- By CNI
- Category: စီးပွားရေး
- Hits: 389
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၅
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရခိုင်တောင်သူများသည် လက်ရှိတွင် ထွက်ပြေး တိမ်းရှောင် နေရခြင်းနှင့် ဓာတ်မြေဩဇာ၊ စက်သုံးဆီ အခက်အခဲများကြောင့် ယခုနှစ် မိုးစပါးစိုက်ပျိုးမှုနှုန်းသည် လျော့ကျမည်ဟု တောင်သူများထံမှ သိရသည်။
ယခင်က ရခိုင်ပြည်နယ်တွင်း မိုးစပါးစိုက်ဧက ၁၁ သိန်းကျော်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တဖြည်း ဖြည်း လျော့ကျလာခဲ့ရာ ပြီးခဲ့သည့်နှစ်တွင် စိုက်ဧက ၈ သိန်းကျော်ရှိခဲ့သည်။
ထို့နောက် ယခုနှစ်တွင် မိုးစပါးစိုက်ဧက အနေဖြင့် ၆ သိန်းခန့်သာ ရှိတော့မည်ဟု တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များက ခန့်မှန်းနေကြသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသည့် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တွင်သာ စပါးအများဆုံး စိုက်ပျိုးနိုင် မည်ဖြစ်ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ တောင်သူများအနေ ဖြင့် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြရခြင်း၊ လယ်ယာမြေများတွင် လက်နက်ကြီးကျည် ကျရောက်ထားခြင်းနှင့် မိုင်းအန္တရာယ်များကြောင့် စပါးစိုက်ပျိုးမှု လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း မြောက်ဦးမြို့နယ် ဓညဝတီ တောင်သူလယ်သမားအသင်းချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။
AA တပ်ဖွဲ့ကိုတွေ့ရစဉ်
၎င်းက “လက်ရှိ မြေပြင် အနေအထားအရ ရခိုင်တစ်ပြည်နယ်လုံးရဲ့ စိုက်ဧကက ၁၁ သိန်းရှိပါတယ် မြို့နယ်စာရင်း အရ။ ဒါပေမယ့် ကျန်ခဲ့တဲ့နှစ်ကတော့ ၁၁ သိန်းကျော်မှာ ၈ သိန်းကျော်လောက် စိုက်နိုင်ခဲ့တယ်။ အခု ဒီနှစ် လာမယ့် မိုးရာသီမှာကျတော့ အလွန်ဆုံး စိုက်နိုင်ရင် ၆ သိန်းပါပဲ။ အများဆုံး စိုက်ပျိုးနိုင်တာကတော့ မြောက်ဦး တို့၊ ကျောက်တော်တို့ကတော့ အခု ဘာမှ တိုက်ပွဲလည်း မရှိတဲ့အခါကျတော့ အများဆုံး ဒီထဲမှာ စိုက်ဧကလည်း များတယ်လေ။ ပုဏ္ဏားကျွန်းတို့ဆိုလည်း မစိုက်နိုင်ဘူး။ ရသေ့တောင်တို့၊ ဘူးသီးတောင်၊ မောင်တောတို့ဆို ပိုဆိုး။ ပုဏ္ဏားကျွန်းက တစ်မြို့လုံး၊ တစ်ပြည်လုံးကိုက ရွာပေါင်း ၃၀၊ ၄၀၊ ၅၀ လောက်က ကိုယ့်ရွာမှာ မရှိဘူး။ လယ်စိုက် ဖို့ကို မစဉ်းစားနိုင်သေးဘူး။ စစ်တွေမြို့နယ် ဘာမှလုပ်လို့ မရဘူး။ ပေါက်တောမှာဆို လက်နက်ကြီးတွေ ကျထား တယ်။ မိုင်းအန္တရာယ် အများကြီး။ ဘယ်သူမှ မရှင်းလင်းကြပါဘူး။ ပြောမယ်ဆိုရင် သူတို့က ကျန်ခဲ့တဲ့နှစ်က မိုးစပါးတွေလည်း မရိတ်သိမ်းနိုင်သေးဘူး။ ဒီအတိုင်းပဲ ဖျက်စီးခံလိုက်ရတာများတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်၏ စပါးအများဆုံး စိုက်ပျိုးရာ ဒေသဖြစ်သည့် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တွင် ယခုနှစ်၌ ဧက ၁ သိန်းစီ စိုက်ပျိုးမှုရှိနိုင်ပြီး မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့တွင်တော့ စိုက်ဧက အနည်းငယ် သာ ရှိမည်ဟု သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ ပိတ်ထားသည့်အတွက် စပါးစိုက်ပျိုး ရန် လိုအပ်သည့် စက်သုံးဆီနှင့် ဓာတ်မြေဩဇာ စသည့် သွင်းအားစုများလည်း ဈေးနှုန်း အဆမတန် မြင့်တက် လျက်ရှိနေပြီး ဝယ်ယူရခက်ခဲသည့် အခြေအနေဖြစ်နေသည်။
ထို့နောက် တချို့သော တောင်သူများသည် ပြန်လည်စိုက်ပျိုးရန် အရင်းအနှီးနှင့် မျိုးစပါးများလည်း မရှိကြောင်း ရခိုင်တောင်သူ ဦးကျော်လှက CNI သတင်းဌာနသို့ ပြောသည်။
တောင်သူများကိုတွေ့ရစဉ်
၎င်းက “ရခိုင်ဒေသမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ အမြဲတမ်းလုပ်နေတဲ့ တောင်သူတွေက ဒီအချိန်မှာ ကျန်ခဲ့တဲ့ နှစ်က ရိတ်သိမ်းထားတဲ့ စပါးတွေက အခု လက်ထဲမှာ ရှိနေတယ်၊ ရောင်းလို့မရဘူး။ ဈေးမရှိဘူး။ အခုလုပ်ရမယ့် လယ်ရဲ့ ကိစ္စမှာက ရေနံဆီ ခက်တဲ့ကိစ္စ၊ မြေဩဇာ မရှိတဲ့ကိစ္စတွေကြောင့် အခုထိ လယ်သမားတစ်ယောက်မှ လယ်ကို ဘယ်လိုလုပ်မယ်ဆိုတာ အခုထိ ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ နေရာဒေသအလိုက် တချို့ဆိုရင် မြေဆီ ဈေးတွေ ပြန်ကျရင်တောင်မှ ကိုယ့်လယ်ကို သွားမစိုက်နိုင်တဲ့ နေရာဒေသတွေလည်း ရှိပါတယ်။ ဥပမာ ပေါက်တောနယ်တို့ဆိုရင် လယ်ကို မလုပ်နိုင်တော့ဘူး။ တိုက်ပွဲရှိနေတဲ့ စစ်တွေမြို့နယ်ဆိုရင်၊ ဘူးသီးတောင်၊ မောင်တောနယ်က လူတွေဆိုလို့ရှိရင် အဲဒီနေရာမှာ သွင်းအားစုတွေ ရှိရင်တောင်မှ အခြေအနေမပေးလို့ တချို့နေရာတွေမှာ လုပ်နိုင်တဲ့အနေအထား မတွေ့ရဘူး။ မျိုးစပါးတွေကလည်း လယ်သမားတွေမှာ တချို့လယ် သမားတွေက မျိုးစပါးကို မပြောပါနဲ့ မရိတ်ရတဲ့ လယ်သမားတွေ ရှိတယ်။ နောက်ပြီးတော့ အချိန်အခါ လွန်ပြီးမှ ရတော့ မျိုးစပါးတွေလည်း ရှားပါးနေပြီ လူတိုင်းမှာ မရှိပါဘူး။ မရှိတဲ့သူက များတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်နှစ်တွင် ဓာတ်ဆီ ၁ ပေပါလျှင် ငွေကျပ် ၅ သိန်းခန့်သာရှိသော်လည်း လက်ရှိတွင် ငွေကျပ် ၁၈ သိန်းကျော်နှင့် ဓာတ်မြေဩဇာ ၁ အိတ်လျှင် ၁ သိန်းကျပ်မှ လက်ရှိတွင် ၂ သိန်းကျပ် ဖြစ်နေပြီး ဝယ်ယူ၍ပင် မရကြောင်း သိရသည်။
ထိုသို့ သွင်းအားစုဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းကြောင့် စပါးစိုက်ပျိုးမှု ကုန်ကျစရိတ်လည်း မြင့်တက် လာမည်ဖြစ်ပြီး ယခင်က ၁ ဧကလျှင် ငွေကျပ် ၅ သိန်းခန့်သာ ကုန်ကျသော်လည်း ယခုနှစ်တွင် ငွေကျပ် ၁၀ သိန်း ခန့် ကုန်ကျသွားနိုင်သည်ဟု တောင်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1544
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၄
မြန်မာ - တရုတ် နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်သည့် နမ့်ခမ်း - နောင်တောင် နယ်စပ်ဂိတ်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း မည်သည့် သဘောတူညီချက်ဖြင့် ဖွင့်နေ လဲဆိုသည့်အပေါ်ကိုတော့ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများကြား မေးခွန်းထုတ်လျက်ရှိနေသည်။
နမ့်ခမ်း - နောင်တောင် နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တရုတ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင် ဖွင့်လှစ်ထားခြင်း မဟုတ်ကြောင်း၊ ဒေသခံ ပြည်သူထူထု၏ စားဝတ်နေရေး အတွက်သာ ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နမ့်ခမ်း - နောင်တောင်မှာပေါ့နော် ကျမတို့လူမျိုး၊ တရုတ်ခွင့်ပြုချက်နဲ့ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဖွင့်တာ မဟုတ်ပါဘူး။ အနားရွာမှာနေတဲ့ လူထုတွေ သွားလာလို့ရအောင် ပြည်သူလူထုရဲ့ စားဝတ်နေရေးအတွက် အသေး စားပဲ ရှိပါတယ်။ ကားအကြီးနဲ့ ရွှေလီမြစ်ကို ဖြတ်ပြီးတော့မှ သွားနေတာဖြစ်တယ်။ အများကြီးတော့ ကုန်သွယ် တာ မဟုတ်သေးဘူး။ တရားဝင် ပုံမှန်လည်ပတ်ဖို့ အတွက်ကျတော့ တရုတ်အစိုးရနဲ့ ညှိနှိုင်းရတာမျိုးတွေ ရှိတယ်။ ဒေသခံအတွက် လုပ်ဆောင်နိုင်တာပဲ ရှိသေးတယ်။ ဒီဟာသည် လုံးဝ ရှင်းရှင်းလင်း ဖြစ်သွားတဲ့ ကိစ္စမျိုး မဟုတ် ဘူး။ လူထုတွေလောက်ပဲ ဖွင့်ထားတာဖြစ်တယ်။ တရုတ်ကလည်း တရားဝင် ခွင့်ပြုပေးထားတာ မရှိသေးတဲ့ အတွက် ဒီကိစ္စကို ကျမတို့ ပြောဖို့ မရှိပါသေးဘူး” ဟု ပြောသည်။
