CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈

စီးပွားရေး မတည်မငြိမ် ဖြစ်နေသည့်အတွက် အလုပ်သမားခွဲတမ်းချပေးခြင်းကို သဘောတူညီမှုယူထားသည့် နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း မလေးရှားအစိုးရက ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

မလေးရှားနိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတစ်ခု၌သာ ၎င်းတို့နိုင်ငံသားများသာမက မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား အင်အားများမှာလည်း သိသိသာသာ ရှားပါးနေ‌ပြီး အခြားစက်မှု လုပ်ငန်းများတွင်မူ လုပ်သားဦးရေမှာ ခွဲတမ်းထက် ကျော်လွန်နေကြောင်း ၎င်းတို့က ပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် ကဏ္ဍအသီးသီးအတွက် အလုပ်သမားခွဲတမ်းများအား လွှဲပြောင်းခွင့်ပြုမည်ဟု ပြောခဲ့ သောကြောင့် ခွဲတမ်းထက် ကျော်လွန်နေသည့် လုပ်ငန်းများအပေါ် စစ်ဆေးမှုများ ရှိလာနိုင်ကြောင်း မလေးရှား တွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်း ဌာနသို့ ပြောသည်။

အလုပ်သမားများကိုတွေ့ရစဉ်

၎င်းက “ရှိလာမှာပဲ။ အခုလက်ရှိမှာ လ.ဝ.ကမှာ RTK 2.0 ပါမစ်ကို ပိတ်လိုက်ပြီဆိုပေမယ့် လက်ဗွေနှိပ်တာ၊ ဆေးစစ်တာ၊ သူဋ္ဌေးက အတည်ပြုတာ၊ စတစ်ကာကပ်တာတို့က ၆ လပိုင်းအထိ ခွင့်ပြုထားတာရှိတယ်။ အခု အချိန်မှာ ကျနော် မြင်နေရတာက လူတွေပြည့်သွားတဲ့ အနေအထားမျိုးမှာ တချို့ ကုမ္ပဏီအေးဂျင့်တွေက သူတို့ ကုမ္ပဏီနဲ့ လူတွေ တင်ထားတာ အများကြီး။ အမှန်မှန် စက်ရုံတစ်ခုက သူတို့ရဲ့ ခွဲတမ်းရှိတယ်။ လူအယောက် ၁၀၀ ဆို ၁၀၀၊ ၅၀ ဆို ၅၀ အဲဒီလောက်ပဲရှိတယ်။ အခုအချိန်မှာ အေးဂျင့်တစ်ခုက သူတို့ကုမ္ပဏီနဲ့ လူကိုခေါ်ထားတာ အယောက် ထောင်နဲ့ချီပြီးတော့ ရှိနေတော့ အခုအချိန်မှာ နောက်တစ်ဆင့် သွားပြီးတော့ လ.ဝ.ကမှာ လုပ်ဆောင်ရ မယ့် အချိန်မှာ လ.ဝ.က က စောင့်ဖမ်းတာ မျိုးလည်း ရှိတယ်။ နောင်လာမယ့် အချိန်ကိုတောင် စောင့်ကြည့်စရာ မလိုပါဘူး။ လက်ရှိမှာတင် ဖမ်းဆီးတာတို့၊ စစ်ဆေးမှုတို့ အခုကတည်း စလုပ်နေပါပြီ” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် အလုပ်သမားအပေါ် ခေါင်းပုံဖြတ်ပြီး အမြတ်ထုတ်သည့် အလေ့အထများနှင့် လူအင်အား မမျှတမှု၊ နိုင်ငံရပ်ခြားမှ ထောင်နှင့်ချီသည့် ရွှေ့ပြောင်းလုပ်သားများသည် မလေးရှား၌ အလုပ်အကိုင်မဲ့ဘဝဖြင့်  သောင်တင်နေမှုများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် နိုင်ငံပေါင်း ၁၅ နိုင်ငံနှင့် အစိုးရချင်း သဘောတူညီချက်များကို ပြန်လည်သုံးသပ်မည်ဟု မလေးရှားအာဏာပိုင်များက ပြောခဲ့သည်။

မလေးရှားနိုင်ငံ၏ အဓိက စိုက်ပျိုးရေးဖြစ်သော ဆီအုန်းခြံများတွင် မြန်မာအပါဝင် တရားမဝင် အထောက်အထား မဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်ကြသော်လည်း မလေးရှားအာဏာပိုင်များမှ ဖမ်းဆီး မှုများ ပြုလုပ်လျက်ရှိကြောင်း ထောက်ပြကြသည်။

 ဆီအုန်းခြံ လုပ်ငန်းက အလုပ်သမားတွေကို ဖမ်းဆီးနေစဉ်

မလေးရှားတွင်နေထိုင်သူ မွှားမိုက်ကယ်က “ဘယ်လိုလမ်းကြောင်းမျိုးကို သွားနေလဲဆိုတော့ လက်ရှိ အနေ အထားမှာ နိုင်ငံခြားသား လုပ်သားတွေကို လျှော့ချဖို့၊ သူတို့နိုင်ငံသားတွေ အခွင့်အရေးရဖို့။ လောလောဆယ်က သူတို့နိုင်ငံသားတွေပါ OTမရှိဘဲ အလုပ်အကိုင်တွေ ရှားပါးနေတာဖြစ်တဲ့အတွက် သူတို့နိုင်ငံမှာ နိုင်ငံခြားသား လူဦးရေတွေကို လျှော့ချရေးကိုသာ ဦးတည်နေတယ်ပေါ့နော် လက်ရှိက။ မလေးတွေကလည်း နေရာကွက်ကျား ဆိုသလို ဆန္ဒတွေပြနေတယ်ပေါ့ နိုင်ငံခြားသားတွေကို တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဒါတွေကို လျှော့ချပေးဖို့၊ သူတို့နိုင်ငံစီးပွားရေး ပြန်လည်ထူထောင် ကောင်းမွန်လာရေးအတွက်ပေါ့။ ကျိန်းသေတာကတော့ ဦးတည်တာက နိုင်ငံခြားသား လျှော့ချဖို့အတွက်ပဲ ဖြစ်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတွင် RTK 2.0 ပါမစ် မှတ်ပုံတင်စာရင်း ပေးသွင်းပြီးသူများအနေဖြင့် လုပ်ငန်းရှင်သူဋ္ဌေး၏ အတည်ပြု ခြင်း၊ လက်ဗွေနှိပ်ခြင်း၊ ဆေးစစ်ခြင်း စသည့် လုပ်ငန်းစဉ်များအား မတ်လကုန်အထိ နောက်ဆုံးထား ပြုလုပ်ရမည် ဖြစ်ပြီး ပါမစ်စတစ်ကာများအား ဇွန်လကုန်တွင် အပြီးအစီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း မ‌လေးရှား လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဖမ်းဆီးစစ်ဆေးမှုများသည် မတ်လကုန်ခန့်အထိ အများအပြား ရှိနိုင်သေးကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက သုံးသပ်ကြသည်။