CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ်ပေးမည်ဟု နစက-က ပြောလာခြင်းကြောင့် ရုရှား တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံးကို အကာအကွယ်ပေးသင့်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများအား မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်စွာ အကာအကွယ်ပေးနိုင်မှာ သေချာ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မော်စကိုမြို့၌ ကျင်းပသည့် စတုတ္ထအကြိမ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။
ထိုသို့ ပြောဆိုမှုသည် စီးပွားရေးအရ လာရောက်ရင်းနှီးမြှုပ်နှံရန် အပြုသဘောဆောင် ပြောဆိုမှုဖြစ်သော်လည်း ရုရှားရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံးကို နိုင်ငံတော်အနေဖြင့် အကာအကွယ် ပေးသင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ကတော့ ဒါကတော့ ရုရှားကို Investor အနေနဲ့ သူတို့က အများကြီး မျှော်လင့်ပြီးခေါ်တာပေါ့။ ရုရှား တင် မဟုတ်ပါဘူး အားလုံး နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးသင့်တာပေါ့။ ရုရှားတစ်ခုတည်း အဲဒီလိုကြီးလုပ်လို့ သိပ်အဆင်ပြေမှာ မဟုတ်ဘူး။ အားလုံးလာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုတော့ ကာကွယ် ပေးရမှာ တိုင်းပြည်ရဲ့ တာဝန်ပဲလေ။ သူကတော့ စွမ်းအင်ကဏ္ဍလောက်မှာပဲ ရင်းနှီးမြှုပ်နှံနိုင်မှာပါ။ ကျန်တဲ့ကဏ္ဍ တွေအတွက် ဒီလောက်ကြီး ရင်းနှီးမြှုပ်နှံမယ်လို့ သိပ်မမျှော်လင့်ပါဘူး။ အရမ်းလည်း မမျှော်ပါဘူး။ တကယ် မျှော်လင့်တာကတော့ တရုတ်နဲ့စာချုပ်ချုပ်ထားတဲ့(၂၀၂၀ ခုနှစ်က) ၃၃ ခုနဲ့ချုပ်ထားတဲ့ စာချုပ်တွေရဲ့ တန်ဖိုးကို တော့ ပိုမျှော်လင့်တယ် ရုရှားထက်စာရင်။ ဥပဒေအရ အကာအကွယ်ပေးနိုင်တာနဲ့ လုပ်ပိုင်ခွင့်နဲ့ အကာအကွယ် ပေးတာ ၂ ခုတော့ ကွဲတာပေါ့။ အခုချိန်ကတော့ ရင်းနှီးမြှုပ်နှံမှုကတော့ ရှင်းရှင်းပြောရရင် ဗဟိုဘဏ်ရဲ့ regulation တွေ၊ သူ့ရဲ့ ROI နဲ့ တွက်ရမယ့်ဟာတွေအတွက် ကိုယ်ပြန်ပို့နိုင်တဲ့ ကိစ္စတွေကအစပေါ့ တိတိကျကျ အာမခံချက်ရှိရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်လက် တည်မြဲမယ်လို့ပဲ ခန့်မှန်းပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံတကာဈေးကွက်ရှိသော လုပ်ငန်းများ၊ ထုတ်ကုန် များဖြစ်ကြပြီး မြန်မာတွင်ထုတ်လုပ်ကာ နိုင်ငံတကာသို့ ပြန်တင်ပို့ကြခြင်း ဖြစ်သည်။
အထည်ချုပ်လုပ်ငန်းကို တွေ့ရစဉ်
ထိုထဲကမှ မြန်မာသို့ အဓိက လာရောက်ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းများမှာ နိုင်ငံတကာအဝတ်အထည် အမှတ် တံဆိပ်များဖြစ်ကြပြီး ၈၀ ခုထက်မနည်း ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ လက်ရှိအထိ အမှတ်တံဆိပ် ၁၂ ခုမှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သည်။
