
- By CNI
- Category: စီးပွားရေး
- Hits: 1792
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁
မြန်မာနိုင်ငံတွင် ပြည်ပထွက်ခွာသူဦးရေ ပိုမိုများပြားလာနေသဖြင့် လယ်ယာလုပ်ငန်းခွင်များ၌ လုပ်သားရှားပါးမှု ဒဏ်ကို ပိုမိုကြုံတွေ့ ခံစားလာနေရကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြော သည်။
လယ်ယာလုပ်ငန်းခွင်များ၌ လုပ်သားရှားပါးမှုသည် ယခင်ကတည်းက တွေ့ကြုံနေရခြင်း ဖြစ်သော်လည်း ယခု အခါတွင် ပိုမိုများပြားလာခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များ အနေဖြင့်လည်း လယ်ယာလုပ်ငန်း လုပ်ကိုင်ခြင်း ထက် ပြည်ပထွက် အလုပ်လုပ်ကာ ဝင်ငွေ အများအပြား ရှာချင်လာကြခြင်းဖြစ်ကြောင်း တောင်သူ ဦးအောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုပိုပြီးတော့ ရှားလာတဲ့ သဘောပါ။ လုပ်သားရှားပါးမှု အဲဒီစိန်ခေါ်မှုကတော့ ရင်ဆိုင်နေရတယ်။ တကယ့်ကို ကျနော်တို့ ငယ်ငယ်တုန်းကလို လယ်ယာ လုပ်ငန်း လုပ်တဲ့သူတွေက လူလတ်ပိုင်းတွေ၊ လူငယ်ပိုင်း တွေ၊ လုပ်နိုင် ကိုင်နိုင်တဲ့ အရွယ်ကောင်းတွေ လုပ်ကြတာ။ အခုကျနော်တို့ ကွင်းတစ်ခုလုံးကို ပတ်ကြည့်လိုက် တော့ တောင်သူဆိုလို့ ကျနော်တို့လို အသက် ၆၀၊ ၆၀ ကျော် ပုဂ္ဂိုလ်တွေပဲ ရှိတယ်။ အသက်ကြီးတွေပဲ ကွင်းထဲ ရောက်နေတယ်။ ပြည်ပထွက်တဲ့ အများဆုံးကတော့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်တဲ့အခါမှာ လုပ်ရင်း လုပ်ရင်းနဲ့ စားရေး သောက်ရေး အဆင်မပြေ၊ တချို့တွေဆို ဆင်းရဲမွဲတေလာတာ။ အဲဒီလို အခြေအနေမျိုးမှာ တကယ့်ကို လယ်ပိုင်ယာပိုင် သားသမီးတွေကအစ ဒီထဲမှာ စိတ်ဝင်စားမှု မရှိတော့ဘဲ ပြည်ပကို အလုပ်အကိုင် ရှာဖွေပြီးတော့ လုပ်ကိုင်တဲ့ အဲဒီလူတချို့ရဲ့ အဆင်ပြေမှုတွေကို အားကျပြီးတော့ ထွက်သွားတာဖြစ်တယ်။ အဲဒီလိုထွက်သွားတိုင်း အဆင်ပြေတဲ့သူလည်း ပြေတယ်၊ မပြေတဲ့သူလည်း မပြေဘူး” ဟု ပြောသည်။
ကောက်စိုက်နေကြစဉ်
စပါးရိတ်သိမ်းသည့် အခါတွင် စက်သုံးဆီဈေး ကြီးမြင့်မှုများကြောင့် လုပ်သားအသုံးပြု၍ ရိတ်သိမ်းရန် လုပ်ဆောင် ရာ၌ လုပ်သားရှားပါးမှု ပြဿနာကြောင့် စပါးအလေအလွင့် ဖြစ်သွားခဲ့ရခြင်းများရှိကြောင်း ၎င်းက ပြောသည်။
လယ်ယာလုပ်ငန်းသည် ယခင်ကတည်းက လုပ်ခလစာ နည်းပါးခြင်း၊ ပင်ပန်းခြင်းတို့ကြောင့် လူငယ်လူရွယ်များ၏ စိတ်ပါဝင်စားမှု နည်းပါးနေကြသည့်အတွက် လုပ်သားရှားပါးမှုအား ကြုံတွေ့နေရခြင်းဖြစ်သည်။
ထို့အပြင် လက်ရှိတွင် ပြည်ပထွက်ခွာမှုများကြောင့် အဓိက လုပ်သားရှားပါးမှုကို ရင်ဆိုင်ကြုံတွေ့နေရသည့် လုပ်ငန်းများထဲ၌ စိုက်ပျိုးရေးလုပ်ငန်းမှာ အဆိုးဆုံးဖြစ်ကြောင်း၊ လုပ်သားရှားပါးမှု၏ နောက်ဆက်တွဲ အကျိုး ဆက်မှာ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
တောင်သူများကို တွေ့ရစဉ်
၎င်းက “အဲဒီမှာ white collar နဲ့ blue collar ခွဲပြီး ပြောလို့ရသေးတယ်။ white collar ကတော့ ပညာတတ် အုပ်စုပေါ့။ blue collar ကတော့ အောက်ခြေအဆင့်ပေါ့။ အဲဒီမှာ ၂ မျိုးလုံးက တော်တော်လေးကို ရှားပါးတဲ့ ပြဿနာ ဖြစ်လာပြီ။ စိုက်ပျိုးရေးကဏ္ဍက နဂိုကတည်းကကို အားနည်းတယ်။ အလုပ်သမား ရှားပါးမှုပြဿနာ ပိုပြီး ရင်ဆိုင်ရတာ အခုအချိန်မှာ လုံးဝကို အဆိုးရွားဆုံး အနေထားတစ်ခုထိတောင် ရောက်နေတယ်လို့ ပြောလို့ ရတာပေါ့။ အဓိကကတော့ လုပ်သားရှားပါးတဲ့ ပြဿနာတွေက ဘာကြောင့် ဖြစ်တာလဲဆိုတာကို အဖြေရှာဖို့ လိုတာပေါ့။ လုပ်သားတွေ ဘာကြောင့် ရှားပါးလာတာလဲ။ ဘာကြောင့် နိုင်ငံခြားကို သွားကြတာလဲ။ အဲဒီဟာတွေ က ဘာကြောင့် ဖြစ်နေတာလဲဆိုတာ ဖော်ထုတ်ပြီးတော့မှ အဲဒီဟာတွေကို ဖြေရှင်းဖို့လိုတာပေါ့။ မူဝါဒပိုင်းဆိုင်ရာ တချို့မှာ တင်းကြပ်လိုက်တာကြောင့် ဒီလိုတွေ ဖြစ်တာလား။ ဒါဆိုရင် မူဝါဒကို ပြန်လျှော့ပေါ့မလားဆိုတာ policy maker တွေကပဲ အဓိက ဆုံးဖြတ်ရမှာပေါ့။ အဓိကကတော့ ကိုင်တွယ်ဖြေရှင်းဖို့ပဲ လိုအပ်နေတာပါ” ဟု ပြော သည်။
လုပ်သားရှားပါးနေသည့်ကြားမှ စိုက်ပျိုးရေး လုပ်ကိုင်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် တိုက်ပွဲ များ ဖြစ်ပွားနေသည့်အတွက် လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်တို့တွင်သာ လယ်ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်ဖြစ်နေကြကြောင်း သိရသည်။
ထို့အပြင် လက်ရှိတွင် စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှု၊ သွင်းအားစုစရိတ် ကြီးမြင့်မှုများမှာလည်း ယခင်ကထက် ပိုများပြားလာပြီး နယ်မြေဒေသအပေါ် မူတည်ကာ လမ်းပန်းဆက်သွယ်ရေးများကြောင့် နှုန်းထား ပို၍ကြီးမြင့်နေ ကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2473
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀
စီးပွားရေး ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းဝယ်လျက်ရှိသည် ဆန်ကုန်သည်များ အပါအဝင် ဆန်စက်ပိုင်ရှင်များ၊ ဆန်ဆိုင်များ နှင့် ဈေးဝယ်စင်တာများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း နစက-က ဇွန်လ ၃၀ ရက်နေ့ ညပိုင်းမှာ သတင်းထုတ် ပြန်ခဲ့သည်။
ဆန်ဈေးနှုန်းများကို အဆမတန် ဈေးမြှင့်တင်ရောင်းချနေကြောင်း သတင်းရသည့်အတွက် နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့မှ ဆန်စပါး လုပ်ငန်းရှင် ၅၈ ဦးအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက် ဈေးနှုန်းထက် အမြတ်အစွန်းပိုမိုရယူကာ ရောင်းချမှု ရှိ/မရှိအား လုံခြုံရေးအဖွဲ့အစည်းများက ဖော်ထုတ်စစ်ဆေး ခဲ့သည်။
ထို့နောက် သတ်မှတ်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းအထိ ဈေးမြှင့်တင်ရောင်းချသူ ဆန်စပါးလုပ်ငန်းရှင် ၂၇ ဦး၊ ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဈေးမြှင့်တင်ရောင်းချသူ ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦး၊ ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ဈေးမြှင့်တင်ရောင်းချသူ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးရှိကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဈေးမြှင့်တင်ရောင်းချသူ ဆန်စပါးလုပ် ငန်းရှင် ၂၄ ဦးကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံစည်းကြပ်သွားမည်ဖြစ် ပြီး သတ်မှတ်ဈေးထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ဈေးမြှင့်တင်ရောင်းချသူ ဆန်စပါးလုပ်ငန်းရှင် ၇ ဦး ကို ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ- ၅ အရ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၇ ဦးမှာ Global Myanmar Trading ကုမ္ပဏီ ဒါရိုက်တာ ဦးလင်းကိုကိုနိုင်၊ ရတနာပုံဆန်စက်ပိုင်ရှင် ဦးကျော်ဇော်လင်း၊ Kanbawza ဆန်ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဦးမြင့်ဆွေ၊ သိင်္ဂီဆန်စက်ပွဲရုံ ဒါရိုက်တာ ဦးလင်းထွဋ်နိုင်၊ စိန်ငါးပွင့်ဆန်ဆိုင် တာဝန်ခံ ဦးသိန်းဦး၊ သစ္စာရှင် ဆန်/ဆီ ရောင်းဝယ်ရေးပိုင်ရှင် ဦးအောင်တင်၊ သန့်ဆန်ဆိုင်တာဝန်ခံ ဦးဝင်းဇော်တို့ဖြစ်သည်။
အလားတူ အလေးချိန် အမျိုးမျိုးဖြင့် အသင့်ထုပ်ပိုးထားသည့် ဆန်အိတ်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးနှုန်းထက် ပိုမိုဈေးမြှင့်တင်ရောင်းချသည့် ဈေးဝယ်စင်တာနှင့် စတိုင်းဆိုင်ကြီး ၅၃ ဆိုင်ကို လုံခြုံရေးအဖွဲ့များက စစ်ဆေးခဲ့ရာ သတ်မှတ်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းအထိ ဈေးမြှင့်တင်ရောင်းချသည့် စတိုင်းဆိုင် ၁ ဆိုင်ကို တွေ့ရှိခဲ့သည်။