နမ့်ခမ်းမြို့ကို တွေ့ရစဉ်
နမ့်ခမ်းနယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံကနေ အခြေခံ စားသောက်ကုန်နှင့် အိမ်ဆောက်ပစ္စည်းများကို တင်သွင်း နေသလို နမ့်ခမ်းမှတဆင့် ဒေသထွက် ကြံ၊ ပြောင်းဖူး၊ မီးသွေးနှင့် သတ္တုများကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိနေ ကြောင်း သိရသည်။
နမ့်ခမ်းဂိတ် ဖွင့်လှစ်ထားသော်လည်း မူဆယ်နှင့် တခြားသော ဒေသများမှ ဒေသခံများအနေဖြင့် သွားလာရန် မလွယ်ကူကြောင်း၊ တိုက်ပွဲကြောင့် ပျက်စီးပွားခဲ့ရသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတလျှောက် တံတားများသည် လက်ရှိအချိန်ထိ ပြင်ဆင်ထားခြင်း မရှိသည့်အတွက် ပြည်မမှ ကုန်စည်များ တင်ဆောင်ရန် မလွယ်ကူ ကြောင်း ကုန်သည်များက ပြောသည်။
နမ့်ခမ်းနယ်စပ်ဂိတ် ဖွင့်လှစ်မှုသည် နမ့်ခမ်း ဒေသခံများအတွက်သာ သက်ရောက်မှုရှိနေပြီး တခြားသော ဒေသခံ များအတွက် အဆင်ပြေစေရန် ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်နှင့် နန်းတော်ဂိတ်တို့ကို ဖွင့်လှစ်ပေးရန် လိုအပ်သည်ဟု ကုန်သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
SSPP တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “လတ်တလော အဲဒီလမ်းမှာရှိတဲ့ သင့်သင့်လျှောက်ပတ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ရတာပေါ့။ လက်ရှိကတော့ အောက်ပိုင်းကတော့ ဘာမှလုပ်လို့ မရသေးဘူး။ ကြားထဲမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကို ဘယ်လို ညှိနှိုင်းမလဲ။ လားရှိုးကနေ ကျော်သွားတာနဲ့ တပြိုင်နက် ရေပူဂိတ်၊ ရေပူဂိတ်ကျော်တာနဲ့ သိန္နီ၊ ကွတ်ခိုင် ဘယ်လို ညှိနှိုင်းကြမလဲ ဒါတွေကို။ အဲဒါတွေ အဆင်ပြေပြီဆိုမှ သည်လမ်းတွေ လုံခြုံချောမွေ့စွာ သွားလို့ရမှာလေ။ အဲဒီ နမ့်ခမ်းဂိတ်ကို ဖြတ်ဖို့ မလွယ်ဘူး မူဆယ်ကလူက။ ဘာလို့ဆို မူဆယ်ကသွားရင် နမ့်ခမ်းကို သွားရမယ်။ နမ့်ခမ်း သွားရင် နမ့်ခမ်းသည် တအာင်းထိန်းထားတဲ့ နယ်မြေ။ အဲဒီအခါကျတော့ အဲဒီနယ်မှာ လုံလုံခြုံခြုံသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မူဆယ်ကလူတွေလည်း မသွားဘူး။ မသွားတဲ့အတွက် ဒါက သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ပဲ သွားကြမှာ။ တကယ်တမ်း ဖွင့်မယ်ဆိုရင် ဆင်ဖြူဂိတ်ရှိတယ်။ မန့်ဝိန်းဂိတ်ရှိတယ်၊ နန်းတော်ဂိတ်ရှိတယ် အဲဒီ ဂိတ်တွေ ဖွင့်ရမှာ” ဟု ပြောသည်။
လက်ရှိ TNLA ဖွင့်လှစ်လိုက်သည့် နမ့်ခမ်း - နောင်တောင် နယ်စပ်ဂိတ်နေရာ၌ ပြီးခဲ့သည့်လက ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP)မှ အခွန်ကောက်ခံမှုများ ရှိနေသည့်အတွက် ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး TNLA နှင့် SSPP ကြား မည်ကဲ့သို့ ညှိနှိုင်းထားသည်ကိုတော့ မသိရပေ။
ထို့အပြင် နမ့်ခမ်းမြို့နယ်အတွင်းမှာ TNLA နှင့် SSPP ကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသလို အုပ်ချုပ်ရေး အားပြိုင်မှုများလည်း ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1103
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၄
ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေဖြင့် တိုးတက်ပြောင်းလဲလာသည့် စီးပွားရေးပတ်ဝန်းကျင်အား တုံ့ပြန်သော အားဖြင့် အလုပ်သမားများအား အကာအကွယ်ပေးရေး ဥပဒေကြမ်းကို အဆိုတင်သွင်းရန် စီစဉ်နေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများအတွက် အခြေခံလူမှုဖူလုံရေးခံစားခွင့်များ ခိုင်မာသည့် ဥပဒေနှင့် အကာအကွယ် ပြုမှု၊ ပံ့ပိုးမှုများက ပို၍အကျိုးရှိကြောင်း၊ သို့သော်လက်ရှိတွင် လုပ်ခလစာ တိုးမြှင့်ပေးရေးကိုသာ အဓိက လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“လစာတိုးရေး၊ မတိုးရေးကိစ္စ၊ နောက်လူမှုဖူလုံရေးအကျိုးခံစားခွင့်ကိစ္စ။ လူမှုဖူလုံရေးအကျိုးခံစားခွင့်နဲ့ ပတ်သက် တဲ့ဟာက အထူးသဖြင့် သူက ကျန်ခဲ့တဲ့လကဆို အိမ်ဖော်လုပ်သားတွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်တွေကို ထပ်မံ သတိပေးတဲ့ဟာမျိုး ထုတ်ပြန်လိုက်တာ။ အဓိကကတော့ အလုပ်ချိန်က ၈ နာရီထက်ကျော်ပြီး မခိုင်းဖို့၊ ကိုယ်ဝန် ဆောင်အလုပ်သမားတွေကို ခိုင်းတယ်ဆိုရင် အချိန်ညဉ့်နက်မခိုင်းဖို့တို့၊ အကျိုးခံစားခွင့်ဆိုင်ရာမှာဆိုရင် မီးဖွားခွင့် တွေပါ ပေးဖို့၊ ခွင့်ရော လစာရောကိစ္စတွေပေါ့။ အဲဒါမျိုးတွေကို အဓိက လုပ်တာတွေ့ရတယ်။ လက်ရှိမှာတော့ ဒီဟာနဲ့ပတ်သက်ပြီး ပြင်ဆင်တဲ့ဟာက တွေ့ရသလောက် လစာတိုးပေးဖို့ ကိစ္စတစ်ခုကို လုပ်နေတာ ရှိတယ်။ အောက်တိုဘာလမှာ ဒီဥစ္စာကို အတည်ပြုပေးရမှာပေါ့။ အဲဒါကို ပေးသင့်၊ မပေးသင့် မဲ သုတေသန လုပ်တယ်ပေါ့။ ရာခိုင်နှုန်း ၄၀ ကျော်က ၄၀၀ ဘတ်ကို တစ်နိုင်ငံလုံး ပေးဖို့ သဘောတူတယ်လို့ သိရတယ်။ နောက်တစ်ခုက ကျန်တဲ့ရာခိုင်နှုန်းတွေကကြတော့ ကျွမ်းကျင်မှုအလိုက်ပေးဖို့တို့၊ ၁၆၊ ၁၇ ရာခိုင်နှုန်းလောက် ကကြတော့ သဘောသိပ်မတူဘူးပေါ့” ဟု ၎င်းက ပြောသည်။
အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခု
ထိုင်းတစ်နိုင်ငံလုံး၏ တစ်ရက်အခြေခံအနိမ့်ဆုံးလုပ်ခလစာအား ဘတ် ၄၀၀ အဖြစ်တိုးမြှင့်ရေး ထိုင်းအစိုးရအဖွဲ့မှ လုပ်ဆောင်နေခြင်းဖြစ်သော်လည်း အချို့သော လုပ်ငန်းရှင်များမှာ သဘောမတူကြောင်း၊ ပြန်လည်စဉ်းစားသင့် ကြောင်း ဝေဖန်ပြောဆိုမှုများရှိနေသည်။
သို့သော် သုတေသနပြုချက်အရ သဘောတူသည့် ရာခိုင်နှုန်းမှာ များပြားနေသဖြင့် တစ်နိုင်ငံလုံး၏ အနိမ့်ဆုံး လုပ်ခလစာအား ဘတ် ၄၀၀ အဖြစ် သေချာပေါက် တိုးမြှင့်နိုင်ဖွယ်ရှိကြောင်းလည်း ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်း(FED) မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက သုံးသပ်သည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အဆိုတင်သွင်းရန် စီစဉ်နေသည့် ဥပဒေမူကြမ်းတွင် အလုပ်သမားများ၏ တိကျရှင်းလင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိအမှတ်ပြုခြင်း မြှင့်တင်ရေး အပြင် အကာအကွယ်ပေးရေး ရန်ပုံငွေများ ထူထောင်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုထားသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ပြန်လာသော ရွှေ့ပြောင်းလုပ်သားများ
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ဥပဒေမူကြမ်းတွင် ရွှေ့ပြောင်းလုပ်သားများအပေါ် အလုပ်အကိုင် ကန့်သတ် ထားမှုအား ဖြေလျှော့ပေးမည့် အချက်ပါရန် မျှော်လင့်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
“အဓိကကတော့ သူတို့သတ်မှတ်ထားတဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်တယ်။ သုံးသပ်ပြီးတော့ ဒီဥပဒေတွေကို ပြုပြင်တဲ့အခါမှာကြရင် ကော်မတီတစ်ရပ်ဖွဲ့တယ်။ ကော်မတီတစ်ရပ်ဖွဲ့ပြီးတော့ ဒေသအလိုက် စာရင်းကောက် တာတွေရှိတယ်။ စာရင်းကောက်တဲ့အခါကြရင် ဒေသမှာရှိတဲ့ အစိုးရမဟုတ်တဲ့အစုအဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်တာတွေ ရှိတယ်။ ပူးပေါင်းလုပ်ဆောင်ပြီးတော့ သူတို့တင်ပြလာတဲ့အချက်ပေါ်မှာ အခြေခံပြီးမှ ဒီဥပဒေက ပြင်သင့်မပြင်သင့်ဆိုတာ ပြန်လည်အကြောင်းကြားမယ့်ပုံစံမျိုးဖြစ်တယ်ပေါ့။ ဒါပေမယ့် ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲဆိုတာတော့ မသိဘူးပေါ့။ အဓိကကတော့ ဒီဥပဒေကို ပြင်တဲ့အခါမှာကြတော့ ကျနော်တို့အနေနဲ့ လည်း ပူးပေါင်းလုပ်ဆောင်မှုတွေရှိတယ်။ အဓိက ကျနော်တို့ တောင်းဆိုခဲ့တဲ့ဟာတွေဆိုရင် ရွှေ့ပြောင်း အလုပ်သမားတွေဆိုရင် အလုပ်လုပ်လို့မရတဲ့ အမျိုးအစားတွေ ရှိတာပေါ့။ ဆံပင်ညှပ်ဆိုင်ဖွင့်လို့ မရတဲ့ဟာတွေ၊ ဈေးရောင်းလို့မရတဲ့ ကိစ္စတွေ အဲဒီမှာ တချို့အရာတွေကို ခွင့်ပြုပေးဖို့အတွက် တောင်းဆိုထားတာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
