CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရုရှားနိုင်ငံ၊ စိန့်ပီတာ စဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲ Mr. Alexander Beglov နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ရုံးမှာ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် စိန့်ပီတာစဘတ်မြို့အစိုးရ အဖွဲ့နှင့် နစကဥက္ကဋ္ဌ တို့သည် စိန့်ပီတာစဘတ်မြို့ အခြေစိုက် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး လုပ်ငန်းများတွင် လာရောက် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများအပြင် ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်၊ ပညာရေးနယ်ပယ်၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နယ် ပယ်၊ ဘာသာ သာသနာ ထွန်းကားပြန့်ပွားရေးအတွက် ယဉ်ကျေးမှု ဖလှယ်ရေးရာနယ်ပယ် စသည့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

Mr. Alexander Beglov နဲ့ နစကဥက္ကဋ္ဌ  မီဒီယာများကို ဖြေကြားနေစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နစကအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်အပြင် ကောင်းမွန် သည့် မူဝါဒများ ချမှတ်၍ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စိန့်ပီတာ စဘတ်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွား မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင် ၁၃ ရက်က Mi-4 ၊ Mi-8၊ Mi-14၊ Mi-17 နှင့် Ansat အမျိုးအစား ရဟတ်ယာဉ်များ ထုတ်လုပ် ရောင်းချနေသည့် PJSC “Kazan Helicopters” ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် လများအတွင်းက ရုရှားနိုင်ငံမှ ထုတ်လုပ်သော SU-30 တိုက်လေယာဉ် ၂ စီး မြန်မာ့တပ်မတော်သို့ ရောက်ရှိခဲ့ သေးသည်။

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်လက်နက်များ ဝယ်ယူခြင်းနှင့် သင်တန်းသား များ စေလွှတ်လျက်ရှိသော ဆက်ဆံရေးကိုလည်း တည်ဆောက်ထားသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က PJSC “Kazan Helicopters” ထုတ်လုပ်ရေးစက်ရုံကို သွားရောက်လေ့လာစဉ်

နစကသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် အနောက်နိုင်ငံများနှင့် ဉရောပ နိုင်ငံများက စီးပွားရေး ပိတ်ဆို့ခြင်း အပြင် နစက အဖွဲ့ဝင် တစ်ဦးချင်းကိုလည်း ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခြင်းကြောင့် သံတမန်ရေးအရ အထီးကျန်နေသလို စီးပွားရေး၊ လောင်စာဆီ၊ အလုပ်အ ကိုင် အခွင့်အလမ်းများ ကျဆင်းခြင်းဖြင့် ရင်ဆိုင်နေရသည်။

အဆိုပါ အခြေအနေများကို ပြန်လည် ဦးမော့လာရေး ဆောင်ရွက်ရန်အတွက် ရုရှားနိုင်ငံနှင့် စီးပွားရေး၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘဏ်စနစ်များ၊ လေကြောင်းလိုင်းများ၊ လောင်စာဆီ ရောင်းဝယ်ရေး စသည့် နယ်ပယ်များ ပူးပေါင်း ဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိနေသည်။