
- By CNI
- Category: စီးပွားရေး
- Hits: 406
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃
လက်ရှိ ရခိုင်ပြည်နယ်တွင် စက်သုံးဆီဝယ်ယူမရသည့် အခြေအနေများကြောင့် စိုက်ပျိုးထားသည့် မိုးစပါးများ ရိတ်သိမ်းရန် အခက်အခဲ ဖြစ်ပေါ်နေပြီး ယခု အနေအထားတိုင်း ဆက်လက်သွားမည်ဆိုပါက စပါးစိုက်ဧက ထက်ဝက်ခန့် အလေအလွင့် ဖြစ်ပေါ်သွားနိုင်သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် အေအေနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ကုန်းလမ်း၊ ရေလမ်းကြောင်းအပြင် ရခိုင်သို့ အဝင်အထွက်လမ်းကြောင်းအားလုံး ကို ပြည်နယ်ကောင်စီက ပိတ်ထားခြင်းဖြစ်သည်။
ထို့သို့ ပိတ်ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးဝါး၊ စားသောက်ကုန်နှင့် စက်သုံးဆီများ ဈေးနှုန်းကြီးမြင့် ခြင်းနှင့် ပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
စက်သုံးဆီ ပြတ်လပ်မှုကြောင့် ရိတ်သိမ်းချိန် ရောက်ရှိနေပြီဖြစ်သည့် မိုးစပါးများသည် လူအင်အားအသုံးပြု၍ ရိတ်သိမ်းနေရကြောင်း၊ သို့သော်လည်း လူအင်အားသည် နည်းပါးနေခြင်းကြောင့် စပါးများ ရိတ်သိမ်းလွန်ကာလသို့ ရောက်ရှိပြီး မိုးစပါးစိုက်ဧက ထက်ဝက်ခန့် ပျက်စီးမှု ဖြစ်ပေါ်နိုင်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
“အခု ကျနော်တို့က တတ်နိုင်သလောက်တော့ ဆီမရှိတဲ့ အခြေအနေမျိုးမှာ တတ်နိုင်သလောက်တော့ လုပ်ကိုင် ရတာပေါ့နော်၊ ဒါပေမယ့် အလေအလွင့် ရှိနေမှာပေါ့။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ဒီဘက်အခြေအနေက လယ်ယာလုပ်သားတွေ တော်တော်ရှားသွားပြီလေ။ လယ်ယာလုပ်သား ရှားသွားတဲ့အတွက်ကြောင့် စက်ကိရိယာ တွေကိုပဲ ကျနော်တို့ အားထုတ်နေရတဲ့ အခြေအနေမျိုးမှာ စက်သုံးဆီမရှိတော့ အဲဒီအခက်အခဲနဲ့ ကြုံနေရတယ်။ ရှိတဲ့သူနဲ့ ကျနော်တို့ လုပ်နေရတော့ အလေအလွင့်ပေါ့နော် ရာခိုင်နှုန်းအားဖြင့် တော်တော်များများကတော့ ဒီ အခြေအနေမျိုးနဲ့ ဆက်သွားမယ်ဆိုရင် ဆုံးရှုံးမှုက သွားလိမ့်မယ်ပေါ့ အဲဒီလိုပုံစံမျိုး ဖြစ်နေတယ်။ အခု ကျနော် တို့မှာက ရိတ်သိမ်းတဲ့အချိန်တော့ အကုန်လုံး ပြီးဆုံးတဲ့အချိန်တော့ မရောက်သေးဘူးပေါ့နော်၊ မရောက်နိုင်သေး တဲ့အတွက်ကြောင့် အခု နောက်ဆက်တွဲ ဘယ်လိုပေါ်လာနိုင်မလဲ၊ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ့် အနေအထား ရှိနေတယ်ပေါ့။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ရာခိုင်နှုန်း ၅၀ ဝန်းကျင် လောက်ကတော့ အလေအလွင့် ဆုံးရှုံးသွားလိမ့်မယ်ပေါ့။ ဒါမှမဟုတ်ရင်လည်း ကွာလတီပိုင်းတွေ ကျဆင်းပြီး တော့ လယ်သမားတွေ အရှုံးပေါ်လိမ့်မယ်။ ဈေးကွက်မရောက်နိုင်တဲ့ ကုန်ထုတ်လုပ်မှု ဖြစ်သွားလိမ့်မယ် အဲဒီလိုပုံစံမျိုး သုံးသပ်လို့ရတယ်” ဟု ပြောသည်။
စပါးများကို လူအင်အားဖြင့် ရိတ်သိမ်းနေစဉ်
လက်ရှိ ရခိုင်ပြည်နယ်အတွင်းတွင် မြို့နယ်အများစု၌ စက်သုံးဆီ ဝယ်ယူမရသည့် အခြေအနေ ဖြစ်ပေါ်နေပြီး ဝယ်ယူ၍ ရသည့် မြို့နယ်တွင် ဒီဇယ် တစ်လီတာလျှင် ၃ သောင်းကျပ်မှ ၅ သောင်းကျပ်အထိ ဈေးနှုန်းဖြစ်ပေါ် လျက် ရှိနေသည်။
ရိတ်သိမ်းလွန်ချိန်မှ ရိတ်သိမ်းနိုင်သည့် စပါးများသည် ဆန်အဖြစ်သို့ မရောက်ရှိဘဲ ဆန်ကွဲအဖြစ်သာ ရရှိနိုင် ကြောင်း၊ ထို့ကြောင့် ရခိုင်တောင်သူ အများစုသည် ဆုံးရှုံးမှုနှင့်သာ ကြုံတွေ့သွားနိုင်သည်ဟု သိရသည်။
ထို့ကြောင့် လာမည့် မိုးစပါးစိုက်ရာသီတွင် ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူများသည် လယ်ယာမြေများကို စွန့်ခွာလာမှု ပို၍ များလာမည် ဖြစ်သည်ဟု ကျောက်တော်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးမောင်သန်းက CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ ရခိုင်ဒေသကလေ တစ်နှစ်ပြီးတစ်နှစ် မုန်တိုင်းဒဏ်တို့၊ ကိုဗစ်ဒဏ်တို့၊ ကိုဗစ်ဒဏ်ကနေ စပြီးတော့ ကိုဗစ်ဒဏ်၊ စစ်ပွဲဒဏ်၊ မုန်တိုင်းဒဏ် အခုဆိုလည်း နိုင်ငံရေး၊ ရာသီဥတုကြောင့် ကျနော်တို့ အခက်အခဲ ကြုံလာရတာပေါ့။ နောက်နှစ်ဆိုရင် ကျနော်တို့ ပိုပြီးတော့ အခက်အခဲ ကြုံရလိမ့်မယ်။ ကျနော်ထင်တယ်ဗျာ လယ်သမားတွေက လယ်ယာမြေကို စွန့်ခွာမယ့် အနေအထား ပိုများလာလိမ့်မယ်လို့ ကျနော်သုံးသပ်လို့ ရတယ်” ဟု ပြောသည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း၌ မိုးစပါးစိုက်ဧက ၈ သိန်းခန့်ရှိပြီး မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင် စပါးစိုက်ပျိုးမှု အများဆုံး ဖြစ်သည်။
လက်ရှိစိုက်ပျိုးထားသည့် စပါး ထက်ဝက်ခန့် အလေအလွင့် ဖြစ်သွားမည်ဆိုပါက စပါးစိုက်ပျိုးမှု နည်းပါးသည့် ရခိုင်ပြည်နယ် မြို့နယ်များသည် ဆန်ရိက္ခာ လိုအပ်ချက် ဖြစ်ပေါ်သွားမည် ဖြစ်သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 588
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂
စက်သုံးဆီ အလုံအလောက်ရှိ၍ ပြတ်လပ်စရာမရှိသလို အချိန်မရွေး နေရာမရွေး ဝယ်ယူနိုင်ရန်လည်း စီမံထား ပြီး အကြိမ်ကြိမ်အခါခါ တန်းစီဝယ်ယူကာ တရားမဝင် သိုလှောင်ရောင်းချသူများကို တွေ့ပါက တိုင်ကြားနိုင် ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စက်သုံးဆီ အမှန်တကယ်လိုအပ်သည့် အများပြည်သူများ လွယ်ကူလျင်မြန် အချိန်ကုန် သက်သာစွာဖြင့် လိုအပ် သည့် မည်သည့်စက်သုံးဆီ အမျိုးအစားကိုမဆို နေရာမရွေး၊ အချိန်မရွေး ပုံမှန်လိုအပ်သည့် ပမာဏအတိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိသည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် စက်သုံးဆီ အရောင်းဆိုင်များတွင် အကြိမ်ကြိမ် တန်းစီဝယ်ယူကာ တဆင့်ပြန်လည် ရောင်းချမှုများ နှင့် တရားမဝင် သိုလှောင်ရောင်းချခြင်းများကိုလည်း စစ်ဆေးဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ ဆောင်ရွက်မှုများကို တွေ့ရှိပါက ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများသို့ သတင်းပို့ တိုင်ကြားနိုင်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 501