အလုပ်သမားများအတွက် အခွင့်အလမ်းသစ်များရှာဖွေရန် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ လယ်သမားများ၊ လမ်းဘေးဈေးသည်များ၊ ကန်ထရိုက်ခွဲလုပ်သားများ၊ တက္ကစီယာဉ်မောင်းများနှင့် ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူများအပါအဝင် လူသန်းပေါင်း ၂၀ ခန့်သည် တရားမ၀င်အလုပ်သမားများအဖြစ် လုပ်ကိုင်နေ ကြကြောင်းလည်း ၎င်း၏ ပြောဆိုမှုအား ကိုးကားပြီး ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1796
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၃
သန်လျင်နှင့် သာကေတမြို့နယ်ကို ဆက်သွယ်တည်ဆောက်နေသော တံတားပြီးစီးတော့မည်ဖြစ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်ရှိ အိမ်ခြံမြေဈေးသည် လက်ရှိတွင် ယခင်ကထက် ထပ်မံမြင့်တက်လာနေကြောင်း အိမ်ခြံမြေ ရောင်းဝယ်သူများထံမှ သိရသည်။
အိမ်ခြံမြေဈေးနှုန်းသည် ယခင်ကထက် ၃ ပုံ ၁ ပုံခန့် မြင့်တက်လာနေသည်ဟု အိမ်ခြံမြေအကျိုးဆောင် မဂျူးဂျူး က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု အဝယ်လေးတော့ လိုက်လာတာတယ်၊ ဟုတ်ပါတယ် မြင့်တက်လာတာလည်း မှန်ပါတယ်။ ထက်ဝက်တော့ မဟုတ်ပါဘူး။ ၃ ပုံ ၁ ပုံလောက်ပေါ့။ အရင်တုန်းက ၉၀၀ ဆိုရင် အခုက ၁၃၀၀ လောက် ဖြစ်နေတယ်။ မြောက်ဒဂုံတို့ဘက်တော့ အေးတယ်လို့ ကြားတာပဲ။ သန်လျင်မှာကျတော့ အဲဒီလို မဟုတ်ဘူး။ သူ့ဟာနဲ့သူ ရောင်းနေရတာပေါ့နော်။ သန်လျင်က တခြားနေရာထက်စာရင် သန်လျင်က နည်းနည်း ဈေးသက်သာ သေးတယ်လေ သန်လျင် ဈေးတက်တယ်ဆိုတာက။ နောက်ပြီးတော့ သန်လျင်မှာက ၃၀၀ လောက်ဆို ဝယ်လို့ရ သေးတာကိုး။ ၂၀ - ၆၀ တို့၊ ၄၀ - ၆၀ တို့။ သန်လျင်က နည်းနည်း အဝယ်လိုက်တာပေါ့။ တံတားကလည်း ပြီးတော့မယ်၊ ၇ လပိုင်းကုန် ဖွင့်မယ်လို့တော့ ကြားတာပဲ၊ တံတားကြောင့်လည်းပါမယ်၊ ဈေးကလည်း တခြား မြောက်ဒဂုံ တို့ထက်စာရင် ဈေးက သက်သာသေးတယ်ဆိုပြီးတော့ သန်လျင်ကတော့ အဝယ်လိုက်တာပေါ့” ဟု ပြောသည်။
သန်လျင်တံတားကိုတွေ့ရစဉ်
ယခင်က သန်လျင်တွင် အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်သူများသာ ဝယ်ယူမှုများ ရှိသော်လည်း လက်ရှိတွင် နေထိုင်ရန်အတွက် လာရောက်ဝယ်ယူမှု ပိုများနေကြောင်း၊ သန်လျင်အိမ်ခြံမြေဈေးကွက်အတွင်း ယခင်က ပေ ၂၀ - ၆၀ တစ်ကွက်လျှင် ငွေကျပ် သိန်း ၉၀၀ ကျော် ရှိသော်လည်း လက်ရှိတွင် ငွေကျပ် သိန်း ၁၃၀၀ အထိ ရှိနေသည်။
မိုးတွင်းကာလတွင် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်နှေးသည့်သဘော ရှိသော်လည်း လက်ရှိတွင် သန်လျင် မြို့နယ်အတွင်း ရောင်းချရန် မြေကွက် မရှိသလောက် နည်းပါးနေခြင်းကြောင့် ဈေးနှုန်းကျဆင်းရန် မရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သည့် မထက်မွန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မနှစ်က မိုးတွင်းမှာလည်း အစ်မတို့ ရောင်းရတာပဲ။ မိုးတွင်းမှာလည်း အစ်မတို့ အရောင်းအဝယ် ဖြစ်နေ တာပဲ။ မိုးတွင်းဆို နည်းနည်းလေးတော့ ဒါပေမယ့် မိုးတွင်းမှာ လုံးလုံးကြီး ဈေးကျသွားပြီးတော့ ဈေးတမျိုး ပြောင်းသွားမယ်ဆိုတာ မရှိဘူး။ ခြံကလည်း အဲဒီလောက်ကြီးတောင် သိပ်မကျန်တော့ဘူး အခုဟာက။ လူတွေ ကလေ ခြံတွေ၊ မြေတွေပဲ စုဝယ်နေကြတာ အဲဒီလို ဖြစ်နေတယ်” ဟု ပြောသည်။
သန်လျင်မြို့အ၀င်ဆိုင်းဘုတ်ကိုတွေ့ရစဉ်
ယခင်က သန်လျင်မြို့နယ်အတွင်းတွင် ဂရန်မြေများကိုသာ အများအပြား ဝယ်ယူကြသော်လည်း လက်ရှိတွင် ပါမစ်မြေ၊ စလစ်မြေ၊ လယ်မြေနှင့် ဥယျာဉ်ခြံမြေများလည်း ဝယ်ယူမှု မြင့်တက်လျက်ရှိနေကြောင်း၊ တချို့သော ရပ်ကွက်များတွင် ရောင်းချရန် မြေကွက်များ မရှိသလောက် နည်းပါးနေပြီဖြစ်ကြောင်း သန်လျင်ရှိ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
သန်လျင်တံတား အမှတ် ၃ ပြီးစီးသွားပါက လက်ရှိ တံတားအမှတ် ၁ တွင် ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှု များလည်း ပြေလည်သွားမည်ဖြစ်သည့်အပြင် ရန်ကုန်မြို့လယ်ခေါင်နှင့်လည်း အချိန်တိုအတွင်း ရောက်ရှိသွားမည် ဖြစ်သည်။
ထို့အပြင် သီလဝါ အထူးစီးပွားရေးဇုန် ရှိသည့်အတွက် သန်လျင်မြို့နယ်သည် စီးပွားရေး လုပ်ဆောင်ရန် အကောင်းဆုံးသောမြို့ ဖြစ်လာမည့်အပြင် သန်လျင်နှင့် ဆက်စပ်လျက်ရှိနေသည့် ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များ၏ အိမ်ခြံမြေ ဈေးသည်လည်း မြင့်တက်လာနိုင်သည်ဟု သုံးသပ်နေကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1269
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၃
ထိုင်းအစိုးရမှ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းများကိုသာ ကျန်းမာရေးကိစ္စအကြောင်းပြ၍ မျက်လုံးနှင့် မျက်နှာ ဇီဝမှတ်တမ်း အချက်အလက်များ ကောက်ယူခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ရာရောက်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုရှိရာ ခရိုင် ၅ ခု၌ ရွှေပြောင်း ဝင်ရောက်လာသူများနှင့် တိုင်းပြည်စွန့်ခွာ လာခဲ့သူများအား အများပြည်သူ ကျန်းမာရေးကိစ္စအတွက် ကိုယ်ရေးအချက်အလက်များ ကောက်ယူသည့် ကနဦး အစီအစဉ်တခုကို လုပ်ဆောင်နေကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများ၏ ပြောကြားမှုကို ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုသို့ ကျန်းမာရေးအကြောင်းပြ၍ ဇီဝအချက်အလက်ကောက်ယူရာတွင် အခြားနိုင်ငံခြားသားများ မပါဝင်ဘဲ မြန်မာနိုင်ငံသားများကိုသာ သီးသန့်ကောက်ယူခြင်းဖြစ်သောကြောင့် အချက်အလက်များမပေါက်ကြားစေရန် အာမခံချက်အပြည့်အဝဖြင့် အကာအကွယ်ပေးသင့်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ
“တော်တော်လေး ခွဲခြားတဲ့အပိုင်းက အရမ်းသိသာတာပေါ့။ ဒီဟာက ရွှေ့ပြောင်းအလုပ်သမားက ထိုင်းမှာ တရားဝင်က ၃ သန်းကျော်ရှိတယ်။ မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားက ၂ သန်းကျော်ရှိတယ်။ လုပ်မယ် ဆိုရင် အားလုံးကို လုပ်ရမှာ။ ဘာဖြစ်လို့ မြန်မာနိုင်ငံသားကိုပဲ လုပ်သလဲပေါ့နော်။ နောက်ပြီးတော့လည်း ဒီ အချက်အလက်တွေ ဆိုတာက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ။ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဒါတွေက ဆန့်ကျင်နေသလိုဖြစ်နေတယ်။ ဘယ်သူက တာဝန်ယူမလဲ။ ဥပမာ အဲဒါမျိုး ကောက် တယ်ဆို ဒီအချက်အလက်တွေကို ယူပြီးတော့ ဘယ်လိုကာကွယ်ပေးမလဲ။ ဒီအချက်အလက်တွေ တကယ်လို့ တစ်ခုခုဖြစ်တယ်ဆို မလိုလားအပ်တဲ့ အကျိုးဆက် အခုဆို အွန်လိုင်းပြဿနာတွေ အများကြီးရှိတယ်။ မသမာသူတွေလက်ထဲကို ဒီဟာတွေမရောက်အောင် ဘယ်လို အာမခံချက်၊ ဥပမာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိရ မယ်ပေါ့။ အဲဒါတွေကတော့ သူတို့မှာ ရှိရဲ့သားနဲ့ မပြောသေးတာလား။ ဒါမှမဟုတ် မရှိလို့ပဲလားတော့ မပြော တတ်ဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့ အစည်းများအနေဖြင့် ဆွေးနွေးပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းသွားရန် ရှိကြောင်းလည်း ၎င်းက ပြောသည်။
