
- By CNI
- Category: စီးပွားရေး
- Hits: 422
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံတွင် ဒေသအများအပြား၌ မတည်ငြိမ်မှုများ ပြန်လည်ဖြစ်ပေါ်လာသဖြင့် ယခုနှစ် ခရီးသွားလုပ်ငန်းမှာ တစ်ဟုန်ထိုး ကျဆင်းသွားနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်နှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစရှိသည့် ဒေသများ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား နေသောကြောင့် ခရီးသွားလုပ်ငန်းရှင်နှင့် ဟိုတယ်လုပ်ငန်းရှင်များက ယခုကဲ့သို့ သုံးသပ်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က“ခရီးသွားလုပ်ငန်းကတော့ ဒေသတွင်း တည်ငြိမ်မှုအပေါ်မှာပဲ လုံးလုံး မှီခိုနေတော့လေ တည်ငြိမ်မှု မရှိဘူး ဆိုရင်တော့ ခရီးသွားက ပြန်ကျသွားနိုင် ပါတယ်။ ပုံမှန်အတိုင်းဆို ၂၀၂၂ ခုနှစ်ကထက်ကို ၂၀၂၃၊ ၁၁ လပိုင်းမှာ ခရီးသည်တွေ ပိုမိုသွားရောက်ဖို့ရှိတယ်။ အလားအလာတွေကလည်းကောင်းနေတယ်။ ဘိုကင်တွေ ရထားတာတွေကလည်း ကောင်းနေတယ်။ ဒါပေမယ့် လက်ရှိ လတ်တလောဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုအပေါ်မှာ ခရီးသွားတွေက သွားရမှာ ကြောက်ရွံ့လာတယ်။ အဲဒါမျိုး စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အတွက် cancel လုပ်တာတွေရှိနိုင်တယ်။ ဒါကြောင့်မို့လို့ ပြန်ကျသွားနိုင် ပါတယ်။ တစ်ဟုန်ထိုးလည်း ထိုးဆင်းပြီး ကျသွားနိုင်ပါတယ် ဒါကလေ။ ဒီပွင့်လင်းရာသီမှာပဲ ဒီလို ဒေသတွင်း မတည်ငြိမ်မှုတွေဖြစ်ပေါ်နေတဲ့အတွက် ပြည်တွင်းခရီးသွားကိုလည်း ထိခိုက်လာတယ်။ ပြည်ပခရီးသွားတွေ အပေါ်မှာလည်း ထိခိုက်လာနိုင်ပါတယ်” ဟု ပြောသည်။
ချောင်းသာကမ်းခြေမြင်ကွင်း
ခရီးသွားအသင်းဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ခရီးသွားလုပ်ငန်းများ ပြန်လည်လည်ပတ်လာရန်နှင့် ခရီးသွားများ ပြန်လည်ရရှိစေရန် အပေါင်းလက္ခဏာဆောင်သည့်ကိစ္စများ ကြိုးစားနေကြသော်လည်း အခြား တစ်ဖက်၌ ယခုကဲ့သို့ မတည်ငြိမ်မှုများကြောင့် နိုင်ငံပုံရိပ်မှာ အနုတ်လက္ခဏာဖြစ်နေသည့် အပိုင်းများလည်း ရှိနေကြောင်း ထောက်ပြကြသည်။
ကိုဗစ်နှင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ လုံးဝကျဆင်းသွား သဖြင့် ပြန်လည်စတင်လည်ပတ်နိုင်စေရန် ဘက်ပေါင်းစုံမှ ကြိုးစားခဲ့ကြသဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ခရီးသွားလုပ်ငန်းမှာ အရှိန်တစ်ခုဖြင့် တိုးတက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် လက်ရှိ ဒေသတွင်းမတည်ငြိမ်မှုများ ပြန်လည်ဖြစ်ပွားလာနေသဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ခရီးသွား လုပ်ငန်း ပြန်လည်တိုးတက်အောင် ယခင်ထက် နှစ်ဆခန့် တိုးမြှင့်ကြိုးစားဆောင်ရွက်ရမည့် အနေအထား ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်း ဌာနသို့ ပြောသည်။
ပုဂံတွင် နေဝင်ချိန်ကို လာရောက်ကြည့်ရှုနေကြသည့် ခရီးသွားများ
“မနှစ်ကထက်စာရင် ဒီနှစ်တော့ တော်တော်လေး ခက်ခက်ခဲခဲဖြစ်မယ်လို့ ထင်ပါတယ်။ အဓိကကတော့ ငြိမ်းချမ်း မှုက အဓိကကပါပဲ။ ခရီးသွားလာတဲ့အခါမှာ ငြိမ်းချမ်းမှုရှိမှ လူတွေက ခရီးစဉ်တွေကို လည်ပတ်မှု သွားကြတာ ပေါ့လေ။ အဓိကကတော့ ပထမဆုံးအနေနဲ့တော့ ငြိမ်းချမ်းဖို့ အရေးကြီးပါတယ်။ သင်္ကြန်ကာလအထိဆိုတဲ့ နေရာမှာ မြန်မြန်ငြိမ်းချမ်းရင် မြန်မြန် ခရီးသွားကြမှာပဲ။ အဲဒီသင်္ကြန်ကာလအထိ ငြိမ်းချမ်းမှု မရှိသေးဘူး၊ ဒီလိုပဲ တိုက်ပွဲတွေဆက်ဖြစ်နေဦးမယ်၊ လမ်းတွေပိတ်နေဦးမယ်၊ ပြည်သူလူထုက လုံခြုံမှုမရှိဘူး ခံစားနေရတယ်ဆိုရင် တော့ သင်္ကြန်ကာလအတွင်းလည်း အခုလိုပဲ ခရီးသွားလာမှု နည်းနေဦးမယ်လို့ သုံးသပ်မိပါတယ်။ အရင်က လုပ်ထားတဲ့ နှစ်ဆလောက် ပိုပြီး အဆပေါင်းများစွာ ပိုကြိုးစားရမှာပါ။ နည်းစနစ်တွေ အများကြီးပြင်ရမယ်။ ဧည့်သည်တွေ ခရီးသွားလုံခြုံမှုရှိအောင် အရင်ဆုံးဖော်ဆောင်ရမယ်ပေါ့။ ပြီးတော့ စီးပွားရေး ပြေလည်ရမယ်ပေါ့။ ခရီးစဉ်တွေ အများပြည်သူစိတ်ဝင်စားတဲ့ ခရီးစဉ်လေးတွေ ဖော်ဆောင်နိုင်ရမယ်ပေါ့။ လုပ်ရမှာတော့ တော် တော်လေး လုပ်ယူရမှာပါ” ဟု ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နယ်မြေမတည်ငြိမ်မှုများဖြစ်ပွားနေသဖြင့် တန်ဆောင်တိုင်ပိတ်ရက် ခရီးသွားလာရန် ဟိုတယ်ဘိုကင်လုပ်ထားမှုများကို ပယ်ဖျက်လာကြကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြီးခဲ့သည့် သီတင်းကျွတ်ပိတ်ရက်တွင် အောက်တိုဘာ ၂၈ မှ ၃၀ ရက်နေ့အတွင်း ခရီးသွားဝင်ရောက်မှုသည် ပုဂံ၌ ၁ သိန်းကျော်၊ ငွေဆောင်၌ ၇ ထောင်ကျော် ရှိသည့်အနက် ပြည်ပခရီးသွား ၅၀၀ ကျော်နှင့် ငပလီ၌ ၄ ထောင် ကျော်ရှိပြီး ပြည်ပခရီးသွား ၇၀ ဦးခန့်ရှိခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 506
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀
ထိုင်းတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုကြောင့် ထိုင်းကုမ္ပဏီ ၁၂၆ ခု၊ ထိုင်းဘက်မှ အေဂျင်စီ ၂၀ ခု၊ ထိုင်း အလုပ်ရှင်ကိုယ်စားလှယ် ၁၂၅ ဦးတို့အား အလုပ်သမားဝန်ကြီးဌာနဘက်မှ Blacklist သွင်းလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်ရာတွင် သတ်မှတ်စည်းကမ်းများနှင့် မကိုက်ညီခြင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခြင်းများကြောင့် အလုပ်သမားလက်ခံသည့် ထိုင်းကုမ္ပဏီ၊ အေဂျင်စီနှင့် ကျူးလွန်သည့် လူပုဂ္ဂိုလ်များအား ယခုကဲ့သို့ အမည်ပျက်စာရင်း သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
MOEAF မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက“ဟိုဘက်မှာ ချိုးဖောက်တာကြ MOU နဲ့ သွားပေမယ့်လည်း တချို့တွေက လခအပြည့် မပေးတဲ့ဟာတွေရှိတယ်၊ လခ မရှင်းနိုင်တာရှိတယ်။ Over Time ဆို မပေးနိုင်တာတို့ အဲဒီလိုမျိုး လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေး အပြည့်အဝ မရတာမျိုး ဒါမျိုးလေးတွေရှိတာပေါ့။ တခါတ လေ အလုပ်မရှိတော့တဲ့ဟာကြီးကို ပြန်ပို့လိုက်တာတို့ ညှိမရ နှိုင်းမရ။ နောက် အလုပ်(A)မှာ အလုပ်ခေါ်ပြီးတော့မှ (B)ကိုပို့တာပေါ့။ (A) အလုပ်ကို ဒီဘက်ကနေ စာချုပ်ချုပ်ပြီး ဟိုဘက်သူဋ္ဌေးက (B)ကို ပို့လိုက်တာတို့၊ (C)ကို ပို့လိုက်တာတို့။ ဒီပြဿနာတွေက ကုမ္ပဏီကလည်းဝင်ရှင်း၊ သံအရာရှိတွေကလည်း ဝင်ရှင်းတယ်။ ရှင်းလို့ နောက် ဆုံး မရတဲ့အခါကြမှ သူတို့ကို Blacklist တစ်ခါတည်း လုပ်လိုက်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းရောက် မြန်မာအလုပ်သမားများကို တွေ့ရစဉ်
