
- By CNI
- Category: စီးပွားရေး
- Hits: 4392
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားနယ်စပ်ကုန်သွယ်ရေး တာလော့ဂိတ်မှတဆင့် စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် လူသုံးကုန် အပါအဝင် မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် ကုန်စည်အားလုံးကို တရုတ်နိုင်ငံ က ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့မှ စတင်၍ ပို့ကုန် တင်ပို့ခြင်းနှင့် သွင်းကုန် တင်သွင်းခြင်းကို ပိတ်လိုက်ခြင်း ဖြစ်ကြောင်း၊ သို့သော် အောက်တိုဘာ ၂၄ ရက်နေ့တွင် ပို့ကုန်တင်ပို့ခြင်းအား ပြန်လည်ခွင့်ပြုပေးခဲ့ပြီး သွင်းကုန် တင်သွင်းခြင်းကိုတော့ ဆက်လက် ပိတ်ထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ ရောက်ရှိနေသည့် မြန်မာကုန်ကားများ အနေဖြင့်လည်း ကုန်စည်မပါဘဲ ခါလီအနေဖြင့်သာ မြန်မာ နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုထားကြောင်း မိုင်းလားမှ ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုအောင်ဇင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
တာလော့နယ်စပ်ကုန်သွယ်ရေးကို တွေ့ရစဉ်
၎င်းက “တရုတ်ပြည်ထဲက အထွက်ကားတွေ ၂၁ ရက်နေ့က အထွက်ရော၊ အဝင်ရော အကုန်ပိတ်ထားပြီးတော့ ၂၃ ရက်နေ့ကျတော့ တရုတ်ပြည်ထဲကို အဝင်ကားတော့ လက်ခံတယ်။ အဝင်ကားဆိုတာက တရုတ်ပြည်ထဲကို မြန်မာ ပြည်ကနေ ဝါဂွမ်းတို့၊ ဆန်တို့၊ ကြက်သွန်တို့ အဲဒီက ကားတွေတော့ ဝင်လို့ရတယ်။ အခုချိန်ထိတော့ တရုတ်ပြည် က အထွက်ကားတွေတော့ မရှိသေးဘူး။ ခါလီကတော့ ရတယ်ဗျ ကုန်မပါဘဲနဲ့မှ ထွက်လို့ရတယ်လို့ ကြားတယ်။ ကုန်စီးဆင်းမှု အကုန်လုံး ရပ်တန့်သွားတယ်။ ခါလီတွေ အကုန်သွားလို့ရတယ်။ တရုတ်ပြည်ကနေ မြန်မာပြည်ထဲ ကို ဆင်းလာတဲ့ ကားတွေ ရှိတယ်။ အဲဒီကားတွေလည်း ခါလီ ပြန်ဝင်လို့ရတယ်။ မြန်မာပြည်က ဟိုဘက်ခြမ်းမှာ ပိတ်မိနေတဲ့ကားတွေလည်း ခါလီပြန်ထုတ်လို့ ရတယ်လို့ကြားတယ် ကုန်မပါဘဲနဲ့ပေါ့။ ဒီဘက် ကျတော့ မနေ့က စပြီးတော့ ပြန်ဝင်တယ်ဗျ မနေ့ကစပြီးတော့။ ဝါဂွမ်းတို့ ဘာတို့ ပြန်ပြီးတော့ အဝင်လက်ခံတယ်။ သူ့ဘက်က ပစ္စည်းတော့ အခုထိ မထုတ်သေးဘူး” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မန့်ဝန်းဂိတ်၊ ချင်းရွှေဟော်ဂိတ် စသည့် နယ်စပ် ကုန်သွယ်မှုများ ရပ်တန့်နေခြင်းကြောင့် မိုင်းလားနယ်စပ်ကုန်သွယ်ရေးသည် တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်နေ ရသည့် နယ်စပ်ဂိတ်တစ်ခု ဖြစ်နေသည်။
သို့သော် လက်ရှိတွင် ပို့ကုန်များကိုသာ လက်ခံပြီး သွင်းကုန်များကို ကန့်သတ်မှု လုပ်ဆောင်လာခြင်းသည် နိုင်ငံရေးနှင့်ဆက်စပ်နေနိုင်ကြောင်း၊ ထို့နောက် နယ်စပ်ဒေသများတွင် ရှိနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ၏ ဝင်ငွေရလမ်းကြောင်းများလည်း ပိတ်သွားနိုင်သော သက်ရောက်မှုများ ရှိသွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသူ များက ထောက်ပြကြသည်။
မိုင်းလားကို ထိန်းချုပ်ထားသည့် NDAA တပ်ဖွဲ့ အလံလွှင့်တင်နေစဉ်
လက်နက်ကိုင်အဖွဲ့အစည်းများက နယ်စပ်ကုန်သွယ်ရေးမှ တင်သွင်းသည့် ကုန်စည်များကို အဓိက အားထားနေရ ခြင်းကြောင့် ယခုကဲ့သို့ တရုတ်နိုင်ငံက သွင်းကုန် ကန့်သတ်လိုက်ခြင်းသည် လက်နက်ကိုင်ပဋိပက္ခ ရပ်တန့်သွား စေရန်အတွက် တန်ပြန်လုပ်ဆောင်သည့် သဘောလည်း ဖြစ်နိုင်သည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကတော့ အထူးသဖြင့် ကျနော်တို့က နယ်စပ်ဒေသ ကုန်သွယ်ရေးကို ကြည့်လို့ရှိရင် သူနဲ့ပတ်သက် တဲ့ဒေသတွေက အရင်ဆုံး ဒီဟာနဲ့ အသက်ဆက်ကြတာ များတယ်။ ဒါကတော့ နိုင်ငံတိုင်း နိုင်ငံတိုင်း နယ်စပ် ကုန်သွယ်ရေး ကြည့်မယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးကနေ ယူရတဲ့ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း ဒါတွေက အဓိက နယ်စပ်ဒေသကို အရင်ဆုံး ရောက်တာကိုး။ ရောက်ပြီးမှ ကျနော်တို့ဘက်ကို ရောက်ကြတာ။ အခု ဒီမှာကလည်း သိတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ အနေအထားမှာလည်း ဒီဘက်မှာ မြန်မာလက်နက်ကိုင်အဖွဲ့ အများကြီး ပဋိပက္ခတွေ ဖြစ်နေတာဆိုတော့ ဒီလိုမျိုး ပိတ်လိုက်ခြင်းအားဖြင့်တော့ နယ်စပ်ကို အမှီပြုပြီး လှုပ်ရှား နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လမ်းကြောင်းကို ဆိုလိုတာကတော့ လက်နက်ကိုင်ပဋိပက္ခ ရပ်တန့်သွားအောင် ပြန်လည်လုပ်တဲ့ အနေအထားလို့ပဲ သုံးသပ်လို့ ရပါတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလား - တာလော့ နယ်စပ်ကုန်သွယ်ရေးသည် တရုတ်နိုင်ငံမှ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ လူသုံးကုန်၊ အိမ်ဆောက်ပစ္စည်းနှင့် စားသောက်ကုန်များကို အဓိကတင်သွင်းလျက်ရှိနေပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ပစ္စည်းများကို အဓိကတင်ပို့မှု လုပ်ဆောင်နေသည့် ကုန်သွယ်ရေးဂိတ်ပေါက်ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 2169