အဆိုပါ လုပ်ငန်း ၁၂ ခုသည် ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ အိုင်ယာလန်၊ ဆွီဒင်၊ စပိန်၊ ဂျပန်နှင့် ဩစတြီးယားနိုင်ငံတို့မှ ဖြစ်ကြသည်။
ထို့ကြောင့် အသစ်ဝင်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်သကဲ့သို့ ပြည်တွင်း၌ရှိနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထွက်မသွားရန်၊ ပြည်တွင်းလုပ်ငန်းများလည်း ရပ်တန့်မသွားစေရန် လုပ်ဆောင်ရမည်ဟု စီးပွား ရေးနှင့် ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ပကိုတောင် အကာအကွယ်ပေးနေတယ်။ ပြည်တွင်းကိုလည်း ပိုပြီးလုပ်သာကိုင်သာအောင် လုပ်ပေး ရမယ်ဆိုတဲ့ ပရိုဂရမ်မျိုးကလည်း ရှိကိုရှိရတော့မှာပေါ့လေ။ ရုရှားက International Economic Environment ဘယ်အဆင့်ရှိလဲ ကြည့်ရမှာပေါ့။ နံပါတ်တစ်အချက်က တကယ်လို့လာမယ်လုပ်ရင် အရင်ဆုံး ရုရှား brand ပေါ့ အဝတ်အထည်ပေါ့။ TV၊ Radio၊ အီလက်ထရောနစ်၊ ဒီကိုလာတာက World Level ပေါ့၊ များသောအားဖြင့် ဒီမှာ ထုတ်မယ်၊ ပြန်ပို့မယ်၊ နိုင်ငံခြားဈေးကွက်မှာ ရောင်းမယ်။ ဒီလိုမှပဲ အကျိုးအမြတ်က ဖြစ်နိုင်တာကို။ ပြည်တွင်း ဈေးကွက် ရောင်းမယ်ဆို ပြည်တွင်း Demand ကလည်း စဉ်းစားကြည့်ရင်တောင် သိပါတယ်။ World မှာ market ရှိပြီးသားကုမ္ပဏီတွေမှပဲ လုပ်နိုင်တာလေ။ အဲဒီတော့ ရုရှားပစ္စည်းက ကမ္ဘာ့ Level မှာ သေသေချာချာ ထိုးဖောက် ထားတဲ့ဟာက အမှန်အတိုင်းပြောရရင် ဘာမှမရှိဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကို တွေ့ရစဉ်
အစိုးရအနေဖြင့် ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ခြင်းသည် စီးပွားရေး လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် စီးပွားရေး အတွေးအခေါ်ဖြင့်သာ စဉ်းစားသင့်ကြောင်း၊ စီးပွားရေး လုပ်ငန်းအား နိုင်ငံရေးနည်းလမ်းဖြင့် စဉ်းစားသည့်အခါတွင် လုပ်ကိုင်ရသည့် လုပ်ငန်းရှင်များအတွက် အဆင်မပြေ ကြောင်းလည်း ထောက်ပြကြသည်။
သို့သော် လက်တွေ့ကျသည့် နည်းလမ်းဖြင့် စဉ်းစားသုံးသပ်မည်ဆိုပါက ဝင်ရောက်လာသည့် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုများအား အစိုးရတစ်ခုတည်းဖြင့် ကာကွယ်ပေး၍ မရနိုင်ကြောင်း၊ အကာအကွယ်ပေးမည်ဟု ပြောဆိုခဲ့ခြင်း သည် လုပ်ငန်းသဘောသဘာဝအရ ပြောသင့်သည့် စကားတစ်ခုဟု မြင်မိကြောင်းလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များနှင့် ထိတွေ့ဆက်ဆက်ခဲ့ဖူးသူများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၈ ခုရှိသည့်အနက် တရုတ်နိုင်ငံက ၂၆ ခု ဝင်ရောက်၍ အများဆုံး ရင်းနှီးမြှုပ်နှံထားသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။