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာငွေလဲလှယ်ခွင့်ကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုလိုက်ခြင်း မှောင်ခိုဈေးကွက် ပပျောက်သွားနိုင်သလို ဒေါ်လာရှားပါးမှု အခက်အခဲများလည်း ဖြေရှင်းသွားနိုင်မည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များအနေဖြင့် အရောင်းအဝယ်ပြုလုပ်ရာ တွင် ငွေလဲလှယ်နှုန်းကို ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူလိုသူများက လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
ယခင်က ဒေါ်လာဈေးနှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် ရောင်းချကြရမည်ဟု သတ်မှတ်ထားခြင်းကြောင့် ဗဟိုဘဏ်ပေါက်ဈေးနှင့် မှောင်ခိုဈေးကွက်ဟူ၍ ၂ မျိုးဖြစ်ပေါ် ခဲ့သည်။
ထို့နောက် ဒေါ်လာဈေးနှုန်းကို ကန့်သတ်ထားခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များနှင့် ပြည်တွင်းရှိ ကျောက်ကုန် သည်များက ဒေါ်လာကို သိမ်းဆည်းထားမှုများ ရှိလာသည်။
လက်ရှိတွင် ဗဟိုဘဏ်က ဒေါ်လာကို လွတ်လပ်စွာ ရောင်းချခွင့် ပြုလိုက်ခြင်းကြောင့် သိမ်းဆည်းထားသည့် ဒေါ်လာများသည် ဈေးကွက်အတွင်းသို့ ရောက်ရှိလာနိုင်သည့်အတွက် မှောင်ခိုဈေးကွက်လည်း ပပျောက်သွားမည် ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
စက်သုံးဆီ ထည့်ရန် စောင့်ဆိုင်းနေကြစဉ်
၎င်းက “ဒေါ်လာဈေးကတော့ တက်ဖို့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် မျှခြေတစ်ခုလောက် ရောက်သွားရင် ဒေါ်လာ ဈေးက တန့်သွားပြီးတော့ သူ့ဟာသူ ဒေါ်လာပြန်ဝင်လာလိမ့်မယ်။ အပြင် ကုန်သည်မှာရှိနေတဲ့ ဒေါ်လာတွေ ရှိ တယ် မသွင်းဘဲ ထားထားတဲ့ ဒေါ်လာတွေပေါ့နော်။ အဲဒါတွေ ပြန်ဝင်လာရင် ဘာပဲပြောပြော မျှခြေတစ်ခုလောက် ရောက်သွားရင် ဈေးနှုန်းက အဲဒီထက် မတက်တော့ဘူး။ ဒေါ်လာဈေး တက်သွားလည်း သူနဲ့ကိုက်တဲ့ ဘတ်တို့၊ ယွမ်တို့က တွက်ခြေရှိတဲ့ဟာ ပြန်ဝင်လာမှာပေါ့။ သူက ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်သွားပြီလေ။ ကြိုက်ရောင်း ကြိုက်ဝယ် ဖြစ်သွားတော့ မှောင်ခို မရှိတော့ဘူးလေ။ အစိုးရတောင်မှ ဒေါ်လာကို မဝယ်နိုင်တဲ့ အနေအထား ဖြစ်သွားမယ်။ သွင်းလာကြမှာကိုး။ ၄၂၀၀ လောက်ထိ ဒေါ်လာက သွားမယ်။ အစိုးရကလည်း ဖွင့်ပေးပြီ။ ဒေါ်လာ ဈေးကလည်း အဲဒီလောက်ထိ ပွင့်ပွင့်လင်းလင်းနဲ့ မျှခြေတစ်ခုထိ ရောက်သွားမယ်ဆိုရင်တော့ အဲဒီထက် ပြန်တက် စရာလမ်း မရှိတော့ဘူးလေ။ ကုန်ဈေးနှုန်းကတော့ ကျစရာ မရှိဘူး။ ကုန်ဈေးနှုန်းကတော့ ဒီတန်းနေတဲ့အတိုင်းပဲ သွားစရာရှိတဲ့ နှုန်းအတိုင်းပဲ သွားနေမှာ။ ဒီထက်တော့ ကျစရာလမ်း မရှိဘူး။ ဆီလည်း တစ်လီတာကို ၃၀၀၀ လောက်အထိ ဆရာတို့ မှန်းတယ်” ဟု ပြောသည်။
အစိုးရက ကန့်သတ်ထားသည့် ဒေါ်လာဈေးနှုန်းကို ဖွင့်ပေးလိုက်ခြင်းသည် စီးပွားရေးပိတ်ဆို့မှု ခံထားရခြင်းကို ဖြေရှင်းနိုင်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေရခြင်းကို ပင်လယ်ရေ ကြောင်း ကုန်သွယ်ရေးဖြင့် အစားထိုး လုပ်ဆောင်ရန်တို့အတွက် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ဒေါ်လာကို လွတ်လပ်စွာ ရောင်းဝယ်ခွင့် ရှိသွားပြီဖြစ်သည့်အတွက် ပို့ကုန်တင်ပို့သည့် ကုန်သည်များအတွက် အကျိုးရှိလာပြီး ပို့ကုန်များ ပိုမိုတင်ပို့လာနိုင်ကြောင်း သိရသည်။
သို့သော်လည်း တစ်ဖက်တွင် သွင်းကုန် တင်သွင်းသူများအနေဖြင့် ဒေါ်လာဈေးနှုန်း အတက်အကျပေါ် မူတည်၍ အခက်အခဲ ရှိနိုင်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်တော့ အစိုးရက အရင်တုန်းက ၂၁၀၀ နဲ့ လဲခွင့်ပေးတော့ အခုက ဖွင့်ပေးလိုက်တဲ့ အခါကျ တော့ import လုပ်မယ့်သူတွေက ဒေါ်လာဈေးက ၂၁၀၀ ထက် ပိုများသွားတာပေါ့။ ပိုများသွားတဲ့အတွက် သူတို့မှာ ပိုများတဲ့စရိတ်တော့ ဖြစ်သွားတာပေါ့။ အဲဒီစရိတ် ဖြစ်သွားတဲ့ဟာကို သူတို့ ဘယ်လိုစဉ်းစားမလဲဆိုတာ စကား ပြောတာပေါ့။ သူက ယေဘုယျ သဘောကတော့ အလုပ်လုပ်တယ်ဆိုတာ ဘယ်လုပ်ငန်းရှင်မှ အရှုံးမခံဘူးလေ။ စီးပွားရေးလုပ်ငန်းဆိုတာ အဓိက သူ့ရဲ့ရည်ရွယ်ချက်က အမြတ်ပဲကိုး။ အဲဒီတော့ ဒါရဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တာပေါ့” ဟု ပြောသည်။
သို့သော်လည်း ရေရှည်တွင် ပြည်တွင်း၌ ဒေါ်လာ လိုအပ်ချက် နည်းပါးလာမည် ဖြစ်သည့်အတွက် သွင်းကုန် တင်သွင်းရာတွင် လွယ်ကူသွားမည်ဟု အမည်မဖော်လိုသည့် စီးပွားရေး လေ့လာသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
အခြေခံလူတန်းစားတစ်ရပ်ကိုတွေ့ရစဉ်
၎င်းက “တစ်ဖက်က ပြန်ကြည့်လို့ရှိရင် import အတွက် ဒေါ်လာများများ ရလာပြီဆိုလို့ရှိရင် အရင်တုန်းကထက် လွယ်လွယ်ကူကူ သွင်းလို့ရမယ်။ အရင်တုန်းက ဒေါ်လာလိုက်ရှာရတဲ့စရိတ်က အဲဒီစရိတ် ကျသွားမယ်။ ဒါပေမယ့် ဒေါ်လာဈေး တက်သွားမယ်။
Inflation(ငွေကြေးဖောင်းပွမှု)ကို သွားပြီးတော့ ရိုက်ခတ်မှုရှိမယ်။ ဒါပေမယ့် နည်း နည်းပါးပါးပါ။ ဒါပေမယ့် တစ်ဖက်မှာကျတော့ exporter သမားက export များများ ပို့နိုင်မယ်။ နောက် နိုင်ငံခြား ကနေ ပြန်လွှဲတာတွေ ဝင်လာမယ်ဆိုရင် အဲဒါတွေက positive Effect ပေါ့။ နှစ်ခုယှဉ်ကြည့်ရင်တော့ ကောင်းကျိုး နဲ့ ဆိုးကျိုးက ကောင်းကျိုးက များပါတယ်” ဟု ပြောသည်။
ဒေါ်လာရောင်းဝယ်မှုကို ယခင်ကတည်းက ထိန်းချုပ်မှု မပြုလုပ်ထားသင့်ကြောင်း၊ ထိုသို့ ထိန်းချုပ်မှု ပြုလုပ်ထား ခြင်းကြောင့် ဒေါ်လာဈေးနှုန်းသည် ပို၍ မြင့်တက်သွားရခြင်း ဖြစ်သည်။
လက်ရှိတွင် ဒေါ်လာ ရောင်းဝယ်မှုကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုလိုက်ခြင်းကြောင့် ဒေါ်လာဈေးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လာနေသော်လည်း ရေရှည်တွင် တည်ငြိမ်သွားမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ဒေါ်လာဈေးနှုန်းသည် ဈေးတန်းတစ်ခုတွင် တည်ငြိမ်မှသာ ပြည်တွင်းရှိ ကုန်ဈေးနှုန်းများ တည်ငြိမ်ပြီး စီးပွားရေး လုပ်ငန်းရှင်များလည်း လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေလာမည် ဖြစ်ကြောင်း၊ ထို့နောက် အခြေခံ အလုပ် သမားများကလည်း အလုပ်များနှင့် လုပ်ခလစာများ အဆင်ပြေမည် ဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 437
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂
စက်သုံးဆီ ဝယ်ယူရခက်ခဲသော ပြဿနာသည် မော်တော်ယာဉ်ရှိသည့် လူတန်းစားများသာ ခံစားရခြင်းမဟုတ်ဘဲ မြန်မာ တစ်နိုင်ငံလုံးရှိ လူထုအားလုံးနှင့် သက်ဆိုင်သည့်အတွက် သက်ဆိုင်ရာအနေဖြင့် အမြန်ဆုံးဖြေရှင်းရန် လိုအပ် ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့် အကြံပေးများက CNI သတင်းဌာနသို့ ပြောသည်။
နှစ်ပတ်၊ သုံးပတ်ခန့်ကြာသည်အထိ ထိုပြဿနာအား မဖြေရှင်းနိုင်ပါက ကုန်ဈေးနှုန်းမြင့်တက်ခြင်း အပါအဝင် အခြားသော ပြဿာနာများဖြင့်ပါ တစ်နိုင်ငံလုံး ခံစားရမည်ဖြစ်၍ စက်သုံးဆီ ဝယ်ယူရခက်ခဲသည့် ပြဿာနာအား ပေါ့တန်တန် မတွေးသင့်ကြောင်း စီးပွားရေးလေ့သာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နံပါတ်တစ်က ကုန်သွယ်မှု ကိစ္စတွေမှာ၊ သယ်ယူပို့ဆောင်ရေး ကိစ္စတွေမှာ ပြဿနာရှိလာနိုင်တယ်။ ခရီး သည် ပို့ဆောင်ရေးတွေမှာလည်း ပြဿနာရှိလာနိုင်တယ်။ ကုန်စည် စီးဆင်းမှုမှာလည်း အဟန့်အတားတွေ ဖြစ်လာနိုင်တယ်။ နောက် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကလည်း အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ကုန်ထုတ် လုပ်မှု လုပ်ငန်းတွေက ဆီလည်း မသိုလှောင်ရဘူးဆိုတော့ မီးကလည်း မမှန်တော့ မီးစက်တွေနဲ့လည်တဲ့အခါ ဆီက မလှောင်ထားလို့လည်း မဖြစ်ပြန်ဘူး။ နောက် ဘဏ်တွေပေါ့နော် ဘဏ်တွေမှာကလည်း မီးစက်ကြီးတွေ လည်ရတယ်။ ဘဏ်တွေမှာ မီးမလာတဲ့အချိန် မီးစက်လည်ဖို့ ဆီမရှိရင် ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းသွားရင် တိုင်းပြည် စီးပွားရေး ကမောက်ကမ ဖြစ်သွားနိုင်တဲ့ အလားအလာရှိတယ်ဆိုတာ သုံးသပ်ရတယ်။ ဒါကြောင့် ဒီကိစ္စကို အလျင်အမြန် ကိုင်တွယ် ဆောင်ရွက်သင့်တယ်လို့ ယူဆတယ်” ဟု ပြောသည်။
စက်သုံးဆီ ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာ ၅ ရက်နေ့တွင် နိုင်ငံခြားငွေ လဲလှယ်ရေးနှင့်ပတ်သက်၍ ထုတ်ပြန် လိုက်ပြီးနောက် ယခုကဲ့သို့ စက်သုံးဆီဝယ်ယူရ ခက်ခဲသည့် ပြဿနာများ ကြုံတွေ့လာရခြင်းဖြစ်ပြီး အချိန်ကာလ အားဖြင့် တစ်ပတ်ခန့် ရှိနေပြီဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့ ရုတ်တရက် ထုတ်ပြန်ချက် ထုတ်ပြန်လိုက်ခြင်းအစား လုပ်ငန်းရှင်များထံ ကြိုတင် အသိပေးပြီးမှ ထုတ်ပြန်သင့်ကြောင်း၊ ထိုသို့ အသိပေးလိုက်ပြီးမှသာ လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်ရန် အချိန်ရမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့် အကြံပေးများက ထောက်ပြကြသည်။
စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က “ကုန်သည်ရဲ့ သဘောသဘာဝကတော့ အရှုံးခံပြီး ရောင်းမှာ မဟုတ်ဘူးလေ။ အဲဒီအတွက် သူတို့က ရှိတဲ့ဟာကို အကုန်မထုတ်ဘဲနဲ့ ထိန်းပြီးရောင်းနေတဲ့ သဘောမျိုး ဖြစ်သွား တာပေါ့။ သူတို့က ဒီပြဿနာကို ပြေလည်အောင် လုပ်လိုက်ပေမယ့်လည်း လာထိတဲ့အခါမှာ ပြည်သူက အရင်ဆုံး ထိတာပေါ့။ အခုက စဖြစ်တဲ့အနေအထား ဖြစ်တဲ့အခါကြတော့ လူတွေက ဒီအပေါ်မှာ အရမ်းကြီး ပေါ့ပေါ့ပါးပါး လေးပဲ တွေးနေတုန်း။ တကယ်တမ်း ဒါကြီးက တကယ့်ပြဿနာအကြီးကြီး ဖြစ်လာမယ့် အနေအထားမျိုးရှိတယ်။
ဗဟိုဘဏ် တစ်ခုတည်းကလည်း လုပ်လို့မရဘူးပေါ့။ ဒီဟာတွေနဲ့ ဆက်စပ်နေတဲ့ ဌာနတွေ အားလုံးက ဒီအပေါ်မှာ အကုန်လုံး ဝိုင်းစဉ်းစားပြီး လုပ်ဖို့လိုအပ်တယ်လို့ မြင်တယ်။ ငါတို့တောင် တွေးနိုင်တာ သူတို့ဘာလို့ မလုပ်နိုင်တာ လဲ။ သူတို့ဘာလို့ မလုပ်ကြတာလဲပေါ့။ ဌာနတစ်ခုနဲ့တစ်ခုက ချိတ်ဆက်ပြီး လုပ်ဆောင်မှုမှာ အားနည်းတယ်။ အဲဒီဟာတွေလည်း ပါမယ်။ အပေါ်မှာ Politics ဘယ်လိုကစားနေလဲဆိုတာ သူတို့ပဲသိမယ့် ကိစ္စမျိုးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
တောင်သူများသည် လက်ရှိတွင် နွေစပါးစိုက်ပျိုးရတော့မည်ဖြစ်ကြောင်း၊ စက်သုံးဆီကို အသုံးပြု၍ ဆည်ရေဖြင့် ရေသွင်း/ရေထုတ်ခြင်း၊ ထွန်ယက်ခြင်းများပြုလုပ်ကြကြောင်း၊ ရေရှည်အထိ စက်သုံးဆီဝယ်ယူရ ခက်ခဲနေဦးမည် ဆိုပါက ထုတ်လုပ်မှု အများအပြား လျော့ကျနိုင်သကဲ့သို့ လုံးဝ မထုတ်လုပ်နိုင်သည်အထိ ဖြစ်သွားနိုင်ကြောင်း၊ နောက်ဆုံးတွင် အငတ်ဘေးနှင့် ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း ၎င်းက သုံးသပ်သည်။
သို့သော် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် နွေစပါးရာသီအတွက် စက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို သက်သာသော ဈေးနှုန်းဖြင့် လုံလောက်စွာရရှိရေး ညှိနှိုင်းစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသော် လည်း စောင့်ကြည့်ရဦးမည်ဟု စိုက်ပျိုးရေးနှင့် စီးပွားရေး အကြံပေး ကိုဇော်မင်းနိုင်က ဆက်ပြောသည်။
စက်သုံးဆီ ထည့်ရန် စောင့်ဆိုင်းနေကြစဉ် (စုမြတ်ထွေး)
လက်ရှိတွင် စက်သုံးဆီ ဝယ်ယူရခက်ခဲနေသည့်ကြား၌ လမ်းဘေးတွင် ရေသန့်ဘူးများဖြင့် စက်သုံးဆီများကို မူရင်းနှုန်းထားထက် နှစ်ဆ၊ သုံးဆခန့် တိုးမြှင့်ရောင်းချနေသည့် ဆိုင်များလည်း ပေါ်ထွက် လာသည်ကို တွေ့ရ သည်။
အဆိုပါ မှောင်ခိုဈေးကွက်ကြောင့် စက်သုံးဆီ ရောင်းချပေးသည့် ဆိုင်ကြီးများ အနေဖြင့် ပါဆယ်ဖြင့် လာရောက် ဝယ်ယူသူများကို မရောင်းချတော့ခြင်းဖြစ်ကြောင်း၊ သို့သော် စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီလုပ်ငန်းများအတွက် တစ်စုံတစ်ခု လုပ်ဆောင်ပေးသင့်ကြောင်း စီးပွားရေးလေ့သာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကိုယ်တာဝယ်ယူခွင့်တော့ ပေးသင့်တာပေါ့နော်။ စာအုပ်လေးနဲ့ပဲဖြစ်ဖြစ် ဘာနဲ့ပဲဖြစ်ဖြစ် ဆောင်ရွက်ပေး သင့် တယ်လို့တော့မြင်ပါတယ်။ ဗမာပြည်မှာက crisis တစ်ခုဖြစ်လာရင် အဲဒီ crisis ကိုမူတည်ပြီး လုပ်စားတဲ့ လူတန်းစားတစ်ရပ် ပေါ်လာတယ်။ ဘဏ်တုန်းကလည်း crisis ဖြစ်တုန်းက နေရာကအစ ရောင်းစားတဲ့ လူတန်းစားတစ်ရပ် ရှိလာတယ်။ စားအုန်းဆီလည်း စားအုန်းဆီမို့လို့ တန်းစီတယ်၊ ပြန်ရောင်းစားတဲ့ လူတန်းစား တွေက ရှိတယ်။ အခုစက်သုံးဆီမှာလည်း ထိုနည်းတူပဲ လက်လုပ်လက်စားတွေပါသလို လက်လုပ်လက်စား မဟုတ်ဘဲနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပါ အဲဒီအထဲမှာ ဝင်လုပ်စားတာတွေရှိတယ်။ အဲဒီလောက်တော့ မကောင်း ဘူးပေါ့” ဟု ပြောသည်။