အချက်အလက်ကောက်ယူရာ၌ မျက်နှာနှင့် မျက်လုံးများကို ကွန်ပျူတာစနစ်ဖြင့် မှတ်သားခြင်းများ ပါဝင် သည့်အတွက် ရွှေပြောင်းအလုပ်သမားများ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် စိုးရိမ်ရကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းများကိုသာ ကောက်ယူနေခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် နယ်စပ်ဂိတ်ပေါက်များ၊ လေဆိပ်များတွင်လည်း လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း ရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ
ကျန်းမာရေးကိစ္စကြောင့်ဆိုပါက အခြားနိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများကိုလည်း စိစစ်ကောက်ယူရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား သီးသန့်ကိုသာ ကောက်ယူခြင်းသည် နိုင်ငံရေးအရ ဆက်စပ်မှု ရှိနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN)ဥက္ကဋ္ဌ ဦးထွန်းဝင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
“အခုလက်ရှိ ကျနော်တို့အလုပ်သမားတွေကို ကိုယ်ရေးရာဇဝင်တွေ သူတို့ ဖောက်ဖျက်တယ်လို့ ခံစားရတာပေါ့။ ပြီးလို့ရှိရင် အခုရွှေ့ပြောင်းအလုပ်သမားတွေက တော်တော်များများ အဓိကက လုံခြုံရေးအတွက်လည်း ထိခိုက်သလို အများကြီးဆုံးရှုံးနစ်နာနေရတယ်။ ကျနော်တွေးမိတာပေါ့လေ။
မြန်မာနိုင်ငံနဲ့ နိုင်ငံရေးအခြေအနေ ကြောင့်လို့ပဲ သုံးသပ်တာပေါ့နော်။ ကျနော်တို့တွက်ကြည့်တာတော့ ဟိုအရင်တုန်းကတော့ အဲဒီလိုမရှိလာတော့ နောက်ပိတ်ဆုံး နိုင်ငံခြားမှာရှိတဲ့ အလုပ်သမားတွေအတွက် တအားကြီး တင်းကြပ်လာမယ်” ဟု ၎င်းက ပြော သည်။
လက်ရှိတွင် ထိုဇီဝအချက်အလက်ကောက်ယူခြင်းအား မြန်မာနိုင်ငံသားလူဦးရေ တစ်သောင်းခန့်ကို ပြုလုပ် ထားပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ထိုင်းဘက်မှ မြန်မာနိုင်ငံသားများအပေါ် ခွဲခြားဆက်ဆံခြင်းသည် တိုင်းပြည် မတည်ငြိမ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။
ထိုသို့ ဇီဝအချက်အလက်ကောက်ယူရာတွင် တရားဝင်လုပ်သားများအတွက်သာ အဆင်ပြေနိုင်ပြီး တရားမဝင် လုပ်သားများအတွက် အဆင်ပြေမည်မဟုတ်ကြောင်း ထောက်ပြမှုများလည်း ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 368
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၀
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းများကို ယခုနှစ်တွင် ဈေးကွက်သစ်အနေဖြင့် အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိ နေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။
ယခင်က အိန္ဒိယနိုင်ငံသို့ ပြောင်းတင်ပို့မှုသည် အနည်းငယ်သာရှိပြီး ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပြောင်းလိုအပ် ချက်အရ ပြောင်းတန်ချိန် အမြောက်အများ တင်ပို့သွားရန် ရှိနေကြောင်း၊ လက်ရှိတွင် တန်ချိန် ၂၀၀၀ မှ ၃၀၀၀ ကြားရှိ သင်္ဘော ၄ စီးခန့် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရင်တုန်းကတော့ နည်းနည်းပါးပါးတော့ ပို့တာ ရှိတယ်လေ။ ဒီနှစ်ကတော့ တော်တော်များများစားစား ပို့တယ်။ ဒါကတော့ အိန္ဒိယရဲ့ လိုအပ်ချက်ပေါ့။ လက်ရှိ ပို့ထားတာကတော့ တန် ၂၀၀၀ နဲ့ ၃၀၀၀ ကြား သင်္ဘော ၄ စီးလောက်တော့ ရှိပြီပေါ့နော်။ အရင်တုန်းကပို့တာ သိပ်မသိဘူးပေါ့နော် နည်းတယ်။ ရံဖန်ရံခါမှ ပို့တာပေါ့နော်။ သီးခြားကုမ္ပဏီ အသေးလေးကနေ ဝယ်လိုက်တယ် ပို့လိုက်တယ် ကွန်တိန်နာ ဘယ်နှစ်လုံး အဲဒီလောက်ပဲ ပို့တာပေါ့နော်။ အခုလိုတော့ သင်္ဘောကြီးတွေအလိုက်သွားတာတော့ ၂၀၂၄ မှာ ဈေးကွက်အသစ်လို့တောင် ပြောလို့ရတာပေါ့နော်” ဟု ပြောသည်။
အိန္ဒိယသို့ တင်ပို့ရာတွင် အချိန်မြန်ဆန်ခြင်းနှင့် ကုန်ကျစရိတ် သက်သာခြင်းကြောင့် တောင်သူများထံမှတဆင့် ကုန်သည်များ ဝယ်ယူရာတွင် ပြောင်းကို ဈေးကောင်းပေး၍ ဝယ်ယူလာနိုင်သည်ဟု သိရသည်။
ကုန်သည်များအနေဖြင့် အိန္ဒိယသို့ ပြောင်းတင်ပို့ရာတွင် ဈေးနှုန်းအဆင်ပြေပါက စာချုပ်များ ထပ်ချုပ်သွားရန် လည်း ရှိသေးကြောင်း သိရသည်။
ကွန်တင်နာများဖြင့် တင်ပို့ရန် ထားရှိထားသည့် ပြောင်းအိတ်များကို ဆိပ်ကမ်းတွင်တွေ့ရစဉ်
လက်ရှိတွင် မြန်မာ့ပြောင်း ဝယ်ယူမှုအနေဖြင့် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် အပြိုင်အဆိုင် ဖြစ်နေသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“ကမ္ဘာ့ပြောင်းပေါက်ဈေးတွေနဲ့ပဲ ယှဉ်ပြီး ဝယ်ကြတာပဲ၊ သို့သော် သယ်ယူပို့ဆောင်တဲ့နေရာမှာ သင်္ဘောကြီးတွေနဲ့ သွားရတယ်။ နည်းနည်း ရက်တိုတယ်၊ အဲဒီအပေါ်မှာ စရိတ်စက သက်သာတယ်။ သက်သာတော့ ပြောင်းဈေးလေး နည်းနည်း ပိုပေးဝယ်လို့ရတာပေါ့။ လက်ရှိစာချုပ်အရတော့ နောက်ထပ်ပို့ဖို့တွေ ရှိသေးတယ်။ ဈေးကိုက်ရင် စာချုပ်တွေ ထပ်ချုပ်သွားမှာပေါ့နော်။ စာချုပ်တွေကလည်း အပြီး ဘယ်လောက်ရယ်မဟုတ်ဘူး။ သူတို့က တစ်ပိုင်းပြီးမှ တစ်ပိုင်း သွားကြတာပေါ့နော်။ ဒီနိုင်ငံရဲ့ မူဝါဒကလည်း သင်္ဘောတစ်ကြောင်း ထွက်ပြီးမှ နောက် တစ်ကြောင်းအတွက်ကို လိုင်စင်ထုတ် ဘာထုတ်ရှိသေးတယ်လေ။ အိန္ဒိယက ဝယ်ချင်တာတောင် ဒီဘက်ကနေ ပြီးတော့ ရောင်းနိုင်ဖို့နဲ့ဟာတွေ ရှိသေးတော့ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာတော့ အတိအကျတော့ ပြောလို့ မတတ်ဘူး။ သို့သော် ဒီတစ်လဝန်းကျင်လောက်မှာတော့ မေလထဲအထိကတော့ ရောင်းဖို့ရှိပါသေးတယ်။ လောလောဆယ်တော့ ထိုင်းနဲ့ အိန္ဒိယနဲ့အပြိုင် ဝယ်နေကြတဲ့သဘောပေါ့နော်။ အခြား ဗီယက်နမ်တို့ဘာတို့တော့ ရှိတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ထိုင်းနဲ့ အိန္ဒိယနဲ့အပြိုင် ဝယ်တဲ့သဘောလောက် ဖြစ်သွားတာပေါ့။ ဈေးကွက် လေး နည်းနည်းကျယ်သွားတာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းသီးနှံ၏ ၇၅ ရာခိုင်နှုန်းကို နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အခွန် ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိနေပြီး ယခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ဈေးကွက်သစ်အနေဖြင့် တင်ပို့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်ဘက်မှ ထွက်ရှိသည့် ပြောင်းသီးနှံကို ပြည်ပသို့ အများဆုံးတင်ပို့ပြီး ဧရာဝတီတိုင်း ဒေသကြီးမှ ထွက်ရှိသည့် ပြောင်းကိုလည်း တင်ပို့လျက် ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 350
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၀
တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် မူဆယ်မြို့၌ UID စမတ်ကဒ်အတွက် တုံကင်ရယူထားမှုသည် ၂၀၂၅ ခုနှစ်အထိသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းအဖွဲ့များက CNI သတင်းဌာနသို့ ပြောသည်။
မူဆယ်မြို့၌ UID စမတ်ကဒ် ထုတ်ပေးသည့် စက်မှာတစ်လုံးတည်းသာရှိပြီး တုံကင်လာယူကြသူ ဦးရေမှာ တစ်ပတ်လျှင် ခုနှစ်ထောင်မှ တစ်သောင်းဝန်းကျင်ခန့်အထိ ရှိသောကြောင့် စက်နှင့် လူဦးရေနှုန်းထားမှာ မျှတမှု မရှိသည့်အတွက် ကြန့်ကြာမှုများရှိကြောင်း ထောက်ပြကြသည်။