MOU သမားများ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်းအား သံအရာရှိများမှ ညှိနှိုင်းဖြေရှင်း၍ မရသဖြင့် ယခုကဲ့သို့ ၎င်းကုမ္ပဏီများအား Blacklist သွင်းလိုက်ခြင်းသည် မဖြစ်သင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ထောက်ပြကြသည်။
အချို့ကိစ္စများတွင် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများမှ လိုက်လံကူညီဆောင်ရွက် ပေးရခြင်းများရှိသဖြင့် အလုပ်သမားအရေးနှင့် ပတ်သက်၍ သံအရာရှိများမှလည်း အဆင်ပြေစွာ ညှိနှိုင်း ဆောင် ရွက် ကူညီပေးရမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်သည်။
မြန်မာနိုင်ငံ၌ Blacklist သွင်းခံရသည့် အေဂျင်စီများသည် အခြားအမည်ပြောင်းလဲပြီး အေဂျင်စီအသစ် လိုင်စင် ပြန်လျှောက်ခြင်း များရှိသောကြောင့် ထိုင်းနိုင်ငံမှ Blacklist သွင်းခံရသည့် ၎င်း ကုမ္ပဏီ၊ အေဂျင်စီနှင့် လူပုဂ္ဂိုလ် များသည်လည်း အခြားအမည်ပြောင်းလဲ၍ လုပ်ဆောင်ကြမည်ဖြစ်ကြောင်းလည်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းရောက် မြန်မာအလုပ်သမားများကို တွေ့ရစဉ်
၎င်းက “အရေးယူတဲ့ ပုံစံမျိုးတွေက အရေးယူတယ်ဆိုတာ ဘယ်လိုပုံစံမျိုး ယူသင့်လဲ။ ဥပမာ တရားဝင် ပိတ်လိုက် တာလား၊ နောက် တခြားနာမည်တွေနဲ့ ဖွင့်လို့ရသေးလား၊ ဒါတွေက အရေးယူခြင်း မယူခြင်းက ပြဿနာက ကြည့်မယ်ဆိုရင် သိပ်ထိရောက်မှု မရှိဘူးပေါ့။ အရေးယူတဲ့ဟာက စကားလုံးတစ်လုံးက အရေးယူတယ်လို့ သိရပေမယ့် တကယ် အရေးယူလား မယူဘူးလားဆိုတာက တစ်ပိုင်းပေါ့။ နောက်တစ်ခုက MOU နဲ့လာတဲ့ အလုပ် သမားတွေကို အေဂျင်စီတွေက အလုပ်ချိုးဖောက်တဲ့ အခါကြရင် ထိုက်တန်တဲ့ လျော်ကြေးကို ပေးရမှာ ဖြစ်တယ်။ ဒီဟာတွေကို မပေးနိုင်ဘူးဆိုရင်လည်း အစိုးရက တာဝန်ယူပြီး ပေးရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ် သမားတွေမှာလည်း ချွေးနည်းစာတွေ ဖြစ်တယ်။ ချွေးနည်းစာတွေဖြစ်တော့ ဒီပုဂ္ဂိုလ်တွေကို အရေးယူတာ တစ်ခု တည်းနဲ့ မရဘူးပေါ့။ သူတို့ကို ပြစ်ဒဏ်ပေးတာတို့၊ အလုပ်သမားတွေကို ပြန်ပြီး လျော်ကြေး နစ်နာကြေးတွေ ပေးတာမျိုးတို့ ဒီလိုလုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ရင်တော့ မဆိုးဘူးပေါ့” ဟု ပြောသည်။
ထို့အပြင် လက်ရှိ Blacklist သွင်းလိုက်သည့် ထိုင်းကုမ္ပဏီများ၊ အေဂျင်စီများနှင့် ယခင်က ချိတ်ဆက် ဆောင်ရွက် ထားကာ ကုန်ကျစရိတ် ပေးသွင်းပြီးသား မြန်မာများရှိခဲ့ပါကလည်း ၎င်းတို့ကုန်ကျစရိတ်အား ပြန်လည် ပေးဆောင်သင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက အကြံပြုသည်။
ထို့အပြင် ၎င်းကုမ္ပဏီများတွင် လက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများရှိပါက ၎င်းတို့အား အခြား လုပ်ငန်းခွင်သို့ ပြောင်းလဲ ပေးသင့်ကြောင်းလည်း အကြံပြုကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 890
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀
ပြည်တွင်းတွင် ဆန်ဝယ်ယူမှု များပြားနေခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပုံမှန်ထက် ဆန်တစ်အိတ်လျှင် ၅၀၀၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာနေသည်ဟု ဆန်ဈေးကွက်အတွင်းမှာ သိရသည်။
ပြီးခဲ့သည့်လက ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၉၃,၀၀၀ ကျပ်မှ ၉၇,၀၀၀ ကျပ်ခန့်ရှိသော်လည်း လက်ရှိတွင် ၉၅,၀၀၀ မှ ၁၀၀,၀၀၀ ကျပ် ဖြစ်နေသည်။
လက်ရှိတွင် ဆန်အသစ်များ ဝင်ရောက်ချိန်ဖြစ်သော်လည်း ဆန်ဈေးနှုန်း မြင့်တက်မည်ကို စိုးရိမ်နေကြပြီး ဆန်ဝယ်ယူ စုဆောင်းနေမှုများကြောင့် ဆန်အဟောင်းအပြင် ဆန်အသစ်များလည်း ဈေးနှုန်းမြင့်တက်နေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
သက်သာချောင်ချိရေးအတွက် ဆန်ရောင်းပေးနေစဉ်
၎င်းက “ဝယ်တဲ့သူ များလို့ပေါ့။ Demand များလို့ပေါ့။ ဆန်အသစ်တွေတော့ ပေါ်ပြီ။ ဒါပေမယ့် အဝယ်တွေ များနေ တယ်။ ဆန်ကို ၂ လစာ၊ ၃ လစာ အဲဒီလိုမျိုး စုတဲ့အိမ်တွေက စုတယ်။ အဟောင်းလည်း တက်တယ်၊ အသစ်လည်း တက်တယ် အခုက အဲဒီလို ဖြစ်နေတယ်။ အဟောင်းကတော့ အဟောင်းစားတဲ့ သူတွေကလည်း များနေသေး တော့။ အခုကတော့ ဈေးနှုန်း ချဖို့တွေတော့ ပြောနေပါတယ်။ ပြောလို့တော့ မရဘူး အကုန်လုံးက ဈေးတက်မယ် ထင်ပြီးတော့ ဝယ်ကိုင်ထားကြတော့ ဈေးမတက်ဘူးဆိုတဲ့ အမြင်ရှိရင်တော့ ပုံမှန်လေး စီးဆင်းနေမှာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ် မတိုင်ခင်က ဆန်ဈေးနှုန်းသည် အတက်အကျမရှိဘဲ တည်ငြိမ်နေခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီးနောက် တခြားသော မြို့များ၌ တိုက်ပွဲများကူးစပ် လာမည်ကို စိုးရိမ်၍ ဆန်အပါအဝင် အခြေခံ စားသောက်ကုန်များကို ကြိုတင်စုဆောင်းလာကြသည်။
ထို့ကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်လာသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
သက်သာချောင်ချိရေးအတွက် ဆန်ရောင်းပေးနေစဉ်
လက်ရှိတွင် ရန်ကုန်ဆန်ဈေးကွက်သို့ ဆန်ဝင်ရောက်မှုသည် ပုံမှန်အတိုင်းသာ ရှိနေကြောင်း၊ ဝယ်လိုအား များနေ ခြင်းကြောင့် ဆန်ဈေးနှုန်း မြင့်တက်သွားရခြင်း ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
ထို့နောက် ဆန်အဟောင်းဈေးနှုန်းများသည် အမြင့်ပိုင်းတွင် ရှိနေခြင်းကြောင့် ဆန်အသစ်များ လှိုင်လှိုင် ပေါ်လာ ချိန်တွင်လည်း ဆန်ဈေးနှုန်းသည် ယခုအတိုင်းသာ ဆက်လက်ရှိနေနိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရိုးရိုး ဧည့်မထဆန်တောင်မှ အဟောင်းတုန်းကလည်း ၇၀,၀၀၀၊ ၈၀,၀၀၀ ပဲ။ အခု အသစ်တွေ ပေါ်ပြန် တော့လည်း ဒီဆန်အဟောင်းဈေးက ဒီဟာပဲဆိုတော့ ဆန်အဟောင်း စားနေရင်းနဲ့ ဆန်အသစ်က ဟောင်းသွား တာပေါ့။ အဲဒီလိုဆိုတော့ အန်ကယ်ထင်ပါတယ် ဈေးက ဆန်ကြမ်းပေါ့ ဧည့်မထတောင်မှ ၇၀,၀၀၀၊ ၈၀,၀၀၀ ဖြစ်တဲ့အတွက် အချောဖြစ်တဲ့ ပေါ်ဆန်းက အဲဒီဝန်းကျင်ကနေပြီးတော့ မကျနိုင်လောက်တော့ဘူး။ ပစ္စည်းက လည်း နည်းနည်း ရှားသွားတာရယ်၊ ကျန်တဲ့ အခြေအနေ အရပ်ရပ်ပေါ့ကွာ” ဟု ပြောသည်။
မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း၏ နိုဝင်ဘာ ၂၀ ရက်နေ့ ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း တစ်အိတ် လျှင် ၁၂၀,၀၀၀ ကျပ်မှ ၁၂၅,၀၀၀ ကျပ်၊ ကျားပျံသစ် တစ်အိတ်လျှင် ၉၅,၀၀၀ မှ ၁၀၀,၀၀၀ ကျပ်နှင့် ရက် ၉၀ ဆန် တစ်အိတ်လျှင် ၇၂,၀၀၀ ကျပ်မှ ၇၅,၀၀၀ ကျပ် ဖြစ်ပေါ်နေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1047
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇
မွန်ပြည်နယ်မှ ထွက်ရှိသည့် အဆင့်မြင့်ဆားကြမ်းကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နိုင်ရန် နားလည်မှု စာချွန် လွှာ MOU လက်မှတ် ရေးထိုးထားပြီဖြစ်ကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
တောင်ကိုရီးယားနိုင်ငံ၏ ဆားလိုအပ်ချက်အရ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် တောင်ကိုးရီးယား နိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် MOU ရေးထိုးပြီး နှစ်နိုင်ငံကြား ဆားတင်ပို့နိုင်ရန် ဆောင်ရွက်ခဲ့သည်ဟု မွန်ပြည်နယ် ဆားကဏ္ဍ ကျွမ်းကျင်သူ ဦးခင်စိုးက CNI သတင်းဌာနသို့ ပြောသည်။
ဆားလုပ်ငန်းကိုတွေ့ရစဉ်
၎င်းက “ကိုရီးယားကို တင်ဖို့ဆိုတာ ကိုရီးယားက ကုမ္ပဏီပေါ့နော်၊ မွန်ပြည်နယ်မှာရှိတဲ့ ကျိုက်ထီးရိုး ကေဘယ်လ် ကားကုမ္ပဏီက ဥက္ကဋ္ဌကလေ သူကဖိတ်တာဗျ။ သူကနေပြီးတော့ ကိုရီးယားမှာဆိုလို့ရှိရင် ဆားတွေ အများကြီး တင်သွင်းနေရတယ်။ အဲဒီတော့ မွန်ပြည်နယ်မှာလည်း ဆားထွက်တယ်။ ဆားထွက်တော့ သူက ကိုရီးယားကို ပို့လို့ ရတယ်လို့ ချိတ်တဲ့အခါမှာ ဒီက ဆားအရည်အသွေးကို သူတို့ ကွင်းဆင်းစစ်တယ်။ ဆင်းစစ်ပြီးတော့ သူတို့ MOU ထိုးတယ်။ အဲဒီအဆင့်လောက်တော့ ကျနော်သိတယ်ဗျ” ဟု ပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် နှစ်စဉ် ဆားတန်ချိန် ၃ သန်းခန့် ထွက်ရှိသော်လည်း ဆားလိုအပ်ချက်သည် တန်ချိန် ၇ သန်းခန့် ဖြစ်ပေါ်နေကြောင်း သိရသည်။
မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားများကို တောင်ကိုရီးယား ဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် လိုအပ်သော စံချိန် စံညွှန်းအတိုင်းရရှိရန် ပြင်ဆင်မှုများ လုပ်ရမည် ဖြစ်သည်ဟု ဆားလုပ်ငန်းရှင်များက ပြောသည်။
တောင်ကိုရီးယားမှ လုပ်ငန်းရှင်များ မြန်မာ့ဆားလုပ်ငန်းကို တင်ပို့ရန်လေ့လာနေကြစဉ်
တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နိုင်ပါက ဆားတောင်သူများအတွက် ဈေးကွက်တစ်ခု ရရှိလာမည်ဖြစ်ပြီး တောင်သူများကလည်း ဆားများကို ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးအတိုင်း ရရှိရန် လုပ်ဆောင်လာကြမည် ဟု သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ကိုကျော်လွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “Export လုပ်နိုင်တယ်ဆိုတာ ကျနော်တို့အတွက် အခွင့်အလမ်းတစ်ခုပါ။ ကိုရီးယားဆိုတာကလည်း သူတို့ ဆားပမာဏ များများကြီး ကျနော်တို့ တင်ပို့တယ်ဆိုတာက သူတို့လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းတောင် ရှိမှာ မဟုတ်ပါဘူး သဘောကလေ။ သူတို့လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်း၊ ရာခိုင်းနှုန်း ၂၀ ကို သူတို့က တင်သွင်းချင်တယ်၊ မြန်မာပြည်နဲ့ ချိတ်ဆက်ချင်တယ်ဆိုတာက ကောင်းတဲ့လက္ခဏာပေါ့။ အဲဒီလို စိတ်ဝင်စားပြီ MOU ထိုးတယ်ဆိုရင် မွန်ပြည်နယ်မှာရှိတဲ့ ဆားတွေက ဒီလိုတင်ပို့လို့ရတယ်၊ ဈေးကောင်းလည်း အထိုက်အလျောက် ဈေးတည်ငြိမ် တယ်ပေါ့ဗျာ Export လုပ်တယ်ဆိုတာ မြန်မာပြည်ထဲမှာ လည်တာထက်စာရင် ပိုကောင်းတာပေါ့။ အဲဒီလို အနေ အထား ရပြီဆိုရင်တော့ မွန်ပြည်နယ်က ဆားတောင်သူတွေက Export လုပ်နိုင်လောက်တဲ့ အရည်အသွေးကို မြှင့်ပြီးတော့ Export လုပ်နိုင်တဲ့ အရည်အသွေးကို ရာခိုင်နှုန်း ၃၀ လောက်က လုပ်နေတယ်ဆိုပါတော့ ကျန်တဲ့သူ တွေက မြန်မာပြည်လောက်က ကွာလတီလောက်နဲ့ လုပ်နေကြတယ်လေ။ အဲဒီတော့ Export လုပ်နိုင်တဲ့ ကွာလတီက ဘယ်လိုဖြစ်တယ်၊ သူများလည်း Export လုပ်နေပြီဆိုရင် ကျနော်တို့က သူတို့ပြောလာတဲ့ အရည် အသွေး ရအောင်တော့ တောင်သူတွေ လုပ်လာမှာပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိတွင် မွန်ပြည်နယ် ဆားဈေးကွက်အတွင်း၌ ဆားတောင်သူများက သိုလှောင်ထားသည့် ဆားများကို ထုတ်ရောင်းလာနေကြခြင်းကြောင့် ဆားဈေးနှုန်းများ အနည်းငယ် ကျဆင်းမှု ဖြစ်ပေါ်နေပြီး ဆားကြမ်း တစ်ပိဿာလျှင်၂၀၀ ကျပ်ခန့် ဈေးနှုန်းရှိနေသည်။
မွန်ပြည်နယ်တွင် ဆားကွင်းဧကပေါင်း ၄၅၀၀ ကျော်မှ နှစ်စဉ်ဆားတန်ချိန် ၅ သောင်းကျော်ထွက်ရှိပြီး မွန်ပြည် နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 549
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များအားလုံး ပုံမှန်အတိုင်း လည်ပတ်နေပြီး အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူ ခြင်းများကို ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
ယခု လတ်တလောကာလတွင် အများပြည်သူ အကျိုးစီးပွား ပျက်စီးစေရန် မသမာသူ လူတစ်စုက လူမှုကွန် ယက် စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း ဗဟိုဘဏ်က ပြောသည်။
အဆိုပါ လူမှုကွန်ယက် စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိ အပ်ငွေ စာရင်းများမှ ငွေသား ထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တွေ့ရစဉ်
ဗဟိုဘဏ်က “ အလားတူ အချို့ ပုဂ္ဂလိက ဘဏ်များတွင် ဝန်ထမ်းများကို လစာများ ကြိုတင် ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းမှားများဖြစ်သည်”ဟု ပြောသည်။