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းကပင် ကုန်လမ်းနှင့်ရေလမ်းများကို ပိတ်ထားခြင်း ကြောင့် လက်ရှိတွင် ရခိုင်စပါးများ ဈေးကွက်မရှိ ဖြစ်နေသည်ဟု တောင်သူများနှင့်ကုန်သည်များက CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးထားသည့် မိုးစပါးများ ကျန်ရှိနေသည့်အပြင် ယခု မိုးစပါးများလည်း ရိတ်သိမ်း တော့မည် ဖြစ်သည့်အတွက် စပါးအမြောက်အများ ကျန်ရှိနေသည်။
ယခင်က ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် စပါးများကို ရခိုင်ပြည်နယ်အတွင်း စားသုံးမှုအပြင် ရန်ကုန်နှင့် တခြား သော တိုင်းဒေသကြီးများသို့ တင်ပို့ ရောင်းချလေ့ရှိသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခြင်းဖြင့် ဈေးကွက်များ ရှိကြောင်း၊ လက်ရှိတွင် ဈေးကွက်မရှိ ဖြစ်နေသည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီတောင်သူလယ်သမားအသင်း ချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။
တောင်သူများ စပါးစိုက်နေကြစဉ်
၎င်းက “အရင် ကျနော်တို့သွားနေတဲ့ ပြည်မဘက်က လမ်းကြောင်းက ပိတ်ထားတာ ကြာပါပြီ။ အဲတော့ ကုန်စည် စီးဆင်းမှုမရှိတော့ ဒီကကုန်က ဘယ်ကိုမှ သွားလို့မရ ဖြစ်နေတယ်။ သွားလို့မရတော့တဲ့အခါမှာ ကျနော်တို့ ရခိုင် က စပါးထွက်တဲ့နေရာက စပါးတွေက ခါတိုင်းနှစ်ဆို အဲဒီဘက်ကို သွားရောင်းချကြတဲ့အခါ အဲဒီဘက်မှာရှိတဲ့ ဈေးကိုလည်း ရတယ်။ နောက်တချက်က စစ်တွေ၊ ကျောက်ဖြူတို့ကျပြန်တော့လည်း သီးခြားနယ်တစ်ခုလို ဖြစ်နေတဲ့အတွက် အသွားအလာ သွားလာလို့ မရတဲ့အခါမှာ အဲဒီလူတွေအတွက် စားဖို့သောက်ဖို့က ကိုယ့်ရခိုင်က ထွက်တဲ့ဟာကို မလိုအပ်တဲ့သဘောပါ။ ပုသိမ်က စက်လှေနဲ့ လာတဲ့ဆန်ကို စားနေကြတာပါ။ အဲဒီလိုဆိုတော့ ကျန်တဲ့နေရာတွေ၊ မြောက်ဦး၊ ကျောက်တော်တို့ကျတော့ ဒီဘက်နယ်တွေမှာ စိုက်ပျိုးထားတဲ့ စပါးတွေက အများ ကြီးရှိတယ်။ ရှိတဲ့အတွက် အဲဒီစပါးတွေကို ပြည်တွင်းစားသုံးဖို့အတွက် ပိုလျှံနေတယ်။ နောက် အခုစိုက်ထားတဲ့ စပါးကလည်း ပေါ်တော့မယ်။ စပါးကလည်း ရောင်းမထွက်ဖူး အခြေအနေ ဖြစ်နေတယ်” ဟု ပြောသည်။
စပါးများ ရောင်းမထွက်သည့်အတွက် လယ်သမားများတွင် အကြပ်အတည်း ဖြစ်ပေါ်ခဲ့ရပြီး လက်ရှိ မိုးစပါးလည်း ရောင်းမထွက်ပါက လယ်ယာများ ဆက်လက်လုပ်ကိုင်ရန် ခက်ခဲမည်ဖြစ်သလို စပါးလည်း စိုက်ပျိုးမှု မရှိသလောက် ဖြစ်သွားနိုင်သည်။
ရခိုင်ပြည်နယ်တွင် နှစ်စဉ် စပါးပေါ်ချိန်တွင် စပါးတင်း ၁၀၀ လျှင် ၁၆ သိန်းမှ သိန်း ၃၀ အထိ ဈေးရရှိခဲ့သော်လည်း လက်ရှိတွင် စပါးတင်း ၁၀၀ လျှင် ၁၀ သိန်းကျော်သာ ရှိတော့ကြောင်း၊ သို့သော် အဆိုပါဈေးနှုန်းကိုပင် ဝယ်ယူသူမရှိသည့် အနေအထား ဖြစ်နေသည်ဟု ဦးမောင်သိန်းလှက ဆက်ပြောသည်။
တောင်သူတစ်ဦး စက်ဖြင့်လယ်ထွန်နေစဉ်(ဓာတ်ပုံ- ရှိုင်းဘုသျှေ)
၎င်းက “ကျောက်တော်မှာ ရှိတဲ့စပါးက ကျောက်တော်မြို့နယ် စားလို့မကုန်ဘူး။ မြောက်ဦးမှာရှိတဲ့ စပါးကလည်း မြောက်ဦးနယ်က စားလို့မကုန်ဘူး။ အဲဒီလိုဖြစ်တဲ့အခါ ခါတိုင်းနှစ်ဆို ဒီအချိန် စပါးရှားသွားပြီ။ ပြည်မဘက်ကို ဆန်အိတ်တွေ တင်ပို့လို့ရတဲ့အခါမှာ ဈေးကောင်းလည်း ရပြီလေ။ အခုက ဝယ်မယ့်သူလည်း မရှိဘူး။ ဖြစ်သလိုပဲ ထိုးပြီး နေနေရတဲ့သဘောပါ။ ဈေးလည်း မရှိပါဘူး။ ဈေးက ဧည့်မထ တင်း ၁၀၀ ကို ဆိုလို့ရှိရင် ၁၀ သိန်းလောက် ပဲ ရှိပါတယ်။ ပေါ်ဆန်း တင်း ၁၀၀ ကိုဆိုလို့ရှိရင် ၁၃ သိန်းလောက်ပဲ ရှိတဲ့အနေအထားပါ”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် မိုးစပါးကို ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး ပြီးခဲ့သည့်နှစ်က စိုက်ဧကအနေဖြင့် ၁၀ သိန်းကျော်ရှိကြောင်း၊ ယခုနှစ်တွင် စိုက်ဧက ၆ သိန်းကျော်ရှိပြီး စိုက်ပျိုးထားသည့် စပါးများ အားလုံး ရောင်းချရန် ခက်ခဲနေခြင်း ဖြစ်သည်။
ထို့ကြောင့် ရခိုင်တောင်သူ အများစုသည် မကြာမီ ပေါ်တော့မည့် မိုးစပါးများ ပြည်မနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရန်အတွက် မျှော်လင့်လျက် ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1973
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့ စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ကြောင်း နစကဥက္ကဋ္ဌမှ အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြေပြင်တွင် နိုင်ငံ့စီးပွားရေးမှာ အနုတ်လက္ခဏာသာရှိနေပြီး စိုက်ပျိုးရေးမှာလည်း ရာသီဥတု ဖောက်ပြန်ခြင်း၊ နိုင်ငံရေး မငြိမ်သက်မှုကြောင့် အချို့ဒေသများ၌ စိုက်ပျိုးမထုတ်လုပ်နိုင်ခြင်းတို့ကြောင့် မည်သည့်ထုတ်ကုန်မျှ တိုးမြင့်ထုတ်လုပ်နိုင်ခြင်း မတွေ့ရကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထို့ကြောင့် ယခုကဲ့သို့ ပြောဆိုခြင်းသည် မည်သည့်အချက်ကို အခြေခံ၍ ပြောဆိုသည်ကို မသိရှိသော်လည်း ၎င်းရရှိသည့် အချက်အလက်များမှာ မှန်ကန်မှုမရှိကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက CNI သတင်းဌာန သို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “သူကိုယ်တိုင်က တိုးတက်တဲ့ဟာ Growth ရတဲ့ဟာပဲ လိုချင်တဲ့ပုံစံမျိုး ပြောထားလားမသိဘူး။ အရင့် အရင် ဆရာကြီးတွေတုန်းကလည်း အဲဒီလိုပဲလေ။ မကောင်းတဲ့ဟာဆို လာမတင်နဲ့ ပြောကိုပြောထားတာကို။ ဆိုတော့ သူကိုယ်တိုင်ကကို သတင်းအမှန် မလိုချင်တာလား။ အောက်ကလည်း မျက်နှာရချင်တော့ အဲဒီလို သတင်းမျိုးပဲ တင်မှာပေါ့။ အမှန်ကသူ့ဆီမှာ သိတဲ့တတ်တဲ့လူတွေရှိပါတယ်။ ဒါပေမယ့် အမှန်တိုင်း မတင်ရဲကြဘူး နဲ့တူတယ်။ သူမိန့်ခွန်း ပြောတဲ့ဟာမှာတင်ကို အမှားတွေအများကြီး။ နိုင်ငံရဲ့ GDP Grow Rate တွေဆိုလည်း သူပြောတာ အမှားကြီး။ နောက် ဒီဟာတွေက သူကျွမ်းကျင်တဲ့အရာလည်း မဟုတ်ဘူးလေ။ တချို့အရာတွေက မပြောသင့်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ သေချာတင်ပို့သည့် စိုက်ပျိုးထုတ်ကုန်များမှာ ဆန်တစ်မျိုးသာ အဓိကထား တင်ပို့နေကြပြီး နယ်စပ်ဒေသများတွင်လည်း မတည်ငြိမ်မှုများကြောင့် ကုန်သွယ်ရေးဂိတ် အများအပြားမှာ တရားဝင်ကုန်သွယ်မှု ရပ်နားထားရသည်။
