CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၆

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူများ ကြုံတွေ့ခံစားနေရသည့် ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်မှု ဒဏ်ကို လျှော့ချနိုင်ရေးအတွက် လွှတ်တော်၌ မည်ကဲ့သို့ ထိန်းကျောင်းသွားကြမလဲဆိုသည့်အပေါ် နိုင်ငံ‌ရေးလေ့လာသူများနှင့် ပြည်သူများက မေးခွန်းထုတ်လျက်ရှိသည်။

အခြေခံစားသောက်ကုန် ‌စျေးနှုန်းများ တစ်စတစ်စ မြင့်တက်လျက်ရှိနေပြီး ပြည်သူလူထု၏ ဝင်ငွေမှာ မြင့်တက်မလာသဖြင့် ဝင်ငွေနှင့် ထွက်ငွေ မညီမျှသောကြောင့် ပြည်သူလူထု၏ စားဝတ်နေရေးအတွက် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေကြရသည်။  

ကုန်စျေးနှုန်း လျှော့ချနိုင်ရေး ဆောင်ရွက်ရာတွင် ‌စျေးနှုန်းတည်ငြိမ်နိုင်ရန် အတွက်ကို စဥ်းစားရမည် ဖြစ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံ က CNI သတင်းဌာနသို့ ပြောသည်။ 

ထို့အပြင် ပြည်သူများ၏ ဝင်ငွေ မြင့်မားလာရေးအတွက်လည်း ကြိုးစား ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

အခြေခံလူတန်းစားများအား တွေ့ရစဉ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက "အဓိက,က ကျနော်တို့က အခြေခံ ကုန်စည် တွေပေါ့နော်။ အခြေခံကုန်စည်တွေကို ကျနော်တို့က ဈေးနှုန်းတည်ငြိမ်အောင်လည်း ကျနော်တို့က နံပါတ်တစ်ဆောင်ရွက်ရမယ်။ အခြေခံကုန်စည်တွေ ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်တဲ့အခါမှာ ဒုတိယတစ်ချက်အနေနဲ့ ပြည်သူတွေရဲ့ ၀င်ငွေဟာ မြင့်မားလာဖို့လိုပါတယ်။ အခြေခံကုန်စည်တွေရဲ့ ဈေးနှုန်းက ငြိမ်ပေမယ့် ပြည်သူတွေရဲ့ ၀င်ငွေက မမြင့်မားလာဘူးဆိုရင်လည်း ကျနော်တို့က ပြည်သူတွေရဲ့ တစ်နေ့တာ စား၀တ်နေရေးမှာ အခက်အခဲရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ လွှတ်တော် မှာကတော့ ‌ကုန်ဈေးနှုန်းတွေ ထိန်းချုပ်တဲ့ ဥပဒေတွေ၊ ပြည်တွင်းလုပ်ငန်းရှင်တွေကို အကာအကွယ် ပေးနိုင်တဲ့ လုပ်ငန်းတွေ၊ MSME လုပ်ငန်းတွေ ဒါတွေကို အားပေးတဲ့ အဆိုမျိုးတွေ၊ လုပ်ငန်းတွေကို၊ ဥပ‌ဒေတွေကို ကျနော်တို့က တင်သွင်းပြီးတော့ ပြဋ္ဌာန်းဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ ဒါကတော့ ကျနော်တို့ လွှတ်တော်အပိုင်းတွေမှာကျတော့ ပြည်သူတွေကို အကျိုးပြုတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပါတယ်။ တစ်ဖက်မှာလည်း တရားမ၀င်ကုန်စည် စီးဆင်းမှုတွေ ဒါတွေကို ထိန်းချုပ်ဖို့ဆိုရင် အုပ်ချုပ်ရေးဆိုင်ရာ ကနေပြီးတော့ ကျောသားရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ လိုပါတယ်။ အကယ်၍ တရားမ၀င်ကုန်စည်တွေကို ကျနော်တို့က နိုင်ငံတော် အခွန်လည်းမရ၊ တရားမ၀င် ကုန်စည်တွေကလည်း ကြီးထွားနေမယ်ဆိုရင် ကျနော်တို့က ပြည်တွင်း လုပ်ငန်းရှင်တွေကို ယိုင်လဲ စေနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နိုင်ရပါတယ်။ ဒီအပေါ်မှာတော့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ လွှတ်တော်က ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့အစည်းတွေနဲ့ အမြဲတစေလို ဆွေးနွေးနေပြီးတော့ ကျနော်တို့ လိုအပ်ရင် လိုအပ်သလို ဥပဒေအသစ်တွေ ပြဋ္ဌာန်းတာတွေ၊ ဥပဒေတွေ ပြင်ဆင်ဖြည့်စွက်တာတွေကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ် ဆိုရင်တော့ စော‌စောက ပြည်သူတွေခက်ခဲနေတဲ့ စား၀တ်နေရေးပြဿနာနဲ့ အခြေခံကုန်စည် ကြီးမြင့်မှု ပြဿနာကို ရာခိုင်နှုန်းသိသိသာသာလောက်ကို လျှော့ချနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လုပ်သားအင်အားရှားပါးမှု ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိလျှင် ကုန်စျေးနှုန်းသည် ဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု အားကောင်းမှသာလျှင် ကုန်စျေးနှုန်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။ 