ဘဏ်များရှိ အပ်ငွေ စာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူ အပ်နှံငွေစာရင်း အချက်အလက်များ ကို အဆင်ပြေ ချောမွေ့စွာ သိရှိနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိ မည်သည့် ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်း ဝန် ဆောင်မှုများ ရယူနိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီး ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဘဏ်များ၏ Customer များကလည်း ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်များထံမှ ရယူ ဆောင်ရွက် လျက်ရှိသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြောသည်။
ဘဏ်လုပ်ငန်းများလည်ပတ်နေသည်ကို တွေ့ရစဉ်
ကိုရန်နိုင်က “ မြန်မာနိုင်ငံမှာက သတင်းအမှား ခဏခဏဖြစ်နေတာပဲ ဘာမှမထူးဆန်းတော့ပါဘူး။ တိုင်းပြည် က သိပ်ပြီး တည်ငြိမ်မှုမရှိတော့ သတင်းအမှား ဖြန့်ပြီး စီးပွားရှာနေကြသလို ကိုယ်လိုအပ်ချက်ကို ဖြည့်စီးနိုင်ဖို့ လုပ်နေကြတာပါ။ အခုလည်း ဘဏ်တွေနဲ့ပတ်သက်ပြီး သတင်းအမှားတွေ ဖြန့်နေကြတာ။ ဘယ်သူပြောတာမှ မယုံဘဲ ကိုယ့်ဘာသာ အရင်ဦးဆုံး သတင်းကြားတာနဲ့ မြို့ထဲ ပတ်ကြည့်လိုက် ဟုတ်လား မဟုတ်ဘူး။ ကိုယ့်မှာ စဉ်းစားတွေးခေါ်နိုင်တဲ့ အသိပညာ ဗဟုသုတ ရှိနေတာပဲ ဒါက ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား။ ဘယ်လိုအနေအ ထားဆိုရင် ဖြစ်လာနိုင်တယ် ဘယ်လိုဆိုရင်တော့ မဖြစ်နိုင်ဘူး စဉ်းစားပြီးမှ လုပ်ပါ။ မြန်မာတွေက စကားကို ချဲ့ ကားပြီး ပြောတတ်တယ်။ ကိုယ်တိုင်လည်း မတွေ့မမြင်၊ မကြုံဖူးဘဲနဲ့လည်း သူများပြောတာနဲ့ ပြန်ပြန်လာပြီး ပြောနေကြတာ။ ဒါတွေကိုတော့ သတိထားစေချင်ပါတယ်။ အခု ဘဏ်တွေ ဖြစ်တယ်ဆိုလို့ ကျနော်လည်း ပတ် ကြည့်တာ ဘာမှမဖြစ်ဘူး ပုံမှန်အတိုင်းပဲ အေးအေးဆေးဆေး လည်ပတ်နေတာပဲ တွေ့ရတယ်”ဟု CNI သတင်း ဌာနသို့ ပြောသည်။
အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများ ဖြန့်ဝေသူများကို ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ ဖော်ထုတ် အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 411
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆
ရန်ကုန်သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီ Terminal များသို့ ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများ အဆက်အပြတ် ရောက်ရှိနေခြင်းကြောင့် နိုင်ငံတစ်ဝှမ်း စက်သုံးဆီများ အပြတ်အောင် ဖြန့်ဖြူးလျက်ရှိသည်ဟု နစက-က သတင်း ထုတ်ပြန်ခဲ့သည်။
သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal၊ Max Terminal၊ MMTM Terminal၊ Brighter Energy Terminal၊ PSW Terminal၊ Regency SPC Terminal များအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal တို့မှ နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အရောင်းဆိုင် ၁၈၇ ဆိုင်သို့ ဆီသယ်ယာဉ် ၃၆၇ စီးဖြင့် 92 Ron(၄ သိန်းကျော်)၊ 95 Ron (၂ သိန်း ၄ သောင်း ကျော်)၊ ဒီဇယ်ဆီ(၃ သိန်း ၂ သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ(၃ သိန်း ၅ သောင်းကျော်)တို့အား ဖြန့်ဖြူးပေးခဲ့ သည်။
ထို့နောက် နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီ အရောင်းဆိုင် ၂၁၇၈ ဆိုင်သို့ ဆီသယ်ာယဉ် ၉၂၈ စီးဖြင့် 92 Ron (၁ သန်း ၂ သိန်းကျော်)၊ 95 Ron (၂ သိန်း ၅ သောင်းကျော်)၊ ဒီဇယ်ဆီ(၇ သိန်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ(၁၀ သိန်းကျော်) အား သယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိသည်ဟု နစက-က သတင်း ထုတ်ပြန်ခဲ့သည်။
စက်သုံးဆီများကို ရောင်းချမပေးဘဲ ပြတ်လပ်ပြီးဟု ပြောဆိုသည့် ဆိုင်များကိုလည်း အရေးယူသွားမည် ဖြစ်ကြောင်း နစက-က ထုတ်ပြန်ထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 505
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲကြောင့် ကျောက်တော်နှင့် ပလက်ဝ ပြေးဆွဲနေသည့် ဇတ်ရေယာဉ် များ ရပ်နားသွားသည့်အတွက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လက်ရှိ၌ ဆန်ဝယ်ယူမရသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ်အတွင်းရှိ ကုန်းလမ်း၊ ရေလမ်းကြောင်းအားလုံးကို ရခိုင်ပြည်နယ် ကောင်စီက ပိတ်ပင်လိုက်ခြင်းကြောင့် ကျောက်တော်နှင့် ပလက်ဝသို့ တစ်ပတ်လျှင် ၂ ကြိမ် ပြေးဆွဲပေးနေသည့် ဇတ်ရေယာဉ်သည်လည်း ရပ်နားသွားရခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ အခြေခံစားသောက်ကုန်အပါအဝင် ဆေးဝါးနှင့် တခြားသော ကုန်စည် များကို အဓိက အားထားနေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အနေဖြင့် ဇတ်ရေယာဉ်များ ရပ်နားသွား ချိန်မှစတင်၍ ဆန်ဝယ်ယူမရသည့် အခြေအနေနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု ပလက်ဝဒေသခံ ဦးအောင်ဒင် က CNI သတင်းဌာနသို့ ပြောသည်။
ပလက်ဝနဲ့ ကျောက်တော် ရေလမ်းကြောင်းကို သွားလာရန် ပြင်ဆင်နေကြစဉ်
၎င်းက “ကျောက်တော်နဲ့ ပလက်ဝလည်း ပိတ်တယ်၊ ကျောက်တော်နဲ့ ရန်ကုန်၊ ကျောက်တော်နဲ့ စစ်တွေ ရေကြောင်းရော အကုန်ပိတ်တယ်။ ပလက်ဝက ဆန်ဝယ်လို့ မရတော့ဘူး။ ဆန်က မရှိဘူးလေ၊ ကုန်တင်ကုန်ချ မရှိတော့လေ။ အခုက အဓိကကတော့ ကျောက်တော်ဘက်ကနေ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ကတည်းက ကျောက်တော်ကနေ တင်ပြီးမှ စားသောက်နေရလို့ မနေ့ကအထိတောင်မှ ပိုက်ဆံရှိလို့တောင်မှ မြို့ပေါ်မှာ ဆန်က မရှိတော့တာ အင်္ဂါနေ့ကတည်းကနေ” ဟု ပြောသည်။
ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်း ရခိုင်ပြည်နယ်ကောင်စီက ဇတ်ရေယာဉ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တွင် တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဖြင့် အင်္ဂါနေ့နှင့် သောကြာနေ့၌ ပြေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။
ထိုရေလမ်းကြောင်း ပိတ်သွားခြင်းကြောင့် တခြားသော လမ်းကြောင်းများမှတဆင့် ကုန်စည်တင်ဆောင်၍ရသော် လည်း လက်ရှိတွင် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် တခြားသော လမ်းကြောင်းများမှလည်း အဆင်မပြေ ဖြစ်နေသည်ဟု သိရသည်။