ထို့ကြောင့် စီးပွားရေး ပြန်လည် ဦးမော့လာသည်ဆိုသည့် အချက်မှာမဖြစ်နိုင်ကြောင်း ထောက်ပြကြခြင်းဖြစ်သည်။
ထိုပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ နစကဥက္ကဋ္ဌမှ စိုက်ပျိုးရေးနှင့် မွေးမြူးရေးကို အောင်မြင်စွာ ဆောင်ရွက်နေသည့် ပြည်ပနိုင်ငံများ၏ နည်းစနစ်များအား လေ့လာအတုယူဆောင်ရွက်ရန် လိုကြောင်းလည်း ပြောကြားခဲ့သေးသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထုတ်ကုန်များကို လေ့လာနေစဉ်
အစိုးရ၏ ထောက်ပံ့ကူညီမှုများ မပါဝင်ဘဲ တောင်သူများမှ ထိုသို့ လေ့လာရန်မှာ မဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လွန်ခဲ့တဲ့ ၂၀၂၁ ပေါ့ ဒီ conflict တွေမဖြစ်ခင်ပေါ့ နိုင်ငံတကာနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက် မှုတွေ အများကြီးရှိခဲ့တယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေ နိုင်ငံတကာကို စေလွှတ်နေတာတွေရှိတယ်။ အနီးစပ်ဆုံးဆို မဲခေါင်မြစ်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံ ၅ နိုင်ငံပေါ့။ အဲဒီမှာဆိုလည်း ပုံမှန်ရာသီဥတုနဲ့ လိုက်လျောညီ ထွေဖြစ်အောင် ဘယ်လိုစိုက်ပျိုး ထုတ်လုပ်မလဲဆိုတဲ့ဟာတွေရှိတယ်။ အဲဒီထက် ပိုပြီး အဆင့်မြင့်တဲ့ ဆေးဖြန်းရင် တောင် ဒရုန်းတွေနဲ့ ဆေးဖြန်းတာမျိုး လုပ်နေခဲ့တာတွေက ကိုဗစ် မဖြစ်ခင်အထိ ကောင်းကောင်းသွားနေကြပြီ။ ဒီ conflict တွေ စဖြစ်လာတဲ့အချိန်မှာ နိုင်ငံတကာက သင်တန်းသားခေါ်ယူမှုမှာ မြန်မာကို ချန်ခဲ့ပြီပေါ့ အခုနာက်ပိုင်း မှာ။ ဒါတွေ ပြန်လည်ပတ်ဖို့ဆိုရင် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှ ပြန်ဖြစ်မယ့် သဘောမျိုးတော့ရှိတာပေါ့။ ကိုယ်ကချည်းပဲ သွားဆိုပြီး ပို့လို့မရဘူး။ ဟိုကလက်ခံတဲ့ နိုင်ငံက ပညာပေးမယ့်နိုင်ငံက ဒါကို လက်ခံဦးမှဖြစ် မှာလေ” ဟု ပြောသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းအား ၂၀၂၅ ခုနှစ်၊ မတ်လအထိ ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု အစီရင်ခံစာ ထုတ်ပြန်ထားသည်။
သို့သော် နစကဥက္ကဋ္ဌမှ ၂၀၂၄ -၂၀၂၅ ခုနှစ်အတွင် GDP အား ၃ ဒဿမ ၈ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်နေကြောင်း ဇူလိုင်လတုန်းက ပြောကြားထားခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 2178
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂
သွင်းကုန်လိုင်စင်မရှိဘဲ တင်သွင်းသည့် တရုတ်နှင့်ထိုင်း ကုန်ပစ္စည်းများအား ဈေးကွက်ထဲသို့ ရောက်ပြီးမှ ရောင်းချခြင်းမပြုရန် တားဆီးခြင်းသည် မြေပြင်တွင် ထိရောက်မှု မရှိနိုင်သည့်အပြင် မလွယ်ကူကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လိုင်စင်မရှိဘဲ တင်သွင်းခြင်းသည် တရားမဝင်ဖြစ်ပြီး အစိုးရအနေဖြင့် တင်သွင်းလာသည့် လမ်းကြောင်း တစ်လျှောက်ကို ထိန်းချုပ်၍ ဖမ်းဆီးစစ်ဆေးအရေးယူမှုများ လုပ်ဆောင်မှသာ ပို၍ ထိရောက်သင့်တော်မည် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဈေးကွက်ထဲကို ရောက်ပြီးမှ ရောင်းလို့မရဘူးဆိုတော့ ဒီပစ္စည်းသည် သွင်းကုန်လိုင်စင်နဲ့ သွင်းလာလား၊ မသွင်းလာလား လက်လီရောင်းတဲ့ ဆိုင်တွေ၊ ဈေးကွက်ထဲမှာ ပြန်ဖြန့်တဲ့ ဆိုင်တွေကလည်း မသိနိုင်ပါဘူး။ ပြန်ဝယ်တဲ့သူတွေကလည်း မသိနိုင်ပါဘူး။ အဲဒီတော့ ကုန်သည်ဆီကို ရောက်ပြီးသွားတော့မှ ရောင်းချတဲ့ သူတွေ ဆီ ရောက်ပြီးမှ ဒီပစ္စည်းက သွင်းကုန်လိုင်စင်မရှိဘူး ရောင်းလို့မရဘူးဆိုတဲ့ဟာမျိုး အစိုးရက ကြပ်မတ်မယ်ဆိုတဲ့ ဟာမျိုးကတော့ သိပ်သဘာဝမကျဘူး။ သွင်းကုန်လိုင်စင်မရှိဘဲ တရားမဝင် တင်သွင်းတာကို စစ်ဆေးရေးဂိတ်တွေ အဆင့်ဆင့်နဲ့ ကြပ်မတ်ပြီးတော့ ဖမ်းဆီးပြီးတော့ အရေးယူတာတွေ အဲဒီလိုမျိုးပဲ လုပ်သင့်တာပါ။ ဈေးကွက်ထဲကို ရောက်ပြီးသွားတော့မှ လိုင်စင်မရှိဘဲ ရောင်းလို့မရဘူးဆိုတာကတော့ တကယ်တော့ သိပ်ထိရောက်မယ့်ကိစ္စ မဟုတ်ဘူးလို့ သုံးသပ်လို့ရပါတယ်” ဟု ပြောသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်
နယ်စပ်လမ်းကြောင်းများမှ နယ်မြေမတည်ငြိမ်မှုကြောင့် အဆင်မပြေပါက မြို့ထဲသို့ ဝင်သည့်လမ်းတွင် စစ်ဆေး ရေးဂိတ်များရှိသဖြင့် ထိုနေရာများ၌ သေချာစွာစစ်ဆေး၍ လုပ်ဆောင်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ် သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံသည် ထိုင်းနှင့်တရုတ်မှ ပစ္စည်းများကိုသာ အဓိကအသုံးပြုနေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ ပိတ်ပင်မည် ဆိုပါက သွင်းကုန်လိုင်စင်များ လွယ်ကူလျင်မြန်စွာ ချပေးနိုင်ရန် လိုအပ်ကြောင်းလည်း ၎င်းတို့က အကြံပြုကြ သည်။