ထို့အပြင် ကုန်စျေးနှုန်းမြင့်တက်ခြင်းနှင့်ပတ်သက်၍ အခြေခံအကြောင်းတရား သုံးချက်မှာ ဝယ်လိုအားမြင့်တက်ခြင်း၊ ရောင်းလိုအားလျော့ကျခြင်းနှင့် ငွေကြေးဖောင်းပွမှုတို့ဖြစ်ကြောင်း ၄င်းတို့က သုံးသပ်ကြသည်။

လက်ရှိမြေပြင်တွင် ပြည်သူများ အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် ပြဿနာသည် စားဝတ်နေရေး ကျပ်တည်းမှု ဖြစ်သည်ကို မြင်တွေ့ရကြောင်း၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများသည် ပိုမို ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းသွားမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များအားတွေ့ရစဉ် 

၎င်းက “လက်ရှိမှာတော့အဆိုးရွားဆုံး ပြဿနာက ဘ၀လုံ‌ခြုံရေးနဲ့ အဓိကအားဖြင့်တော့ စား၀တ်နေရေး ကျပ်တည်းမှုပေါ့နော်။ အဓိကအားဖြင့်တော့ ကုန်ဈေးနှုန်းကြီးမြင့်မှု‌ပေါ့။ ဒါကတော့ အဓိက,က ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေကတော့ ကမ္ဘာ့အခြေအနေပေါ်မူတည်ပြီးတော့ ကုန်ဈေးနှုန်း ကြီးမြင့်လာတာမျိုးရှိတယ်။ အဓိကအားဖြင့်တော့ ကုန်ဈေးနှုန်းကြီးမြင့်တာထက်ကို ၀င်ငွေ၊ ထွက်ငွေ မမျှတမှုလို့ပြောရမှာပေါ့။ ‌၀င်ငွေလည်း ကောင်းလာမယ်၊ ကုန်ဈေးနှုန်းကလည်း တက်လာမယ်ဆိုရင် ပြဿနာမဟုတ်ပေမယ့် ၀င်ငွေကျတော့ တက်မလာဘဲနဲ့ ကုန်ဈေးနှုန်းတွေက ကြီးလာတဲ့ဟာမှာ ပြည်သူတွေမှ မဟုတ်ဘူး။ ဌာနဆိုင်ရာ၀န်ထမ်းတွေလည်း ဒီဟာနဲ့ ပတ်သက်ပြီးတော့ အခက်အခဲကြုံနေရတယ်လို့သိရပါတယ်။ ရန်ကုန်မှာဆိုလို့ရှိရင် MSME နဲ့ SME လုပ်ငန်းတွေသည် အားလုံးလည်းသိမယ်။ ဒီ မီဒီယာကြီးတွေလည်း သိလိမ့်မယ်။ လုပ်တဲ့ပွဲတွေမှာ ဒီလုပ်ငန်းတွေကြီးပဲ ဥပမာ အားလူးကြော်တို့ စသဖြင့် ယိုတို့ ဒီလုပ်ငန်းတွေပဲ ကျနော်တို့ဖြစ်နေတာ တွေ့ရတယ်။ ဒီ့ထက် Develop ဖြစ်တဲ့ SME, MSME တွေ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပေါ်ဖို့လိုတယ်။ ကျနော်က ရန်ကုန်က အမတ်ဆိုတော့ ရန်ကုန် Scope နဲ့ပဲ ပြောလို့ရတာပေါ့နော်။ ဥပမာ စက်မှုဇုန်တွေကို စနစ်တကျ ပြန်ပြီးတော့ အကောင်အ‌ထည်ဖော်ရတာတွေ ကျနော်တို့လုပ်ဖို့လိုမယ်။ ပြီးတော့ ခုနကပြောသလို SME, MSME ‌တွေလုပ်ငန်းတွေကို ဒီထက်ပိုပြီးတော့ လုပ်ရကိုင်ရလွယ်အောင် မူဝါဒဆိုင်ရာ ပြင်ဆင်ချက်တွေ လုပ်ဖို့လိုမယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လေ့လာနေတာတွေလည်း ရှိသလို အချိန်အခါ အခွင့်အခါသင့်ရင်လည်း ဒါတွေနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု‌ ပြောသည်။ 

အစိုးရသစ် တစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို အစဥ်တစိုက် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံ၏ စီးပွားရေး တည်ငြိမ်ရေးအတွက်လည်း ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း နိုင်ငံ‌ရေးလေ့လာသူများက ထောက်ပြကြသည်။

လက်ရှိ အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းမှုများ ပြုလုပ်လာနိုင်သကဲ့သို့ စီးပွားရေး ပြန်လည် ဦးမော့အောင်လည်း ကြိုးပမ်းလာနိုင်သည်ဟု ၎င်းတို့က သုံးသပ်ကြသည်။

သို့သော် စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒများသည် မှန်ကန်တည့်မတ်ရန် လိုအပ်ပြီး လက်ရှိ မူဝါဒများအပေါ် ပြန်လည် သုံးသပ်ရန်လည်း လိုအပ်ကြောင်း အားလုံးက ထောက်ပြကြသည်။