CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅
 
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ အားလုံးကို ဇူလိုင် ၁၅ ရက်နေ့မှ စတင်ပြီး ရက် အကန့်အသတ်မရှိ ပိတ်သွားမည်ဆိုသော သတင်းမှာ အမှားသာဖြစ်ပြီး နယ်စပ်ဂိတ်ပိတ်ထား မရှိကြောင်း စာပို့လာသည်ဟု မူဆယ်နယ်စပ်ကုန်သွယ်ရေးအသင်းမှ ဦးဋ္ဌေးဦးက CNI သတင်းဌာနသို့ ပြောသည်။
 
လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် တရုတ် နယ်စပ် ကုန်သွယ်ရေးဂိတ်များ အားလုံးကို ဇူလိုင် ၁၅ ရက်တွင် ပိတ်သွားမည် ဖြစ်ကြောင်း၊ ပိတ်ရက်ကို အကန့်အသတ် မရှိပိတ်သွားမည် ဖြစ်ကြောင်း ရေးသားထားကြသည်။
 
မူဆယ် နယ်စပ်ကုန်သွယ်ရေးအသင်းမှ ဦးဋ္ဌေးဦးက “မပိတ်ပါဘူးဗျ၊ ကျင်စန်းကျော့ဂိတ်ဘက်က စာပို့လာတယ်။ မပိတ်ပါဘူးဆိုပြီးတော့လေ။ သတင်းအမှားပါ”ဟု ပြောသည်။
 
တရုတ်-မြန်မာ နယ်စပ် မန့်ဝိန်-ကျင်စန်းကျော့ ဂိတ်မှ ကုန်သွယ်ရေး လုပ်နေမှုကို ပိတ်ရန် အစီအစဉ်မရှိကြောင်း မူဆယ်နယ်စပ်ကုန်သွယ်ရေး အသင်းသို့ စာပို့လာကြောင်း သိရသည်။