စက်သုံးဆီလွယ်ကူစွာ ဝယ်ယူ၍ မရသည့်အပြင် ပါဆယ်ရောင်းချခြင်းများလည်း မရှိသည့်အတွက် ဆေးရုံ၊ ဆေး ပေးခန်းများတွင် လျှပ်စစ်မီး ပြတ်တောက်သည့်အခါ အောက်ဆီဂျင်ရှူရမည့် လူနာများအတွက်ပါ သက်ရောက်မှု များရှိကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့် အကြံပေးများက ထောက်ပြကြသည်။
ထို့အပြင် စက်သုံးဆီ ဝယ်ယူရလွယ်ကူ သွားမည်ဆိုပါကလည်း ဆီဈေးနှုန်းများမှာ လက်ရှိနှုန်းထားထက် ပို၍ မြင့်တက်သွားနိုင်ချေရှိကြောင်း၊ ထိုနှုန်းထားနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ အာဏာပိုင်များမှ နည်းလမ်းများ ကြိုတင်စဉ်းစားထားသင့်ကြောင်း ၎င်းတို့က အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 630
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁
လောက်ကိုင်မြို့၌ အလုပ်လုပ်ကိုင်သူများသည် တိုက်ပွဲနှင့် ကုန်ဈေးနှုန်းတို့ကြောင့် နေရပ်ပြန်ရန် လားရှိုးမြို့သို့ ဆင်းလာကြသော်လည်း မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသူ အများအပြားရှိနေသကဲ့သို့ ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့၏ ဖမ်းဆီးခြင်းကိုပါ ကြုံတွေ့နေရကြောင်း ကာယကံရှင် မိသားစုဝင်များက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက လောက်ကိုင်မြို့မှ နေရပ်သို့ပြန်ရန် ဆင်းလာကြခြင်းဖြစ်ပြီး ယနေ့အချိန်အထိ တစ်စုံတစ်ရာ အဆက်အသွယ်မရသေးဘဲဖြစ်ကာ ကိုးကန့်တပ်ဖွဲ့မှ ပြန်လွှတ်ပေး၍ လွတ်မြောက်လာသူ အသိ တစ်ဦးထံမှ တပ်သားစုဆောင်းရန် ဖမ်းဆီးခံထားရသည်ကို သိရှိရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသူ၏ ချစ်သူ ဖြစ်သူ မဧကရီက CNI သတင်းဌာနသို့ ပြောသည်။
“၂၅ ရက်နေ့ကတည်းက ပြန်တာ ဒီနေ့အထိပဲ။ လမ်းမှာ ချင်းရွှေဟော်မှာ အဖမ်းခံရတာ။ သူတို့က တိုင်းရင်းသား ဆိုလို့ရှိရင် အကုန်ဖမ်းတယ်လို့ ပြောတယ်။ ညီမကောင်လေးက ဘယ်လိုအဖမ်းခံရတာလဲမသိဘူး။ သူနဲ့ အဆက် အသွယ် မရလို့လေ။ သူကတော့ ကရင်မ တစ်ယောက်နဲ့အတူတူ ဆိုင်ကယ်နဲ့ပြန်တယ်လို့ပြောတာ။ ပထမဂိတ် မှာကတော့ သူ့ကိုယ်သူ ကရင်လို့ ပြောတယ်ပေါ့။ ကရင်လို့ပြောရင် ဖုန်းမသိမ်းဘူး။ နောက်ဂိတ်တွေကြတော့ တိုင်းရင်းသားဆိုလို့ရှိရင် ဖမ်းသွားတာ။ အဲဒီလိုပဲနေမှာ။ ၂ ယောက်လုံး အဖမ်းခံရတယ်ပြောတယ်။ သူတို့ အဖမ်း ခံရတယ်ဆိုတာကြတော့ သူတို့နဲ့အတူတူ အဖမ်းခံရတဲ့အထဲမှာ ညီအစ်ကိုနှစ်ယောက်ရှိတယ်။ ညီအစ်ကို နှစ်ယောက်ဆိုရင် တစ်ယောက်ကို လွှတ်ပေးတာ။ ပြန်လွတ်လာတဲ့တစ်ယောက်က ညီမတို့ကိုဆက်သွယ်တာ။ တစ်ယောက်ကို ပြန်လွှတ်ပေးတဲ့အချိန်ကြတော့ ညဘက်ကြီး ချင်းရွှေဟော်ကို ပြန်ပို့ပေးတယ်ပြောတယ်။ ဖမ်းတာကတော့ ဝ ပြည်ထဲမှာပဲတဲ့ နမ့်တစ်ကနေ ကျော်သွားတာတဲ့ နေရာတော့ သေချာမမှတ်မိဘူးတဲ့” ဟု ၎င်းက ပြောသည်။
လောက်ကိုင်မြို့တွင် ပဲခူး၊ မကွေး၊ ရန်ကုန်၊ စစ်ကိုင်း အပါအဝင် အခြားဒေသများမှ သွားရောက် အလုပ်လုပ်ကိုင် နေကြသူ အများအပြားရှိပြီး လက်ရှိရှမ်းမြောက်တိုက်ပွဲကြောင့် စိုးရိမ်မှုဖြင့် လားရှိုးမှတဆင့် နေရပ်သို့ ပြန်ရန် ဆင်းလာကြခြင်းဖြစ်သည်။
လားရှိုးမြို့သို့ ဆင်းလာကြသူများ
ထိုသို့ ဆင်းလာကြရာတွင် ငွေကြေးအများအပြား အကုန်ကျခံကာ ဆိုင်ကယ်၊ ကားများဖြင့် ပြန်လာသူများ ရှိသကဲ့သို့ ငွေကြေး မတတ်နိုင်သူများမှာ လားရှိုးမြို့သို့ ခြေလျင်ဖြင့် လမ်းလျှောက်ဆင်းလာကြသူ အများအပြား ရှိကြောင်းလည်း ဒေသခံများထံက သိရသည်။
လောက်ကိုင်မှ ပြန်ဆင်းလာသော်လည်း မိသားစုများနှင့် အဆက်အသွယ်မရသည့်အတွက် လူမှုကွန်ရက် စာမျက်နှာတို့တွင် တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးရန် ဖုန်းနံပါတ်များဖော်ပြကာ မေတ္တာရပ်ခံ ထားကြသူ အများအပြားလည်း ရှိသည်။
သို့သော် ဖုန်းနံပါတ်တင်ထားသည့် မိသားစုများအနေဖြင့် ငွေကြေးလိမ်လည်တောင်းခံခြင်းများလည်း ကြုံတွေ့ နေရကြောင်း လောက်ကိုင်မှ နိုဝင်ဘာ ၁၈ ရက်နေ့ကတည်းက ပြန်ဆင်းလာသော မိသားစုဝင် ၆ ဦးနှင့် ယနေ့ အထိ အဆက်အသွယ်မရရှိသေးသည့် ဦးဥာဏ်က CNI သတင်းဌာနသို့ ပြောသည်။
“အဆက်အသွယ်မရတာက ပြီးခဲ့တဲ့လ ၁၈ ရက်နေ့ကတည်းက၊ အဆက်အသွယ်မရဘူး။ မနေ့က ကားအဆင်းက လူတစ်ယောက်က ဖုန်းဆက်လာတယ်။ ၁၂၅ ကယ်ဆယ်ရေးစခန်းမှာ ရှိနေတယ်တဲ့။ အဲဒါ အဲဒီ ကလေးတွေကို မန္တလေးကို သူတို့ ထုတ်ပေးမယ်တဲ့ တစ်ယောက်ကို ၃ သိန်းပေးရမယ်ဆိုတော့ ကျနော်တို့မှာလည်း အဆင်မပြေ ဘူးဆိုတော့ အဲဒါကိုတိုင်ပင်မယ်ဆိုပြီး အခုလောလောဆယ် အဆက်အသွယ် မလုပ်ရသေးဘူး။ ခုနက လူ တစ်ယောက်က ဖုန်းဆက်လာတယ်။ အဲဒါ ဦးပို့စ်တင်ထားတဲ့ သမီးနဲ့ မြေးမလေးကို သူတို့က ဖမ်းထားတယ်တဲ့။ အဲဒါ ငွေ ၃ သိန်းလွှဲရင် လွှတ်ပေးမယ်တဲ့။ ငွေ ၃ သိန်းမလွှဲရင် မလွှတ်ပေးဘူးတဲ့။ အဲဒါ ကလေးတွေနဲ့ စကားပေး ပြောဖို့ပြောတော့လည်း သူ မပေးပြောဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပြင်းထန်မှုကြောင့် လားရှိုးမြို့ဆီသို့ လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်တစ်၊ တန့်ယန်း၊ ကွမ်းလုံ၊ သိန္နီမှ ထွက်ပြေးတိမ်းရှောင်လာသည့် ရာနှင့်ချီသော အရပ်သားများမှာ နေ့စဉ် ရှိနေကာ အများစုသည် လောက်ကိုင်မှဖြစ်ကြောင်း ဒေသခံ ပရဟိတအသင်းအဖွဲ့များထံက သိရသည်။
ပရဟိတအသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူက “အများဆုံးကတော့ လောက်ကိုင်က ဆင်းတာများတယ်။ လောက်ကိုင်ကနေဆင်းလာတဲ့သူတွေကို ထမင်းထုပ်တို့ ဘာညာပေါ့နော်။ အကုန်လုံးအဆင်ပြေအောင် ကျနော်တို့ ပရဟိတအသင်းအဖွဲ့တွေ အားလုံး ဆောင်ရွက်ပေးပါတယ်။ လက်ရှိကတော့ သူတို့ ဒုက္ခနည်းနည်း ရောက်တာ ပေါ့။ ဒုက္ခရောက်တယ်ဆိုတာက ကျနော်တို့က ကားသွားကြိုလို့မရဘူး။ သူတို့က ခြေလျင် ပြန်လာကြရတယ်။ အစာရေဆာတော့ နည်းနည်းပါးပါး ပြတ်တယ်ပေါ့။ ဒီရောက်တော့ အားလုံး အဆင်ပြေအောင် စီမံဆောင်ရွက် ပေးပါတယ်။ လောက်ကိုင်ကနေ နောက်ရောက်လာတဲ့အဖွဲ့တွေကိုတော့ မြို့ထဲကို မသွင်းပါဘူး။ စစ်ဘေးရှောင် ထိန်းချုပ်ရေးက မြို့ထဲကို ပေးမသွင်းဘူး။ မြို့ပြင်မှာပဲ အဆင်ပြေအောင် သူတို့လုပ်ပေးထားတယ်” ဟု ပြောသည်။
