းက “အခုလောလောဆယ်က အရောင်းအဝယ်က သိပ်မလိုက်သေးဘူး။ ဒါပေမယ့် အခု ကျမတို့ ရောင်းရတာက သိန်း လောက်ကို ခိုက်နေပြီ။ သိန်းလောက် ခိုက်တာပေါ့၊ ၉၁၀၀၀ ကို၊ ဓာတ်မြေဩဇာတစ်အိတ်ကို။ သင်္ဘောခတွေ၊ ကားခတွေ အကုန်ဖယ်လိုက်တော့ သိန်းလောက် ခိုက်သွားတာပေါ့။ အရင်နှစ်ကတော့ ဘယ်လောက်ရှိလဲဆိုတော့ ၈ သောင်းနဲ့ ဈေးပြတ် သွားတယ်။ တစ်အိတ်ကို ၈ သောင်းနဲ့ ဈေးပြတ်သွားတာပေါ့ ရာသီကုန်သွားတာပေါ့။ ဒါပေမယ့် ဒီနှစ်အစ သိန်းနဲ့ချီပြီး တန် နေတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် တချို့သော ဓာတ်မြေဩဇာ အမျိုးအစားများသည် လက်ရှိတွင် ပစ္စည်းပြတ်လပ်နေမှုဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် ဓာတ်မြေဩဇာဈေးနှုန်း ကြီးမြင့်ခြင်း၊ ပြတ်လပ်ခြင်းများကို ဖြေရှင်းနိုင်ရန်အတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဓာတ်မြေဩဇာကို တင်သွင်းရန် လုပ်ဆောင်သော်လည်း အဆင်မပြေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့အမြင်ကတော့ သိပ်ဖြစ်နိုင်ခြေ မရှိဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်မှာက မြေဩဇာ ကို Export အတွက်ဆိုပြီးတော့ မရှိဘူး သူတို့ဆီမှာ။ သူတို့နိုင်ငံသုံးလောက်ပဲ ရှိမှာ။ ကျနော်တို့ဘက်ကို တရားဝင် တင်ပို့ဖို့ ဟာကတော့ အခက်အခဲရှိတယ်လို့ ပြောတယ် သူတို့ဘက်ကျတော့။ အဲဒါကြောင့် ကျနော်တို့ ဘက်ကနေပြီးတော့ တင်သွင်းဖို့ ဟာကို သိပ်ပြီး စမ်းသပ်လို့မရဘူး ဖြစ်နေတာပေါ့နော်” ဟု ပြောသည်။
ရခိုင်တောင်သူ စိုက်ပျိုးရေး လုပ်နေစဉ်
ပြည်နယ်အစိုးရနှင့် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရခိုင်တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် နည်းပညာ လိုအပ်ချက်များကို လေ့လာပြီး တောင်သူများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးအောင်ကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တောင်သူတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်မယ်ဆိုရင်တော့ ကျနော်တို့က ဖြစ်စဉ်တစ်လျှောက်လုံးကို ကျနော်တို့ သုံးသပ်ဖို့ လိုတယ်ဗျာ။ တစ်နှစ်စာ ဓာတ်မြေဩဇာ ဈေးကြီးလို့ သွင်းအားစု ဈေးကြီးလို့ဆိုတဲ့ အထိမ်းအမှတ်လေးတစ်ခုကို ကျနော်တို့ ကြည့်ပြီးတော့ ဖြေရှင်းလို့ မရဘူး။ ဒါကတော့ ကဏ္ဍကြီးတစ်ခုထဲမှာ ပါတာပေါ့။ လတ်တလော ဖြေရှင်းရမယ့် ကဏ္ဍတစ်ခုမှာ ပါတာပေါ့။ ဒါပေမယ့် ရေရှည်သွားနိုင်ဖို့ဆိုရင် အစိုးရတစ်ရပ်အနေနဲ့က မြေကို ပြုပြင်ပြောင်းလဲနိုင်ဖို့လိုတယ်။ ပြီးတော့ မျိုးစေ့ကို ပြုပြင်ပြောင်းလဲနိုင်ဖို့လိုတယ်။ ပြီးတော့ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးဖို့ လိုတယ်။ ပြီးတော့ ဈေးကွက် အထောက်အပံ့ ပေးဖို့လိုတယ်။ သက်ဆိုင်ရာပေါ့ဗျာ တောင်သူတွေ ကောင်းဖို့အတွက်က အဆင့်ဆင့် ကျနော်တို့ လုပ်ဖို့လိုတယ်။ ဈေးကွက်ဖန်တီးပြီးတော့ မြေက