တရားမဝင် ကုန်သွယ်မှုများသည် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သဖြင့် မျှတစေရန် လုပ်ဆောင်သင့်သည့် နည်းလမ်းကို ဦးစွာစဉ်းစားပြီးမှသာ တရားမဝင် ကုန်သွယ်မှုများကို ကိုင်တွယ် သင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
၎င်းက “demand supply မမျှလို့ မှောင်ခိုသွင်းတဲ့ သဘောတရားကို မှန်တယ်လို့ ကျနော်ပြောတာ မဟုတ်ဘူး နော်။ မှောင်ခိုဘာကြောင့် သွင်းကြလဲ၊ ရောင်းစရာ ဝယ်စရာ ရှိလို့ ဝယ်တာပေါ့။ သို့သော် ဘယ်သူက အလုပ်ရှုပ်ခံ မလဲ။ ရောင်းစရာ ဝယ်စရာဘာလို့ရှိလဲ ဈေးကွက်မှာ ရောင်းလိုအား ဝယ်လိုအား မမျှတလို့ဖြစ်နေတာ။ ဒီအပေါ်မှာ သူတို့က အကျိုးအမြတ်ယူပြီးတော့ အခွင့်အလမ်းယူပြီးတော့ အသုံးချကြတာ။ အဲဒီအခွင့်အလမ်း ဘာကြောင့် ဖြစ်လဲ ရောင်းလိုအား ဝယ်လိုအားမမျှလို့။ ဆေးဝယ်မယ် အရင်တုန်းက တစ်လကို ငါးသောင်းလောက် ကုန်တယ်။ အခုဆို တစ်သိန်း နှစ်သောင်းလောက်ကုန်တယ်။ လိုချင်တဲ့ဆေးကို ဈေးကွက်ထဲ ဝယ်လို့မရဘူး။ ဒါသည် ဈေးကွက်က ထိခိုက်နေပြီလေ။ ကုန်သည်တွေက ရောင်းနေကြ ဝယ်နေကြလူတွေကတော့ သိတာပေါ့။ အဲဒီမှာ မှောင်ခိုဈေးကွက်ဆိုတာဖြစ်လာတာ။ မှောင်ခိုဈေးကွက်ကို attention ထားပြီး သွားကိုင်လို့မရဘူး။ ရောင်းလိုအား ဝယ်လိုအားမမျှတဲ့ အခြေအနေကို မျှအောင်ဘယ်လိုလုပ်မလဲ” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် လက်နက်ကိုင် အဖွဲအစည်းများကို သက်ဆိုးရှည်စေသည့် တရားမဝင်ကုန်သွယ်မှု ကြီးထွားလာခြင်းကို တိုက်ဖျက် တားဆီးရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် လမ်းကြောင်းများတွင် စောင့်ကြည့် ဖမ်းဆီးရမည့်အပြင် ဂိုဒေါင်များ၊ သိုလှောင်ရုံများအား လိုက်လံ စစ်ဆေး ဖမ်းဆီးခြင်းနှင့် ဈေးကွက်များအထိပါ ကွင်းဆင်းဖမ်းဆီးစစ်ဆေး အရေးယူခြင်းများကို ပြုလုပ်ရမှာ ဖြစ်ကြောင်းလည်း ပြောထားသည်။
ထိုသို့ ပြောဆိုပြီးနောက် သွင်းကုန်လိုင်စင်မရှိဘဲ တင်သွင်းသည့် တရုတ်နှင့်ထိုင်း ကုန်ပစ္စည်းများအား ဈေးကွက် ထဲသို့ ရောက်ပြီးမှ ရောင်းချခြင်းမပြုရန် တင်းကြပ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 2624
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁
အရှေ့အလယ်ပိုင်းတွင် စစ်ရေးတင်းမာမှုများကြောင့် မြန်မာနိုင်ငံအပေါ် မည်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပြီး ထိခိုက်နိုင်သလဲဆိုသည့်အပေါ် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူများက သုံးသပ် ဆွေးနွေးလျက်ရှိနေသည်။
အရှေ့အလယ်ပိုင်းဒေသများသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများ မဟုတ်သဖြင့် တိုက်ရိုက် စီးပွားရေး မထိခိုက်သော်လည်း ရေနံနှင့် အခြားကိစ္စများတွင် သွယ်ဝိုက်ကာ ထိခိုက်မှုများရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့က ရေနံထွက်တဲ့ နိုင်ငံတွေဖြစ်နေတယ်။ ကမ္ဘာပေါ်မှာလည်း လောင်စာဆီ သုံးစွဲမှုပမာဏက မြင့်တက်နေတဲ့ ဟာမျိုးမှာ အဓိကပံ့ပိုးပေးနေတဲ့ နိုင်ငံနဲ့လမ်းကြောင်း ဖြစ်နေတဲ့အခါကြတော့ ကျနော်တို့က တိုက်ရိုက်အားဖြင့် သူတို့ဆီကဝယ်တာမျိုး မဟုတ်ဘဲနဲ့ စင်္ကာပူကုမ္ပဏီတွေကနေ ဝယ်တာမျိုးရှိတယ်၊ တခြား ကြားခံ Third party တွေကနေ ဝယ်တာမျိုးရှိတယ်။ နိုင်ငံမတည်ငြိမ်ဘဲ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုရင် ကုန်ထုတ်လုပ်မှုစွမ်းအားကတော့ အတန်အသင့် လျော့မှာပေါ့နော်။ နောက် စစ်လက်နက်ပစ္စည်းပေါ့။ စစ်လက်နက် ပစ္စည်းအပိုင်းတွေမှာ ဆိုရင်လည်း ဒါကတော့ အစိုးရဆိုရင် ပိုပြီးသိမယ်ထင်ပါတယ်။ စစ်လက်နက် ပစ္စည်းဝယ်ယူတဲ့အပိုင်းတွေ ရှိတယ်။ စာချုပ်တွေရှိမယ် ဒီလိုအပိုင်းတွေမှာ ကျနော်တို့က ဘယ်လိုကဏ္ဍတွေမှာ ပါဝင်ပတ်သက်နေလဲဆိုတဲ့ အပိုင်းတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်၊ နစ်နာမှုတွေ ရှိလာနိုင်တယ်။ စီးပွားရေး အရ ကြည့်မယ်ဆိုရင်တော့ အဓိက ကုန်သွယ်ဖက် နိုင်ငံထဲမှာ မပါတဲ့နိုင်ငံတွေ ဖြစ်နေတဲ့အခါကြတော့ စီးပွားရေး အားဖြင့် ထိခိုက်မှုကတော့ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ဖြစ်တာမျိုး မဟုတ်ဘူးဆိုရင် ထိခိုက်မှုမရှိဘူးလို့ပဲ သုံးသပ် လို့ ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
ဂါဇာစစ်ပွဲ အခြေပြထားစဉ်
ထို့အပြင် အရှေ့အလယ်ပိုင်း စစ်ပွဲများသို့ အခြားနိုင်ငံများမှ နိုင်ငံအလိုက် ပူးပေါင်းပါဝင်လာမှုအပေါ် မူတည်ကာ သက်ရောက်မှုများကို ထည့်သွင်း စဉ်းစားထားရန် လိုအပ်ကြောင်း၊ ထိုသို့ ဖြစ်လာမည်ဆိုပါက မြန်မာနိုင်ငံအနေ ဖြင့် စက်သုံးဆီပြဿနာ အကြီးအကျယ် ဖြစ်သွားစေနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
သို့သော် နိုင်ငံတကာတွင်လည်း ပြဿနာကိုယ်စီ ရှိနေကြသဖြင့် အရှေ့အလယ်ပိုင်းစစ်ပွဲများသို့ ပူးပေါင်းကာ တိုက်ခိုက်ကြမှု ဖြစ်လာရန်မှာ ရာခိုင်နှုန်းအားဖြင့် နည်းလွန်းကြောင်းလည်း ၎င်းတို့က ထောက်ပြသည်။