ထို့အပြင် ပလက်ဝမြို့နယ်တွင် စိုက်ပျိုးထားသည့် တောင်ယာစပါးများသည်လည်း နယ်မြေတည်ငြိမ်မှု မရှိခြင်း ကြောင့် ရိတ်သိမ်းနိုင်ခြင်း မရှိကြောင်း၊ ထို့ကြောင့် ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်းကို မြန်ဆန်စွာ ဖွင့်လှစ်နိုင်ရန် မျှော်လင့်ကြောင်း ပလက်ဝဒေသခံ ဦးမောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။
ပလက်ဝမြို့ အ၀င်ကိုတွေ့ရစဉ်
၎င်းက “မြို့နယ်တွင်းမှာတော့ မဖူလုံတော့ ပခုက္ကူဘက်ကနေ မင်းတပ်၊ မင်းတပ်ကနေ မတူပီ၊ မတူပီကနေ ပလက်ဝဆိုတဲ့အခါမှာ တော်တော်ခရီးဝေးတယ်။ ဒါပေမယ့် အဲဒီဘက်ကလည်း အခု ပိတ်ထားပြီလေ။ အဲဒီလမ်း ကြောင်း နှစ်ကြောင်းပဲ ရှိတာလေ။ ကျောက်တော်လမ်းနဲ့ စမီး - မတူပီ လမ်းတစ်လမ်းပဲ ရှိတာကိုး။ နာဂလန်း ပြည်ဘက်ကနေ ဆင်းလာတာတော့ တချို့ ရှိတာပေါ့။ အဲဒီဘက်ကတော့ ပိတ်တော့ မပိတ်သေးဘူးထင်တယ်။ ဒါပေမယ့် ဟိုဘက်ကလည်း သိပ်ထွက်တာမှ မဟုတ်တာ။ ကျနော်တို့ ပလက်ဝအနေနဲ့ ဆိုလို့ရှိရင်တော့ လမ်းမြ န်မြန်ဖွင့်ဖို့ပဲ ဘယ်လိုနည်းနဲ့ လိုင်းပေါ်ကနေ အော်ပေးမလား အဲဒါတစ်ချက်ပဲ။ မဟုတ်ရင်တော့ ဒီနေ့နဲ့ မနက်ဖြန် ဆိုသလို အခက်အခဲက ကြုံနေပြီလေ။ အခုက တောင်ယာစပါး ဘာညာလည်း ရိတ်လို့မရတော့” ဟု ပြောသည်။
ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်း ဖွင့်လှစ်ချိန်တွင် ပလက်ဝ ဒေသခံများအနေဖြင့် ဆန်နှင့် တချို့သော ကုန်စည်များကို ပမာဏ အကန့်အသတ်ဖြင့်သာ သယ်ယူကြရကြောင်း၊ သယ်ယူရာတွင်လည်း သက်ဆိုင်ရာ ဌာန များ၏ ထောက်ခံချက်ပါရှိမှသာ အဆင်ပြေသည်ဟု သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 531
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆
လက်ရှိ မြန်မာနိုင်ငံတွင် နယ်မြေမတည်ငြိမ်မှုများ ပြန်လည်ဖြစ်ပွားနေ၍ တန်ဆောင်တိုင်ပိတ်ရက် ခရီးသွားလာ ရန် ဟိုတယ်ဘိုကင် လုပ်ထားမှုများကို ယခုရက်ပိုင်းအတွင်း ပယ်ဖျက်လာကြကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ဟိုတယ်ဘိုကင် ဖျက်သိမ်းလာကြသည့် ခရီးစဉ်ဒေသမှာ ကမ်းခြေဒေသများဖြစ်ပြီး အများစုသည် ငပလီ ကမ်းခြေ၌ ဟိုတယ်ဘိုကင် ယူထားကြသူများဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးနောင်းနောင်းဟန်က “ပထမတော့ ဒီရက်တွေကလေ တန်ဆောင်တိုင်ရက်တွေက အကုန်လုံးအခန်းတွေ ပြည့်နေတယ်ပေါ့လေ။ အခန်းတွေရော ဘိုကင်တွေရော အများကြီးရတယ်။ အခုနောက်ပိုင်းမှာတော့ ဒီရက်ထဲ မှာတော့ cancelation တွေ ဖြစ်တယ်လို့ ကြားပါတယ်။ ခရီးသည်တွေက ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ cancel လုပ်ကြတယ်ပေါ့နော်။ ငပလီဘက်တွေမှာ တော်တော်များများ cancel လုပ်သွားကြတယ်။ ဒီရက်ထဲမှာတော့ cancel လုပ်တာလေးတွေ တော်တော်များများ တွေ့နေရတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ မြန်မာလူမျိုးတွေက ဒီလိုပိတ်ရက်တွေဆိုရင် ကမ်းခြေဒေသတွေကို သွားလေ့ရှိတယ်လေ။ ဒီဟာတွေက ပုံမှန်အားဖြင့် ဆိုရင်တော့ ခရီးသည်တွေနဲ့ ပြည့်ပြီးတော့ ခရီးသွားလုပ်ငန်းမှာ အမြင့်ဆုံးအချိန်လို့ ပြောလို့ရပါတယ် ဒီနိုဝင်ဘာကလေ။ အခု လောလောဆယ်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ လုံခြုံရေးအခြေအနေတွေအရ ပြည်တွင်းခရီးသွားကိုပါ ထိခိုက်လာ မယ့် အခြေအနေမှာ ရှိနေပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကမ်းခြေဒေသ ခရီးသွားများကို တွေ့ရစဉ်
တန်ဆောင်တိုင် ပိတ်ရက်မတိုင်ခင် ရက်ပိုင်းအထိ နယ်မြေမတည်ငြိမ်မှုများ ဆက်လက် ရှိနေဦးမည်ဆိုပါက ဟိုတယ်ဘိုကင် လုပ်ထားမှုများနှင့် ခရီးစဉ်များအား ထပ်မံ ပယ်ဖျက်လာနိုင်ဖွယ်ရှိကြောင်းလည်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း လုပ်ကိုင်နေသူများက သုံးသပ်ကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA)တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသဖြင့် ကုန်းလမ်းများအား ပိတ်ဆို့ထားမှုကြောင့် ငပလီ ကမ်းခြေဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားများမှာ ပိတ်မိနေကြကြောင်း သံတွဲဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်၌ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လာပြီး နယ်မြေ မတည်ငြိမ်ပါက ငပလီကမ်းခြေဒေသ တွင် ယခုလအတွင်း ၁၀ ရက်တိုင် ကျင်းပပြုလုပ်သွားမည့် ဆောင်းဦးပွဲတော်ကိုလည်း ဖျက်သိမ်းနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောသည်။
သံတွဲဒေသခံတစ်ဦးက “ရခိုင်မှာလည်း စစ်ပွဲတွေက ဖြစ်နေကြတယ်လေ။ ဖြစ်တော့ လုံခြုံရေးအရ အဝင်၊ အထွက် တွေ ပိတ်ထားရတယ်။ မနက်ဖြန်တော့ ငပလီမှာ ပိတ်မိနေတဲ့ ဧည့်သည် ကားလေးတွေကို စာရင်း ကောက်နေ တယ်။ ကောက်ပြီးတော့ ပြန်လွှတ်ပေးဖို့တော့ သူတို့စီစဉ်နေတယ်။ အဝင်တော့ မရလောက်သေးဘူးထင်တယ်။ ဆောင်းဦးပွဲတော်ကလည်း ဖြစ်မလား၊ မဖြစ်မလား မပြောတတ်သေးဘူး။ လုံခြုံရေးတွေတော့ အရမ်းတိုးမြှင့် ထားတယ် ဒီဘက်မှာတော့။ လေကြောင်းလိုင်းရတယ်။ လေကြောင်းလိုင်း ဖွင့်ပေးထားတယ်။ လေယာဉ် လက်မှတ်တွေကလည်း သိသလောက်တော့ သံတွဲကနေ ရန်ကုန်ကို ဒီလ ၂၃ ရက်နေ့ လောက်အထိ ပြည့်နေပြီတဲ့ အဲဒီလိုကြားတယ်။ ရန်ကုန်ကနေ လာရင်တော့ ချောင်တယ်။ အပြန်တော့ သိပ်မချောင်ဘူး။ လေကြောင်းလိုင်းကို အသွားအပြန် ရအောင်ဖြတ်ထား” ဟု CNI သတင်းဌာနသို့ ပြောသည်။
Bagan ခရီးသွားများကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် ပွင့်လင်းခရီးသွားရာသီ၌ ခရီးသွားဝင်ရောက်မှု အရှိန်အနည်းငယ် တိုးတက်လာသော ကြောင့် ယခု ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပို၍ တိုးတက်လာမည့်ဟု ခရီးသွားလုပ်ငန်းရှင်များက ခန့်မှန်း ထားကြခြင်း ဖြစ်သည်။
သို့သော် လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲ အခြေအနေများအရ ဒေသတွင်း မတည်ငြိမ်မှုကြောင့် ယခုနှစ် ခရီးသွား ရာသီတွင် ပြည်တွင်း/ပြည်ပ ခရီးသွားလာမှုနှုန်းများ ထိုးကျသွားနိုင်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် တန်ဆောင်တိုင်ပိတ်ရက်တွင် ကမ်းခြေဒေသများနှင့် ပုဂံဒေသများထက် တောင်ကြီး တန်ဆောင်တိုင်သို့ ခရီးသွား ပိုမိုဝင်ရောက်နိုင်ဖွယ် ရှိကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 467