ဆုံးရှုံးသွားရင် မြေက ဓာတုဓာတ်တွေ များပြီးတော့ သွင်းအားစုတွေကို မှီခိုပြီးတော့ နေရာတဲ့ အနေအထားအောက်မှာ ကျနော်တို့ အဆင်မပြေနိုင်ဘူး။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီးတော့ သွားနိုင်ဖို့ လိုအပ်တယ်ဗျ” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ဧကသည် မူလက ၁၄ သိန်းကျော် ရှိသော်လည်း တိုက်ပွဲ အခြေအနေ များကြောင့် စိုက်ပျိုးမှု များ လျော့ကျလာခဲ့ရာ လက်ရှိတွင် စိုက်ဧက ၈ သိန်းခန့်သာ ရှိကြောင်း၊ ယခု ကြုံတွေ့နေရသည့် ဓာတ်မြေဩဇာ၊ မြေဆီ စသည့် သွင်းအားစုစရိတ် မြင့်တက်မှုများကြောင့် စိုက်ဧက ထပ်မံလျော့ကျနိုင်ကြောင်း တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 472
CNI News
၂၀၂၂ ခုနှစ်၊ မတ် ၂၂
ဧပြီလ ၁ ရက်နေ့မှာ စတင်မည့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင် လျှောက်ထားရမည့် မူဝါဒအသစ်ကြောင့် တောင်သူ များရရှိမည့် ပြောင်းဈေးနှုန်းများ ကျဆင်းသွားနိုင်ကြောင်း ပြောင်းကုန်သည်များက ပြောသည်။
ယခင်က ပြောင်း အပါအဝင် လယ်ယာထွက်ကုန်များကို အခွန် ၂ ရာခိုင်နှုန်းဖြင့် ကုန်သွယ်ခွင့် ပြုထားသော်လည်း လက်ရှိတွင် လိုင်စင်လျှောက်ထားရမည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုကြောင့် လိုင်စင်ကုန်ကျစရိတ်များ ထည့်ပေါင်း တွက်ချက်ပြီးမှသာ ကုန်သည်များက ဝယ်ယူကြမည်ဖြစ်ရာ တောင်သူများ အတွက် ပြောင်းဈေးနှုန်းများ လျော့နည်း၍ ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးသန့်ဇင်ထွန်းက “သက်ရောက်မှု ရှိတာပေါ့။ ကုန်ကျစရိတ် များသွားလေ ဝယ်ယူမှုဈေးနှုန်း လျှော့ချလေပဲလေ။ တောင်သူ တွေဆီမှာ ဝယ်တဲ့အချိန်မှာ ကျသွားလိမ့်မယ်။ နိုင်ငံခြားကို ရောင်းတဲ့ဈေးကတော့ နိုင်ငံခြားဖွင့်တဲ့အတိုင်းပဲ ရောင်းရမှာကို။ တက်လိုက်ကျလိုက် ပြောလို့မရဘူး။ သူက တစ်ကျပ်ပေးလိုက်ရင် ကုန်ကျစရိတ်နှုတ်ပြီး ကျန်တဲ့အထဲကနေ တောင်သူကို ပေးဝယ်ရမှာပေါ့။ တောင်သူရောင်းရတဲ့ဈေး အနည်းငယ် ကျသွားလိမ့်မယ် ဒီလောက်ပါပဲ” ဟု ပြောသည်။
ကုန်သွယ်ရေးဦးစီးဌာန၏ မတ်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ပြောင်း၊ နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့် အပါအဝင် ပြောင်းကို တဆင့်ကြိတ်ခွဲ ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို ပို့ကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သည့် ကုန်စည်လိုင်း အဖြစ် ထပ်တိုး သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိ ပြောင်းဈေးနှုန်းသည် တောင်သူများအတွက် အမြတ်များ ထိုက်သင့်သလောက် ရရှိနေသည့် ဈေးနှုန်းပေါက်နေသော် လည်း ပို့ကုန်လိုင်စင် မူဝါဒအသစ်ကြောင့် တောင်သူများ အမြတ်ရရှိမှု လျော့နည်းသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူတစ်ဦးဖြစ်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။