တင်းမာမှုများ ပိုမိုမြင့်တက်လာပါက မြန်မာနိုင်ငံသည် ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ တိုင်းပြည် မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေကြေး ပြဿနာများကြောင့် အခြားနိုင်ငံများထက် ပို၍ ထိခိုက်မှုကို ခံရမည်ဖြစ်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
စက်သုံးဆီသယ် ဆီဘောက်စာကားကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့မှာက အားလုံးကို ဘာပဲဖြစ်ဖြစ် စီးပွားရေး ပြဿနာပဲဖြစ်ဖြစ် နိုင်ငံရေး ပြဿနာပဲဖြစ်ဖြစ် ဖြေရှင်းမယ်ဆိုတဲ့အခါ လက်ထဲမှာ ငွေလိုတာပေါ့။ မိသားစုတစ်စုလည်း ဒီအတိုင်းပဲလေ။ ကျနော်တို့မှာ အဲဒါ မရှိဘူးလေ။ မရှိတဲ့အခါကြတော့ ကျနော်တို့က မဖြစ်ပါစေနဲ့ပဲ ဆုတောင်းရမှာပေါ့။ ဖြစ်လာရင် ကျနော်တို့က ပြဿနာ သူများတိုင်းပြည်က ၁၀ ရာခိုင်နှုန်းလောက်ထိရင် ကျနော်တို့က ၂၀၊ ၄၀ ရာခိုင်နှုန်းလောက် ထိမှာပေါ့။ တိုင်းသူပြည်သား အားလုံးက Export သမားပဲဖြစ်ဖြစ် import သမားပဲဖြစ်ဖြစ်၊ သာမန်ကျောင်းထားတဲ့ ကျောင်းသားမိဘပဲဖြစ်ဖြစ် အကုန်လုံးက တော်တော်မလွယ်ကူတဲ့ အခြေအနေကို ဖြတ်သန်းနေရတာကိုး။ ရှင်းတယ်ဆိုတာက ကိုယ့်မှာ အင်အားရှိဖို့လိုတာပေါ့။ ကျနော်တို့မှာ အင်အားမရှိဘူးလေ” ဟု ပြောသည်။
အရှေ့အလယ်ပိုင်း ပါလက်စတိုင်းတွင် အစ္စရေးနှင့်ဟားမာ့စ်ကြားလည်းကောင်း၊ လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး နှင့် ဟစ်ဇ်ဘိုလာကြားလည်းကောင်း၊ အီရန်နှင့် အစ္စရေးကြားလည်းကောင်း စစ်ပွဲများအပြင်းအထန်ဖြစ်ပွားနေ သည်။
ထို့နောက် အစ္စရေးတပ်ဖွဲ့က လက်ဘနွန်နိုင်ငံရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့အား ထွက်ခွာသွား ရန် တောင်းဆိုထားသည်။
အစ္စရေးကို ဖိအားပေးနိုင်ရေးအတွက် ယီမင်နိုင်ငံရှိ ဟူရ်သီသူပုန်များကလည်း ပင်လယ်နီအတွင်း ဖြတ်သန်းသွား လာနေသည့် ကုန်သေင်္ဘာများနဲ့ ရေနံသေင်္ဘာများကို တိုက်ခိုက်လျက်ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1810
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁
အခြေခံရည်ညွှန်းစပါးဈေးကို စိုက်ပျိုးစရိတ်ထက် အမြတ်အစွန်းရှိသည့် ဈေးနှုန်းသတ်မှတ်ပေးရန်လိုအပ်ကြောင်း တောင်သူများက ပြောသည်။
မိုးစပါးနှင့် နွေစပါးအတွက် အခြေခံ ရည်ညွှန်းစပါးဈေးကို တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က စပါးတင်း ၁၀၀ လျှင် ၉၅၀,၀၀၀ ကျပ် သတ်မှတ်လိုက်သည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် ထွန်ယက်ခ၊ အလုပ်သမား ငှားရမ်းခ၊ မျိုးစပါး၊ ရိတ်သိမ်းခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် ကုန်ကျစရိတ်သည် တစ်ဧကလျှင် ငွေကျပ် ၇ သိန်းမှ ၁၀ သိန်းအထိ ရှိနေပြီး လက်ရှိ ရည်ညွှန်းဈေးသည် တောင်သူများအတွက် အကျိုးမရှိကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ(ဟောင်း) ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
စပါးခြွေနေစဉ်
၎င်းက “အခြေခံရည်ညွှန်းဈေးဆိုသည်မှာ guarantee foundation market ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ၃၀ ရာခိုင်နှုန်း အမြတ်အစွန်းရှိတဲ့ဈေးကို guarantee foundation market လို့ ခေါ်တယ်။ ဥပမာ မိုးစပါးမှာ စပါး ၇၀ ထွက်မယ်၊ ၈၀ ထွက်မယ်၊ ၇၀ ထွက်မယ်၊ ၆၀ ထွက်တဲ့သူရှိတယ်။ အခု ပိုးတွေလည်း ကျ တော့။ ပျမ်းမျှ ဒီနှစ်ရဲ့ စပါးအထွက်က ၇၀ လို့ပဲ မှန်းလို့ရတယ်။ အခု သူတို့သတ်မှတ်တဲ့ ၉ သိန်းခွဲ ဈေးနဲ့ဆိုရင် ၁ ဧကမှာ သူရလာမယ့်ငွေက ၇ သိန်းဝန်းကျင်ပဲ ရှိမှာ။ ၁ ဧကမှာ ကုန်ကျစရိတ်က ၇ သိန်းကနေ ၁၀ သိန်းအထိ ကုန်တယ်။ ၇ သိန်းလို့ ကုန်တဲ့လယ်က အနည်းဆုံး ကုန်ကျငွေပဲ။ အနည်းဆုံး ကုန်ကျငွေကို ၃၀ ရာခိုင်နှုန်း အမြတ် နဲ့ တွက်ရင်တောင် ဒီစပါးဈေးက ၁၃ သိန်းလောက် သတ်မှတ်ရမှာ” ဟု ပြောသည်။
လက်ရှိတွင် ပြင်ပဈေးကွက်၌ စပါးတင်း ၁၀၀ လျှင် ၁၇ သိန်းမှ ၁၉ သိန်းကျပ်အထိ ဖြစ်ပေါ်နေပြီး ယခု သတ်မှတ် ထားသည့် စပါးရည်ညွှန်းဈေးသည် ပြင်ပဈေးကွက်နှင့် နှိုင်းယှဉ်ပါက ငွေကျပ် ၇ သိန်းခွဲခန့် ကွာဟလျက် ရှိနေ သည်။
ပြီးခဲ့သည့် နှစ်များတွင် စပါးလှိုင်လှိုင်ပေါ်ချိန်၌ ရည်ညွှန်းဈေးအပေါ် တွက်ချက်၍ စပါးဝယ်ယူမှုများ ရှိခဲ့ပြီး တောင်သူများ နစ်နာဆုံးရှုံးမှုများလည်း ရှိခဲ့သည်။
စပါးရိတ်နေစဉ်
ထို့ကြောင့် စိုက်ပျိုးကုန်ကျစရိတ် မြင့်တက်နေချိန်တွင် ယခုကဲ့သို့ စပါးရည်ညွှန်းဈေး သတ်မှတ်ရာ၌ ပြင်ပ ဈေးကွက်ထက် ထက်ဝက်ခန့် နိမ့်ကျသည့် ဈေးနှုန်း မဖြစ်သင့်ကြောင်း၊ သဘာဝကျကျ လုပ်ဆောင်ရန် လိုအပ် သည်ဟု တောင်သူ ဦးကြည်လွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက ဈေးနှိမ်ဝယ်လို့လည်း မရဘူး။ မရဘူးဆိုတာက စပါးကလည်း နှစ်တိုင်းလို မပေါသီဘူးလေ။ အခု မိုးစပါးက အခုပေါ်တဲ့ ရာသီစပါးက နှစ်တိုင်းစပါးရဲ့ တစ်ဝက်လောက်သာ ရှိတော့တာ။ သူတို့ နှိမ်လို့လည်း မရဘူး။ ဟိုနှစ်တွေမှာ စပါးတွေထွက်တော့ ဥပမာ ရည်ညွှန်းဈေးက ၆ သိန်းဈေး သတ်မှတ်တယ်။ စပါးဈေးက ဝယ်တဲ့သူ နည်းလို့ ကျနေတဲ့အချိန်ပဲ။ တကယ့်တကယ် ဈေးကျတော့ အဲဒီ ၆ သိန်းဈေးတောင် ဘယ်သူမှ မဝယ်ဘူး။ ဝယ်မယ့်သူ မရှိဘူး။ အဲဒီလိုမျိုးတွေလည်း ရှိတာပဲ။ အဲဒီတော့ တစ်ခါတရံမှာ သူ့ဟာသူ ဝယ်ချင်ဝယ် မဝယ်ချင် နေပါ။ ဝယ်တဲ့သူရှိမှလည်း ရောင်းလို့ရမှာ။ သို့သော်လည်းပဲ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ရှိတဲ့ ဦးဆောင်အဖွဲ့ ခေါ်တာပေါ့။ ဥပဒေအရဆိုရင် ဦးဆောင်အဖွဲ့လို့ ခေါ်တယ်။ ဦးဆောင်အဖွဲ့အနေနဲ့ အမိန့်ကြော်ငြာစာ ထုတ်တဲ့ နေရာမှာ ရိုးရှင်းဖို့ လိုအပ်တယ်၊ သဘာဝကျဖို့ လိုအပ်တယ်” ဟု ပြောသည်။