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ပျောက်ဆုံးသွားသည့် မြန်မာ အလုပ်သမား များအား သာမန် မြန်မာနိုင်ငံကူးလက်မှတ် (PJ) စာအုပ်များအား စိစစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။
၎င်းတို့အနေဖြင့် CI စာအုပ်မိတ္တူ၊ ထိုင်းရှိ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ CI ပျောက်ဆုံးကြောင်း ထောက်ခံစာနှင့် အဆိုပါထောက်ခံစာအား အင်္ဂလိပ်ဘာသာ ပြန်ဆိုချက်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ CI ပျောက်ဆုံးကြောင်း ထောက်ခံစာမူရင်း၊ Work Permit၊ နိုင်ငံသားစိစစ်ရေးကတ်(မူရင်း)နှင့် အိမ်ထောင်စုစာရင်း မိတ္တူ စသည့် စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရမည်ဖြစ်သည်။
ယခုကဲ့သို့ CI စာအုပ်ပျောက်ဆုံးသူများအား နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းသည် ကောင်းမွန်သော်လည်း ၎င်းစာရွက်စာတမ်းအလုံးစုံပါရှိမှသာ လျှောက်ထားနိုင်မည်ဆိုသည့်အချက်မှာ လွဲမှားနေကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ထောက်ပြကြသည်။
မဟာချိုင်မှ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်ရုံး
ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “CI စာအုပ် မိတ္တူရှိရမယ်ဆိုတာမှာတင် လွဲနေပြီ။ CI စာအုပ်မိတ္တူမရှိရင်တောင်မှ CI နံပါတ် work permit စာရွက်ထဲမှာ ရှိတယ်။ ပျောက်သွားတယ် ဆိုကတည်းက အကုန်လုံးလည်း တစ်ခါတည်း ပျောက်သွားနိုင်တယ်လေနော်။ မိတ္တူရှိကောင်းလည်း ရှိလိမ့်မယ် ပေါ့။ မိတ္တူမရှိရင်ရော ဘာမှမရှိရင်ရော အဝတ်အစားကျောပိုးအိတ် တစ်လုံးလုံး ပျောက်သွားရင်ရော CI စာအုပ်ရဲ့ ကိုယ်စား နိုင်ငံကူးလက်မှတ် ပတ်စပို့ မရတော့ဘူးလားပေါ့ မေးခွန်းထုတ်ရမှာလေ။ ဒီအထောက်အထားတွေ အားလုံးရှိတဲ့အပြင်ကို သံရုံးထောက်ခံစာ ယူရမယ်ဆိုရင် အဲဒီစာအုပ်ထုတ်ပေးတာက သံရုံးကပဲဖြစ်တဲ့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဖောင်တစ်ခုအဖြစ်နဲ့ ထောက်ခံစာကို စာအုပ်သွားထုတ်တဲ့အခါကြမှ တစ်ချိန် တည်းရိုက်နှိပ်ပြီးမှ ထုတ်ပေးရင်ရော ပိုမလွယ်ကူလှဘူးပေါ့။ work permit ရုံးမှာတောင်မှ ဘာတစ်ခုမှမပါဘဲနဲ့ နာမည်တွေ၊ အလုပ်ရှင် သူဌေးနာမည် ပြောလိုက်တာနဲ့ ဒီအလုပ်သမားတစ်ယောက်ရဲ့ အချက်အလက်ဒေတာက BOE မှာလုံးဝရှိတယ်။ အကုန်လုံးရှိတယ်” ဟု ၎င်းက ပြောသည်။
CI စာအုပ်ပျောက်ဆုံးသွားသည့် မြန်မာအလုပ်သမားများ အခက်အခဲမဖြစ်ပေါ်စေရေးနှင့် အထောက်အထား ခိုင်လုံစွာဖြင့် နေထိုင်အလုပ်လုပ်ကိုင်နိုင်စေရေးအတွက် နိုဝင်ဘာ ၁၄ ရက်နေ့မှစတင်ကာ မဟာချိုင်မြို့ရှိ သာမန် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက်ကောက်ယူရေးစင်တာရုံးသို့ လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
၎င်း နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်မည့်အရေး လိုအပ်သည့်စာရွက်စာတမ်းများ စုံလင်အောင် ဦးစွာ လုပ်ဆောင်ရမည်ဖြစ်သဖြင့် ထိုင်းနိုင်ငံရှိ နယ်ဒေသများမှ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အခက်အခဲ ဖြစ်စေကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံရှိ အလုပ်သမားရုံးဌာနတစ်ခုမြင်ကွင်း
ယခင်က CI စာအုပ်ပျောက်ဆုံးပါက CI စာအုပ်အသစ် ထပ်မံထုတ်ပေးခြင်းဖြစ်သော်လည်း ယခုအခါတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းဖြစ်သည့်အတွက် ကုန်ကျစရိတ်မှာ ပို၍များသွားနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
“အရင်ထက်ပိုများတယ်ဆိုတာက CI နဲ့ ပတ်စပို့ဆိုကတည်းက ကုန်ကျစရိတ်က မတူတော့ဘူး။ ပြီးတော့ ထောက်ခံစာ ၂ ခုပေါ့။ အဲဒီ ၂ ခုကလည်း notary ပြန်ရမယ့်ဟာနဲ့က အဲဒါကလည်း ပိုကုန်မယ့်ဟာပဲပေါ့။ များသောအားဖြင့်ကတော့ ပျောက်တယ်ဆိုရင် နယ်ကလူတွေက အဓိကအားဖြင့် ဒုက္ခရောက်တာပေါ့။ ဘာလို့လဲဆိုတော့ သူတို့က သံရုံးကိုသွားရမယ်၊ ထောက်ခံစာလုပ်ရမယ် အဲဒါတွေက သံအရာရှိတွေကလည်း နယ်ထဲမှာ ရှိတာမဟုတ်တဲ့အခါကြတော့ လုပ်ရတာခက်တယ်လေ။ အဲဒီအခါကြတော့ အထောက်အထား ပျောက်ပြီဆိုရင် ရဲစခန်းတိုင်ချက်ဖွင့်တယ်။ အချို့တွေဆို မိတ္တူမကျန်တဲ့သူတွေဆိုရင် အခက်အခဲဖြစ်တယ်။ လိုအပ်တဲ့အထောက်အထားတွေလုပ်ဖို့ကိစ္စက အခက်အခဲကတော့ ရှိဦးမှာပဲ” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ အထောက်အထားစာအုပ်များ၊ စာရွက်စာတမ်း လက်မှတ်များအား မပျောက်အောင် သေချာဂရုစိုက်ကြရန် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် သူများက အကြံပြုသည်။
ထို့အပြင် ယခုကဲ့သို့ CI စာအုပ်ပျောက်ဆုံးသူများ နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်ရန် လိုအပ်သည့် စာရွက် စာတမ်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ သံရုံးနှင့် သံအရာရှိတို့မှ ပြန်လည်စဉ်းစားသင့်ကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 591
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ မြို့နယ်များတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား နေ၍ ရခိုင် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ရပ်တန့်သွားကြောင်း ကုန်သည်များထံမှ သိရသည်။
အဆိုပါ တိုက်ပွဲကြောင့် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်၍ ရခိုင်ပြည်နယ်ရှိ ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ပိတ်လိုက်ကြောင်း ရခိုင်ပြည်နယ်ကောင်စီမှ ထုတ်ပြန်လိုက်သည်။
ကုန်သွယ်ရေး ရပ်တန့်သွားခြင်းကြောင့် စစ်တွေဆိပ်ကမ်းနှင့် လမ်းတစ်ဝက်တွင် ရောက်ရှိနေကြသည့် ပုပ်သိုး လွယ်သော ရေချိုငါးမြစ်ချင်း၊ ဂျင်းနှင့် ကြက်သွန်များ ပျက်စီးမှုများ ကြုံတွေ့နေရသည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း AA နဲ့ တပ်မတော် တိုက်ပွဲမှာ AA က သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများကို တွေ့ရစဉ်