လက်ရှိ မူဆယ်မြို့တွင် UID စမတ်ကဒ်အား တစ်ရက်လျှင် လူဦးရေ ၁၀၀ ခန့်ကိုသာ ပြုလုပ်ပေးနိုင်ကြောင်း မူဆယ်မြို့ရှိ ကမ်းလက်ကူညီပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“မူဆယ်မှာဆိုရင် စက်တစ်လုံးရှိတယ်။ နမ့်ခန်းက စက်တစ်လုံးရှိတယ်။ နမ့်ခမ်းက နမ့်ခမ်းမြို့နယ်အတွက် ရိုက်ရ တာပေါ့။ မူဆယ်က မူဆယ်အတွက် ရိုက်တော့ အဲဒီမှာ အနယ်နယ် အရပ်ရပ်က လာတဲ့လူတွေ သိန်းချီရှိတယ်။ သိန်းချီရှိတော့ တုံကင်စနစ်နဲ့ သွားရတယ်။ တစ်ရက်ကိုလည်း လူဦးရေ ၁၀၀ လောက်ပဲ ပေးနိုင်တာကို။ တုံကင် ကတော့ ၂၀၂၅၊ ၆ လပိုင်းလောက်အထိ ရောက်သွားပြီ။ ဒါပေမယ့် သက်ဆိုင်ရာဌာနတွေကလည်း စက်ထပ် တိုးပေးဖို့ အစီအစဉ်ရှိတယ်ပေါ့လေ။ လူရော စက်ရောပေ့ါ။ အဲဒီကြတော့ တစ်ရက်ကို ၅၀၀ လောက်၊ ၆၀၀ လောက်ထုတ်ပေးနိုင်ရင်တော့ မကြာခင် ဒီပြဿနာက ပြီးသွားမှာပေါ့။ စနေနေ့မှာပေးရင် လာသမျှ လူအားလုံး ကိုပေးလိုက်တာ။ လူဦးရေ ထောင်ချီ၊ သောင်းချီ လာကြတာပဲ။ အနည်းဆုံး ခုနှစ်ထောင်နဲ့ တစ်သောင်းအထက်မှာ ရှိတယ်။ အဲဒီကြတော့ တစ်ရက်ကို ၁၀၀ နှုန်းနဲ့ တစ်လကို ၃ ထောင်ပေါ့နော်” ဟု ၎င်းက ပြောသည်။
မူဆယ်မြို့၌ UID စမတ်ကဒ်လာရောက်လျှောက်ထားကြသည့် လူတန်းကြီးကို တွေ့ရစဉ်
မူဆယ်မြို့သို့ UID စမတ်ကဒ် ထုတ်ပေးသည့် စက်အသစ်များထပ်ရောက်လာမည်ဆိုပါက ယခုထုတ်ပေးနေသည့် နှုန်းထားထက် ၅ ဆခန့် ပိုမြန်သွားနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံဘက်သို့ သွားရောက်ရန် နယ်စပ်ဖြတ်သန်းခွင့်လျှောက်ထားမည့်သူများအနေဖြင့် ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်ကာ နိုင်ငံသား စိစစ်ရေးကဒ်ပြားတစ်ခုတည်းပါရှိရုံဖြင့် မရတော့ဘဲ UID စမတ် ကဒ် ပါမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မူဆယ်မြို့မှ တရုတ်နိုင်ငံထဲသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားဦးရေမှာ တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၃၀၀ မှ ၆၀၀ ခန့်အထိ ရှိကြောင်း သိရသည်။
မူဆယ်မြို့တွင် လက်ရှိ UID စမတ်ကဒ်အတွက် တုံကင်လျှောက်ထားကြသူများမှာ ဒေသအသီးသီးမှ တရုတ်သို့ သွားရောက်အလုပ်လုပ်ကိုင်လိုကြသူများဖြစ်သောကြောင့် ပွဲစားများဖြင့် ပြုလုပ်ကြရာတွင် သိန်းဆယ်ချီအထိ ပေါက်ဈေးများရှိနေကြောင်း နှလုံးလှပရဟိတအသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီကိစ္စနဲ့ပတ်သက်လာရင် ပိုက်ဆံတွေ အများကြီး တောင်းနေကြတာ။ တချို့ကလည်း ပွဲစားတွေနဲ့တွေ့ အလိမ်ခံရတယ်။ အလိမ်ခံရတယ် အလုပ်တောင်မလုပ်လိုက်ရဘူး။ ရှိတဲ့ပါတဲ့ ပိုက်ဆံလေးတွေ ကုန်ပြီးတော့မှ အသင်းရောက်လာတဲ့ဟာတွေရော။ ၁၂၊ ၁၅၊ ၃၀ ကျော်(သိန်း) အဲဒါမျိုးတွေ။ ဒီမှာ မူဆယ်မြို့ကတော့ ဘာမှန်း မသိဘူး။ အရမ်းလုပ်စားတွေများတယ်။ တကယ့်ဘောစိတွေကတော့ လုပ်တယ်။ မူဆယ်မှာမလုပ်ဘူးဆိုတာ မရှိဘူး။ လုပ်တဲ့လူရှိတယ်။ လုပ်တဲ့လူရှိလာလို့ အဲဒီဈေးကလည်း ပေါက်သွားတာ။ သူတို့ကတော့ အချိန်ကာလ တစ်ခု စောင့်ရတဲ့ ဒုက္ခပေါ့။ ပိုက်ဆံမရှိရင်ပြန်ပေါ့ ဒီကြားထဲ။ ဆွေမျိုးအသိုင်းအဝိုင်းရှိရင်တော့ ဒီမှာနေပြီး လုပ်ပေါ့။ အဲဒီလိုပဲရှိတယ်” ဟု ၎င်းက ပြောသည်။
UID စမတ်ကဒ် ပြုလုပ်ရာတွင် နိုင်ငံတော်မှ အခမဲ့ ဆောင်ရွက်ပေးနေခြင်းဖြစ်သော်လည်း သက်ဆိုင်ရာဌာနမှ နယ်စပ်ဂိတ်ပေါက်များမှ ဖြတ်သန်းသွားလာမည့်သူများအား ယခုကဲ့သို့ UID စမတ်ကဒ်ပါရှိရန် သတ်မှတ်လိုက် ပြီးနောက် ပွဲစားများ၏ ဈေးကွက်မှာ ပေါ်ပေါက်လာခြင်းဖြစ်သည်။
အလားတူ မြဝတီမြို့တွင်လည်း UID စမတ်ကဒ်ပြုလုပ်ရာတွင် ၁ သိန်းဝန်းကျင်ခန့်အထိ အမြန်ကြေးအဖြစ် ပေါက်ဈေးများရှိနေသဖြင့် လူပြောများခဲ့ပြီးနောက် တုံကင်ထုတ်ပေးမှုအား မေလ ၈ ရက်နေ့မှစတင်ကာ ယာယီ ရပ်နားထားကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 390
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၉
တရုတ်နိုင်ငံသို့ မြန်မာ့သရက်သီး တင်ပို့မှုသည် လမ်းကြောင်း အခြေအနေများကြောင့် ယခုနှစ်တွင် ၃ ပုံ ၁ ပုံ ခန့်သာရှိသည်ဟု သရက်သီးကုန်သည်များက ပြောသည်။
တရုတ်သို့ သွားသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတလျှောက် တိုက်ပွဲဖြစ်ပွားမှုများကြောင့် အချိန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည့်အတွက် သရက်သီး တင်ပို့ရာတွင် အရည်အသွေး ကျဆင်းမှုများ မဖြစ်ပေါ်စေရန် သရက်သီးကို အရေးကြီးကုန်စည်အဖြစ် green line ရရှိရန် ကုန်သည်များနှင့် နှစ်နိုင်ငံ အစိုးရအဖွဲ့များ ဆွေးနွေး ကြသော်လည်း အဆင်မပြေကြောင်း သိရသည်။
ထိုသို့ အဆင်မပြေသည့်အတွက် သရက်သီး တင်ပို့ရာတွင် အချိန်ကြန့်ကြာမှုများ ရှိနေမည်ဖြစ်၍ ယခုနှစ် တရုတ်သို့ သရက်သီး တင်ပို့မှုမှာ လျော့နည်းလာသည်ဟု သရက်ကုန်သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့သရက်သီးကို တွေ့ရစဉ်
၎င်းက “တရုတ်ဘက်က အစကတည်းက ရှိတယ်၊ မြန်မာပြည်ဘက်မှာ green line မရဘူး။ မရဘူးဆိုတာက လုပ်လို့မရတာ စနစ်ပေါ့။ အခုချိန်မှာ green line ရဲ့ သဘောသဘာဝကို လုပ်ပေးနိုင်မယ့် လက်ရှိ အာဏာပိုင် အဖွဲ့အစည်းရော၊ နှစ်ဖက် ရှိနေသော အဖွဲ့တွေက green line ကို သူတို့ နားမလည်ဘူး။ နားမလည်တဲ့အတွက်က အဲဒါ လုပ်လို့မရဘူး။ ကားသမားတွေကိုပဲ ဂရုစိုက်ပြီးတော့ မောင်းဖို့၊ အချိန်မကြန့်ကြာဖို့ ဒီလောက်ပဲ ပြောလို့ရ မယ်၊ ကျန်တဲ့အပိုင်းတွေ ဘာမှလုပ်လို့မရဘူး။ ထိခိုက်တယ်၊ ထိခိုက်ပေမယ့်လည်း ပြောချင်တာက လွတ်သွားခဲ့ရင် လည်း မြန်မာနိုင်ငံတွင်းမှာ ရောင်းတော့လည်း တရုတ်ဈေးမှ မရတာကိုး။ မရတော့လည်း ဒီအတိုင်းပဲ သွားရတာ ပေါ့။ ဒါပေမယ့် သွားတဲ့အရေအတွက် လျော့တယ်။ အများကြီး လျော့သွားတာပေါ့။ အရင်တုန်းက လမ်းကြောင်း ကောင်းနေတဲ့ အချိန်တုန်းက အစီး ၁၀၀ ဆိုရင် အခုက အစီး ၃၀ လောက်ပဲ သွားတော့တယ်လေ” ဟု ပြောသည်။
ယခင်က မူဆယ်နှင့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးမှတဆင့် သရက်သီးများကို တင်ပို့ရာတွင် ၂ ရက်ခန့်သာ ကြာမြင့်သော်လည်း ထိုနယ်စပ်ကုန်သွယ်ရေးဂိတ်များသည် လက်ရှိ၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်ထားခဲ့ရသည်။
ထို့ကြောင့် သရက်သီးကို လက်ရှိတွင် မိုင်းလားနယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့နေရပြီး တစ်ပတ်ခန့် ကြာမြင့် ကြောင်း၊ သရက်တင်ပို့မှု အနေဖြင့် တစ်ရက်လျှင် အစီးရေ ၃ စီးမှ ၁၀ စီးခန့်သာ ရှိသည်ဟု သိရသည်။
မြန်မာ့သရက်သီးကို တွေ့ရစဉ်
အစီးရေ နည်းပါးခြင်းကြောင့် ဈေးကွက်ပျက်လုနီးပါး ဖြစ်ပေါ်နေပြီး သရက်တောင်သူများမှ တင်ပို့မှုသည် မရှိသလောက် နည်းပါးနေကြောင်း၊ ကုမ္ပဏီများ၊ ပွဲရုံများမှ တင်ပို့မှုသာ ရှိနေသည်ဟု သရက်ကုန်သည် ဦးဆန်းဝင်း က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဈေးနှုန်း အပိုင်းတွေကတော့ အခုက ပြောချင်တာက ဘယ်လိုဖြစ်နေလဲဆိုတော့ ခြံသမား တောင်သူတွေ တင်တာ နည်းသွားတယ်၊ မရှိသလောက် ဖြစ်သွားတယ်။ တစ်ဖက်မှာ ကုမ္ပဏီတို့၊ ပွဲရုံတို့ကနေပြီးတော့ တရုတ် တစ်ဖက်ဝင်တဲ့ buyer ကို price ကို ကြိုထုတ်ပြီးတော့ ရသလောက် တင်ပို့တာ။ အရင်တုန်းကလိုမျိုး လေလံ တင်ပြီးတော့ လုပ်တဲ့စနစ်တွေ မရှိသလောက် ဖြစ်သွားတယ်။ အဲဒါမျိုးစနစ် ဖြစ်ဖို့ဆိုတာ ကားအရေအတွက် များမှလည်း ဖြစ်မှာလေ ဈေးကွက်ကြီးတစ်ခု ဖြစ်လာတာကလေ။ အဲဒီလိုတော့ ဖြစ်သွားတယ်။ ပြည်တွင်းမှာ တောင်မှ သရက်သီးက အရမ်းပေါနေတယ်။ ဈေးကွက်ပျက်တဲ့ ပုံစံမျိုးအထိကို ဖြစ်လာတာ” ဟု ပြောသည်။