ယခု သတ်မှတ်ထားသည့် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၄ ခုနှစ် မိုးစပါးနှင့် ၂၀၂၅ ခုနှစ် နွေစပါးအတွက် ဖြစ်ကြောင်း၊ လက်ရှိတွင် မိုးစပါးများ စတင်ရိတ်သိမ်းနေပြီး စပါးတင်း ၁၀၀ လျှင် ၁၇ သိန်းမှ ၁၉ သိန်းအထိ ဝယ်ယူလျက် ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2674
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅
လက်နက်ကိုင် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေရသည်မှာ ၁ နှစ်နီးပါးခန့် ကြာမြင့်လာ ပြီဖြစ်ပြီး လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရန်အတွက် ဆောင်ရွက်သင့်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထိုသို့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်ရာတွင် မည်ကဲ့သို့ ဆွေးနွေးညှိနှိုင်းသင့်သည်ကို လည်း စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကဲခတ်များကြား အမြင်သဘောထား အမျိုးမျိုးဖြစ်နေကြသည်။
လက်ရှိ အစိုးရနေရာတွင် တာဝန်ယူထားသည်မှာ တပ်မတော်ဖြစ်နေသည့်အတွက် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ညှိနှိုင်းရန် ခက်ခဲကြောင်း၊ အစိုးရအနေဖြင့် ကုန်သွယ်ဖက် နိုင်ငံများနှင့်သာ ဆွေးနွေးညှိနှိုင်းသင့်ကြောင်း၊ ထို့အပြင် ယုံကြည်ချက်ကြောင့် တိုက်ပွဲဖော်ဆောင်ရာတွင်လည်း ကုန်သွယ်ရေးလမ်းကြောင်း မဟုတ်သည့် နေရာ များတွင်သာ ဖော်ဆောင်ရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
TNLA တပ်ဖွဲ့ ကုန်သွယ်ရေးလမ်းမပေါ်မှာ လှုပ်ရှားနေစဉ်
၎င်းက “အစိုးရအနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲဖြစ်နေကြတဲ့သူတွေ ဖြစ်နေတဲ့အခါကျတော့ အစိုးရကလည်း လက်ရှိမှာက တပ်မတော်အစိုးရ ဖြစ်နေတယ်။ တပ်မတော်အစိုးရကလည်း လက်နက်ကိုင်ပြီးတော့ တိုက်နေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တယ်ပေါ့။ အဲဒီတော့ လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း ညှိနှိုင်းဖို့ဆိုတာကတော့ တိုက်ပွဲတွေ ငြိမ်းချမ်းရေး မရသေးတရွေ့ မဖြစ်နိုင်ဘူးပေါ့နော်။ အဲဒီအခါမှ ညှိနှိုင်းတယ်ဆိုတာထက် အစိုးရအနေနဲ့ ညှိနှိုင်းရမှာ က တစ်ဖက်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ဖို့ လမ်းကြောင်းတွေနဲ့ ဘယ်လိုကုန်ပစ္စည်းတွေ ဦးစားပေးပြီးတော့ တင်ပို့ကြမယ်၊ သယ်ယူမယ်၊ ရောင်းဝယ်မယ်ဆိုတဲ့အပိုင်းမျိုး ညှိနှိုင်းနိုင်ပြီးတော့ လက်နက်ကိုင် တွေအနေနဲ့ကတော့ သူတို့နိုင်ငံ၊ သူတို့လူမျိုး၊ သူတို့ဒေသ အကျိုးစီးပွားအတွက်ကို ဒီနယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ပေးဖို့ သူတို့အနေနဲ့ ဆန္ဒရှိတယ်ဆိုလို့ရှိရင် တိုက်ပွဲ မဖော်ဆောင်ဖို့ လိုတယ်။ အဓိကကတော့ ကုန်သွယ်ရေး လမ်းကြောင်း တွေပေါ့”ဟု ပြောသည်။
ကုန်သွယ်ရေးလမ်းကြောင်းနှင့် ပြည်ထောင်စု လမ်းမကြီးများပေါ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ မရှိမှသာလျှင် ကုန်သွယ်မှုများ အဆင်ပြေမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်မည်ဆိုပါက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်ရှိ မြို့များကို သိမ်းပိုက်ထားသည့် တချို့သော လက်နက်ကိုင် အဖွဲ့အစည်းများက ကုန်သွယ်မှုပမာဏ၏ အခွန် အကောက်များကို အချိုးအစားဖြင့် ခွဲဝေပေးရန် ဆွေးနွေးမှုများရှိနေကြောင်း၊ ထိုတောင်းဆိုချက်ကို သဘောတူ ပါက အစိုးရအနေဖြင့် လက်နက်ကိုင်များနှင့် အပေးအယူလုပ်သည့် သမိုင်းတရားခံ ဖြစ်သွားနိုင်သည်ဟု နိုင်ငံရေး လေ့လာသူများက ထောက်ပြကြသည်။
လွယ်ဂျယ်နယ်စပ်ဂိတ်ပေါက်ကို KIA ကထိန်းချုပ်လိုက်စဉ် (ဓာတ်ပုံ-Hpyen Shiga)
မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးကို အဓိက အားထားနေရသည့် နိုင်ငံဖြစ်သည့်အတွက် လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေရခြင်းကြောင့် အခွန်မရရှိခြင်း၊ ကုန်သည်များနှင့်လုပ်ငန်းရှင်များ အကျိုးအမြတ် ရရှိရန် ခက်ခဲခြင်း၊ စားသုံးသူ ပြည်သူများ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများဖြင့် ရင်ဆိုင်နေကြရသည်။
ထို့နောက် နယ်စပ်ကုန်သွယ်ရေးကို အသုံးပြု၍ ပြည်ပမှ တင်သွင်းနေရသည့် ကုန်ကြမ်းများလည်း မရှိတော့သည့် အတွက် ပြည်တွင်းရှိ ကုန်ချောထုတ်လုပ်မှု လုပ်ငန်းများမှာ ရပ်တန့်မှုများ ရှိနေသည်။
လက်ရှိတွင် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်ဖြစ်သည့် မြဝတီ နယ်စပ်ကုန်သွယ်ရေး၊ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်ဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသည်။