သို့သော် ထွက်ပြေးလာကြသည့် အရပ်သားများထဲတွင် လားရှိုးမြို့ခံများပါဝင်ပါက မြို့ခံဖြစ်ကြောင်း ထောက်ခံစာ ပြနိုင်လျှင် မြို့ထဲသို့ ဝင်ခွင့်ပေးကြောင်း သိရသည်။
လောက်ကိုင်မြို့ပေါ်တွင် တိုက်ပွဲကြီးကြီးမားမားမဖြစ်သေးသဖြင့် နေရပ်သို့ ပြန်မလာကြသေးသူများလည်း ရှိနေ သေးကာ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုကြောင့် ဒုက္ခရောက်နေကြကြောင်းလည်း လောက်ကိုင်မြို့တွင် ကျန်ရှိနေသူတို့၏ မိသားစုဝင်များထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 645
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီ ပြတ်လပ်မှုနှင့် စက်သုံးဆီဈေးနှုန်း ကြီးမြင့်လာခြင်းတို့ ကြောင့် လျှပ်စစ်ကား(EV)ကို ဝယ်ယူအသုံးပြုမှု ပိုမိုများပြားလာနိုင်သလား စီးပွားရေးလုပ်ငန်းရှင်များကြား သုံးသပ်လျက်ရှိနေသည်။
လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီဝယ်မရခြင်း၊ အချိန်ကြာမြင့်စွာ တန်းစီနေရခြင်း၊ အကန့်အသတ် ဖြင့်သာ ဝယ်ယူနေရခြင်း၊ စက်သုံးဆီဈေးနှုန်း ကြီးမြင့်လာခြင်း စသည့် အခြေအနေများကြောင့် EV လျှပ်စစ်ကား အသုံးပြုရန် စဉ်းစားလာသူများ ရှိနေသည်။
မြန်မာနိုင်ငံ စက်သုံးဆီ အခက်အခဲနှင့် စက်သုံးဆီ ကုန်ကျစရိတ် သက်သာစေရန်အတွက် EV လျှပ်စစ်ကားကို အသုံးပြုမည် မဟုတ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။
အထူးသဖြင့် မြန်မာနိုင်ငံတွင် EV လျှပ်စစ်ကားနှင့် ပတ်သက်၍ ပြုပြင်ထိန်းသိမ်းမှုအပိုင်း၊ အာမခံချက်နှင့် အားသွင်းသည့် နေရာ လိုအပ်ချက်များ ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် စက်သုံးဆီနှင့် ပတ်သက်သည့် ကုန်ကျစရိတ် သက်သာစေရုံအတွက်ဖြင့် EV လျှပ်စစ်ကားကို ဝယ်ယူအသုံးပြုကြမည် မဟုတ်ကြောင်း Via logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
လျှပ်စစ်ကား အားသွင်းနေစဉ်
၎င်းက “EV ကားက လူတိုင်းက လက်ခံလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ EV မှာ ပြဿနာတွေ ရှိတယ်။ ဥပမာ ကားအရည်အသွေးတွေ၊ စက်ပစ္စည်း ညံ့ဖျင်းတာတွေကို ကျနော်ပြောလိုတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ EV ကားရဲ့ အနေအထားက ကိုယ့်အိမ်မှာ ဝယ်ထားဖို့အတွက် စက်သုံးဆီက အဓိကဖြစ်တာ မဟုတ်ဘူး။ သူများ နိုင်ငံတွေမှာဆိုရင် cooperation တွေနဲ့ လုပ်တာ။ အစိုးရက ဦးဆောင်ပြီးတော့မှ ဥပမာ Taxi ဂရုကြီးတွေက EV ပြောင်းတာတို့၊ public ကို အရင်ပြောင်းတာ။ အခုကကျတော့ လူတွေကြားထဲမှာ ဝယ်တာဆိုတော့၊ အခုက EV ကားလည်း ဒီလောက်ကြီး မဝယ်ကြဘူး။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာက public ကို ရောင်းဖို့ဆိုရင် public က public ထဲမှာပဲ EV ကားကို ပြင်ဆင်ဖို့အတွက် ဝေါ့ရှော့တို့ ဘာတို့၊ ဒါတွေက အများကြီး စကားပြောတာလေ။ လူတစ်ယောက်က EV ကားတစ်စီး ဝယ်မယ်ဆိုလို့ရှိရင် စက်သုံးဆီ သက်သာတယ်ဆိုရုံ တစ်ခုတည်းနဲ့တော့ အဲဒါ ကို ဆုံးဖြတ်မှာ မဟုတ်ဘူး။ အများစုပေါ့နော် ဥပမာ- ကိုယ် ဝယ်ရင်လည်း ဒီလိုပဲပေါ့နော်၊ စက်သုံးဆီ ဈေးသက် သာရုံနဲ့ မရဘူး၊ ရေရှည်မှာ ကိုယ့်အတွက် အဆင်ပြေနိုင်ဖို့ပေါ့၊ အာမခံချက် ဘယ်လောက်ပေးနိုင်မလဲ၊ ဒါတွေကို ကြည့်ပြီး ဝယ်ရတာ”ဟု ပြောသည်။
ထို့နောက် မြန်မာနိုင်ငံတွင် လတ်တလောမှာ Charging station နှင့် maintenance အပိုင်းများ သေချာမရှိသေး သည့်အတွက်လည်း EV ကားကို ဝယ်ယူရန် စိတ်အားမထက်သန်ကြခြင်း ဖြစ်သည်။
ဦးသီဟပိုင်က “မြန်မာပြည်မှာက လောလောဆယ် Charging station နဲ့ maintenance အပိုင်းတွေ၊ workshop တွေ သေချာ မရှိသေးတဲ့အပေါ်မှာ ဘယ်သူမှ မဝယ်ရဲဘူး။ အဲဒါကြောင့်မို့လို့ ဗီယက်နမ်တို့ ဘာတို့မှာ EV လုပ် တယ်ဆိုရင်လည်း ဂရုတွေက သူတို့ရဲ့ ကုမ္ပဏီကနေပြီးတော့ ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင် တက္ကစီတွေ ဆွဲလိုက် တာပေါ့နော်၊ အဲဒီအခါကျမှ လူက တဖြည်းဖြည်း ကြည့်ပြီးတော့ ဝယ်တာ။ အခုမှ သူက စလုံးရေးစ မားကတ်တင်း ကို လိုချင်တယ် ကြည့်နေတာဆိုတော့ စက်သုံးဆီကြောင့်တော့ EV ကားကို ရွေးချယ်ရမယ်လို့တော့ မရှိဘူး။ အဲဒါ ကြောင့်တော့ မဖြစ်နိုင်ဘူးပေါ့နော်၊ EV ကတော့ အခုကတော့ တစ်ကမ္ဘာလုံးရဲ့ New Trend ဖြစ်တဲ့အတွက် ကြောင့်မို့လို့ change တာတော့ change မယ်၊ ဒါပေမယ့် အဲဒီလောက် မမြန်ဘူး” ဟု CNI သတင်းဌာနသို့ ပြော သည်။
ရန်ကုန်မြို့အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ အစောပိုင်းကနေ စတင်၍ စက်သုံးဆီ ပြတ်လပ်မှု အခက်အခဲနှင့် ကြုံတွေ့ခဲ့သည်။ ထို့နောက် EV ကားဈေးနှုန်းများလည်း မြင့်တက်လာသည်ကို တွေ့ရသည်။
ယခင်က သိန်း ၈၀၀ တန် EV ကားတစ်စီးသည် လက်ရှိတွင် သိန်း ၉၀၀ မှ သိန်း ၁၀၀၀ အထိ မြင့်တက်သွား သည်ကို EV ကားဈေးကွက်အတွင်းမှ သိရသည်။
ဗဟိုဘဏ်၏ ဒေါ်လာရောင်း၀ယ်မှု လွတ်လပ်စွာလုပ်နိုင်ကြောင်း ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
EV ကားဈေးနှုန်းများ မြင့်တက်သွားရခြင်းသည် စက်သုံးဆီ အခက်အခဲ ဖြစ်ပေါ်မှုကြောင့် ရောင်းချသူများက ဈေးကွက်ကစားခြင်း၊ ဗဟိုဘဏ်၏ ဒေါ်လာဈေးနှုန်း ထိန်းချုပ်မှုကို ဖွင့်ပေးလိုက်ခြင်းများကြောင့် ဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
စက်သုံးဆီ အခက်အခဲကြောင့် EV လျှပ်စစ်ကားကို ဝယ်ယူသုံးစွဲကြမည်ဆိုပါက လက်ရှိ မြန်မာနိုင်ငံ၏ EV နှင့် ပတ်သက်သည့် ဖွဲ့စည်းတည်ဆောက်ပုံများနှင့် အားသွင်းသည့် နေရာများသည် လိုအပ်ချက်များ ရှိနေသေး ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ထွက်ပေါက်မရှိလို့ EV ဘက်သွားရင် EV ကရော သူ့မှာ infrastructures ပြည့်စုံပြီလားလို့ ဆရာတို့ မေးပြီ လေ။ infrastructures မပြည့်စုံဘဲနဲ့ EV ဘက် ဘယ်လိုသွားမလဲ။ EV ကားတွေ သွင်းတဲ့နေရာမှာလည်း EV လည်း အဲဒီလိုပဲ Power Station မရှိရင် ဘယ်နားသွားဖြည့်မလဲ၊ ဖြည့်လို့မရရင် အဲဒီ EV ကားတွေ လမ်းမှာ ပုံနေမှာပေါ့” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီ ပြဿနာသည် မည်သည့် အချိန်ကာလအထိ ဆက်လက် သွားနိုင်ကြောင်းကို မသိနိုင်သေးကြောင်း၊ ယခုထက် အခြေအနေ ပို၍ ဆိုးရွားလာပါက ကုန်ထုတ်လုပ်မှုများ နှောင့်နှေးခြင်း၊ ကုန်စည်ပို့ဆောင်မှုများ အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြလျက်ရှိသည်။