ယခုနှစ်တွင် မြန်မာ့သရက်သီးကို ဂျပန်၊ စင်္ကာပူနှင့် တခြားသော နိုင်ငံများမှ ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိသော် လည်း အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေခြင်းကြောင့် တင်ပို့နိုင်ခြင်း မရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 660
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၉
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် Unique Identification Number (UID) စမတ်ကဒ်အတွက် တုံကင် ရယူကြ ရာမှာ အမြန်ကြေးအဖြစ် သိန်းချီပေါက်ဈေးရှိနေကြောင်း မြဝတီဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။
နယ်စပ်ဂိတ်ပေါက်များမှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် သွားလာကြမည့်သူများအား မေလ ၁ ရက်နေ့မှ စတင်ကာ UID ကဒ်(မှတ်ပုံတင်စမတ်ကဒ်)ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု သတ်မှတ်ထား ခြင်းကြောင့် UID စမတ်ကဒ် ပြုလုပ်ရန် တုံကင်ယူကြသူ ဦးရေမှာ များပြားလွန်းပြီး အမြန်ကြေးအဖြစ် သိန်းချီ ပေါက်ဈေး ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုအခြေအနေများကြောင့် လက်ရှိတွင် မေလ ၈ ရက်နေ့မှစတင်ကာ တုံကင်ထုတ်ပေးမှုကို ယာယီ ရပ်ဆိုင်း ထားကြောင်း မြဝတီမြို့ရှိ လူမှုကူညီ ကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မြဝတီမြို့က လ၀က ရုံးမှာ UID ကဒ်လာလုပ်နေကြသူများကိုတွေ့ရစဉ်
၎င်းက “သူတို့ အဲဒီငွေပေးပြီး လုပ်တဲ့ကိစ္စတွေ နည်းနည်း ပြဿနာနည်းနည်း ရှိသွားတယ်။ လ.ဝ.ကနဲ့ ပွဲစားတွေနဲ့ လေ။ မြို့နယ်ဦးစီးမှူးနဲ့ သူတို့ခိုင်းထားတဲ့ ပွဲစားတွေနဲ့ ငွေကြေးယူပြီး လုပ်တဲ့ကိစ္စတွေက နည်းနည်း hot ဖြစ်သွား တော့ ဘယ်လိုပြန်ပြီး ဘယ်လို system နဲ့ ပြန်သွားမလဲတော့မသိဘူး လောလောဆယ်တော့ ရပ်နားထားတယ်။ မြဝတီဒေသခံက လူဦးရေနည်းပါတယ်။ ထိုင်းဘက်မှာ ၇ ရက် နေထိုင်ခွင့်လက်မှတ်နဲ့ အလုပ်သွားလုပ်တဲ့ အလုပ်သမားတွေက ပိုများတယ် လာပြီးလုပ်ကြတာ။ အခုပြဿနာတက်နေတာက အဲဒီလိုလုပ်တဲ့အခါကြတော့ အမြန်လိုချင်ရင် ငွေပေးပြီးလုပ်ရတဲ့ အနေအထားတွေ ဖြစ်လာတယ်။ ကြားထဲက လ.ဝ.ကနဲ့ ပတ်သက်ဆက်နွယ် တဲ့ လူတွေက ကဒ်တစ်ခုကို ဘယ်လောက်ဆိုတဲ့ ဈေးနှုန်းနဲ့ သတ်မှတ်ပြီးတော့ ပိုက်ဆံတွေကောက်ပြီး အမြန်လုပ် တဲ့ဟာနဲ့ လုပ်နေကြတာတွေ့ရတယ်။ စစချင်းတုန်းက ကဒ်တစ်ခုကို သုံးသောင်း၊ ငါးသောင်း၊ အခုဆို ရှစ်သောင်း၊ တစ်သိန်းအထိပါ ကြားနေရတယ်” ဟု ပြောသည်။
မေလ ၈ ရက်နေ့မှစတင်ကာ တုံကင်ထုတ်ပေးမှုကို ယာယီ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သော်လည်း လျှောက်လွှာ အသစ်များအား လာမည့် တနင်္လာနေ့မှသာ လက်ခံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြဝတီမြို့ရှိ လ.ဝ.က ရုံးတွင် UID စမတ်ကဒ်များအား တစ်ရက်လျှင် ပျမ်းမျှလူဦးရေ ၃၀၀ ဝန်းကျင်ခန့်အထိ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ထို UID ကဒ်အား လ.ဝ.က ရုံးများတွင် ပြုလုပ်ပေးခြင်းအပြင် နယ်စပ်ဂိတ်ပေါက်များတွင်လည်း တစ်ခါတည်း ပြုလုပ်ပေးမည်ဆိုပါက ပို၍ လွယ်ကူမြန်ဆန်သွားမည်ဖြစ်ကြောင်း ထောက်ပြကြသည်။
နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) အား UID ကဒ် ပါရှိမှ ထုတ်ပေးမည်ဟု သတ်မှတ်လိုက်ခြင်းသည် အခကြေးငွေပေးရမည့် လမ်းကြောင်းကို ဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
မြဝတီမြို့က လ၀က ရုံးမှာ UID ကဒ်လာလုပ်နေကြသူများကိုတွေ့ရစဉ်
၎င်းက “ဒါကသက်သက် ဝင်ငွေတစ်ခုရှာတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒါက ဘာမှမဟုတ်တဲ့ကိစ္စကို သူတို့ ဝင်ငွေရှာတဲ့ ကိစ္စပဲ။ နိုင်ငံသားတစ်ယောက်မှာ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးထားပြီးပြီပဲလေ။ မှတ်ပုံတင်ပြလိုက်ရုံနဲ့ ထိုင်းနိုင်ငံကို လွတ်လပ်စွာ သွားလာလို့ရတဲ့ အနေအထားမှာ နှစ်ဦးနှစ်ဖက် ဆွေးနွေးထားပြီးဖြစ်တယ်။ ဒီကိစ္စကို နာမည်တစ်ခုတပ်ပြီးမှ ခေါင်းစဉ်ရှာတာပါ။ တကယ်တမ်း သူတို့ ပိုက်ဆံရှာတာပါ။ ဘယ်လို မူဝါဒပဲလုပ်လုပ် လုပ်လို့ရတာပဲ။ ဒါပေမယ့် လုပ်တဲ့အခါမှာ အများပြည်သူဆီက အကျိုးအမြတ်ရဖို့ပဲ စဉ်းစားတယ်။ အများပြည်သူ ကို ဝန်ဆောင်မှုပေးတဲ့ နည်းလမ်း သိပ်မစဉ်းစားဘူး။ ကျနော့်အမြင်ကတော့ သူတို့ရဲ့ လုပ်ဆောင်ချက် နည်းလမ်း တိုင်းကတော့ အခမဲ့ဆိုပေမယ့် အခမဲ့တော့ မဟုတ်ပါဘူးလို့ သုံးသပ်တယ်။ ဘယ်လိုပုံစံမျိုးပဲလုပ်လုပ် အခမဲ့ မဟုတ်ပါဘူး” ဟု ပြောသည်။
UID စမတ်ကဒ်အတွက် လျှောက်ထားသူများ အနေဖြင့် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်တို့ ကိုင်ဆောင်ထားရမှာ ဖြစ်ပြီး မျက်လုံး scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်း စသည့် ဇီဝအချက်အလက် ကောက်ခံခြင်းများ ပြုလုပ်ပြီးပါက UID ကဒ် ရရှိမည်ဖြစ်သည်။
ထိုသို့ UID စမတ်ကဒ် ပြုလုပ်ရာတွင် နိုင်ငံတော်မှ အခမဲ့ ဆောင်ရွက်ပေးနေခြင်းဖြစ်သော်လည်း အောက်ခြေတွင် ပွဲစားများမှ အခကြေးငွေရယူကာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 987
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၈
ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်မှုနှင့် မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ၄ နှစ်နီးပါးခန့် ပိတ်ထားခဲ့ ရသော မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် ကလေး - တမူး - ကလေးဝ နယ်စပ်ကုန်သွယ်ရေးသည် လက်ရှိတွင် တခြားသောလမ်းကြောင်းကို အသုံးပြု၍ ကုန်သွယ်မှု ရှိနေကြောင်း တမူးကုန်သည်များထံမှ သိရသည်။
အိန္ဒိယက နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားသည့်အပြင် ကလေး - တမူး လမ်းကြောင်းတလျှောက်တွင်လည်း နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ကုန်သွယ်ရေး လုပ်ဆောင်ရာတွင် တောတွင်းလမ်းကြောင်းများနှင့် ရေလမ်းကြောင်းကိုသာ အသုံးပြု၍ အိန္ဒိယကုန်စည်များကို တင်သွင်းနေကြသည်ဟု ကုန်သည်များက ပြောသည်။
အိန္ဒိယဘက်က နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဖွင့်လှစ်ခဲ့သည်ရှိသော် မြန်မာနိုင်ငံအတွင်း လမ်းကြောင်း အခြေအနေ ကောင်းမွန်မှုမရှိပါက တောလမ်းကြောင်းဖြင့်သာ သွားလာကြရမည်ဖြစ်သည်ဟု တမူးကုန်သည် ကိုမင်းကိုက CNI သတင်းဌာနသို့ ပြောသည်။
တမူး PDF ကို တွေ့ရစဉ်