ထို့နောက် သတ်မှတ်ဈေးနှုန်းထက် ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ဈေးမြှင့်တင်ရောင်းချသည့် ဈေးဝယ် စင်တာနှင့်စတိုးဆိုင် ၃၀ ဆိုင်၊ ၅၁ ရခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ဈေးမြှင့်တင်ရောင်းချသော ဈေးဝယ်စင်တာ ၂၂ ဆိုင်ရှိကြောင်း တွေ့ရှိရသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဈေးဝယ်စင်တာနှင့် စတိုးဆိုင်အချို့မှာ ၎င်းတို့၏ ကုမ္ပဏီဝန်ထမ်းစရိတ်၊ အရောင်းမြှင့်တင်ရေး စရိတ် များကိုပါ အကျိုးအမြတ်ရယူ ရောင်းချသည့်နှုန်းများတွင် မလိုလားအပ်ဘဲ ထည့်သွင်းတွက်ချက် ရောင်းဝယ် လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ထို့ကြောင့် သတ်မှတ်ဈေးနှုန်းထက် ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ အမြတ်ယူ ရောင်းချသည့် ဈေးဝယ်စင် တာနှင့် စတိုင်းဆိုင် ၃၀ ဆိုင်ကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့် အခွန်ထပ်မံ စည်း ကြပ်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ဈေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သော ဈေးဝယ်စင်တာ ၂၂ ဆိုင်မှ တာဝန်ရှိသူ ၄ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နှင့် ဝန် ဆောင်မှု ဥပဒေ ပုဒ်မ- ၅ အရ အရေးယူသွားမည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၄ ဦးမှာ One Stop Mart ဒါရိုက်တာ ဦးမျိုးသန့်၊ City Mart Holding ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ Sein Gay Har Trading ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်ဝင်း၊ Aeon Orange ဒါရိုက်တာ Mr.Kasamatsu Hiroshi တို့ဖြစ်သည်။
ပြည်သူလူထု၏ စားဝတ်နေရေး အကျပ်အတည်း ဖြစ်စေရန် ပြည်တွင်း ဆန်ဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်း များကို သင့်တင့်မျှတသော ဈေးနှုန်းများထက် ပိုမိုရောင်းချနေသူများကို ဆက်လက် အရေးယူသွားမည်ဖြစ်ပြီး ပြည်သူများကလည်း ဆန်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းထက် ဈေးမြှင့်တင်ရောင်းချမှုများတွေ့ရှိပါက သတင်းပေးတိုင်ကြားနိုင်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 3150
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈
မလေးရှားတွင် CI ဖြင့်နေရပ်ပြန်ရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နေရပ်မပြန်ရသေးခင် စပ်ကြား အော်ပရာစီဖမ်းဆီးခံရလျှင် စာရွက်စာတမ်း အပြည့်အစုံကို သက်ဆိုင်ရာအရာရှိထံတင်ပြပါက ဖမ်းဆီးမှု မှ ကင်းလွတ်ခွင့်ရကြောင်း မလေးရှားတွင် နေထိုင်သည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။
သက်တမ်းရှိ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) သံရုံး၏ CI စာရွက်၊ လေယာဉ်လက်မှတ်၊ မလေးရှား လ.ဝ.က တွင် ဒဏ်ကြေးဆောင်ထားသည့် စာရွက်၊ မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာခွင့်ပြုသည့် Exit pass စာရွက် စသည့် အထောက်အထား အပြည့်အစုံကို ပြသနိုင်မှသာ ဖမ်းဆီးခံရမှုမှ ကင်းလွတ်ခွင့် ရရှိခြင်းဖြစ်သည်။
သက်တမ်းရှိ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) သံရုံး၏ CI စာရွက်သာရှိသေးပြီး မလေးရှား လ.ဝ.က တွင် ဒဏ်ကြေး ဆောင်ထားခြင်း မရှိသေးပါက ဖမ်းဆီးခံရမှုမှ ကင်းလွတ်ခွင့်မရကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင် အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာသံရုံးကနေ မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာထုတ်ပြီးပြီ၊ နောက်တစ်ခုက လ.ဝ.က မှာ လက်ဗွေ နှိပ်ပြီးပြီဆိုရင်တော့ လွတ်တယ်။ မြန်မာနိုင်ငံ CI လျှောက်ပြန်မယ်။ မြန်မာသံရုံးမှာ နိုင်ငံသားဖြစ် ကြောင်း ထောက်ခံချက် တစ်ရွက်နဲ့တော့ အော်ပရာစီတွေ မလွတ်နိုင်ဘူး။ လက်ဗွေနှိပ်ပြီးကာမှ တရားဝင် ဖြစ်မှာ လေ။ သူတို့ဆီမှာ လက်ဗွေဝင်သွားရင် ဒီလူဟာ ပြန်ဖို့ အနည်းဆုံး ၂ ပတ်ပေးထားတယ်။ အဲဒီအချိန်မှာ မိရင်တော့ လွတ်တယ်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း စာရွက်တစ်ခုတည်းနဲ့တော့ မလွတ်ပါဘူး။ တချို့ ပတ်စပို့ရှိတယ် သက်တမ်းရှိသေးတယ်ဆို မြန်မာသံရုံးကို သွားစရာမလိုဘူး။ အဲဒီစာအုပ်နဲ့ လ.ဝ.က မှတ်ပုံတင်ဌာနမှာ သွားပြီး လက်ဗွေနှိပ်ရုံပဲ။ ပတ်စပို့ မရှိတဲ့သူကြတော့ မြန်မာနိုင်ငံအိမ်ထောင်စုဇယားရယ်၊ မှတ်ပုံတင် မူရင်းမရှိလည်း မိတ္တူပေါ့။ အဲဒါဆိုရင် မြန်မာသံရုံးကို သွားမယ် အဲဒီမှာ နိုင်ငံသားဖြစ်ကြောင်း CI ထုတ်ပေးလိမ့်မယ်၊ အဲဒီစာရွက် ရှိမှ လက်ဗွေနှိပ်လို့ရမယ်” ဟု ပြောသည်။
CI ဖြင့်နေရပ်ပြန်ရေး မလေးရှား လ.ဝ.ကတွင် လက်ဗွေနှိပ်နေစဉ်
မလေးရှား လ.ဝ.က တွင် ဒဏ်ကြေးငွေ ပေးဆောင်ပြီးပါက နေရပ်ပြန်ရန် အချိန် ၁၄ ရက်ရရှိပြီး ၎င်းကာလ အတွင်း နေရပ်မပြန်ပါက အော်ပရာစီ ဖမ်းဆီးခံရလျှင် မလွတ်ကြောင်းလည်း သိရသည်။
ယခင်က တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများအတွက် CI ဖြင့် နေရပ်ပြန်ရေး အစီအစဉ်ကို မလေးရှားအစိုးရမှ ဖွင့်ပေးသည့်အခါတွင် ဒဏ်ကြေးအဖြစ် ရင်းဂစ်ငွေ ၃၀၀၀ ဝန်းကျင်ခန့် ပေးဆောင်ရခြင်း ဖြစ်ကြောင်း မလေးရှား၌ နေထိုင်သည့် မြန်မာများထံက သိရသည်။
သို့သော် ယခုနှစ်အတွက် CI ဖြင့် နေရပ်ပြန်ရေး အစီအစဉ်အား ဖွင့်ပေးရာတွင် ဒဏ်ကြေးအဖြစ် ရင်းဂစ်ငွေ ၅၀၀ နှင့် Exit pass ရင်းဂစ်ငွေ ၁၀၀ သာ ပေးဆောင်ရန် မလေးရှားအစိုးရမှ လျှော့ပေါ့ပေးနေသည့် ကာလအတွင်း Exit pass ကို မဖြစ်မနေ လျှောက်ထားကြရန် မြန်မာသံရုံးက အသိပေးထားသည်။
ယခုကဲ့သို့ ဒဏ်ကြေးငွေအား မလေးရှားအစိုးရဘက်မှ အများအပြား လျှော့ပေါ့ပေးလိုက်ခြင်းသည် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများ နိုင်ငံအတွင်း လျော့နည်းသွားစေရန် ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်သည်ဟု မလေးရှားတွင် နေထိုင်သူ ကိုပါးက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားမှာ ရွှေ့ပြောင်းလုပ်သားများ ဖမ်းခံထားရစဉ်
၎င်းက “သူ့နိုင်ငံအတွင်းမှာ overstay သမားတွေကို တချို့ကြတော့လည်း အလုပ်မရှိ၊ ပိုက်ဆံ အဆင်မပြေလို့ မတတ်နိုင်လို့ အရင်တုန်းကဆိုရင် ၄- ၅၀၀၀ လောက် ကုန်တာကို။ တစ်ခါပြန်မယ်ဆိုရင် အကုန်လုံး အပြီးအစီးဆို အဲဒီလောက်ကျတယ်။ အဲဒီတော့ လူတွေက ပိုက်ဆံတွေ အများကြီးဆိုတော့ မပြန်နိုင်ကြဘူး။ အဲဒါမျိုးတွေ ကြောင့် ဒီနိုင်ငံက အစိုးရက သူ့နိုင်ငံမှာ overstay သမားတွေလည်း မရှိစေချင်တဲ့ အနေထားပေါ့။ အဲဒါကြောင့် မို့လို့။ အရင်တုန်းကဆို CI တွေဘာတွေ ဖွင့်ထားတဲ့အချိန်ဆို မဖမ်းဘူး။ အခုဆိုရင် CI ဖွင့်ထားတဲ့ အချိန်တောင်မှ လိုက်ဖမ်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက overstay သမားတွေက တော်တော်လေးများတယ်လေ” ဟု ပြော သည်။
တရားမဝင် အထောက်အထားမဲ့ နှုန်းထား ၆ သိန်းခန့်ရှိသည့် မလေးရှားတွင် CI ဖြင့် နေရပ်ပြန်ရေး အစီအစဉ်ကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုပေးထားခြင်းဖြစ်သည်။
ယခင်က CI ဖြင့် နေရပ်ပြန်ရေး အစီအစဉ် ဖွင့်ပေးချိန်တွင် သံရုံး၌ နေရပ်ပြန်လိုသူ ဦးရေမှာ များပြားလွန်း သော်လည်း ယခုအခါ၌ နည်းပါးနေကြောင်း၊ ထိုသို့ နေရပ်မပြန်ကြသူများကြောင့် မလေးရှား အာဏာပိုင် များဘက်မှ အော်ပရာစီ ဖမ်းဆီးခြင်းဖြင့် ခြိမ်းခြောက်ပြနေကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2116
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈
မြန်မာ - ထိုင်း ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုအနေဖြင့် ရန်ကုန်မှ ရနောင်းသို့ ကွန်တိန်နာစနစ်ဖြင့် ဇွန်လ ၂၈ ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံသို့ ကုန်စည်များ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစနစ်ဖြင့် မြန်မာပို့ကုန် ပြောင်းဆံများ၊ ရော်ဘာ၊ ရေထွက်ကုန်များကို တင်ပို့မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ရနောင်း ဆိပ်ကမ်းမှ သွင်းကုန်များကိုလည်း ပြန်လည်တင်သွင်းမည်ဖြစ်သည်။
ကွန်တိန်နာဖြင့် ကုန်သွယ်ရေး လုပ်ဆောင်ရန်အတွက် ဆောင်ရွက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ရာတွင် ကုန်ကျစရိတ် မည်မျှကုန်ကျမည်ကို မသိရှိရသေးကြောင်း၊ မိုးရာသီတွင် ဖြစ်ပေါ်နေသည့် ကုန်သွယ်မှု နှောင့်နှေးခြင်းလည်း သက်သာသွားနိုင်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုကိုတွေ့ရစဉ်
၎င်းက “ကွန်တိန်နာနဲ့ သွားမှာပေါ့နော်။ ပြောတာ ကြာလှနေပြီ ကွန်တိန်နာနဲ့ သွားဖို့ ပြောတာပေါ့နော်။ ဒါပေမယ့် ကွန်တိန်နာတွေ ရှိခြင်းမရှိခြင်း၊ စရိတ်ပေါ့နော် အဲဒါတွေ တွက်ချက်မှု မရှိသေးတဲ့အတွက်ကြောင့် လောလော ဆယ် သွားကြတာတော့ ဝမ်းပုံစနစ်နဲ့ပဲ သွားကြတာပေါ့နော်။ ဒါပေမယ့် မိုးတွင်းဖြစ်တဲ့ အခါကျတော့ သင်္ဘောတင် ကြတဲ့အခါမှာ ရာသီဥတုရဲ့ ကန့်သတ်ချက် ရှိလာတဲ့အခါကျတော့ ကွန်တိန်နာနဲ့ သွားရင် ဘာဖြစ်မလဲပေါ့နော်။ ကွန်တိန်နာနဲ့သွားဖို့ အခုကတော့ ကုန်ကျစရိတ် ဘယ်လောက် ရှိနိုင်သလဲဆိုတာ စပြီးတော့ သွားကြည့်တာပေါ့ နော်။ အဓိက ကုန်သွယ်မှုက ကုန်ကျစရိတ်ကလည်း တစ်ခုပါတယ်လေ။ စရိတ်ပဲ စကားပြောတာပေါ့နော်။ ကွန်တိန်နာနဲ့ သွားတဲ့စရိတ်နဲ့ အခုလက်ရှိ သွားတဲ့စရိတ်နဲ့ သိပ်မကွာဘူးဆိုရင်၊ နောက်တစ်ခုက မိုးတွင်းဖြစ်တဲ့ အတွက်ကြောင့် သင်္ဘောတင်တဲ့နေရာမှာ ဝမ်းပုံဆိုရင် ကန့်သတ်ချက် ရှိတယ်ပေါ့နော်။ မိုးရွာရင် တင်လို့မရဘူး။ ဒါပေမယ့် ကွန်တိန်နာကျတော့ ကိုယ့်ဟာကိုယ် လုံခြုံတဲ့နေရာမှာ ဂိုဒေါင်ထဲကနေတင်၊ တင်ပြီးတော့ တစ်ခါတည်း ဆိပ်ကမ်းကို တိုက်ရိုက်သွားတဲ့ အခါကျတော့ ရာသီဥတုကို ရှောင်စရာ မလိုဘူးပေါ့နော်။ အားသာချက်ကတော့ ရာသီဥတု ရှောင်စရာ မရှိဘူး။ အားနည်းချက်ကတော့ ကုန်ကျစရိတ် ဘယ်လောက်တက်မယ်မှန်း မသိသေးဘူး ပေါ့နော်” ဟု ပြောသည်။
ရန်ကုန် - ရနောင်း ကုန်သွယ်မှုလမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုများအတွက် မေလ ၂၇ ရက်နေ့အထိ ကုမ္ပဏီ ၂ ခုကို လိုင်စင် ၂ စောင် ခွင့်ပြုပေးခဲ့ပြီး သွင်းကုန်တင်သွင်းမှု အနေဖြင့် နေ့စဉ် လိုင်စင် ၁၀ စောင်နှုန်းဖြင့် ခွင့်ပြုပေးထား ကြောင်း သိရသည်။
လက်ရှိတွင် လိုင်စင်ပေါင်း ၄၀၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ခန့်ကို သွင်းကုန် အဖြစ် တင်သွင်းခွင့်ပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်မှုသည် ယခင်က မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကိုသာ အဓိက အားထားခဲ့ပြီး လက်ရှိတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ် စသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြောင်းလဲအသုံးပြုနေရခြင်း ဖြစ်သည်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုကိုတွေ့ရစဉ်
လက်ရှိ ခွင့်ပြုလိုက်သည့် ရန်ကုန် - ရနောင်း ကုန်သွယ်ရေးကြောင့် ကုန်သွယ်ရေး ပို၍ ကောင်းလာမည်ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပိုကောင်းလာတာပေါ့။ ဘာလို့လဲဆိုတော့ မိုးရာသီ ကန့်သတ်ချက်ကို ကျော်လွှားနိုင်တာ တစ်ခု တိုးလာ တာပေါ့။ မိုးတွင်းဆိုတော့ အခုလက်ရှိက ဆိပ်ကမ်းတွေမှာ ကားတွေက ရပ်ထားရတယ်။ ပြီးတော့ အလုပ်သမား တွေနဲ့ ထမ်းရတယ်။ ကရိန်းတွေနဲ့ ဆွဲတင်ရတယ်။ တကယ်လို့ ကွန်တိန်နာနဲ့ သွားမယ်ဆိုရင်တော့ မိုးလုံလေလုံ ဂိုဒေါင်ကြီးတွေကနေ ကွန်တိန်နာထဲကို ထည့်မယ်။ ပြီးရင် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ချိတ်ပိတ်တာတို့ လုပ်မယ်ပေါ့နော်။ ပြီးရင် သင်္ဘောပေါ် တင်ပေးလိုက်တယ်ဆိုရင် မိုးလုံလေလုံနဲ့ ရောက်သွားနိုင်တယ်ပေါ့နော်။ အဲဒါကတော့ ကောင်းတဲ့အချက်ပေါ့။ စရိတ်ကတော့ မသိသေးတော့၊ ကုန်ကျစရိတ်က မသိသေးတော့ ပြောရတာ တော့ ခက်တာပေါ့နော်” ဟု ပြောသည်။
နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် မြဝတီ ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် ကုန်သွယ်မှု မလုပ်ဆောင်နိုင် သည့်အတွက် ယခုဘဏ္ဍာနှစ် ၂ လကျော် ကာလအတွင်း မြဝတီကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် လျော့ကျသွားခဲ့သည်။
သို့သော်လည်း ကော့သောင်း ကုန်သွယ်မှုစခန်းမှ အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်နှင့် မြိတ်ကုန်သွယ်မှုစခန်းမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2156
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇
လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်း ကြီးမြင့်ခြင်းကို ထိန်းနိုင်ရန်နှင့် ဈေးနှုန်း တည်ငြိမ်စေရေး အတွက် နိုင်ငံတော်အနေဖြင့် အရန်ဆန် ဝယ်ယူပြီး ပြန်လည်ရောင်းချသည့်စနစ်ဖြင့် လုပ်ဆောင်မှသာ အဆင်ပြေ နိုင်မည်ဟု တောင်သူများနှင့် ကုန်သည်များက ထောက်ပြကြသည်။
အရန်ဆန်ကို နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် မိုးစပါးနှင့် နွေစပါး လှိုင်လှိုင်ပေါ်သည့်အချိန် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင်လည်းကောင်း၊ ဧပြီလတွင်လည်းကောင်း ဝယ်ယူ၍ ဆန်ရှားပါးသည့် ဇူလိုင်လနှင့် စက်တင်ဘာလ အတွင်း၌ ပြန်လည်ရောင်းချပေးခြင်းဖြင့် ဆန်ဈေးနှုန်းကို တည်ငြိမ်အောင် လုပ်ဆောင်၍ ရနိုင်သည်ဟု တောင်သူ များနှင့် ဆန်ကုန်သည်များက ပြောသည်။
ထိုသို့ အရန်ဆန် ဝယ်ယူပြီး ပြန်လည်ရောင်းချပေးခြင်းဖြင့် တောင်သူများကို ကုန်သည်များက ဈေးနှိမ်ဝယ်ယူခြင်း ကိုလည်း ကာကွယ်နိုင်မည်ဖြစ်သလို စားသုံးသူ ပြည်သူများ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုလည်း ကာကွယ်နိုင်မည် ဖြစ်သည်ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဆန်အိတ်များကို တွေ့ရစဉ်
၎င်းက “တောင်သူတွေ စပါးပေါ်တဲ့ရာသီမှာ ဥပမာဆိုပါတော့ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ အများအားဖြင့် တော့ အောက်တိုဘာ၊ နိုဝင်ဘာမှာ တစ်ချက်ဝယ်မယ်၊ နောက်တစ်ခါကျတော့ ဧပြီလမှာ တစ်ချက်ဝယ်မယ်ဆိုရင် အဲဒါက တောင်သူတွေ စပါးပေါ်တဲ့ရက် ဖြစ်တဲ့အတွက် တောင်သူတွေ ရောင်းလိုအားလည်း ကောင်းတယ်။ ရောင်း လိုအား ကောင်းတဲ့အချိန်မှာ ဝယ်ပြီးတော့ ဘယ်ဈေးဘယ်ဈေးနဲ့ ပေါက်တဲ့ဈေးနဲ့ ဘယ်သူ တာဝန်ယူပြီးတော့ ဝယ် ပေးမလဲ။ ဆန်စက်တွေ၊ ဆန်စပါးအသင်းတွေကို အဲဒီလို ဝယ်ခိုင်းပြီးတော့လေ။ သူတို့ သိုလှောင်ထားပြီးတော့ လုပ်မယ်ဆိုရင် အခုလို ရှားပါးတဲ့အချိန်၊ အခုလို ရက်မျိုးမှာ ပြန်ပြီးတော့ ကြိတ်ခွဲပြီးတော့ ပြန်လည်ရောင်းချပေး မယ်ဆိုရင် ဒီအချိန်မှာ ဆန်ဈေး အလွန်ကြီးမြင့်ခြင်း အဲဒီလို ထိန်းလို့ရတယ်လေ။ ရှင်းရှင်းပြောရင် ဝယ်ယူပြီးတော့ ထားပြီးတော့ တောင်သူတွေဆီက အရန်ဆန် ဝယ်ယူတဲ့အတွက် ကုန်သည်တွေလည်း ဈေးအလွန် နှိမ်လို့မရဘူး။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ တောင်သူတွေ စပါးပေါ်တဲ့အချိန်မှာ ဈေးအလွန်အမင်း နှိမ်ဝယ်ခြင်းဘေးက ကာကွယ်ပေးသလို၊ တိုင်းပြည်မှာ အရန်ဆန်ရှိတဲ့အတွက် တိုင်းပြည်မှာ ဆန်ဈေး မြင့်တက်တဲ့အချိန်မှာ ဝယ်ယူတဲ့ ဈေးနဲ့ တွက်ခြေကိုက်တဲ့ ဈေးတမျိုးနဲ့ ပြန်ပြီးတော့ ရောင်းချပေးမယ်ဆိုရင် အခုလိုအချိန်မှာ ဈေးနှုန်းမြင့်မားမှု၊ စားသုံးသူတွေလည်း ဈေးနှုန်း အလွန်အမင်းကြီးပြီးတော့ ဝယ်စားရတဲ့ အဖြစ်မျိုးကိုလည်း ကယ်နိုင်တယ်လေ။ သူက ထုတ်လုပ်တဲ့သူရော ဝယ်ယူစားသုံးတဲ့သူရော နှစ်ဖက်စလုံးကို ကာကွယ်ပေးတယ်၊ ကူညီပေးရာ ရောက် တယ်” ဟု ပြောသည်။