၎င်းက “ကုန်းလမ်း၊ ရေလမ်း အကုန်ပိတ်ထားတော့ သွားလို့မရဘူး ဖြစ်နေတာပေါ့။ ကုန်းလမ်း၊ ရေလမ်း ပိတ်ထား တယ်ဆိုတော့ ဘာမှ လုပ်လို့ မရဘူး။ အဓိကကတော့ ပုပ်သိုးလွယ်တဲ့ ပစ္စည်းတွေ ပျက်စီးတယ်။ ကုန်စိမ်းတွေဖြစ် တဲ့ ငါးတို့၊ ဂျင်းတို့၊ ကြက်သွန်တို့ ပျက်စီးပါပြီ။
ကုန်သွယ်ရေးကတော့ တိုက်ပွဲဖြစ်နေပြီဆိုမှတော့ တခြားနယ်စပ် ဂိတ်တွေမှာ စစ်တွေလိုမျိုး ကားလမ်းတွေ ပိတ်လိုက်ပြီဆိုရင်လည်း စီးပွားရေးက ထိခိုက်မှု ပိုကျပ်တည်းတာပေါ့ နော်။ ဒီဘက်မှာကျတော့ ကုန်းလမ်း၊ ရေလမ်းပိတ်ပြီးတော့ တိုက်ပွဲတွေ ဖြစ်ကြတာဆိုတော့ သက်ဆိုင်တဲ့ သူတွေ ကနေပြီးတော့ အာဏာပိုင် အဖွဲ့အစည်းတွေကနေပြီးတော့ ဖွင့်ပေးမှပဲ သွားလို့ရမှာပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ချင်း၊ ရွာချင်းဆက် လမ်းကြောင်းများအားလုံးကို ပိတ်ပင်ထားသည့်အပြင် ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးဘက်မှ ရခိုင်ပြည်နယ်သို့လာသည့် ဝင်ပေါက်များ အားလုံးကို လည်း ပိတ်ထားကြောင်း သိရသည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန်အတွက် စစ်တွေသို့ ရောက်ရှိနေသည့် ရေချိုငါးမြစ်ချင်းများသည် လက်ရှိတွင် အအေးခန်းတွင် ထိန်းသိမ်းရန်အတွက် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့ကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများကို လျင်မြန်စွာ ပြန်လည်ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် သို့ ရေထွက်ကုန် တင်ပို့နေသည့် ကုန်သည် ဦးမောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်
၎င်းက “ဖွင့်တဲ့အချိန်က မြန်ဖို့ လိုတာပေါ့။ ကြာရင် ရောက်နေတဲ့ ငါးတွေက ၂ ရက်ရှိပြီဆိုတော့ အဲဒီ ငါးတွေက ကျတော့ ရေချိုငါးတွေကကျတော့ အအေးခန်းထဲမှာ ကြာကြာ မသိမ်းထားနိုင်ဘူးလေ။ သူတို့မှာ စက်သုံးဆီလည်း ပြတ်ပြီဆိုရင် သူတို့ အအေးမခဲနိုင်တော့ဘူး၊ ပျက်စီးသွားပါပြီ။ ဒီလောက်အများကြီးကိုတော့ ဝယ်မယ့်သူလည်း ရှိမှာ မဟုတ်ပါဘူး။ တချို့ဟာတွေက လမ်းကြောထဲမှာ ရှိနေတဲ့ဟာတွေ ရှိသလို၊ စစ်တွေကို လက်ရှိမှာ ရောက်နေ တဲ့ ငါးကားတွေကလည်း ကားတစ်စီးစာတောင် ရောင်းလို့ရမှာ မဟုတ်ဘူး။ အဲဒီငါးတွေက ဒီဒေသမှာ စားသုံးတဲ့ ငါးတွေလည်း မဟုတ်ဘူးလေ” ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကုန်းလမ်း၊ ရေလမ်းကြောင်းများကို ပိတ်ထားခြင်းကြောင့် စစ်တွေနယ်စပ် ကုန်သွယ်ရေး ထိခိုက်မှုသည် မောင်တောနယ်စပ်ကုန်သွယ်ရေးထက် ပို၍များပြားကြောင်း ကုန်သည်များက ပြော သည်။
မောင်တောနယ်စပ် ကုန်သွယ်ရေးမှတဆင့် ရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်များကို တင်ပို့ခွင့် ကန့်သတ်ထား ခြင်းကြောင့် ပြီးခဲ့သည့် လမှစတင်၍ မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်မှု မရှိသလောက် နည်းပါး လျက်ရှိနေသည့် အနေအထား ဖြစ်သည်ဟု မောင်တောကုန်သည်များထံမှ သိရသည်။
ကုန်စည်စီးဆင်းမှု လမ်းကြောင်း ပိတ်ပင်ခြင်း ကြာမြင့်လာမည်ဆိုပါက ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ကုန်စည်ပြတ်လပ်ခြင်းများ ကြုံတွေ့လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 518
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄
ယခုနှစ် ဆားထုတ်လုပ်ရာသီအတွက် မွန်ပြည်နယ်တွင် ဧက ၂၀၀ ခန့် ဆားပိုမို ထုတ်လုပ်ရန်အတွက် မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနမှ လျာထားသော်လည်း တချို့သော ဆားတောင်သူများတွင် ဧက တိုးချဲ့ရန်အတွက် အခက်အခဲ ရှိနေကြောင်း သိရသည်။
စက်သုံးဆီဈေးနှုန်း ကျဆင်းမှု မရှိခြင်း၊ တခြားသော ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ဆားလုပ်သား ရှားပါး နေခြင်းတို့ကြောင့် ဆားထုတ်လုပ်သည့် ဧကတိုးချဲ့ရန် အဆင်မပြေ ဖြစ်နေသည်ဟု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နယ်မှ ဆားတောင်သူ ဦးလှတင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အပေါ်ကလူတွေကတော့ တစ်နှစ်ထက် တစ်နှစ်ကို လျာထားချက်က ပိုပြီးတော့ ပြပေးနေရတယ်လေ။ ပြပေးနေရတော့ တချို့ဖိုတွေက တိုးချဲ့လို့ရတဲ့ ဖိုတွေက တိုးချဲ့တာပေါ့။ ကျနော်တို့မှာက ဧက မတိုးဘူး။ တချို့ ကွင်းတွေကျတော့ ဧက တိုးတယ်လေ။ ကျနော်တို့ကွင်းတွေမှာက မတိုးဘူး၊ ပုံမှန်အတိုင်းပဲ ပြန်လုပ်တယ်ပေါ့။ စက်သုံးဆီတို့ ဘာတို့က ဈေးမကျဘူး။ ကျနော်တို့ အဲဒါတွေလည်း အခက်အခဲ ရှိတယ်ပေါ့။ အလုပ်သမားတွေ ကိစ္စနဲ့ စက်သုံးဆီလေ။ ကုန်ဈေးနှုန်းတွေကလည်း အကျမရှိဘူး။ တက်တာတွေပဲ ဖြစ်နေတော့ ကျနော်တို့ အဲဒီမှာ နည်းနည်း အခက်အခဲ ရှိတာပေါ့။ ဒီနှစ်က ရာသီဥတု ဝါထပ်ထားတယ်ဆိုလို့ရှိရင်တော့ မိုးနောက်ကျရင်တော့ အဆင်ပြေမယ် ထင်တာပေါ့” ဟု ပြောသည်။
ဆားတောင်သူများကိုတွေ့ရစဉ်
ယခုနှစ် ဆားရာသီအတွက် လက်ရှိတွင် ဆားကွင်းများကို စတင်ပြုပြင်နေကြပြီ ဖြစ်ကြောင်း၊ လာမည့်လာတွင် ဆားများကို စတင်ထုတ်လုပ်ကြတော့မည်ဟု သိရသည်။
လက်ရှိတွင် မိုးတွင်းက လှောင်ထားသည့် ဆားများကို ဆားတောင်သူများမှ ထုတ်ရောင်းနေကြပြီဖြစ်သည့်အတွက် ဈေးကွက်အတွင်းမှာ ဈေးနှုန်းကျဆင်းမှုများရှိနေသည်ဟု ဆားလုပ်ငန်း လုပ်ကိုင်သူ ကိုကျော်လွင်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဆားမရှိလို့ တစ်မိုးတွင်းလုံး ထုတ်ရောင်းနေတော့ ဆားဈေးက ပထမတော့ ၂၀၀ လောက် ရှိတာပေါ့။ အဲဒီကနေ ပြန်ကျတော့ အခုဆို ၁၈၀ လောက်ပဲ ရှိတော့တယ်။ ကျနော်တို့ဆားက အခုကတော့လေ လုပ်ငန်းတွေ စလုပ်ကြတော့ သူလည်းထုတ်ရောင်း၊ ငါလည်း ထုတ်ရောင်ဆိုတော့ ဆားဈေးက ပြုတ်ကျသွားတာ ပေါ့။ လာမယ့်နှစ်ကျလို့ရှိရင် ဆားအသစ်ပေါ်တာနဲ့ ဈေးကကျမှာပဲ။ ဆားဈေးလည်းကျမယ်၊ အလုပ်သမားလည်း အခက်အခဲ ရှိတယ်၊ ကုန်ကျစရိတ်လည်း များတယ်။ အဲဒါကြောင့် ကျနော်တို့ ဆားသမားတွေက သိပ်မျှော်လင့် ချက်တော့ မထားဘူးပေါ့။ ကျနော်တို့က မလုပ်လို့လည်း မရဘူးဆိုတော့ ကိုယ့်လုပ်ငန်းကို ဒီအတိုင်း ပစ်ထားလို့ရှိ ရင် ကွင်းတွေ ပျက်မှာကြောက်လို့ ကျနော်တို့ လုပ်နေရတာပေါ့လေ” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်များက မွန်ပြည်နယ်အတွင်းရှိ ဆားတောင်သူများကို နိုင်ငံတော်မှ ချေးငွေထုတ်ချေးပေးခြင်း မရှိသော်လည်း ယခုနှစ်တွင် ဆားဖိုတစ်ဖိုလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ထုတ်ချေးပေးနေကြောင်း သိရသည်။