ထို့နောက် ကုန်ဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ဖြေရှင်းရန် လိုအပ်ကြောင်း စီးပွားရေး လေ့လာသူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 695
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈
ပြည်ပရောက် မြန်မာလုပ်သားများအား မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းအား တရားဝင် လွှဲပြောင်းပေးပို့နိုင်ရေး အေဂျင်စီများအနေဖြင့် တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဒီဇင်ဘာလ ၅ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ထားသည်။
ထိုကိစ္စနှင့်ပတ်သက်၍ အေဂျင်စီများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အထောက်အထားများနှင့်တကွ ဒီဇင်ဘာလ ၁၈ ရက်နေ့ မတိုင်မီ ပြန်လည်တင်ပြရန်နှင့် တင်ပြခြင်းမရှိသည့် အေဂျင်စီများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း အကြောင်းကြားစာထဲ တွင် ပါရှိသည်။
လူ၀င်မှုဦးစီးဌာနရုံးကိုတွေ့ရစဉ်
တွန်းအားပေး ဆောင်ရွက်ရန်ဆိုသည့် စကားရပ်ကို ထည့်သွင်းထားသဖြင့် မြန်မာလုပ်သားများအပေါ် ခြိမ်းခြောက် မှုများ ရှိလာနိုင်ကြောင်း၊ အခက်အခဲ ပိုမိုဖြစ်စေကြောင်းနှင့် တရားမဝင် လုပ်သားအဖြစ် ခံယူ သွားကြမည့်သူများ ရှိလာနိုင်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရက အေဂျင်စီကို ဖိအားပေးရင် အေဂျင်စီကလည်း ဒီအလုပ်သမားကို ဖိအားပေးမှာပဲ။ တရားမဝင် တဲ့ အလုပ်သမားတွေက ပိုများလာနိုင်တယ်။ ဥပမာ ဒီအေဂျင်စီတွေက ဖိအားပေးလို့ရတဲ့ နိုင်ငံတွေတော့ ရှိတာ ပေါ့။ ကိုရီးယားရတို့ ရနိုင်ခြေရှိတယ်၊ အခြား စင်္ကာပူတို့ ရနိုင်ခြေရှိတယ်။ ဒါပေမယ့် ရွှေ့ပြောင်း အလုပ်သမား အများစုနေတဲ့ နိုင်ငံတွေကြတော့ သူတို့ကတော့ ရာခိုင်နှုန်း အောင်မြင်မှု အားနည်းတယ်။ အေဂျင်စီအတွက် လည်း အခက်အခဲဖြစ်နိုင်တာ နားလည်တယ်။ အလုပ်သမားတွေကတော့ ပိုအခက်အခဲ ဖြစ်တာပေါ့။ တစ်ပိုင်းက ကိုယ်ရောက်တဲ့နိုင်ငံမှာ ဒီလိုပြဿနာတွေ ကြုံလာပြီဆိုရင် ဒီလူတွေကလည်း MOU ကို ဖျက်သိမ်း ပြီးတော့ တခြားနည်းလမ်းကို ရွေးချယ်ကြမှာပေါ့။ ဗမာပြည်က လာမယ့်အုပ်စုတွေကလည်း နောက်ပိုင်း အေဂျင်စီတွေက တဆင့် မသွားဘဲနဲ့ အထောက်အထားမရှိတဲ့ ပွဲစားတွေရှိတာပေါ့။ ပွဲစားတွေက တဆင့် တရားမဝင် နည်းလမ်းနဲ့ပဲ သူတို့ လမ်းကြောင်းကို ရွေးချယ်ကြမှာ တွေ့ရတယ်” ဟု ပြောသည်။
ပြည်ပနိုင်ငံမှ ရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ လွှဲပြောင်းပေးပို့ရန် ပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် အလုပ်သမားအကြား စံစာချုပ် ချုပ်ဆိုခြင်းကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စံစာချုပ်တွင် တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ၃ လလျှင်တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ တရားဝင် ငွေလွှဲစနစ်ဖြင့် လွှဲပြောင်းပေးပို့ ရမည်ဟု ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် အချိန်ကာလအားဖြင့် ၃ လ ပြည့်ပြီဖြစ်၍ အေဂျင်စီများအနေဖြင့် စေလွှတ်ထားသည့် အလုပ်သမားများကို လည်းကောင်း၊ ပြည်ပနိုင်ငံရှိ အေဂျင်စီ (သို့မဟုတ်) အလုပ်ရှင်များကို ဆက်သွယ်၍ လည်း ကောင်း၊ အေဂျင်စီမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ အလုပ်သမားများထံသို့ လူကိုယ်တိုင် သွားရောက်၍လည်းကောင်း အလုပ်သမားများ၏ ဘဏ်စာရင်းသို့ဖြစ်စေ၊ မိသားစုဝင်များထံသို့ဖြစ်စေ တရားဝင် ငွေလွှဲပြောင်းပေးပို့နိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန် အကြောင်းကြားလာခြင်း ဖြစ်သည်။
လက်အိတ်စက်ရုံကိုတွေ့ရစဉ်
လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “ကုမ္ပဏီအေဂျင်စီချင်း တစ်ခုနဲ့ တစ်ခုတော့ မတူကြဘူးပေါ့။ ကိုယ်စီစဉ်တဲ့အပေါ်မှာ ကိုယ့်လမ်းကိုယ် လျှောက်တော့ လျှောက်ရမှာပဲ ပစ်ထားလို့ တော့မရဘူး။ ထိုင်းကတော့ လူတကာ တော်တော်များများ အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေကြတော့ သိပ်တော့ မခက်ပါဘူး။ မလေးရှားကတော့ နည်းနည်း ကသီတာပေါ့။ သူတို့ကိုပဲ တိုက်ရိုက်ပြောသင့်ရင်လည်း ပြောဖို့ပေါ့။ remind လုပ်တာလည်းပါတယ်။ တာဝန်ယူ၊ တာဝန်ခံမှု ရှိဖို့အတွက် ဌာနက စာထုတ်ပြန်ထားတယ်။ အရေးယူ မယ်လည်း ပြောထားပြီးသား ဖြစ်တဲ့အတွက် အေဂျင်စီတွေ အနေနဲ့ကတော့ လိုက်နာရမှာပဲ။ မလိုက်နာရင်လည်း မလိုက်နာသလို သူတို့က ထပ်ပြီး သတိပေးတာတို့ ဘာတို့ လုပ်ဦးမှာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် ရယူထားသည့် အေဂျင်စီ အရေအတွက်မှာ ၅၀၆ ခုအထိ ရှိလာပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက်သည် ၃၀၀ ခန့်သာရှိခဲ့ခြင်းဖြစ်ပြီး ၂ နှစ် အတွင်း အေဂျင်စီ အသစ် ၂၀၀ ကျော်အား လိုင်စင်ချပေးထားခြင်း ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 624
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆
ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ (ဒီဇင်ဘာ ၆ ရက်)တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂ ပါ သတ်မှတ်ညွှန်ကြားချက် အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆော်ငရွက်ရန် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က သတ်မှတ်ခဲ့သည်။
ထို့နောက် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂ ပါ သတ်မှတ်ညွှန် ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ပြင်ဆင်သတ်မှတ်ပါသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 675
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆
လက်ရှိ မြန်မာနိုင်ငံတွင် မကြာခဏ ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် တချို့သော ဆီဆိုင် များတွင် ဆီပြတ်လပ်မှု အခြေအနေများ မဖြစ်ပေါ်စေရန်အတွက် နိုင်ငံတော်အစိုးရမှ စက်သုံးဆီ တင်သွင်းရာ၌ ဒေါ်လာလိုအပ်ချက် အကျပ်အတည်းကို အမြန်ဆုံး ဖြေရှင်းပေးရန် လိုအပ်ကြောင်း စီးပွားရေး လေ့လာသုံးသပ် သူများက ပြောသည်။
ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်းတွင် ဆီတင်သင်္ဘောများ ရောက်ရှိနေပြီဖြစ်သော်လည်း လက်ရှိတွင် လုပ်ငန်းရှင် များက ဒေါ်လာဝယ်ယူရာ၌ အခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဆီထုတ်ရာမှာ အဆင်မပြေဖြစ်နေကြသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှလည်း ဆီပါမစ်များကို ချပေးရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကတော့ လုပ်ငန်းရှင်ကလည်း ကစားတာပါသလို၊ စီးပွားကူးသန်းကလည်း ပါမစ်ချပေးဖို့ လိုတယ်။ အခုဥစ္စာက သီလဝါမှာ ဆီမရှိလို့ မဟုတ်ဘူး၊ သင်္ဘောတွေ ရှိတယ်။ သင်္ဘောပေါ်က ဆီချလို့မရဘူး ဖြစ်နေတယ်။ ပိုက်ဆံမရှိလို့၊ ဒေါ်လာရှာနေရတယ် လုပ်ငန်းရှင်တွေကလည်း။ ဒေါ်လာရှာပြီးတော့မှ ဆီက ချလို့ရမှာ။ အဲဒီတော့ ဆီပြတ်နေတယ်။ အဲဒါကို အစိုးရ ဘယ်လိုကူညီမလဲ အဲဒါပဲ သိချင်တယ်။ လုပ်ပေးခဲ့တယ်၊ မလုပ်ပေးခဲ့ဘူး မဟုတ် ဘူး၊ လုပ်ပေးခဲ့တယ်။ ဒါပေမယ့် လုပ်ပေးလည်း အကျိုးထိရောက်မှု မရှိဘူးပေါ့နော်။ ကြားထဲမှာ လုပ်စားတဲ့ကောင် က လုပ်စားသွားတယ်။ အဲဒါမျိုးတွေကျတော့လည်း အစိုးရက ဘယ်သူ့ကို တာဝန်ပေးရမလဲဆိုတာ ပြဿနာက ဖြစ်လာတယ် သူ့အတွက် ပြန်စဉ်းစားကြည့်တော့လည်း။ ဒီဘက်က ပြည်သူပြည်သားဘက်က စဉ်းစားကြည့်တော့ လည်း အဲဒီလို subscribe မလုပ်ပေးရင်တော့ ဆီတစ်လီတာကို ၄၀၀၀ တို့ ၅၀၀၀ တို့ ဖြစ်သွားရင် ဘယ်လိုလုပ် မလဲ၊ ဘယ်လိုရှေ့ဆက်သွားကြမလဲ၊ အဲဒါကြီးကလည်း ပြဿနာတစ်ခုဖြစ်တယ်။ ဆရာတို့ကတော့ နဂိုအတိုင်းပဲ တိုင်းပြည်က ဆီနဲ့ပတ်သက်လို့ စားသုံးဆီရော၊ စက်သုံးဆီရော subscribe တော့ လုပ်ပေးရမယ်လေ။
စက်သုံးဆီ ထည့်ရန် စောင့်နေကြစဉ်
subscribe လုပ်ဖို့ ဒေါ်လာရှိဖို့ အရေးကြီးတယ်လေ။ အဲဒီဒေါ်လာတော့ သူရှာရမှာပေါ့။ နိုင်ငံတော်က အမြန်ဆုံး စီစဉ်မှ၊ မစီစဉ်ရင် ဒီကိစ္စက Crisis ဖြစ်ပြီးတော့ တိုင်းပြည်က ဒီလိုချည်းပဲ ဖြစ်နေရင်တော့ မကောင်းဘူးလေ” ဟု ပြော သည်။
စက်သုံးဆီ တင်သွင်းရာတွင် လိုအပ်သည့် အမေရိကန်ဒေါ်လာကို နစက-က တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် ရောင်းချပေးသည်။
ထို့နောက် သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် ပြည်တွင်းဈေးကွက်အတွင်းသို့ ဖြန့်ဖြူးစေပြီး လက်ရှိတွင် ဒီဇယ် အတွက်သာ ဒေါ်လာရောင်းပေးတော့မည်ဖြစ်၍ ဓာတ်ဆီတင်သွင်းရန်အတွက် ရောင်းပေးတော့မည် မဟုတ်တော့ ကြောင်း သိရသည်။
ထိုသို့ ဓာတ်ဆီအတွက် ဒေါ်လာကို ရောင်းချပေးခြင်း မရှိပါက လုပ်ငန်းရှင်များက ဒေါ်လာကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူတင်သွင်းရမည်ဆိုပါက ဓာတ်ဆီဈေးနှုန်းသည် ယခုထက်ပို၍ အဆမတန် မြင့်တက်လာမည် ဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ဈေးနှုန်းမြင့်တက်သည်ထက် ဈေးနှုန်း တည်ငြိမ်စေရန်အတွက်သည် အဓိက ဖြစ်သည်ဟု Via Logistic & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ စီးပွားရေးလောကမှာ တစ်ခုရှိတယ်၊ စီးပွားရေး သီအိုရီပေါ့နော်၊ ဈေးတက်တာ ပြဿနာ မဟုတ်ပါဘူးတဲ့၊ ဘာပဲဖြစ်ဖြစ်ပေါ့နော် ဝယ်နိုင်တဲ့သူ ဝယ်မှာပေါ့။ အသုံးလိုရင် လိုသလို ဝယ်ကြမှာ၊ ဒါပေမယ့် ပြဿနာက ဘာလဲဆိုရင် ဈေးနှုန်းမတည်ငြိမ်တာက ပြဿနာ။
သီလဝါဆိပ်ကမ်းကနေ စက်သုံးဆီများ သယ်ယူရန် စောင့်နေကြစဉ်
ဈေးနှုန်းမတည်ငြိမ်ရင် ဘာမှလုပ်လို့မရဘူး။ ဘာလုပ်ရမလဲဆို အခုဒီလိုပေါ့ ဒေါ်လာဈေးက ကမောက်ကမ ဖြစ်နေတယ်။ ဈေးတက်တော့မှာလား၊ မရှိတော့မှာ လား မသိနိုင်ဘူး ဖြစ်နေတယ်။ ရောင်းတဲ့သူက ရောင်းရမှာလား၊ မရောင်းရဘူးလား ဒီပစ္စည်း hold လုပ်ထားရမှာ။ ဈေးငြိမ်သွားပြီဆိုရင် ဒီပစ္စည်းက ဈေးငြိမ်သွားပြီဆို ဒီဈေးနဲ့ရောင်း၊ အဲဒီလိုပဲ အများနဲ့လိုက်ရောင်းရတာလေ။ ဈေး ကတော့ ကုန်ဈေးနှုန်းဆိုတာက တည်ငြိမ်ဖို့လိုတာ၊ တက်တာက ပြဿနာ မဟုတ်ဘူး။ တက်ရင် အကုန်တက်လိမ့် မယ်၊ လစာကအစ တက်မှာပဲ။ ဖောင်းပွတယ် ပြောတာပေါ့။ တည်ငြိမ်ဖို့က အဓိက” ဟု ပြောသည်။
ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီခွဲတမ်း ထုတ်ရာ၌ အဆင်မပြေမှုများ ဖြစ်နေခြင်းကြောင့် ရန်ကုန် အပါအဝင် တခြားသော တိုင်းနှင့်ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသည် အကန့်အသတ်ဖြင့် ရောင်း ချခြင်း၊ တချို့ကတော့ ရောင်းချမှုများကို ရပ်နားထားရသည်များလည်း ရှိနေသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် စက်သုံးဆီ အကျပ်အတည်းကြောင့် စက်သုံးဆီ ဈေးနှုန်းများသည် နေ့စဉ် မြင့်တက်မှု ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် နိုဝင်ဘာလတွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၀၀ ကျပ်ဝန်းကျင် ရှိခဲ့သည့် ဈေးနှုန်းသည် လက်ရှိတွင် ၂၅၀၀ ကျပ်သို့ ရောက်ရှိနေသည်ကို တွေ့ရှိရသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် ဆီပြတ်လပ်မှု အကျပ်အတည်းသည် ရက်ပိုင်းအတွင်း ပြေလည်သွားရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက စက်သုံးဆီ ပြတ်လပ်မှုကြောင့် ကုန်စည်ပို့ဆောင်မှု နှောင့်နှေးခြင်း၊ ကုန်စည်ရှားပါးခြင်းနှင့် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 873
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆
မြန်မာနိုင်ငံသားများ အဓိကသွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ပြည်ပနိုင်ငံများထဲမှ အချို့နိုင်ငံများတွင် ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများကြောင့် ကုန် ထုတ်လုပ်မှုများ ကျဆင်းသည့်အတွက် မြန်မာ လုပ်သားများ အခက်ကြုံတွေ့နေရကြောင်း သိရသည်။
ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးကျဆင်းမှုဒဏ်ကို ခံစားနေရသည့် မလေးရှားတွင် တစ်နိုင်ငံလုံးနီးပါး လုပ်သား များကို အချိန်ပိုကြေး မပေးနိုင်တော့ခြင်း၊ ပုံမှန်ထက် အများအပြား လူဦးရေထူထပ်လာသဖြင့် အလုပ်အကိုင် အင်မတန် ရှားပါးလာခြင်း၊ လုပ်သားလျှော့ချခြင်းတို့ဖြင့် ကြုံတွေ့နေရကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသား များအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခက်အခဲတွေကတော့ ပိုပြီးများလာတာပဲ ရှိတာပေါ့။ အလုပ်အကိုင်ရှားပါးလာတာတွေ၊ ငွေကြေးလခ နည်းလာတာတို့ အများကြီးဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒီမတိုင်ခင်မှာ မလေးရှားအစိုးရက တခြားနိုင်ငံ တွေပေါ့။ ပြောရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ သူတို့သဘောတူညီမှုယူထားတဲ့ အလုပ်သမားဦးရေ နည်းတာ မဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ ဝင်ရောက်လာသလို အခုလက်ရှိ မလေးရှားမှာရှိနေတဲ့ စက်ရုံကြီးတချို့မှာဆို မြန်မာ အလုပ်သမားတွေကို သိသိသာသာလျှော့ချပြီး ပြန်ပို့နေတာတွေ ရှိပါတယ်။ အဲဒီတော့ အသစ်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်တွေကို သူတို့ရဲ့နေရာမှာ အစားထိုးကြတာပေါ့။ ဘာလို့ဆို အသစ်ရောက်လာတယ်၊ လခ နည်း တယ်ပေါ့။ ပြီးတော့ သူတို့ဆီမှာလည်း အမာခံရှိတဲ့အနေအထားမျိုးမှာ သူတို့ တရားဝင်တဲ့ အလုပ်သမားကိုပဲ ခေါ်ပြီးတော့ ခန့်တာမျိုးရှိတယ်” ဟု ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တွေ့ရတဲ့ မြန်မာအလုပ်သမားများကို တွေ့ရစဉ်
တောင်ကိုရီးယားနိုင်ငံတွင် ကုန်ထုတ်လုပ်မှု မကျဆင်းသော်လည်း တောင်ကိုရီးယား၌ ဥပဒေအရ တစ်နှစ်လျှင် တစ်ကြိမ် တိုးပေးလေ့ရှိသည့် တစ်နာရီအတွက် လုပ်ခလစာနှုန်းထားမှာ လာမည့် ၂၀၂၄ ခုနှစ်တွင် ယခင်ထက် ထက်ဝက်ကျော်ခန့် တိုးမြှင့်နှုန်းလျော့ကျသွားကြောင်း ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေး စင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရှေ့နှစ်မှာတောင်မှ ရွှေ့ပြောင်းအလုပ်သမား ၁၆၀,၀၀၀ ဝန်းကျင်လောက်ကို ခေါ်ဖို့ လျာထားတဲ့ စာထွက် လာပြီပေါ့။ နှစ်တိုင်း၊ နှစ်တိုင်းမှာ ငါးသောင်းလောက်ပဲ ခေါ်နေတာကနေ ၁၆၀,၀၀၀ လောက်ကို ခေါ်မယ်ဆိုတာ ကတော့ ဘာပဲပြောပြော အလုပ်အကိုင်ကတော့ အရမ်းကြီး ပါးသွားတာမျိုး မရှိဘူးလို့ နားလည်ရပါတယ်။ အခုနှစ် ၂၀၂၃ ဆိုရင်တော့ ၉၆၂၀(ဝမ်ငွေ) ပေါ့ တစ်နာရီနှုန်းပေါ့။ ပြီးခဲ့တဲ့ ၂၀၂၂ ဆိုရင် ၉၁၆၀။ ရှေ့နှစ်အတွက် တက်တာက တော့ နှုန်းထား အရမ်းနည်းတယ်။ လာမယ့်နှစ်ဆိုရင် ၉၈၆၀ ဖြစ်သွားတယ်။ ၉၆၂၀ နဲ့ ၉၈၆၀ ဆိုတော့ ဝမ် ၁၀၀ ကျော်ကျော်လောက် တက်တာပေါ့။ အရင်နှစ်တွေကဆို ဝမ် ၄၀၀ ၊ ၆၀၀၊ ၈၀၀ တို့ ၁၀၀၀ လောက် တက်တဲ့နှစ် တွေရှိတယ်။ တက်တော့တက်တယ် ကျသွားတယ်ဆိုတဲ့ သမိုင်းတော့ မရှိဘူး။ သို့သော် တိုးတဲ့ပမာဏ ရာခိုင်နှုန်း က အနည်းအများတွေ ကွာတယ်ပေါ့” ဟု ပြောသည်။
ထို့အပြင် ကိုဗစ်နောက်ပိုင်းမှ ပေါ်လာသည့် E73 ဗီဇာ အသစ်ဖြင့် တောင်ကိုရီးယားသို့ လာရောက် လုပ်ကိုင်ကြ သူများသည် ဥပဒေချိုးဖောက်ခံရသည့် ကိစ္စရပ်များ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
အဆိုပါ ဗီဇာဖြင့် လာရောက်လုပ်ကိုင်သူများသည် ဘာသာစကား အရည်အချင်းစစ် စာမေးပွဲဖြေရန် မလိုအပ် သကဲ့သို့ ဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားရန်လည်း မလိုကြောင်း၊ အေဂျင်စီနှင့် ကုမ္ပဏီ တိုက်ရိုက် ချိတ်ဆက်ခေါ်ယူခြင်းဖြစ်ပြီး အများစုသည် သင်္ဘောကျင်းလုပ်ငန်း၌ လုပ်ကိုင်ကြရကြောင်း သိရသည်။
ကိုရီးယားက စက်ရုံတစ်ရုံမှာ အလုပ်သမား ၂ ဦးကိုတွေ့ရစဉ်
မြန်မာလုပ်သား ခေါ်ယူရာတွင်လည်း တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ပုံမှန်နှုန်းထားအတိုင်း ခေါ်ယူနေကြခြင်း ဖြစ်သော်လည်း မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် လုပ်သားခေါ်ယူမှု နည်းပါးလာကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။
လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “ဒါပေမယ့် ထိုင်းရော မလေးရှား ရောက စီးပွားရေးတွေ တစ်ကမ္ဘာလုံးကျတဲ့အပေါ်မှာ မူတည်ပြီးတော့ အလုပ်သမား လျှော့ချတာတွေရှိလာတယ်။ ဒါကတော့ ကမ္ဘာနဲ့ချီပြီးဖြစ်တဲ့ ပြဿနာဆိုတော့ ဘာမှ ရှောင်လွှဲလို့တော့ မရဘူးပေါ့။ တကယ်ကိုလည်း လုပ်သား လိုအပ်ချက် လျှော့ချတာတွေ ရှိလာတယ်။ မလေးရှားဈေးကွက် သွားနေတယ်ဆိုတာကလည်း အရင် လက်ကျန် အဟောင်းတွေက သွားနေတာ။ လူခေါ်ခွင့်အသစ် မချပေးဘူး မလေးရှားအစိုးရ ပိတ်ထားတယ်”ဟု CNI သတင်း ဌာနသို့ ပြောသည်။
ထိုသို့ အချို့နိုင်ငံများ၌ အလုပ်အကိုင် ရှားပါးခြင်းနှင့် အခြားသော အခက်အခဲများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံဘက်မှ သွားရောက် အလုပ်လုပ်ကိုင်လိုသူ နှုန်းထားများမှ လျော့နည်းမသွားကြောင်း သိရသည်။
တရားဝင် လမ်းကြောင်းဖြင့် သွားရန် စောင့်ဆိုင်းနေသူများရှိသကဲ့သို့ တရားဝင် လမ်းကြောင်းသည် အချိန်ကြန့် ကြာမှု ရှိသဖြင့် မစောင့်ဆိုင်းနိုင်သည့်အတွက် တရားမဝင် လမ်းကြောင်းများမှ ခိုး၍ဝင်ရောက်ကြ သူများမှာလည်း နေ့စဉ်နှင့်အမျှ ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 561
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ ဓာတ်ဆီတစ်လီတာလျှင် ၃၀၀၀ ကျော်ဖြင့် ဝယ်ယူနေကြရကြောင်း ဒေသခံများက ပြောသည်။
မူဆယ်မြို့ရှိ ရွှေရာဇာ စက်သုံးဆီအရောင်းဆိုင်တွင် ဓာတ်ဆီတစ်လီတာ ၃၃၀၀ ကျပ်ဖြင့် လည်းကောင်း၊ Royal Muse စက်သုံးဆီဆိုင်တွင် ဓာတ်ဆီတစ်လီတာ ၃၄၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိသည်။
မူဆယ်မြို့က ရွှေရာဇာနဲ့ Royal Muse စက်သုံးဆီဆိုင်မှာ ဆီဝယ်ရန်စောင့်နေကြစဉ်(ပြည့်စုံ-ဖေ့စ်ဘွတ်ခ်)
လက်ရှိ မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေးတို့တွင် စက်သုံးဆီ ပြတ်လပ်သည့်အထိ ဖြစ်ပေါ် နေခြင်းကြောင့် ကျန် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ စက်သုံးဆီများ တင်ပို့ဖြန့်ဖြူးရန် အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 869
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅
ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန် ကြေညာခဲ့သည်။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း(AD)လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက်(Online Trading)တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။