ပြည်တွင်းရှိ ပျမ်းမျှလူဦးရေနှင့် ဆန်စားသုံးမှု အချိုးအစား တွက်ကြည့်ရာတွင် လစဉ် ဆန်တန်ချိန် ၈ သိန်းခန့် ကုန်ကျသည့်အတွက် နိုင်ငံတော်အနေဖြင့် အရန်ဆန် တန်ချိန် ၆ သိန်းခန့် ဝယ်ယူထားရုံဖြင့် ဆန်ဈေးနှုန်းကို ထိန်းနိုင်သည့် အနေအထားရှိသည်ဟု ဦးသိန်းအောင်က ဆက်ပြောသည်။
၎င်းက “နိုင်ငံမှာ သန်း ၅၀ ရှိတယ် လူဦးရေ ပျမ်းမျှပေါ့။ ၅ ယောက်ကို ပျမ်းမျှ ဆန် ၁ တန်နဲ့တွက်ရင် တို့နိုင်ငံက တန်ချိန် ၁၀ သန်းရှိရင် လောက်ပြီ။ ၁၀ သန်းဆိုရင် ၁ လကို တန်ချိန် ၈ သိန်းလောက် ကုန်တယ်။ ဒါပေမယ့် ၈ သိန်းလောက် ကုန်တာက အလွန်အမင်း ကြပ်တည်းပြီးတော့ ဝယ်စားရတဲ့ဟာနဲ့ဆိုရင် ၁ လကို အလွန်အမင်း တိုးတဲ့လတွေ တန်ချိန် ၁ သိန်း ၂ သိန်းလောက် အရန်ဆန်ကို စနစ်တကျလေး ရောင်းပေးမယ်ဆိုရင်တောင် ရတယ်။ လုံလုံလောက်လောက် အဲဒီဈေးကို လုံးဝ ချုပ်ကိုင်နိုင်ဖို့ဆိုရင် ဆိုလိုချင်တာက ဆန်တန်ချိန် ၄/၅/၆ သိန်းလောက် ဝယ်ထားရင် အဲဒီဈေးကို အပြတ်ထိန်းလို့ရပြီ” ဟု ပြောသည်။
ထို့နောက် တောင်သူများ စပါးပေါ်ချိန်တွင် အရန်ဆန်ကို ထုတ်ရောင်းမည်ဆိုပါက တောင်သူများ ဈေးနှိမ်ခံရမည် ဖြစ်သည့် အရန်ဆန်ထုတ်ရောင်းမည့် အချိန်ကိုလည်း တွက်ဆရန် လိုအပ်ကြောင်း၊ အရန်ဆန် ဝယ်ယူရေး ကော်မတီတွင် ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်များသာမက အခြေခံလူတန်းစားများကို ကိုယ်ချင်းစာပြီး နားလည် သဘောပေါက်သူကို ထည့်သွင်းရန် လိုအပ်သည်ဟု ဆန်ကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဆန် ဂိုဒေါင်ကိုတွေ့ရစဉ်
၎င်းက “စပါးဝယ်ယူဖို့ လက်ခံထားတဲ့ သူတွေကပဲ ရောင်းတဲ့အချိန်ကို သတ်မှတ်နေတာ သဘာဝ မကျသေးဘူး။ အရန်ဆန် ဝယ်ယူရေး၊ အရန်ဆန် ဖြန့်ဖြူးရေး အဲဒီအဖွဲ့မှာက ဆန်စပါး၊ ဆန်ကုန်သည်ကြီးများ၊ ဆန်စပါးအသင်း က လူတွေသာ ကြီးစိုးနေတာထက် ပြောမယ်ဆိုရင် ရှေ့ကြောင်း၊ နောက်ကြောင်း မြော်မြင်နိုင်ပြီးတော့ အစစ အရာရာ အောက်ခြေလူတန်းစားကို ကိုယ်ချင်းစာနာပြီးတော့ နားလည် သဘောပေါက်တဲ့လူတွေပါ ဖွဲ့စည်းသင့် တယ်။ အဲဒီမှာ အရန်ဆန်ဝယ်ယူရေး အဖွဲ့အစည်းတိုင်းမှာ အဲဒီလိုလူတွေ မပါဘဲနဲ့ ဆန်ကုန်သည်တွေ၊ ဆန်စက် ပိုင်ကြီးတွေပဲ ဦးစားပေးပြီး ဖွဲ့စည်းနေတာ အဲဒါလည်း ဖွဲ့စည်းပုံမှာ သဘာဝမကျဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် လက်ထက်မှစတင်၍ နိုင်ငံတော် အရန်ဆန် ဝယ်ယူရေးကော်မတီ ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ထိုအရန်ဆန် အစီအစဉ်သည် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများအတွက်သာ အသုံးပြုခဲ့ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံရေး အပြောင်းအလဲ စတင်ဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်မှ စတင်၍ နိုင်ငံတော်အရန်ဆန် ဝယ်ယူမှုများ သည် မရှိတော့သည်ကို တွေ့ရှိရသည်။
နိုင်ငံတစ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကျရောက်ရာ၌ အသုံးပြုရန်အတွက် သော်လည်းကောင်း၊ ဆန်ဈေးနှုန်း ကြီးမြင့်ခြင်းကို ထိန်းချုပ်ရန်အတွက် သော်လည်းကောင်း အရန်ဆန်သည် လိုအပ်သည်ဟု တောင်သူများက ထောက်ပြကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2718
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် မလေးရှားတို့တွင် တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်ပြီး အထောက်အထားအတု ကိုင်ဆောင်ကာ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား များပြားလာကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
အထောက်အထားအတုသည် ပုံမှန်အတိုင်းသွားလာချိန်တွင် စစ်ဆေးခံရသောအခါ ဖမ်းဆီးခံရခြင်းမှ လွတ်နိုင်သော်လည်း အော်ပရာစီ စီမံချက်ဖြင့် ဖမ်းဆီးခံရပါက စနစ်တကျစစ်ဆေးသည့်အတွက် အထောက်အထား အတုကိုင်ဆောင်မှု၊ တရားမဝင် ခိုးဝင်မှု စသည့် ပြစ်မှု ၂ ခု ကျခံရကြောင်း မလေးရှားရှိ နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် အော်ပရာစီအဖမ်းအဆီး ဝင်ရောက်ရန်ရှိသည့် နေရာများအား သိရှိပါက ၎င်းတွင်နေထိုင်ပြီး အထောက်အထားအတု ကိုင်ဆောင်ထားသူများဖြစ်ပါက လွှင့်ပစ်ပြီး အဖမ်းခံကြရန် အချင်းချင်း သတိပေးကြ ကြောင်း ၎င်းက ပြောသည်။
“အော်ပရာစီရှိတယ်ဆိုရင် တချို့ကြတော့လည်း အားလုံးသိနေကြပြီ။ မြန်မာအများစုကတော့ Facebook တွေ ကနေ ကြော်ငြာတယ်၊ ကျနော်တို့ ပရဟိတအသင်းတွေကနေ ကြော်ငြာတယ်။ အော်ပရာစီ immigration လ.ဝ.က ဝင်ရင် အတုကိုင်ထားတဲ့လူတွေ ဘာမှမကိုင်ထားကြနဲ့ လွှင့်ပစ်လိုက်။ ဒီအတိုင်းပဲ အဖမ်းခံလိုက်။ အတု တွေဆိုတာ ဒီနိုင်ငံမှာ ကိုယ့်နယ်ပယ်မှာရှိတဲ့ ရဲတွေလောက်ကိုပဲပြ ဆိုတာ အသိပေးထားတော့ ကျနော်တို့ မြန်မာ တွေ အတုကိစ္စတွေမှာ နည်းပါတယ်။ အားလုံးက overstay အမှုနဲ့ပဲဝင်သွားကြတာများတယ်။ တချို့ကြတော့ လည်း ဘုမသိဘမသိ သတင်းလည်း နားမထောင်ရင်တော့ လက်ထဲမှာပါသွားတာတွေရှိတယ်။ တချို့ဆို ကဒ် အတုတွေကိုင်ထားတယ်။ ကဒ်အတုက နာမည်တခြား မြန်မာသံရုံးကနေထုတ်ထားတဲ့ စာအုပ်အစစ်က ပါမစ် မရှိဘူး။ စာအုပ်အခွံကြီးက သပ်သပ်ထား၊ နှစ်ခုတောင်ပါသွားတဲ့အခါမှာ overstay အမှုတွေ၊ ကဒ်အတုတွေ ကိုင်ထားတဲ့ အမှုတွေနဲ့ဆိုရင် ၂ မှုလောက်ကို စွဲတယ်။ အဲဒီလိုစွဲတဲ့လူတွေလည်းရှိပါတယ် မြန်မာနိုင်ငံသားတွေ” ဟု ၎င်းက ပြောသည်။
အထောက်အထားအတု ကိုင်ဆောင်ကြသူများထဲတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ကိုင်ဆောင်ကြသလို ပွဲစားများ ထံတွင် အထောက်အထားအစစ်ဖြစ်ကြောင်း အလိမ်ခံလိုက်ရသဖြင့် ကိုင်ဆောင်ကြသူများလည်း ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ တရားမဝင်အထောက်အထားမဲ့များကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားစဉ်
ပြီးခဲ့သည့် ရက်ပိုင်းက မလေးရှားသို့ တရားမဝင် ခိုးဝင်ရန် ကြိုးစားသည့် မြန်မာ ၆ ဦး၏ နိုင်ငံကူးလက်မှတ်တွင် ဗီဇာတံဆိပ်တုံးထုထားသည့် နံပါတ်အား ကွန်ပျူတာနည်းပညာဖြင့် စစ်ဆေးရာတွင် အတုဖြစ်နေကြောင်း တွေ့ရှိ ရသဖြင့် ထိုင်းတောင်ပိုင်း နရာထိဝပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲများက ဖမ်းမိခဲ့ကြောင်း သိရသည်။
တရားမဝင် ခိုးဝင်သူများတွင် အထောက်အထားအတု ကိုင်ဆောင်ကာ နေထိုင်ကြသူများသည် ယခင်ကတည်းက ရှိသော်လည်း ယခုအခါတွင် ပို၍ များလာနိုင်သည်ဟု သုံးသပ်နိုင်ကြောင်းလည်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
တရားမဝင်ခိုးဝင်ပါက ဖမ်းဆီးခံရလျှင် ပြစ်ဒဏ်တစ်ခုတည်းသာ ကျခံရမည်ဖြစ်ပြီး အထောက်အထားအတု ကိုင်ဆောင်ထားသူဖြစ်ပါက ပြစ်ဒဏ်မှာ ပို၍ ကြီးလေးကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
“ဘာဖြစ်လို့ဆို ထောင်တွေမှာ ပတ်စပို့စာအုပ်အတု ကိုင်ဆောင်မှုတွေနဲ့ ထောင်ကျနေတဲ့ဟာတွေက များစွာ ရှိနေတဲ့အခါကြတော့ ကိုယ့်လက်ထဲမှာ စာအုပ်ရလာပြီဆိုရင် ရတဲ့ စာအုပ်၊ ရတဲ့ပုံစံမျိုးတွေကို ကြည့်ရမှာပေါ့။ ကိုယ်က အစိုးရရုံးတွေကို သွားခဲ့ရလား ပြန်ကြည့်ရမှာပေါ့။ ပြစ်ဒဏ်ကတော့ ဖြစ်စဉ်အပေါ်ကြည့်ရတာပေါ့။ သာမန် နိုင်ငံထဲခိုးဝင်လာတယ်။ ခိုးဝင်လာပြီးမှ စာရွက်စာတမ်းကို ကြည့်တဲ့အခါ အတုတွေ့တယ်ဆိုရင် ပြစ်ဒဏ်က ဘယ်လောက်။ အဓိက ငွေဒဏ်နဲ့ ထောင်ဒဏ်ပေါ့။ ပတ်စပို့အတုဆိုရင် ငွေဒဏ်ထက်စာရင် ထောင်ဒဏ်ကို ဦးစားပေးတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်မှုများမှာ ယခင်ကထက် များပြားလာသော်လည်း ဖမ်းဆီးခံရမှုမှာ နည်းပါးလျက်ရှိကြောင်း သိရသည်။