ဆားတောင်သူများကိုတွေ့ရစဉ်
သို့သော်လည်း ထိုချေးငွေကို တစ်နှစ်အတွင်း ပြန်ဆပ်ကြရမည်ဖြစ်၍ ဆားတောင်သူများအတွက် အခက်တွေ့နေ ကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ဦးလှတင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံတော်က ချေးငွေကျတော့လေ သူက တစ်နှစ်ပဲ သူကချေးတယ်ဆိုတော့ ကျနော်တို့ ဆားတောင်သူ တွေ ဘာမှလုပ်လို့ မမှီဘူး။ ဟိုလှည့်ဒီလှည့်နဲ့ပဲ ပြန်သွင်းရပြန်ရော၊ ပြန်သွင်းပြီးမှပဲ ပြန်ထုတ်ပေးမယ်လို့ ပြောတယ်ပေါ့လေ။ တချို့တောင်သူတွေက ငွေရေးကြေးရေး အခက်အခဲ ရှိတာတို့၊ တချို့တွေက ဆားဈေးနှုန်း တွေ ထပ်ကျမှာကြောက်လို့ တချို့တွေက စိုင်းပြင်နေကြတာပေါ့။ ထုတ်လို့ရှိရင် ကောင်းမလား မကောင်းဘူးလား ဆိုတာ ဖြစ်နေကြတယ်။ အဲဒါကြောင့် ကျနော်တို့တွေက ဆားတောင်သူတွေက ပေးသာပေး မရဆိုသလိုပဲ အဲဒီလို မျိုးပဲ စကားပုံအတိုင်း ဖြစ်နေတာပေါ့။ တစ်နှစ်ပဲဆိုတော့ ကျနော်တို့ ပေးတယ်လေ၊ နာမည်တော့ ထွက်တာပေါ့ ပေးတယ်ဆိုတာ၊ ချေးပေးတယ်။ ဒါပေမယ့် ကျနော်တို့ တစ်နှစ်အတွင်း ပြန်ဆပ်ရမယ်ဆိုတော့ ဆားတောင်သူတွေ အနေနဲ့ အတော်လေး ရင်လေးစရာ ဖြစ်တာပေါ့” ဟု ပြောသည်။
မွန်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်၌ ဆားလုပ်ကွက်ပေါင်း ၉၀ ကျော်ရှိပြီး ဧက ၄၀၀၀ ကျော် ဆားထုတ်လုပ်ခဲ့သည်။
ယခုနှစ်တွင် ဆားထုတ်လုပ်နိုင်မှုသည် ဧက ၂၀၀ နီးပါး ပိုမို ထုတ်လုပ်နိုင်ရန်အတွက် မွန်ပြည်နယ် ဆားလုပ်ငန်း ဦးစီးဌာနမှ လျာထားသည်ကို တွေ့ရသည်။
မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားများကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အသုံးပြုကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 557
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄
စစ်အုပ်ချုပ်ရေး(မာရှယ်လော)အဖြစ် ကြေညာထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တစ်ခါသုံးကဒ်(TBP)နှင့် စာအုပ်အနီတို့ဖြင့် တရုတ်သို့ ဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း မူဆယ်ရှိ လူမှုကူညီရေးအသင်းများက CNI သတင်းဌာနသို့ ပြောသည်။
စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည့်အတွက် ညဘက် အပြင်သိပ်မထွက်ကြသော်လည်း နေ့ခင်းဘက်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြဆဲဖြစ်ပြီး တစ်ခါသုံးကဒ်(TBP) တိုကင်လာရောက်ထုတ်ယူကြသူများမှာ တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၆၀၀ ခန့် ရှိနေသေးကြောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးဌေးက CNI သတင်းဌာနသို့ ပြောသည်။
“သူက တရုတ်ပြည်ထဲသွားတယ်။ သွားပြီး ပြန်ထွက်လာတဲ့သူတွေလောက်ပဲ ပြန်တန်းစီနေတာ။ ပြည်မထဲ ကတော့ လာတဲ့သူတွေ မရှိတော့ဘူးလေ။ တစ်နယ်လုံးဖြစ်နေတာဆိုတော့ စိုးရိမ်မှုကတော့ ရှိတာပေါ့။ အခု နေကတော့ မဖြစ်သေးတဲ့အတွက် ဖြစ်လာရင် ဘာလုပ်ရမလဲဆိုပြီး တွေးပူတာပေါ့။ မဖြစ်သေးတဲ့သူတွေကတော့ ပိုပြီးတော့ စိုးရိမ်ပူပန်မှုများတာပေါ့။ TBP တိုကင်က ၁၅ ရက်နေ့အထိ ပေးပြီးသား။ ဒါကြောင့် မနက်ဖြန်ဆိုရင် ပြည့်သွားပြီဖြစ်တဲ့အတွက် ဒီနေ့ကို မနက် ၆ နာရီကတည်းက အသင့်လုပ်တယ်။ ၇ နာရီမှာ အများပြည်သူကို စပေးနေပြီ။ ဒီနေ့မနက် နန်းတော်ပေါက်မှာ ပေးနေပါတယ်။ TBP ကတော့ ၆ ညအိပ် ၇ ရက် တစ်ခါသုံးပေါ့။ သူကထွက်လာပြီးရင် ဒီစာရွက်ကပြန်တန်းစီရတာပေါ့။ စာအုပ်အနီက တစ်နှစ်သက်တမ်း ရှိတယ်။ တစ်နှစ် အတွင်းမှာ ကြိုက်တဲ့အချိန်ဝင် ကြိုက်တဲ့အချိန်ထွက်။ အသစ်သက်တမ်းတိုးစရာမလိုဘူးပေါ့။ အဓိကကတော့ စာအုပ်အနီကို လူတိုင်းလိုချင်တာပေါ့။ စာအုပ်အနီကတော့ နှစ်နိုင်ငံ လက်မှတ်ထိုးထားတာ ရှိတယ်။ ဟိုးအရင် ဦးသန်းရွှေလက်ထက်ကတည်းကနေ နှစ်နိုင်ငံက မူဆယ်ဒေသခံတွေကိုပဲပေးမယ်။ ဟိုဘက်ကလည်း ရွှေလီ ဒေသခံတွေကိုပဲ ထုတ်ပေးရမယ်ဆိုတဲ့ MOU ထိုးထားတာရှိတာပေါ့” ဟု ၎င်းက ပြောသည်။
TBP တိုကင်လာရောက်ထုတ်ယူသူများ
TBP တိုကင်များအား လာရောက်ထုတ်ယူသူမှန်သမျှအား ထုတ်ပေးနေခြင်းဖြစ်သည့်အတွက် လာရောက် ထုတ်ယူသည့် လူဦးရေအပေါ်မူတည်ကာ ရက်ထပ်မံတိုး၍ ပေးသွားမှာဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် မူဆယ်၌ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလိုက်သည့်အတွက် ကုန်ဈေးနှုန်းများ သိသိသာသာ ထပ်မံတိုးမြင့်သွားခြင်းမျိုးမရှိဘဲ ရှမ်းမြောက်တိုက်ပွဲ စတင်ဖြစ်ပွားချိန်က တိုးမြင့်လာသည့် ကုန်ဈေးနှုန်း အတိုင်းသာ ဖြစ်နေသေးကြောင်းလည်း မူဆယ်ရှိ လူမှုကူညီရေးအသင်းများက CNI သတင်းဌာနသို့ ပြောသည်။
သို့သော် ပရဟိတလုပ်ငန်းများဆောင်ရွက်ရန် သွားလာရာတွင် အဟန့်အတား အခက်အခဲဖြစ်စေကြောင်းနှင့် ဆက်သွယ်ရေးလိုင်းများ မကောင်းသေးသဖြင့် အကူအညီလိုအပ်သူများရှိပါက ဆက်သွယ်နိုင်ရန်မှာ ခက်ခဲ ကြောင်း ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေသည့် နှလုံးလှ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အဝေးလမ်းကြောင်းတွေလောက်ပဲ အတားအဆီး အစစ်အဆေးရှိတာ။ များတယ် တောထဲကအဖွဲ့တွေလည်း စစ်တယ်။ စစ်တပ်ကလည်း စစ်တယ်။ အဝေးက အခုဟာကတော့ ကွတ်ခိုင်လောက်အထိပဲ သွားလို့ရတယ်။ ကွတ်ခိုင်ကျော်ပြီး သွားလို့မရဘူး။ မူဆယ်ကနေ ကွတ်ခိုင်အထိ။ ဒီဘက်မှာက ဖုန်းလိုင်းလုံးဝမကောင်းဘူး။ MPT နဲ့ Mytel က တစ်လှည့်စီဖြစ်နေတာ လာလိုက်၊ မလာလိုက် အဲဒီလိုမျိုး။ တစ်ခါတစ်လေလည်း နှစ်လိုင်းလုံး ပျောက်သွားတယ်။ တယ်လီနောတို့ဘာတို့ကတော့ မရဘူးပေါ့။ အခုကတော့ အင်တာနက်ကတော့ ရနေပြီ။ ပြန်ရတယ်။ ရလိုက်၊ မရလိုက်ပါပဲ။ ဒါပေမယ့် Wifi ရှိတယ်လေ” ဟု ၎င်းက ပြောသည်။
ရက်သတ္တပတ် ၂ ပတ်ခန့်အကြာအထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား မြို့နယ် ၈ မြို့နယ်ကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါမြို့နယ်များမှာ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ ကွမ်းလုံ၊ ကုန်းကြမ်းနှင့် လောက်ကိုင် စသည့် ၈ မြို့နယ်တို့ ဖြစ်ကြသည်။