၎င်းက “အခုလည်း တခြားလမ်းကြောင်းကနေ သွားနေရတာပဲ။ ကလေးကို ရောက်ဖို့အတွက် ကားလမ်းမကြီးက ပြဿနာများလို့ ပိတ်တယ်ဆိုရင် တမူးနဲ့ ကလေးကြားမှာ တောထဲကနေပြီးတော့ ကိုယ့်ဘာသာကိုယ် လမ်းတွေ ဖောက်ပြီးတော့ ဆိုင်ကယ်နဲ့ ကဲ့တာရှိတယ်။ အိန္ဒိယဘက်က ရွာတွေကို ဖြတ်လိုက်၊ မြန်မာဘက်ကို ဖြတ်လိုက် ကလေးရောက်ဖို့အရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေကြတာပဲ။ ရေလမ်းကြောင်းဆိုတာကလည်း ကလေးနဲ့ ကလေးဝရှိတယ်။ အဓိက ကလေးနဲ့ ကလေးဝ ရောက်ဖို့ပဲလိုတယ် တမူးကနေ အိန္ဒိယပစ္စည်းတွေက။ ရေလမ်းကြောင်း ဆိုတာကလည်း ဒီကနေ ရောက်ဖို့က ယူချောင်းလို့ ခေါ်တာပေါ့၊ ယူချောင်းကနေ သယ်တာရှိ တယ်။ လမ်းမှာ ခမ်းပတ်ဆိုတဲ့ ရွာနားလေးအထိ ရောက်အောင်သယ်၊ အဲဒီကနေပြီးတော့ ကားနဲ့ တခါ ကလေးကို ကဲ့တယ်။ တချို့ကလည်း အဲဒီကနေ ကလေးဝကို သယ်တယ်။ ကလေးဝ ကနေပြီးတော့ မုံရွာအထိကျတော့ တကယ်လို့ ကလေးနဲ့ မုံရွာဘက်က လမ်းကြောင်းတွေက ပိတ်တယ်ဆိုလို့ရှိရင် ကလေးဝကနေ မုံရွာအထိကို ရေလမ်းနဲ့သယ်တာ ချင်းတွင်းမြစ်ကနေ။ လမ်းကြောင်းတွေ အဆင်ပြေသလို သယ်နေကြတာပဲလေ။ ဒါပေမယ့် ပြောချင်တာက အိန္ဒိယက ဘယ်လောက်ပဲပွင့်ပွင့် ကိုယ့်ဘက်က လမ်းကြောင်း မငြိမ်သက်ဘူးဆိုတော့လည်း ဒေသခံတွေအနေနဲ့ ကိုယ်အဆင်ပြေရာ လုပ်ကိုင်စားရတာပေါ့” ဟု ပြောသည်။
မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဖြစ်သည့် တမူး - မိုးရေး နယ်စပ်ကုန်သွယ်ရေးတွင် တမူး-ကလေးဝ-တန့်ဆည်-ရေဦး-မုံရွာလမ်း(မဟာမြိုင်လမ်း)-မန္တလေး၊ တမူး-ကလေးဝ-မုံရွာ (ယာကြီးလမ်း)- မန္တလေး၊ တမူး-ကလေး-ဂန့်ဂေါ-ပုလဲ-မုံရွာ-မန္တလေး စသည့် လမ်းကြောင်း ၃ သွယ်ကိုအသုံးပြု၍ ယခင်က ကုန်သွယ်မှု လုပ်ဆောင်ကြသည်။
သို့သော် လက်ရှိတွင် ထိုလမ်းကြောင်း အားလုံးသည် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် အသုံးပြုနိုင်ခြင်း မရှိပေ။
မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားသည့် လူမျိုးရေးအဓိကရုဏ်းကြောင့် အိန္ဒိယက နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထား ခြင်းဖြစ်ပြီး ထိုလူမျိုးရေး အကျပ်အတည်း ပြေလည်မှသာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်လုပ်ဆောင်၍ ရမည်ဟု တမူး - ကလေး - ကလေးဝ နယ်စပ်ကုန်သည်များအသင်းမှ ဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။
တမူး PDF ကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ မြန်မာနိုင်ငံက အဓိကမကျဘူး။ အိန္ဒိယနိုင်ငံက အဓိကကျတယ်။ အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်မှာ ကူကီးနဲ့ ကသည်းနဲ့ လူမျိုးစု ပြဿနာပေါ့နော်၊ ဖျက်နေတာကြာပြီ။ သူတို့ဆီမှာ လုံခြုံမှု မရှိဘူးပေါ့ နော်။ အဲဒီဟာ ရှိနေတဲ့အခါကျတော့ ဒီကုန်သွယ်ရေးက ပြန်လုပ်လို့ ရပါ့မလားဆိုတာ လောလောဆယ်တော့ အဲဒီ ပြဿနာ မပြေလည်မချင်း လုပ်လို့မရသေးဘူး။ သူတို့နိုင်ငံထဲမှာကို ပြဿနာက ရှုပ်ထွေးနေတာ။ ကိုယ့်နိုင်ငံထဲက ကိစ္စကို အသာထား၊ သူတို့နိုင်ငံထဲမှာကို ပြဿနာ ဖြစ်နေတာ” ဟု ပြောသည်။
မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး၏ ဂိတ်ပေါက်တစ်ခုဖြစ်သည့် တမူး - မိုရေး နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ပါက တမူးဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေလာမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ကုန်စည်ပြတ်လပ်ခြင်းများလည်း လျော့ကျလာမည်ဖြစ်သည်။
လက်ရှိတွင် အိန္ဒိယက မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် တမူး - မိုရေး နယ်စပ်ကုန်သွယ်ရေး၊ တမူး- ကလေး - ကလေးဝ နယ်စပ်ကုန်သွယ်ရေး၊ ပလက်ဝ - မီဇိုရမ် နယ်စပ်ကုန်သွယ်ရေးနှင့် နာဂတောင်တန်းဒေသဘက်ရှိ ပန်ဆောင်နယ်စပ် ကုန်သွယ်ရေးဂိတ် အားလုံးကို ပိတ်ထားသည်။
ထို့ကြောင့် မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကို တရားမဝင် ကုန်သွယ်ရေးဖြင့်သာ လုပ်ဆောင်မှု ရှိနေသည်ဟု သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1437
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၈
အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ထားမှုကို ဖြေလျှော့သည့်အနေဖြင့် ပြည်ပအလုပ်ခေါ်စာများ ပြန်လည်လက်ခံနေသော်လည်း အသက်ကန့်သတ်ချက်ဖြင့် လက်ခံနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသားများ၏ ပြည်ပ အလုပ်ခေါ်စာများအား မေလ ၇ ရက်နေ့မှစတင်ကာ ပြန်လည်လက်ခံနေခြင်း ဖြစ်သည်။
သို့သော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်းရှိ အမျိုးသားများ၏ အလုပ်ခေါ်စာများအား လက်မခံသေးကြောင်း နှင့် ထိုအသက်အရွယ်မှာ ပြည်ပထွက် အလုပ်လုပ်သူ အဓိက အများဆုံးဖြစ်ကြကြောင်း MOEAF မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ခံနေပြီ ဒါပေမယ့် အသက် ကန့်သတ်ချက်တော့ ရှိတယ်။ ၂၃ နှစ်အောက်နဲ့ ၃၁ နှစ်အထက်။ အဲဒီအတွင်းတော့ သူတို့လက်ခံတယ်။ ၂၃ နှစ်အထက်နဲ့ ၃၁ နှစ်အောက်ကို လက်မခံတာ။ အဓိကကတော့ သူတို့တားထားတဲ့ အပိုင်းအခြားက အသွားဆုံးပဲ။ အလုပ်ခေါ်စာတွေကတော့ သူ့ဘာသာသူရှိပါတယ်။ ဒါပေမယ့် ခုနကလို အသက် ကန့်သတ်ချက် ပြန်ဖြစ်တဲ့အခါကြတော့ တချို့တွေကကြတော့ အင်တာဗျူးပြီး စာချုပ်ချုပ်ခါနီး ကြတော့ ပြန်ပြီး ဖြုတ်ရတာ၊ ပြန်ပြီးနားရတာတွေ အဲဒီလိုပြဿနာလေးတွေ ရှိတာပေါ့နော် အေဂျင်စီတွေ အတွက်တော့။ ဒါပေမယ့် ပိတ်ထားတာထက်စာရင် နည်းနည်းလေးတော့ အသက်ရှူ ချောင်သွားတာပေါ့” ဟု ပြောသည်။
ပြည်ပထွက်ဖို့ ဗီဇာလျှောက်နေတဲ့ မြန်မာများကိုတွေ့ရစဉ်
ပြည်ပထွက်ခွာခွင့် ကိစ္စရပ်များ ပိုမိုအချိန်ယူ စိစစ်နိုင်ရန်နှင့် အခြား အခြေအနေများအရ အမျိုးသားများ ပြည်ပ ထွက်ခွာ အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခြင်းဖြစ်ပြီး တစ်ပတ်ခန့်အကြာတွင် ယခုကဲ့သို့ ပြန်လည်ဖြေလျှော့လိုက်ခြင်းဖြစ်သည်။
ထိုသို့ အလုပ်ခေါ်စာများအပေါ် အသက်အရွယ်ကန့်သတ်၍ လက်ခံလိုက်ခြင်းသည် စာချုပ်ချုပ်ပြီးသား လုပ်သား များအပေါ်တွင် သက်ရောက်မှု မရှိနိုင်သလို အလုပ်ခေါ်စာကျပြီး စာချုပ် မချုပ်ရသေးသည့် လုပ်သားများ အပေါ်၌ သက်ရောက်မှု သွားရှိနိုင်ကြောင်း လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ အားလုံး ဒုက္ခရောက်ကုန်တာပေါ့။ demand မှာ အဲဒီလိုကို ထည့်ပေးရတော့မှာပေါ့။ ထိုင်းကတော့ စာချုပ်ချုပ်ဖို့ ကျန်နေတဲ့ဟာတွေအတွက် effect ရှိတယ်လို့ပဲ မြင်တယ်။ အသစ်ကတော့ ဘယ်ဝန်ကြီးမှလည်း ထပ်ပြီးပြောထားတာမရှိဘူး။ ဘာမှလည်း မပြောထားဘူး။ လိုင်စင်ရ အေဂျင်စီပေါင်း ၅၆၀ ရှိတယ်။ စာမချုပ်ရသေးတဲ့ဟာတွေက အဲဒီ effect ရှိမယ်နဲ့တူတယ်။ သူတို့ Name List တွေ ပြန်ပြင်ခိုင်းမှာပေါ့။ နည်းနည်းတော့ ကကြောင်ဖြစ်တာပေါ့။ အလုပ်ရှင်တွေကလည်း ဒီအသက်အရွယ်တွေကို လက်ခံတယ်ဆို ခေါ်ပေါ့”ဟု ပြောသည်။
မူဝါဒတစ်ခု ချမှတ်လုပ်ဆောင်ရာတွင် ဖြစ်လာမည့် အကျိုးဆက်များအား ခြုံငုံသုံးသပ်ပြီးမှသာ လုပ်ဆောင်သင့် ကြောင်း၊ ဆက်လက် တင်းကြပ်နေဦးမည်ဆိုပါက လူကုန်ကူးမှု ပိုမိုများပြား လာနိုင်ကြောင်းလည်း အလုပ်သမား အရေး ကူညီပေးနေသူများက ပြောကြသည်။
မြန်မာနိုင်ငံမှ လူငယ်များ ပြည်ပသို့ တရားဝင်ထွက်ခွာ၍ အလုပ်လုပ်ကြသည့်အခါတွင် နိုင်ငံတော်အတွက်လည်း ဝင်ငွေ ရရှိကြောင်း၊ ယခုကဲ့သို့ ကန့်သတ်မှုကြောင့် လူငယ်များအနေဖြင့် လွတ်မြောက်ရာအတွက် နည်းလမ်းရှာပြီး သွားကြမည်ဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာန သို့ ပြောသည်။
ပြည်ပထွက် အလုပ်လုပ်ကြမည့် မြန်မာများကိုတွေ့ရစဉ်