သို့သော် ထိုင်းနယ်စပ်မှတဆင့် မလေးရှားသို့ တရားမဝင် ခိုးဝင်ကြရာတွင် ဖမ်းဆီးခံရမှုမှာ များပြားကြောင်း၊ မလေးရှားနိုင်ငံထဲတွင်လည်း အဖမ်းအဆီးများမှာ ကြမ်းတမ်းနေကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 4161
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆
မွန်ပြည်နယ်တွင် ယခုနှစ် ကောက်စိုက်ခ ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ထက် ထက်ဝက်ခန့် မြင့်တက်လာနေသည့် အတွက် တောင်သူများသည် စိုက်ခင်းထက် ပျိုးကြဲသည့်စနစ်သို့ ပြောင်းလဲလုပ်ဆောင်လာနေကြကြောင်း သိရ သည်။
ကောက်စိုက်ခ ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်တွင် တစ်ဦးလျှင် ငွေကျပ် ၁၀,၀၀၀ ကျပ်သာ ရှိသော်လည်း ယခုနှစ် တွင် ၁၂,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်အထိ ဖြစ်ပေါ်နေသည်ဟု သိရသည်။
ကောက်စိုက်ခဈေးနှုန်း မြင့်တက်လာရခြင်းသည် လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် အခြေခံကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် လုပ်သားရှားပါးသည့် အခက်အခဲများကြောင့် ဖြစ်သည်။
ကောက်စိုက်ခဈေးနှုန်း မြင့်တက်ခြင်းနှင့် လုပ်သားအခက်အခဲများကြောင့် တောင်သူများက အချိန်မှီ စိုက်ပျိုးမှု မလုပ်နိုင်မည်ကို စိုးရိမ်သည့်အတွက် ပျိုးကြဲသည့်စနစ်ကို လုပ်ဆောင်လာကြခြင်း ဖြစ်သည်ဟု မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ တောင်သူ ကိုလွင်အေးက CNI သတင်းဌာနသို့ ပြောသည်။
ကောက်စိုက်တောင်သူများကိုတွေ့ရစဉ်
၎င်းက “လယ်သမားတွေက အခုက ကျနော်တို့ဘက်မှာ ကြဲခင်းလို့ ခေါ်တာပေါ့နော် တိုက်ရိုက် စိုက်တာလို့ ခေါ်တာပေါ့နော်။ အဲဒီလယ်လုပ်သား ရှားပါးမှုကြောင့် လယ်သမားတော်တော်များများက ကောက်စိုက်၊ ပျိုးနှုတ်တဲ့ ဈေးနှုန်းတွေ မြင့်တာရယ်၊ ကောက်စိုက်သမားခေါ်လို့ ချက်ချင်းမှ ကောက်စိုက်တယ်ဆိုတာက အချိန်နဲ့တပြေးညီ စိုက်ရတာကိုး။ မျိုးသက် ရက် ၃၀ သားဆိုရင် ကျနော်တို့ စိုက်ရပြီလေ။ ရက် ၃၀ ထက် လွန်သွားပြန်ရင်လည်း ကျနော်တို့က ထိခိုက်နိုင်တာပေါ့။ အထွက်နှုန်းကအစပေါ့၊ ပိုပြီးတော့ ကုန်ကျစရိတ်လည်း များသွားနိုင်တာပေါ့။ ကိုယ့်မျိုး ရက် ၃၀ သား၊ စိုက်လို့ရပြီဆိုတဲ့အချိန်မှာ အခုလို ပျိုးနှုတ်၊ ကောက်စိုက်သမားက အချိန်မီ ခေါ်လို့မရရင် ကျနော်တို့ လယ်သမားတွေအတွက် အများကြီး ထိခိုက်တာပေါ့။ အဲဒီလို ဖြစ်မှာစိုးလို့ လယ်သမား တော်တော်များ များက တိုက်ရိုက်အစေ့ချ ကြဲခင်းစနစ်ကို သုံးလာကြတယ်။ ကြဲခင်းစနစ် သုံးလာတဲ့အခါကျတော့ ကောက်စိုက် လုပ်သားတွေ မလိုဘူးပေါ့နော်။ ဒါပေမယ့် ကြဲခင်းဆိုတာတော့ စိုက်ခင်းလောက်တော့ အထွက်နှုန်း မသေချာဘူး ပေါ့” ဟု ပြောသည်။
ပျိုးကြဲပြီး စိုက်ပျိုးရာတွင် အထွက်နှုန်း နည်းပါးသော်လည်း စိုက်ပျိုးစရိတ် သက်သာသည်ဟု သိရသည်။
ကောက်စိုက်သည့် စနစ်နှင့် တိုက်ရိုက် ပျိုးကြဲပြီး စိုက်ပျိုးသည့်စနစ်တွင် ပျိုးကြဲသောစနစ်က ကုန်ကျမှုစရိတ် သက်သာကြောင်း၊ ကောက်စိုက်သည့်စနစ်ဖြင့် စိုက်ပျိုးရာ၌ လယ်တစ်ဧကလျှင် ငွေကျပ် ၂ သိန်းခွဲခန့် ကုန်ကျပြီး ပျိုးကြဲသည့်စနစ်က မျိုးစပါးအတွက် ငွေကျပ် ၃ သောင်းမှ ၄ သောင်းကျပ်ခန့်သာ ကုန်ကျသည်ဟု မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ တောင်သူ ဦးမောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ဆန်ဆိုင်တစ်ဆန်ကိုတွေ့ရစဉ်
၎င်းက “ကြဲခင်းက ကျနော်တို့ မျိုးစပါးဖိုးပဲ ကုန်မှာလေ။ ကြဲခင်းက ပေါ်ဆန်းဆိုရင် ကျနော်တို့ တစ်ဧကကို တစ်တင်းလောက်ပဲ ကြဲရတာလေ။ မျိုးစပါး တစ်တင်းရဲ့ တန်ဖိုးက ကျနော်တို့ ဒေသမှာဆို ပေါက်ဈေးက တစ်တင်းက ၃ သောင်းခွဲ၊ ၄ သောင်းလောက် ရှိတာပေါ့နော်။ ဒါပေမယ့် လယ်သမားတွေက ကိုယ့်မျိုးနဲ့ကိုယ် ထားကြတာ များပါတယ်။ စပါးတစ်တင်း ကြဲလိုက်ရင် ကြဲတဲ့စနစ်က ပြီးသွားပြီပေါ့။ ၃ သောင်းခွဲ၊ ၄ သောင်း လောက် မျိုးစပါးဖိုးပဲ ကုန်တာပေါ့။ စိုက်ခင်းကြတော့ ပျိုးထောင်ရတယ်၊ သူကတော့ မျိုးစပါး အကုန်နည်းတယ်။ ဒါပေမယ့် ကောက်စိုက်၊ ပျိုးနှုတ်ခတွေ မြင့်တဲ့အခါကျတော့ လယ်တစ်ဧကဆိုရင် အနည်းဆုံး မကုန်ဘူးဆိုရင် ၁၀ ယောက်ဆို ၁ သိန်းခွဲ၊ ပျိုးနှုတ်ခက ၁ သောင်းဆိုရင် ၈ သောင်း။ ၂ သိန်းခွဲလောက် ကုန်ကျမှာပေါ့ တစ်ဧကကို။ ကောက်စိုက်ခက တစ်ဧကကို ၂ သိန်းခွဲလောက် ကုန်မယ်၊ ကြဲခင်းဆိုရင်တော့ ၃ သောင်း၊ ၄ သောင်းလောက်ပဲ ကုန်တာပေါ့” ဟု ပြောသည်။
ပျိုးကြဲ၍ စိုက်ပျိုးထားသည့် စပါးသည် ရေကြီးသည့်ဒဏ်ကို မခံနိုင်ခြင်း၊ ရွှေခရုများ ကိုက်သည့်ဒဏ်ကို မခံနိုင် သည့်အတွက် ကာကွယ်ဆေးဖိုး ကုန်ကျစရိတ် ဖြစ်ပေါ်ခြင်းများနှင့် စိုက်ခင်းထက် အထွက်နှုန်း နည်းပါးခြင်း ကြောင့် တချို့သော တောင်သူများက ပျိုးကြဲသည့်စနစ်ကို မရွေးချယ်ကြကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2826
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆
မလေးရှားတွင် ဒုက္ခသည်များ ဖမ်းဆီးခံရပါက UNHCR ကို ထိန်းသိမ်းရေးစခန်းများသို့ ဝင်ရောက် တွေ့ဆုံခွင့်အား မလေးရှားအစိုးရမှ ပြန်ခွင့်ပြုပေးစေလိုကြောင်း မလေးရှားရှိ တိုင်းရင်းသားဒုက္ခသည် အဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က မလေးရှားတွင် ဒုက္ခသည်များ ဖမ်းဆီးခံရပါက ထိန်းသိမ်းရေးစခန်းများသို့ UNHCR မှ တာဝန်ရှိသူများ လာရောက်ကာ ပြန်လွတ်ရန်အတွက် ကူညီဆောင်ရွက်၍ ရသော်လည်း ၂၀၁၉ ခုနှစ်မှစတင်ကာ ထိန်းသိမ်းရေး စခန်းများသို့ ဝင်ရောက်ခွင့်ပိတ်ပင်ထားသည်မှာ လက်ရှိအချိန်အထိ ဖြစ်သည်။
ထို့ကြောင့် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံသူများအတွက် ပြန်လွှတ်ပေးရေး၊ နေရာပြန်ချထားရေး ကြိုးပမ်းမှု များ နှောင့်နှေးစေသောကြောင့် UNHCR ကို ထိန်းသိမ်းရေး စခန်းများသို့ ဝင်ရောက်ခွင့် ပြန်ပေးစေချင်ကြောင်း Alliance of Chin Refugees မှ ဥက္ကဋ္ဌ James Bawi Thang Bik က CNI သတင်းဌာန သို့ ပြောသည်။
“UNHCR ကို ထောင်ထဲမှာ၊ ကမ့်တွေထဲမှာ ဝင်ခွင့်မပေးတော့ဘူး။ ပြီးတော့ ထောင်ထဲမှာ သွားပေး၊ ကမ့်တွေ သွားလုပ်ပေး အဲဒီလိုဟာတွေ မရတော့ဘူး။ အဲဒါကို UNHCR ကိုယ်တိုင် NGO တို့ ကိုယ်တိုင်ကအစ အဓိက တောင်းဆိုတာလည်း အဲဒါပါတာပေါ့နော်။ UNHCR ကို ထောင်ထဲမှာ ပြန်ဖွင့်ပေးဖို့ကို ကျနော်တို့ တောင်းဆို ထားတာရှိတယ်။ ဒါပေမယ့် အစိုးရက ဟိုတစ်ခါ သတင်းစာရှင်းလင်းပွဲတုန်းက ပြောထားတာ UNHCR အနေနဲ့ ကမ့်ထဲမှာ ဝင်တာကိစ္စမရှိဘူးပြောပေမယ့် လက်တွေ့မှာ လုံးဝ အဝင်မခံတာဖြစ်တယ်။ အဲဒီလိုသာ ဝင်ခွင့်ရမယ် ဆိုရင်တော့ အများကြီး အခွင့်အရေးသက်သာတယ်လေ” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံရှိ UNHCR ရုံးဝင်ပေါက်
ထို့အပြင် မလေးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR ရုံးကို ပိတ်ပစ်ဖို့ မလေးရှား အမျိုးသား လုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ်က အကြံပြုခဲ့သေးသည်။
ထိန်းသိမ်းရေး စခန်းများသို့ UNHCR မှ ဝင်ရောက်ခွင့်မရှိသဖြင့် ဒုက္ခသည်ကဒ်ကိုင်ဆောင်ထားသည့် မြန်မာများ ဖမ်းဆီးခံရပါက UNHCR ထံသို့ အကြောင်းကြားရာတွင် အထောက်အထား မှန်ကန်မှု ရှိ၊ မရှိကို အကြောင်း ပြန်ကြားမှုသည် ကြန့်ကြာနေသဖြင့် ထိန်းသိမ်းရေးစခန်းများတွင်သာ နေထိုင်နေရကြောင်းလည်း သိရသည်။
ယခင်ကဲ့သို့ UNHCR အနေဖြင့် ထိန်းသိမ်းရေး စခန်းများသို့ ပြန်ဝင်ရောက်ခွင့်ရမည်ဆိုပါက ဖမ်းဆီးခံရသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ လွယ်ကူလျင်မြန်သွားမည်ဖြစ်ကြောင်းလည်း ထောက်ပြကြသည်။
Arakanese Community Malaysia (ARRC) မှ တာဝန်ရှိသူတစ်ဦးက “အခက်အခဲတွေက အများကြီးရှိတယ်။ လာတဲ့ဒုက္ခသည်တွေကြတော့ ဒီမှာက နှစ်ပိုင်းရှိတာပေ့ါ။ တချို့က migrant ရှိတယ်။ တချို့က refugee ရှိတယ်။ ဘယ်လိုပဲ refugee လို့ ပြောပြော၊ migrant လို့ပဲပြောပြော အကုန်လုံးက အလုပ်တစ်ခုခုတော့ လုပ်ကြရတာပေါ့ လေ။ နံပါတ်တစ်ကတော့ သူတို့မှာ undocumented ဖြစ်ကြတယ်ပေါ့။ ပတ်စပို့နဲ့လာတာမဟုတ်ဘူး။ work permit တွေနဲ့ လာတာမဟုတ်ဘူး။ MOU နဲ့လာတာ မဟုတ်တဲ့အခါကြတော့ ဒီမှာ အလုပ်လျှောက်ရတဲ့ဟာတွေ အခက်အခဲရှိတယ်။ ဒီဘက်မှာ ဆေးရုံဆေးခန်း ပြရတဲ့ဟာတွေ အခက်အခဲရှိတယ်။ တခြားတခြားသော ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ အကာအကွယ်ပေးမှု ဆိုင်ရာ ကိစ္စရပ်တွေမှာ အများကြီး အားနည်းချက် တွေရှိတယ်။ အဖမ်းခံရတဲ့ ကိစ္စတွေရှိတယ်။ လမ်းသွားလမ်းလာ ကိစ္စတွေမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်မရတာတွေရှိတယ်။ ကြောက်နေရတယ်ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
UNHCR ကတ်
မလေးရှားနိုင်ငံရှိ UNHCR ထံတွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူနှင့် ခိုလှုံခွင့်တောင်းခံသူဦးရေ ၁၉၀,၀၀၀ (တစ်သိန်းကိုးသောင်း)နီးပါးရှိသည့်အထဲ မြန်မာနိုင်ငံမှ ၁၆၀,၀၀၀ (တစ်သိန်းခြောက်သောင်း)ကျော် ပါဝင် ကြောင်း မလေးရှားရှိ UNHCR က ထုတ်ပြန်ထားသည်။
ထိုစာရင်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိဖြစ်ပြီး မြန်မာနိုင်ငံမှ တစ်သိန်းခြောက်သောင်းကျော်အနက် ဘင်္ဂါလီ ဦးရေမှာ ၁၁၀,၀၀၀(တစ်သိန်းတစ်သောင်း)ကျော်၊ ချင်းလူမျိုး ၂၆၀၀၀ ခန့်နှင့် ပဋိပက္ခဒဏ်ခံခဲ့ရသည့် ဒေသများမှ အခြားတိုင်းရင်းသားလူမျိုး ၃၀၀၀၀ ကျော်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများ၏ ၆၅ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ပြီး ၃၅ ရာခိုင်နှုန်းမှာ အမျိုးသမီး များဖြစ်ကြောင်း၊ အသက် ၁၈ နှစ်အောက် ကလေးအရေအတွက်မှာ ငါးသောင်းကျော်ခန့်ရှိကြောင်း UNHCR ၏ စာရင်းအရ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2614
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅
ပြည်တွင်းတွင် စားသုံးနေသည့် စားအုန်းဆီကို နိုင်ငံတော်၏ မူဝါဒအရ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပြီး တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။
ပြည်တွင်းတွင် စားသုံးဆီ ထုတ်လုပ်နေသည့် ဆီစက်များကို အားပေးမြှင့်တင်ရန်၊ ထုတ်လုပ်နိုင်စွမ်းအားကို တိုးတက်လာစေရန်နှင့် နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စားအုန်းဆီကို လိုအပ်ချက်၏ ထက်ဝက်ခန့်သာ တင်သွင်းခွင့် ပြုထားခြင်းကြောင့် ဈေးကွက်အတွင်း ရောင်လိုအားနှင့် ဝယ်လိုအား မျှတမှုမရှိ ဖြစ်သွားမည်ဖြစ်သည်။
ထို့နောက် ဈေးနှုန်းလည်း မြင့်တက်လာမည် ဖြစ်ကြောင်း၊ မြင့်တက်လာသည့် ဒဏ်ကိုလည်း စားသုံးသူပြည်သူ အခြေခံလူတန်းစားသာ ခံကြရမည်ဖြစ်သည်ဟု မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စားအုန်းဆီက လိုအပ်တာ တန်ချိန် ၇ သောင်း လိုတယ်ဆိုပါဆို့ ဥပမာ၊ သူက တန်ချိန် ၃ သောင်းခွဲပဲ သွင်းမယ်လုပ်တယ်။ သွင်းလေ တန်ချိန် ၇ သောင်းကို တကယ်လိုအပ်နေတာကို။ မသွင်းလို့ ဘယ်လိုလုပ် ရမှာ တုန်း။ အဲဒီအတွက် ကုန်သွားတဲ့ ဒေါ်လာကို ကိုယ့်ဘာသာကိုယ် တစ်ဖက်လှည့်နဲ့ ပြန်ရှာလေ။ မဖြစ်မနေ လိုအပ် တဲ့ကိစ္စ သွင်းကိုသွင်းရမှာ။ တခြားသီးနှံ စိုက်ရင်စိုက်၊ တခြားသီးနှံကနေ ပြန်ရှာလေ။ ထက်ဝက်ပဲ တင်သွင်းခိုင်း ထားတော့ ဝယ်လိုအားကို မှီအောင် မလိုက်နိုင်ဘူး။ ဝယ်လိုအားကို မှီအောင် မလိုက်နိုင်တော့ ပစ္စည်းက ဈေးတက် လာတယ်၊ ပစ္စည်းဈေးတက်တော့ အခြေခံလူတန်းစားပဲ ခံရတာ” ဟု ပြောသည်။
စားအုန်းဆီပုံးများကို တွေ့ရစဉ်
ပြည်တွင်းတွင် စားအုန်းဆီ တန်ချိန် ၇ သောင်းခွဲခန့် လိုအပ်နေပြီး လက်ရှိ၌ ယင်းလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်း ဖြစ်သည့် တန်ချိန် ၃ သောင်းဝန်းကျင်ခန့်သာ တင်သွင်းခွင့်ပြုထားခြင်း ဖြစ်သည်။
ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို လျှော့ချခြင်းထက် ပြည်တွင်းတွင် ဆီထွက်သီးနှံ အထွက်နှုန်း တိုးတက်လာစေ ရန်နှင့် ဆီထုတ်လုပ်မှု ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့နောက် ဆီထုတ်လုပ်နေသည့် စက်များကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမှန်တော့ လုပ်ရမှာ ကိုယ့်ပြည်တွင်း ထုတ်လုပ်မှု ဆီထွက်သီးနှံတွေ ထုတ်လုပ်မှုတွေ တိုးအောင်လုပ်ဖို့ လည်း တစ်ဖက်က လိုတယ်။ ဟိုဘက်က ပိတ်တာတင်နဲ့ရယ်တော့ မလုံလောက်ဘူးပေါ့နော်။ သွင်းတာကို လျှော့ ချမယ်လုပ်သလိုပဲ တစ်ဖက်ကလည်း ကိုယ့်ပြည်တွင်းရဲ့ ထုတ်လုပ်နေတဲ့ဟာတွေကိုလည်း ပိုပြီးတော့ တိုးတက် အောင် ပိုပြီးတော့ ထွက်အောင်၊ ဆီထွက်နှုန်းတွေ ပိုကောင်းအောင်၊ ဆီစက်တွေကို ပိုပြီးတော့ ခေတ်မှီအောင် ဒါတွေလည်း လုပ်ကြဖို့ လိုတာပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းကို အကောင်အထည်ဖော်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးများ၌ နေကြာသီးနှံကို ဧက ၁ ဒသမ ၅ သန်းအထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ဆောင်နေ ကြောင်း သိရသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးကိုလည်း မြန်မာနိုင်ငံ၏ ဆန်အိုးကြီးသာမက ဆီအိုးကြီးအဖြစ် ပုံဖော်နေပြီး နေကြာသီးနှံကိုလည်း စီမံကိန်းအနေဖြင့် စိုက်ပျိုးမှု လုပ်ဆောင်လျက်ရှိသည်။
စားအုန်းဆီပုံးများကို တွေ့ရစဉ်
သို့သော် ဧရာဝတီတိုင်းဒေသကြီးသည် မိုးရွာသွန်းမှု များပြားသော ဒေသဖြစ်သည့်အတွက် နေကြာစိုက်ပျိုးခြင်း အောင်မြင်မှုမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး မှ တောင်သူ ဦးနိုင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ လုပ်နေကြတာ။ အတင်း လယ်သမားတွေကို တွန်းစိုက်၊ ဧရာဝတီ တိုင်းဒေသကြီးက ဆန်အိုးကြီးတင်မကဘူး ဆီအိုးကြီးပါ ဖြစ်ရမယ် ဘာညာဆိုပြီး လုပ်နေကြတာ။ ဒါပေမယ့် တကယ်တမ်းကျတော့ မရဘူး။ မရဘူးဆိုတာက တကယ်စိုက်ရင် တွက်ခြေမကိုက်ဘူး။ မအောင်မြင်ဘူးဆိုတာက ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ထွက်လာတာနဲ့ မကာမိဘူး။ ဧရာဝတီရဲ့ထုံးစံက မိုးကိုများတာ။ မိုးများတဲ့အတွက် ကြောင့်မို့ ဒီဟာမျိုးက ကျနော်တို့ဆီမှာ အနည်းအကျဉ်းပဲ တချို့တလေ စိုက်ကြတယ်။ များများစားစားစိုက်လို့ မအောင်မြင်ဘူး။ စီးပွားဖြစ်စိုက်လို့ မအောင်မြင်ဘူး။ သူများကို ပြန်ရောင်းဖို့ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် စိုက်မယ်၊ ကိုယ့်ဘာသာကိုယ် ကြိတ်မယ်။ ကိုယ့်အိမ်မှာ စားဖို့လောက်လေး နည်းနည်းပါးပါး အဲဒါဆိုရင် ရတယ်။ အဲဒါပဲ လုပ်ကြတာလေ။ ဒီမှာ စီးပွားဖြစ် နေကြာကို စီးပွားဖြစ် စိုက်ဖို့က ဒီက ရာသီဥတုနဲ့၊ မြေအနေအထားနဲ့ မကိုက်ဘူးဗျ” ဟု ပြောသည်။
စားအုန်းဆီကို ရည်ညွှန်းဈေး တစ်ပိဿာ ၅၄၀၀ ကျပ်ဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချစေခြင်းများ လုပ်ဆောင်နေကြာင်း၊ သို့သော်လည်း စားအုန်းဆီ တင်သွင်းမှုကို ထက်ဝက်ခန့် လျှော့ချလိုက်ခြင်းကြောင့် ဈေးကွက်အတွင်း စားအုန်းဆီ ရှားပါးခြင်းများ ဖြစ်ပေါ်နေပြီး တန်းစီစောင့်ဆိုင်း၍ ဝယ်ယူနေကြရသည်။