၎င်းက “ပြည်တွင်းမှာက လုပ်အားခလစာရဲ့ ဥပဒေကိုလည်း ပြန်ကြည့်ရမှာကို။ အလုပ်သမားတစ်ယောက်ရဲ့ လုပ်အားခ လစာက တစ်လမှာမှ ၂ သိန်းခွဲ ၃ သိန်းနဲ့ ဘယ်လိုသွားစားမှာလဲ။ မြန်မာနိုင်ငံမှာက အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း မရှိဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေက မရှိတဲ့အခါကြတော့ လူငယ်တွေက နည်းလမ်းပေါင်းစုံနဲ့ ထွက်မှာပဲလေ။ အဓိက ထွက်ရတဲ့ အကြောင်းတရားကတော့ စစ်မှုမထမ်းမနေရဥပဒေ ပေါ်လာတဲ့ ကိစ္စရယ်၊ နောက် ပြည်တွင်းထဲမှာ လုပ်အားခလစာ နည်းပါးမှုရယ်၊ နောက်ပြီး စက်ရုံတွေရှားပါးမှု ဖြစ်လာတဲ့ ကိစ္စရယ်၊ ဝင်ငွေနဲ့ ထွက်ငွေ မမျှတဲ့ ကိစ္စရယ်၊ ဒီကိစ္စတွေကြောင့် သူတို့ ထွက်သွားကြမှာပဲလို့ ကျနော် ကတော့ သုံးသပ်တယ်” ဟု ပြောသည်။
အမျိုးသားများအား ပြည်ပထွက် အလုပ်လုပ်ခြင်းအပေါ် ယခုကဲ့သို့ ကန့်သတ်လာခြင်းသည် စစ်မှုမထမ်းမနေရ ဥပဒေနှင့် ဆက်စပ်မှုရှိနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ကြရာ၌ အမျိုးသား လုပ်သားနှုန်းထားမှာ ၉၀ ရာခိုင်နှုန်း များပြားကြောင်း၊ အမျိုးသားလုပ်သားများကို ထိုင်း၊ ဂျပန်၊ ကိုရီးယားနှင့် မလေးရှားနိုင်ငံတို့မှ အများဆုံး ခေါ် ကြောင်း၊ သို့သော် လက်ရှိတွင် မလေးရှားဘက်မှ လုပ်သားခေါ်ယူမှုအား ပိတ်ထားခြင်းဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 931
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၇
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်တွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အပြင် စစ်ဆေးရေးဂိတ်များနှင့် လက်နက်ကိုင်ဆောင်ထားသူများမှ ငွေကြေးတောင်းခံမှုနှုန်းထားများ မြင့်တက်နေခြင်း ကြောင့် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်စည်များသည် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
ထိုသို့ ကုန်သွယ်မှုစရိတ် မြင့်တက်မှုကြောင့် တရုတ်ကုန်စည်ဈေးနှုန်းများ မြင့်တက်လာ၍ တရုတ်ကုန်စည် နေရာတွင် ထိုင်းကုန်စည်များ အစားထိုး ဝင်ရောက်လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
ထိုင်းကုန်စည်သည် ဈေးနှုန်းကြီးမြင့်သော်လည်း ပစ္စည်းအရည်အသွေး ကောင်းမွန်ခြင်းနှင့် ကုန်သွယ်ရေး လမ်းကြောင်းသည် တရုတ်လမ်းကြောင်းထက် မြန်ဆန်သည့်အတွက် ထိုင်းကုန်စည်ကို ပိုမိုတင်သွင်းလာနိုင် သည်ဟု Via logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုကတော့ တရုတ်ကတော့ လမ်းပိတ်ထားတာပဲ။ ဒါပေမယ့် တရုတ်နေရာမှာ ထိုင်းပစ္စည်းတွေ ဝင်လာ နိုင်လားဆိုတော့ price(ဈေးနှုန်း) ကြည့်ရတာပေါ့။ လောလောဆယ်က ပုံမှန်ဆိုရင်တော့ ကျနော်တို့က တရုတ် ကနေ သွင်းနေရတယ် ပစ္စည်းတွေ။ အခုက တရုတ်လမ်းကြောင်းက မကောင်းတော့ ထိုင်းဘက်က ပြောင်းသွင်း နေရတာပေါ့။ ပစ္စည်းအနေနဲ့ အစားထိုးဖို့ဆိုရင် ကွာလတီကလည်း တချို့အရာတွေဆို ထိုင်းက ကောင်းတာ၊ ဈေး ကလည်း သက်သာအောင် ထိုင်းက ကြိုးစားပြီး လုပ်တာပေါ့။ သူတို့ကလည်း မြန်မာပြည်ရဲ့ ဈေးကွက်ကို ဝိုင်းလု ကြတဲ့သဘောပဲ။ ကုန်သည်တွေဘက်ကတော့ ကိုက်မှ သွင်းတယ်၊ မကိုက်ရင် မသွင်းဘူး။ ပစ္စည်းချင်းကတူတယ် ဥပမာ ဆပ်ပြာမှုန့်ဈေးက တူတူပဲဆိုရင် ထိုင်းပဲ သွင်းလိုက်မှာပေါ့။ နီးတယ်လေ လမ်းကြောင်းက” ဟု ပြောသည်။
ကုန်စည်တင်လာသော ကုန်ကားများကို တွေ့ရစဉ်
သို့သော်လည်း တရုတ်မှ ဝင်ရောက်နေသည့် ကုန်စည်အမျိုးအစားနှင့် ထိုင်းနိုင်ငံမှ ဝင်ရောက်နေသည့် ကုန်စည် အမျိုးအစားသည် တူညီမှုမရှိကြောင်း၊ တရုတ်နိုင်ငံမှ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ မော်တော်ယာဉ် အပို ပစ္စည်းနှင့် မီးဖိုချောင် အသုံးအဆောင်များဖြစ်ပြီး ထိုင်းနိုင်ငံမှ အလှကုန်နှင့် အစားအသောက်များ အဓိက ဝင်ရောက်လျက်ရှိသည်။
သို့သော်လည်း လက်ရှိ ကုန်သွယ်မှုလမ်းကြောင်း အခြေအနေများအရ တရုတ်ကုန်စည်သည် ဈေးနှုန်း မြင့်တက်လာနေသည့် အပိုင်းတွင်ရှိနေပြီး ထိုင်းကုန်စည်က အရည်အသွေး ကောင်းမွန်သည့်အတွက် တရုတ်ဈေးကွက်နေရာတွင် ထိုင်းဈေးကွက်က နေရာ ယူသွားနိုင်သည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်နေသည့် တရုတ်နိုင်ငံ၏ အထည်အလိပ် ဈေးကွက်နေရာ၌ ထိုင်းနိုင်ငံက ဝင်ရောက်နေပြီဖြစ်သည်ဟု ဦးသီဟပိုင်က ဆက်ပြောသည်။
၎င်းက “ထိုင်းဈေးကွက်နဲ့ တရုတ်ဈေးကွက်ကတော့ ပုံမှန်အားဖြင့် တူလေ့မရှိဘူး။ တရုတ်က သွင်းတဲ့ဟာတွေက လျှပ်စစ်ပစ္စည်းတွေများတယ်။ အဲဒီလိုတော့ ကွာတယ်။ ကွာတဲ့အတွက် ကျနော်တို့က တရုတ်ပစ္စည်းက တရုတ် ပစ္စည်း။ တရုတ်ပစ္စည်းကြိုက်တဲ့သူတွေက တရုတ်ပစ္စည်းပဲ သုံးမှာပေါ့။ ဥပမာ ဖုန်းဈေးကွက်လိုဟာမျိုး။ ထိုင်း ကိုတော့ မမှီဘူးပေါ့နော် အဲဒီလိုမျိုးတော့ ရှိတယ်။ ဒါပေမယ့် ဒီဟာကတော့ ဈေးတွေများလို့ တရုတ်ဈေးကွက်ကို ထိုင်းက ဝင်လုနေပြီ။ ဒါကတော့ သူတို့ဟာသူတို့ ညှိမှာပေါ့နော်။ ရရင်လည်း ရပေါ့၊ မရရင်လည်း လူတွေက ပြောင်းသုံးပေါ့။ အခု အထည်အလိပ် ဈေးကွက်ကို ထိုင်းက ဝင်လုနေပြီ တရုတ်ရဲ့ အထည်အလိပ် ဈေးကွက် ကိုလေ” ဟု ပြောသည်။
ထိုင်းကုန်စည် ဈေးနှုန်းနှင့် တရုတ်ကုန်စည် ဈေးနှုန်း ကွာခြားမှုမရှိပါက ပြည်သူများအနေဖြင့် အရည်အသွေး ကောင်းမွန်သည် ထိုင်းကုန်စည်ကို ရွေးချယ် အသုံးပြုလာကြမည် ဖြစ်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူက နဂိုကတည်းက နောက်ပေါက်ရွှေကြာလေ။ ဟိုး လွန်ခဲ့တဲ့ ၁၉၆၀ ကျော် မွေးတဲ့သူတွေက ယိုးဒယား ပစ္စည်းပဲ သုံးလာရတာလေ။ ဒါပေမယ့် သူက price နဲ့ တိုက်တာပေါ့လေ။ price နဲ့တိုက်တော့ အဲဒီ price ကို ဒီလောက် နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ထိုင်းက သူစဉ်းစားနိုင်မှာ မဟုတ်ဘူး သူတို့ဦးနှောက် level က။ ဘာလို့ မစဉ်းစားလဲဆိုတော့ သူတို့ပစ္စည်းက နဂိုကတည်းက ထိုင်းပစ္စည်းက ပိုကောင်းတာ။ ဥပမာအားဖြင့် မော်တော် ကားမှန်ပေါ့။ ထိုင်ဝမ်က မှန်ထက်စာလို့ရှိရင် ယိုးဒယားပစ္စည်းက ပိုပြီးတော့ ဈေးပိုကြီးတယ်လေ။ ကွာလတီ ပိုကောင်းတာပေါ့။ အဲဒီတော့ လူတွေက ကွာလတီ ကောင်းတဲ့အခါကျတော့ ကြိုက်လည်းသုံး၊ မကြိုက်လည်းသုံး ကြမှာပေါ့။ တစ်ခုရှိတာက ဒီအချိန်မှာ ပိုက်ဆံတအား ရှားနေကြတယ်။ ပိုက်ဆံရှားနေတဲ့ အခါကျတော့ ရွေးချယ် စရာမရှိရင် ယိုးဒယားပစ္စည်းပဲ ရွေးချယ်ပြီး သုံးကြမှာပေါ့” ဟု ပြောသည်။
မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်
လက်ရှိတွင် မြန်မာ - တရုတ်နှင့် မြန်မာ - ထိုင်း၏ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းရန် မလွယ်ကူသည့် အနေအထားမှာဖြစ်နေပြီး ပြည်တွင်း၌ တချို့သော ကုန်စည်များ ရှားပါးမှု အပြင် ဈေးနှုန်း မြင့်တက်မှုများနှင့် ကြုံတွေ့နေရသည်။
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)တို့ လှုပ်ရှားလျက်ရှိ သည်။
မြန်မာ- ထိုင်း ကုန်သွယ်ရေးလမ်းတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ရှိသည်။
ထို့နောက် တရုတ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်စည်တင်ဆောင်ခ ဈေးနှုန်းများသည် ယခင်က သိန်း ၂၀ မှ သိန်း ၅၀ ခန့်သာ ရှိသော်လည်း လက်ရှိတွင် စစ်ဆေးရေးဂိတ်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ငွေကြေး တောင်းခံမှုများ၊ အခွန်အကောက် နှုန်းထားများကြောင့် ကုန်တင်ခ ဈေးနှုန်းသည် သိန်း ၁၅၀ အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုင်းကုန်သွယ်ရေး လမ်းကြောင်းတွင် ငွေကြေးတောင်းခံသည့် အဖွဲ့အစည်း ရှိသော်လည်း တရုတ်ကုန်သွယ်ရေး လမ်းကြောင်းကဲ့သို့ များစွာမရှိကြောင်း သိရသည်။