တန်းစီဝယ်ယူရာတွင် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ ကျပ်ခန့်ရှိသော်လည်း ရပ်ကွက် အတွင်းရှိ လက်လီအရောင်းဆိုင်များတွင် တစ်ပိဿာ ၁၂၀၀၀ ကျပ်အထိ မြင့်တက်လျက်ရှိနေပြီး လိုအပ်သလောက် ဝယ်ယူ၍ မရကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 5207
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄
ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဆန်ကို သက်သာသည့် နှုန်းထားဖြင့် ရောင်းချပေးသွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ကြေညာခဲ့ သည်။
ဆန်ဈေးနှုန်း မြင့်တက်မှုနှင့်ပတ်သက်၍ ဆန်ကုန်သည်များကို အရေးယူခြင်းနှင့် ခေါ်ယူမေးမြန်းခြင်းများ လုပ်ဆောင်ပြီးနောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ဆန်ဈေးကွက်ကို ထိန်းချုပ်ရာတွင် ကုန်သည်များအတွက် အကျိုးအမြတ်ကို ကြည့်၍ စနစ်တကျ ချုပ်ကိုင်ရန် လိုအပ်ကြောင်း၊ အတင်းအကြပ် လုပ်ဆောင်ပါက ဆန်ကုန်သည်များကို ဆန်ကြိတ် ခွဲမှုများကို မလုပ်ဆောင်ပါက ကုန်စည်ရှားပါးပြီး မှောင်ခိုဈေးကွက် ဖြစ်ပေါ်သွားနိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံတော်က သူချုပ်ကိုင်မယ်ဆိုလည်း စည်းနဲ့ကမ်းနဲ့ ထုတ်လုပ်သူတွေဆီကနေပြီးတော့ ဝယ်ထားတဲ့ ဈေးနဲ့ အခု သူတို့ သိုလှောင်ထားရတဲ့ လျော့တွက်၊ ကုန်ကျစရိတ်နဲ့ အဲဒါနဲ့ သင့်တင့်မျှတတဲ့ ဈေးတန်းတစ်ခုနဲ့ ထိန်းထားဖို့တော့ လိုအပ်မယ်။ အလွန်အမင်း မတက်စေဖို့ ထိန်းချုပ်ဖို့က မလွယ်ဘူး။ ဒါပေမယ့် သူတို့ အတိုင်း အတာတစ်ခု ညှိနှိုင်းပြီးတော့ ဥပမာဆိုပါတော့ တစ်လကို ၅ ရာခိုင်နှုန်းပဲတက်ပါ။ ဒါ့ထက်တော့ ပိုမတက်နဲ့၊ စပါး အဟောင်းကို။ အဲဒီလိုပဲ ထိန်းချုပ်သင့်တယ်။ အဲဒီလို အလွန်အမင်း အရောင်းအဝယ် လုပ်တဲ့သူတွေကို ဟိုလိုကိုင် ဒီလိုကိုင်ဆိုရင် အဲဒီတော့ ဘာဖြစ်သွားမလဲဆိုတော့ ခါတိုင်းကြိတ်ခွဲနေတဲ့ ပြည်တွင်းဆန်စက်တွေက အဲဒါကို မကြိတ်ခွဲရဲတော့ဘူး၊ မလုပ်တော့ဘူးဆိုရင် အဲဒီတော့မှ ကုန်ပစ္စည်း ရှားပါးပြတ်လပ်တာနဲ့ မှောင်ခိုဈေးကွက် ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
ဆန်ဆိုင်ကို တွေ့ရစဉ်
သက်သာသည့် နှုန်းထားဖြင့် ရွှေဘိုပေါ်ဆန်းကို ၁၃၅,၀၀၀ ကျပ်မှ ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းကို ၁၁၀,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်၊ ဧည့်မထဆန်ကို ၇၀,၀၀၀ ကျပ်မှ ၇၂,၀၀၀ ကျပ်ဖြင့် ရန်ကုန်ရှိ ဝါးတန်း ကုန်စည်ဒိုင်နှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ရောင်းချပေးမည်ဟု သိရသည်။
ထို့နောက် လက်လီအနေဖြင့် ဆန်ချောတစ်ပြည်ကို ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဆန်ကြမ်းတစ်ပြည်လျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အိတ်လိုက်ဝယ်ယူသူအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လစာ အတွက် ဆန်ချာတစ်အိတ်နှင့် ဆန်ကြမ်း တစ်အိတ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ယခုကဲ့သို့ ရောင်းချပေးမှုသည် ရန်ကုန်တိုင်းအတွက်သာ ဖြစ်နေပြီး တခြားသော ဒေသများ အတွက် အဆင်မပြေကြောင်း၊ ထို့ကြောင့် ဆန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် အထောက်အကူ မဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။
နိုင်ငံတော်အနေဖြင့် ဆန်ဈေးကွက်ကို ထိန်းညှိလိုပါက စပါးပေါ်ချိန်တွင် အရန်ဆန်ဝယ်ယူပြီး ဆန်ဈေးနှုန်း မြင့်တက်ချိန်၌ သက်သာသည့်နှုန်းထားဖြင့် ရောင်းချပေးသည့် စနစ်ဖြင့် လုပ်ဆောင်မှသာ ထိန်းညှိနိုင်မည် ဖြစ်သည်ဟု ဆန်ကုန်သည် ဦးအေးဝင်းက CNI သတင်းဌာနသို့ ပြောသည်။
ဆန်ဆိုင်ကို တွေ့ရစဉ်
၎င်းက “စပါးပေါ်တဲ့အချိန်မှာ နိုင်ငံတော် ဘတ်ဂျတ်တစ်ခုအဖြစ် အရန်ဆန်လို သဘောမျိုးပေါ့ ဥပမာ ၁၆ သိန်း တုန်းက ဝယ်ထားတဲ့ စပါး၊ ၁၇ သိန်းတုန်းက ဝယ်ထားတဲ့စပါးတွေကို ကြိတ်ခွဲပြီးတော့ ဒီနေ့ဒီအချိန်မှာ လိုအပ်တဲ့ နေရာတွေမှာ ရောင်းချပေးလိုက်ရင် ဈေးတန်း အလွန်အမင်း မတက်အောင် ထိန်းညှိပေးသလို ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်ဝယ်ယူ စားသောက်နေတဲ့ သူတွေဆီအရောက် ရွေ့လျားစနစ်နဲ့ လိုက်ပြီးတော့ ရောင်းချပေးတဲ့ သဘောမျိုး လုပ်လိုက်ရင်လည်းပဲ ထိန်းရာရောက်ပါတယ်။ ဒါပေမယ့် တကယ်ကို လုံလုံလောက်လောက် ရောင်းပေးဖို့ရယ်၊ ဥပမာ ဆန်အိတ် ၁၀၀၀ ကို ခွင့်ပြုလိုက်တဲ့အချိန်မှာ ၅၀၀ ပဲရောင်းပြီး ၅၀၀ ကို အောက်က မှောင်ခိုဈေးနဲ့ ဒါလည်း ထိန်းချုပ်ဖို့ လိုအပ်မယ်လို့” ဟု ပြောသည်။
လက်ရှိ ပြည်တွင်း ဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၉၀,၀၀၀ ကျပ်အထိ ဖြစ်ပေါ်နေပြီး ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ၁၂၀,၀၀၀ ကျပ်မှ ၁၅၀,၀၀၀ ကျပ်သို့လည်းကောင်း၊ ဆန်ကြမ်းတစ်အိတ်လျှင် ၈၀,၀၀၀ ကျပ်မှ ၁၁၀,၀၀၀ ကျပ်အထိ ဖြစ်ပေါ်နေသည်ဟု သိရသည်။
ပြည်တွင်းဆန်ဈေးနှုန်းသည် နှစ်စဉ် ယခုကာလတွင် မြင့်တက်လေ့ရှိပြီး စက်တင်ဘာလအထိ ဆက်လက် မြင့်တက်နိုင်သည်ဟု တောင်သူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 4535
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄
မလေးရှားသို့ ဒုက္ခသည်အဖြစ် ရခိုင်နှင့် ချင်းတိုင်းရင်းသားများ ယခင်ကထက် ပိုမိုဝင်ရောက်လာကြောင်း သက်ဆိုင်ရာ တိုင်းရင်းသားဒုက္ခသည် အဖွဲ့အစည်းတို့၏ တာဝန်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားရှိ ချင်းတိုင်းရင်းသား ဒုက္ခသည်ဦးရေမှာ ၂၀၂၁ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်းအရ ၅ သောင်း ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင် ၈ သောင်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသား ဒုက္ခသည် ဦးရေမှာလည်း သောင်းကဏန်းကျော်အထိ ပိုမိုဝင်ရောက်လာကြောင်း ဒုက္ခသည်အဖွဲ့အစည်းတို့၏ တာဝန်ရှိ သူများက ပြောသည်။
ထိုသို့ ဝင်ရောက်လာကြရာတွင် မိသားစုအလိုက် ရောက်ရှိလာကြသူ နည်းပါးကာ လူငယ်များ အဓိကအများဆုံး လာရောက်ကြသည်ကို ပိုမိုတွေ့လာရကြောင်း Arakanese Community Malaysia (ARRC) မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ချင်းဒုက္ခသည်များကိုတွေ့ရစဉ်
၎င်းက “အရင်ကထက်တော့ များလာတယ်။ များလာတဲ့အခြေအနေမှာ လူငယ်ပိုင်းတွေပိုများလာတယ်။ ကျနော် တို့ကတော့ New Arrival လို့ ပြောတာပေါ့။ ဒီဘက်မှာ အသစ်ရောက်လာတဲ့ လူတွေပေါ့။ အဓိကကတော့ ပြည်တွင်းက Impact တွေကြောင့် ဖြစ်မယ်လို့ ယူဆလို့ ရတယ်။ မိသားစုလိုက် ရောက်လာတာတော့ သိပ်မတွေ့ ဘူး။ ကျနော်တို့ကတော့ ရခိုင် community ပေါ့။ ရခိုင် community မှာကြတော့ မိသားစုလိုက် အဲဒီလိုမျိုး ရောက် တာတော့ သိပ်မရှိဘူး။ လူငယ်တွေပေါ့ အဓိကကတော့ အလုပ်လုပ်ကိုင်မယ့် လူငယ်၊ လူလတ်ပိုင်းတွေ များတာ ပေါ့။ သူတို့ကတော့ ရခိုင်ပြည် အပြင်ဘက်မှာနေပြီးမှ တခြားနေရာတွေမှာ အလုပ်လုပ်ကိုင်ရင်းနဲ့ အဆင်မပြေလို့ ထွက်လာတဲ့ အခြေအနေမျိုး အဲဒီလိုမျိုး ခန့်မှန်းလို့ရတာပေါ့” ဟု ပြောသည်။
ထိုသို့ လာရောက်ကြရာတွင် နယ်စပ်များမှ တရားမဝင်ခိုးဝင်ကာ ဒုက္ခသည်အဖြစ်ခံယူရန် လာရောက်ကြသလို အလည်ဗီဇာဖြင့် လာရောက်ပြီး Overstay အဖြစ်ခံကာ လာရောက်ကြသူများလည်း ရှိကြောင်း သိရသည်။
မလေးရှားသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားဒုက္ခသည်များသည် UNHCR မှ ထုတ်ပေးသည့် ဒုက္ခသည်ကဒ် ရရှိမှုနှုန်းထားသည် ယခင်ကတည်းက အရေအတွက် နည်းပါးခြင်းဖြစ်သော်လည်း ယခု နောက်ပိုင်း ဒုက္ခသည်အဖြစ် ရောက်လာသည့် လူသစ်များမှာ ဒုက္ခသည်ကဒ် ရရှိရန် ပို၍ ကြန့်ကြာကြောင်းလည်း သိရသည်။
ထို့အပြင် မလေးရှားအစိုးရမှလည်း နိုင်ငံတွင်း ဒုက္ခသည်များ ထူထပ်ပေါများသွားမည်ကို မလိုလားသဖြင့် တင်းကြပ်မှုများရှိကြောင်း Alliance of Chin Refugees မှ ဥက္ကဋ္ဌ James Bawi Thang Bik က CNI သတင်းဌာန သို့ ပြောသည်။
ချင်းဒုက္ခသည်များကိုတွေ့ရစဉ်
၎င်းက “မလေးရှားရဲ့ လက်ရှိ အခြေအနေမှာက UN ကဒ် ရသူ၊ မရသူ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မရသေးတဲ့သူ အရမ်းများတာ ဖြစ်တယ်။ ပြီးတော့ နောက်ပိုင်း မြန်မာနိုင်ငံ conflict က အရမ်းဖြစ်တဲ့အခါမှာ လူငယ်လူရွယ် အများကြီး ရောက်လာကြတယ်။ တချို့ CDM သမားတွေလည်း UN ကဒ် ရမယ်ဆိုပြီးလာကြတယ်။ မလေးရှား မှာက CDM ပဲဖြစ်ဖြစ် CDM မဟုတ်ဘဲဖြစ်ဖြစ် ဦးစားပေးခွဲခြားပြီး ပေးတယ်ဆိုတာ မရှိဘူး။ UN ကပေးတာမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာလောက်ပဲ သူတို့က ဦးစားပေးတာ။ CDM ဆိုလည်း ဦးစားပေးတာတွေ ဘာတွေ မရှိဘူး။ UN ပေးတာက လူသစ်ကိုပေးတာ လုံးဝ အခုနောက်ပိုင်း ရောက်လာတဲ့ လူတွေ ဘယ်သူမှ သူတို့မပေး သေးဘူး။ ပြီးတော့ တော်တော်နဲ့ ပေးမှာမဟုတ်ဘူး။ အခုသူတို့ ပြောတာတော့ ၂၀၁၉-၂၀ မှာ UN လျှောက်ထားတဲ့ သူတွေကိုပဲ သူတို့က ပေးနေသေးတာဖြစ်တယ်။ အဲဒါတောင်မှ သူတို့က ပေးနှုန်းတအားနည်းတာဖြစ်တယ်” ဟု ပြောသည်။
မလေးရှားသို့ UNHCR ဒုက္ခသည်ကဒ် မြန်ဆန်စွာ ရရှိမည်ဟု တွေးထင်ပြီး လာရောက်မည်ဆိုပါက မဖြစ်နိုင် ကြောင်း၊ ဒုက္ခသည်အဖြစ် လာရောက်ကြသူများထဲတွင် လူငယ် ပညာတတ် ဘွဲ့ရများပြားကြောင်း သိရသည်။
မလေးရှားသို့ ဝင်ရောက်လာသည့် ဒုက္ခသည်နှုန်းထား များပြားလာသည်နှင့်အမျှ ကျန်းမာရေး အပါအဝင် အခြား သော အခက်အခဲများစွာကိုလည်း ကြုံတွေ့နေကြကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 3211
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁
မြန်မာနိုင်ငံတွင် တရားဝင် လုပ်သားစေလွှတ်ရန် နိုင်ငံပေါင်း ၁၇ နိုင်ငံ ခွင့်ပြုထားသည့်အနက် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ စသည့်နိုင်ငံများသို့ အဓိက သွားရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကာ ပုဂ္ဂလိက အေဂျင်စီ များမှ စေလွှတ်ခြင်းအပြင် အစိုးရ၏ အစီအစဉ်ဖြင့်လည်း စေလွှတ်နေခြင်းဖြစ်သည်။
ပြည်ပထွက် အလုပ်လုပ်ခွင့်အပေါ် ကန့်သတ်ချက်များကြောင့် ပုံမှန်စေလွှတ်နေကြ နိုင်ငံများမှ အလုပ်ခေါ်စာ အသစ်များ နည်းပါးလာသဖြင့် ဗီယက်နမ်၊ လာအို စသည့် နိုင်ငံများသို့ပါ လုပ်သားများကို ပြောင်းလဲစေလွှတ် လာနေကြပြီး တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့် လုပ်သားစေလွှတ်နိုင်ရေးကို နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးနေကြကြောင်း သိရသည်။
ယခုကဲ့သို့ ပြည်ပနိုင်ငံများကို အားကိုး၍ လူသားအရင်းအမြစ်များ စေလွှတ်ပြီး အလုပ်လုပ်ကိုင်မည့် အဆင့်သို့ ရောက်ရှိလာခြင်းသည် ပြည်တွင်း၌ လူငယ်မျိုးဆက်သစ်များ မရှိသလောက်ဖြစ်သွားကာ တိုင်းပြည်အတွက်ပါ နစ်နာဆုံးရှုံးခြင်းဖြစ်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိုင်းပြည်ကို အရပ်သားအစိုးရက စနစ်တကျ စီမံခန့်ခွဲအုပ်ချုပ်နေမယ်ဆိုရင်တော့ ပြည်တွင်းမှာရှိတဲ့ လူငယ် အရင်းအမြစ်က ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ ခေတ်ပညာတွေ တတ်မြောက်ပြီးမှ ကိုယ်ပိုင်စီစဉ် ဉာဏ်ဆတွေနဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ ဖွံ့ဖြိုးရာဖွံ့ဖြိုးကြောင်းတွေ လုပ်နိုင်မယ့် အနေအထားပါ။ အခုလို မျိုး အခြေအနေမျိုးမှာဆိုရင်တော့ ပြည်ပနိုင်ငံတွေကိုပဲ အားကိုးပြီးမှ လူသားအရင်းအမြစ်တွေကို စေလွှတ်ပြီး အလုပ်လုပ်ကိုင်တဲ့ အဆင့်မျိုးကို ရောက်နေတယ်ဆိုတာ တိုင်းပြည်အတွက် အင်မတန် ဆုံးရှုံးတာပါ။ တကယ် တမ်းကြတော့ ဒီလူတွေဟာ ကိုယ့်တိုင်းပြည်မှာ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုတွေ၊ တိုင်းပြည်မှာ စီးပွားရေး လုပ်ငန်းတွေ၊ နိုင်ငံတကာ investment တွေ တအားများလာတဲ့အခါမှာ ကျနော်တို့တိုင်းပြည်က အရှေ့တောင် အာရှမှာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခု ဖြစ်ရမှာပါ” ဟု ပြောသည်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်
အလုပ်လုပ်နိုင်စွမ်းရှိသူ အများစုသည် ပြည်ပနိုင်ငံများ၏ ကုန်ထုတ်လုပ်မှုကို သွားရောက် မြှင့်တင်ပေးနေသည့် အတွက် ပြည်တွင်းတွင် လုံလောက်သော ကုန်ထုတ်လုပ်မှု အားနည်းလာခြင်း၊ လုပ်သားမရှိခြင်းက အများအပြား ထိခိုက်ဆုံးရှုံးမှု ဖြစ်လာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ကြသည်။
၂၀၁၄ ခုနှစ်က ကောက်ယူထားသည့် သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံမှ လူဦးရေ ၄.၂၅ သန်းသည် ပြည်ပ နိုင်ငံများ၌ ပြောင်းရွှေ့ နေထိုင်နေကြသူများဖြစ်ပြီး ထိုအထဲတွင် ထိုင်းနိုင်ငံသို့ ၇၀ ရာခိုင်နှုန်း၊ မလေးရှားသို့ ၁၅ ရာခိုင်နှုန်း၊ စင်္ကာပူနှင့် တရုတ်နိုင်ငံသို့ ၄ ရာခိုင်နှုန်းစီ ရောက်ရှိနေကြသလို ကျန်ရာခိုင်နှုန်းမှာ အခြားနိုင်ငံများ သို့ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်းမှ စတင်ကာ လက်ရှိအထိ ပြည်ပနိုင်ငံများသို့ ထွက်ခွာကြ သူ နှုန်းထားမှာ ယခင်ထက် နှစ်ဆကျော်လောက် မြင့်တက်လာနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ပြည်ပထွက် အလုပ်လုပ်ခွင့်အပေါ် ကန့်သတ်ချက်များ ပြုလုပ်လာသဖြင့် စိုးရိမ်မှုကြောင့် ပြည်ပထွက်လိုသူနှုန်းထားမှာ ယခင်ထက်ပို၍ များပြားလာသဖြင့် ထိုကန့်သတ်ချက်ကို ဖြေလျှော့ ပေးသင့်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်
၎င်းက “ထိခိုက်နစ်နာဆုံးရှုံးမှုတွေ အများကြီးရှိတာပေါ့။ မတတ်နိုင်တဲ့ ကျောင်းမနေနိုင်တဲ့ ကလေးတွေဘာညာဆို မိဘတောင်ယာ လယ်သမားတွေဆိုလည်း သူ့မိဘနောက်လိုက်ပြီးတော့ ကိုယ်နဲ့ နီးစပ်ရာ နီးစပ်ရာအလုပ်တွေ လုပ်တဲ့ ကလေးတွေရှိတာပေါ့နော်။ သို့ပေမယ့်လည်း အခုလက်ရှိမှာ စစ်မှုမထမ်းရ(စစ်မှုမထမ်းမနေရ) ဥပဒေ အနေနဲ့ ဒီလိုမျိုး ထုတ်ပြန်လိုက်တော့ သူတို့အနေနဲ့လည်း နောက်ဆုံး သမာအာဇီဝ ရိုးသားစွာနဲ့ ရှာဖွေလုပ်ကိုင် စားသောက်ချင် ပေမယ့်လည်း ဒီဥပဒေကြီးကြောင့် သူတို့ မနေနိုင်တော့လို့ သူတို့ကိုယ်တိုင်ပဲ လွတ်ရာကျွတ်ရာ နီးစပ်ရာတွေကို တိမ်းရှောင်တဲ့ သူတွေကလည်း အများကြီး ရှိတာပေါ့နော်။ အဲဒီနေရာတွေမှာ ဘယ်နေရာ၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် နိုင်ငံအတွင်းမှာရှိတဲ့ စီးပွားရေး ယန္တရားတွေမှာ လစ်ဟာမှုတွေ လိုအပ်ချက်တွေ အများ ကြီးဖြစ်လာမှာပေါ့။ ဒါက နောက်ဆုံး ပြောရမယ်ဆို အုပ်ချုပ်ပိုင်းက အောက်ခြေက လက်မခံနိုင်သေးသရွေ့ ဘယ်လိုမှ အဆင်ပြေလာမှာ မဟုတ်ဘူး။ ဆိုးသထက်ဆိုးဖို့ပဲ ရှိတယ်လို့ မြင်မိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသော ပို့ကုန်များမှာ ရော်ဘာ၊ ပြောင်း၊ ပဲ၊ နှမ်း၊ ဆန်၊ သကြားနှင့် ရေထွက် ကုန်တို့ဖြစ်ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄,၆၄၀ ကျော် တင်ပို့ထားကြောင်း သိရသည်။
သို့သော် ပြည်ပနိုင်ငံ အသီးသီးသို့ သွားရောက်နေကြသည့် မြန်မာနိုင်ငံသားများထံမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၅၇၁ သန်းကျော် ပြန်လည် ဝင်ရောက်ထားကြောင်း သိရသည်။