ထို့ပြင် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်ဖြစ်သည့် စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးများသည် ရပ်တန့်နေရသည်မှာ တစ်နှစ်နီးပါးခန့် ရှိနေပြီး အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်ဖြစ်သည့် တမူးနယ်စပ်ကုန်သွယ်ရေးသည် ရပ်တန့်နေသည်မှာ ၄ နှစ်ခန့် ရှိနေပြီဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 2416
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅
ထိုင်းတွင် သက်တမ်းကုန်မည့် မြန်မာ ၂ သန်းကျော်အား ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးခွင့်မပေးတော့ဘဲ နယ်စပ်များသို့ပြန်ကာ သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ရန် ထိုင်းအစိုးရအဖွဲ့မှ လုပ်ဆောင်နေကြောင်း သိရသည်။
သို့သော် မြန်မာ ၂ သန်းကျော်အား နယ်စပ်သို့ ပြန်၍ သက်တမ်းတိုးခိုင်းသည့်အခါတွင် အစုလိုက် အပြုံလိုက် သွားရောက်လုပ်ဆောင်ပါက လုပ်ငန်းခွင်အတွက် ကြန့်ကြာမှုများ ရှိနိုင်သဖြင့် ထိုင်းအလုပ်ရှင်များမှလည်း သဘောမတူကြောင်း သိရသည်။
လက်ရှိတွင် နောက်ဆုံးအခြေအနေကို မသိရှိရသေးသော်လည်း နယ်စပ်များသို့ ပြန်၍ သက်တမ်းတိုးခိုင်းခြင်း အစား ထိုင်းနိုင်ငံထဲတွင်သာ ယခင်ကဲ့သို့ သက်တမ်းတိုးခြင်းများ ပြုလုပ်ပေးမည်ဆိုပါက ပို၍ ကောင်းမွန်မည် ဖြစ်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
သက်တမ်းတိုးဆောင်ရွက်ရန်အတွက် တန်းစီစောင့်ဆိုင်းနေစဉ်
“လုပ်ဆောင်မှုတွေအားလုံးကတော့ သက်ဆိုင်ရာစေလွှတ်ရာနိုင်ငံနဲ့ ဆိုက်ရောက်ရာနိုင်ငံအားလုံးက ညှိနှိုင်းပြီး လုပ်ကြတာပါ။ အဲဒီတော့ တစ်ဖက်တည်းတော့ မဟုတ်ပါဘူး။ နှစ်ဖက်ရဲ့စကားတွေကြောင့် ဒီလိုဖြစ်လာတာလို့ သုံးသပ်လို့ရပါတယ်။ ဒီနိုင်ငံထဲမှာ လွယ်လွယ်လေးပဲ အခုပဲ ချက်ချင်းကားလေးနဲ့ခေါ်သွားပြီး ရုံးထဲမှာ visa ထု တာတို့၊ သက်တမ်းတိုးတာတို့ တအားလွယ်နေတဲ့ ကိစ္စကို မိုင်ထောင်ချီတဲ့ ခရီးတွေသွားပြီးမှ လုပ်ရမယ်ဆိုတော့ ပိုကြန့်ကြာနိုင်တယ်။ ဒါကြောင့် မူလ ၁၀ စုနှစ်နဲ့ချီပြီး ထိုင်းနိုင်ငံအတွင်းမှာ ပြုလုပ်ပေးနေတဲ့ အစဉ်အလာကို ဆက်လက်လုပ်ကိုင်ပေးပါလို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့အစည်းတွေရော၊ အဓိက ကတော့ အလုပ်ရှင်။ အလုပ်ရှင်က သူ့ရဲ့လုပ်ငန်းခွင်တွေ ပျက်ပြားတာကို သူမလိုချင်ဘူး။ ဒါကြောင့် သူတို့လည်း တောင်းဆို နေတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ ဖြစ်သင့်တာနဲ့ လုပ်သင့်လုပ်ထိုက်တာကို အစိုးရအနေနဲ့ ရွေးချယ်လိမ့်မယ်လို့ မြင်ပါ တယ်” ဟု ၎င်းကပြောသည်။
နယ်စပ်ဒေသသို့ ပြန်၍ သက်တမ်းရသည့်အခါတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ကုန်ကျစရိတ်မှာ ပိုမိုများပြားနိုင်ပြီး ၎င်းကုန်ကျစရိတ်အား အစိုးရ၊ အလုပ်ရှင် မည်သူမျှ ကျခံပေးမည် မဟုတ်ကြောင်း၊ ထို့အပြင် ပွဲစားများ၏ အခန်းကဏ္ဍများမှာလည်း ပါဝင်လာဦးမည်ဖြစ်ကြောင်း ထောက်ပြကြသည်။
ထို့ကြောင့် ကုန်ကျစရိတ်များကို ချိန်ထိုးကြည့်၍ သက်တမ်းတိုးခြင်းအစား ထိုင်းအစိုးရမှ ပြုလုပ်ပေးမည့် လူသစ်စာရင်းတင်ခြင်းကို ဆောင်ရွက်နိုင်ကြောင်း၊ ဆောင်ရွက်ရာတွင်လည်း အမည်အမျိုးမျိုးပြောင်းလဲ ခြင်းမပြုရန်လိုကြောင်း Arakan Workers Organization မှ ဒါရိုက်တာကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
အထည်ချုပ်လုပ်ငန်းတစ်ခုမြင်ကွင်း
“အဓိကကတော့ ကျနော်တို့အနေနဲ့ အကြံဉာဏ်ပေးချင်တာကတော့ ကိုယ်ကိုင်ဆောင်ထားတဲ့ စာအုပ်ကို ကိုယ်နားလည်ဖို့လိုတယ်။ နားလည်တဲ့အခါကြတော့ ကိုယ်ကိုင်ဆောင်ထားတဲ့ စာအုပ်ရဲ့ လုပ်ငန်းစဉ် process ကိုလည်း နားလည်ဖို့လိုတယ်။ အဲဒီ Process မှာ ပြန်ကြည့်ရမယ့်အကြောင်းတရားတွေက ကုန်ကျစရိတ်ကို ပြန် ချိန်ဖို့လိုတယ်။ ဥပမာ MOU ကို သက်တမ်းတိုးတဲ့အခါ ကုန်ကျစရိတ် ဘယ်လောက်ပဲရှိနိုင်လဲ၊ ကိုယ့်အတွက် အခက်အခဲတွေ ဘာတွေဖြစ်နေလဲ ဒါကို စဉ်းစားဖို့လိုတယ်။ အဲဒီလိုဆိုရင် ကိုယ့်အတွက် တစ်စုံတစ်ရာ အခက်အခဲရှိရင်တော့ တချို့ဆိုရင် CI လုပ်တဲ့အခါမှာ အိမ်ထောင်စုဇယားမရှိလို့ မလုပ်လိုက်ရတဲ့လူတွေရှိတယ်။ ဥပဒေအရ တစ်ခုခုငြိနေလို့ မလုပ်လိုက်ရတဲ့ အုပ်စုတွေရှိတယ်။ အစ္စလာမ်ဘာသာဝင်တွေရှိတယ်။ MOU တွေ ရှိတယ်။ ဒီအုပ်စုတွေအနေနဲ့ ကိုယ့်ဘာသာကိုယ် ချိန်ထိုးဖို့လိုတယ်။ အဲဒီလိုဆိုရင် အခက်အခဲရှိရင်တော့ ကျနော့် အနေနဲ့ အကြံဉာဏ်ပေးချင်တာက Name List မှာ ကိုယ့်ဘာသာကိုယ်တင်နိုင်ရင် ပိုကောင်းတယ်ပေါ့” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ နယ်စပ်ဒေသများသို့ ပြန်ကာ သက်တမ်းတိုးလုပ်ဆောင်ခိုင်းခြင်းသည် မြန်မာနိုင်ငံနှင့် ဆွေးနွေးသည့် အခါတွင် အခွန်နှင့်မိသားစုလွှဲပို့ငွေ ကိစ္စများကြောင့် ယခုကဲ့သို့ ထိုင်းဘက်မှ ဆုံးဖြတ်ခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။
ထို သက်တမ်းကုန်မည့် ၂ သန်းကျော်ထဲတွင် နယ်စပ်သို့ ပြန်ကာ သက်တမ်းတိုးရန် အဆင်ပြေမည့်သူများ ရှိသကဲ့သို့ အဆင်မပြေသူများလည်း ရှိကာ၊ မြန်မာရွှေ့ပြောင်းအများစုသည် နယ်စပ်ဒေသများသို့ ပြန်၍ သက်တမ်း တိုးခြင်းအား မလုပ်ဆောင်ချင်ကြကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2840
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄
ပြည်တွင်း အိမ်ခြံမြေဈေးကွက်သည် ဒေါ်လာဈေးနှုန်း ကျဆင်းမှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်းများလည်း ကျဆင်း လာကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။
ဒေါ်လာဈေး မြင့်တက်သည့် အချိန်တွင် အိမ်ခြံမြေဈေးနှုန်းသည် ထက်ဝက်ခန့် မြင့်တက်ခဲ့ပြီး လက်ရှိတွင် ပုံမှန် ဈေးနှုန်းသို့ ပြန်လည်ကျဆင်းလာနေကြောင်း ရွှေအိုးအိမ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒေါ်လာဈေး တက်သွားတုန်းက ၁၀၀၀ ပေါက်တဲ့ အရာတစ်ခုက ၁၅၀၀ လောက် ဖြစ်သွားတယ်လေ ခန့်မှန်းခြေပေါ့နော် ၅၀၀ လောက်၊ ၁ ဆနီးပါးလောက်၊ ထက်ဝက် တက်သွားတာပေါ့။ ၁၀၀၀ ပေါက်တဲ့အရာ တစ်ခုက ၁၅၀၀ ရမှ ရောင်းမှာ၊ အဲဒီတော့ ၅၀၀ လောက် ခုန်တက်သွားတာပေါ့။ အခု ဒေါ်လာဈေး ကျတဲ့အခါကျ တော့ အရင်ပေါက်ဈေးအတိုင်းပဲ ၁၀၀၀ ဝန်းကျင် ပြန်ဖြစ်သွားတာပေါ့။ ဒေါ်လာဈေး တက်တုန်းက ခေါ်တဲ့ ၅၀၀ က ပြုတ်သွားတာပေါ့။ နောက်ပြီးတော့ ဝယ်တဲ့သူတွေကလည်း အခုနောက်ပိုင်းကကျတော့ ဒေါ်လာဈေးတို့၊ တရုတ်ယွမ်ငွေဈေးတို့က ကျနေတယ်ဆိုတော့ သူတို့တွေက အရင်ဈေးတွေတော့ မပေးနိုင်တော့ဘူး။ ဒေါ်လာ တက်တုန်းက ဈေးတွေတော့ မပေးနိုင်တော့ အခုက အကျဘက်ကို ရောက်သွားတာ” ဟု ပြောသည်။
ရန်ကုန်မြို့ပြ အဆောက်အအုံများကို တွေ့ရစဉ်
ထို့နောက် တခြားသော ဒေသများမှ ရေဘေး၊ စစ်ဘေး စသည့် အခက်အခဲများကြောင့် ရန်ကုန်မြို့သို့ ရွှေ့ပြောင်း လာသူများနေပြီး ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အိမ်အငှားဈေးကွက် ပို၍ဖြစ်လာနေသလို ငှားခများလည်း ဈေးနှုန်း မြင့်တက်နေသည်ဟု သိရသည်။
အိမ်ခြံမြေ ဝယ်ယူမှုနှင့် ပတ်သက်၍ လက်ရှိတွင် ပွင့်လင်းရာသီ ဖြစ်သော်လည်း ဝယ်ယူမှုများသည် ပုံမှန်အတိုး သာ ရှိနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စီမံကိန်းများရှိသည့် ဒေသများတွင်သာ ဝယ်ယူမှုများနေသည်ဟု သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဒလမြို့နယ်တွင်လည်း လက်ရှိတွင် ဝယ်ယူမှုများရှိနေပြီး တံတားစီမံကိန်းကြောင့် ဈေးနှုန်း တက်လာနိုင်သည့် အလားအလာများ ရှိနေသည်ဟု ဒလအိမ်ခြံမြေအကျိုးဆောင် တစ်ဦးဖြစ်သူ ကိုရဲအောင်က CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်မြို့ပြ အဆောက်အအုံများကို တွေ့ရစဉ်
၎င်းက “အစ်ကိုတို့မြို့နယ်ကျတော့ အလားအလာတော့ စီမံကိန်းတွေ ရှိတယ်။ တံတားကလည်း လုပ်နေတယ်ဆို တော့ တံတားပြီးသွားရင် တက်လာဖို့ အလားအလာ ရှိတယ်။ အဲဒီတော့ ဒလကတော့ အခုလောလောဆယ် ရင်းနှီး မြှုပ်နှံဖို့ ကောင်းတဲ့နေရာထဲမှာတော့ ပါတာပေါ့။ တခြားနေရာဆို မြောက်ဒဂုံဆို ဘာမှ မရှိတော့တာ။ ဈေးက လည်း ကုန်နေပြီလေ။ ဒလကကျတော့ တံတားပြီးသွားရင် မြို့နဲ့ တဆက်တည်း ဖြစ်သွားပြီဆိုတော့ ပြောမယ်ဆို ရင် တက်ဖို့ အလားအလာတော့ ရှိတာပေါ့။ တချို့ကျတော့ အလားအလာရှိတာကို သိတော့ ရင်းနှီးမြှုပ်နှံတာပေါ့။ အဲဒီလိုဆိုတော့ နောက်ပိုင်းကျရင်တော့ များလာမှာပါ။ စီမံကိန်းတွေ၊ တံတားတွေ ပြီးသွားရင်တော့ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ ပိုများလာမှာပေါ့” ဟု ပြောသည်။
အိမ်ခြံမြေ ဈေးနှုန်းများ ကျဆင်းလာနေခြင်းကြောင့် ရောင်းချလိုသူများမှာလည်း နည်းပါးလျက်ရှိနေကြောင်း၊ ရှမ်းပြည်နယ် အိမ်ခြံမြေဈေးကွက်တွင် တချို့သော နေရာများ၌ ရောင်းလိုသူ နည်းပါးနေသည့်အတွက် ဈေးမြင့် တက်မှုများလည်း ဖြစ်ပေါ်နေသည်။
ရန်ကုန် အိမ်ခြံမြေ ဈေးကွက်တွင် လက်ရှိ ပွင့်လင်းရာသီ၌ အရောင်းဈေးကွက်ထက် အငှားဈေးကွက် ပိုဖြစ်နေပြီး ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက အငှားဈေးကွက်သည် ၃ ဆခန့် မြင့်တက်လာကြောင်း အိမ်ခြံမြေဈေးကွက်အတွင်း မှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2108
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
ပြည်တွင်းကြက်သွန်နီကို ယခုနှစ်တွင် ဗီယက်နမ်၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်ကျစရိတ် မြင့်တက်နေပြီး တောင်သူများနှင့် ကုန်သည်များ ဈေးနှုန်းရရှိမှု နည်းနေကြောင်း သိရသည်။
ယခင်က ဗီယက်နမ်နိုင်ငံသို့ မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်ပို့ရာတွင် ၅ ရက်အတွင်း ရောက်ရှိ သော်လည်း လက်ရှိတွင်၂၅ ရက်ခန့် ကြာမြင့်လျက်ရှိကြောင်း၊ ထိုသို့ ကြာမြင့်သည့်အတွက် ကြက်သွန် အရည် အသွေး ကျဆင်းပြီး ဈေးနှိမ်ခံကြရခြင်းကြောင့် ကုန်သည်များနှင့် တောင်သူများ အကျိုးအမြတ် နည်းပါးသွား သည်ဟု မြင်းခြံ ကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။
“ခါတိုင်းနှစ်တွေဆိုရင် မြဝတီပဲသွားသွား၊ မြဝတီဆိုတာ ဗီယက်နမ်ကို သွားတာလေ။ ဗီယက်နမ်ကို ခါတိုင်း အများဆုံး အချိန်ပေးရမှာ ၅ ရက်ပဲ။ ၅ ရက်ဆိုရင် ဗီယက်နမ်ကို ရောက်သွားပြီ။ အခု စောစောတုန်းက လတွေ ဆိုရင် ဗီယက်နမ်ရောက်ဖို့ကို ရက် ၂၀ လောက် ကြာတယ်။ ၂၀ နဲ့ ၂၅ ရက်ကြား ကြာတယ်ပြောပါတော့လေ။ အဲဒီတော့ ပစ္စည်းတွေက ဟိုမှာရောက်တဲ့အခါကျတော့ ကုန်တွေကို ပြန်သန့်ရတယ်၊ ခါတိုင်းနှစ်တွေလို တိုက်ရိုက် ရောင်းလို့ မရကြဘူး။ စရိတ်တွေက မြင့်တယ် အဲဒီလမ်းကြောင်းတွေက ဘယ်လမ်းကြောင်းပဲသွားသွား၊ ၁ ပိဿာ ကို ၁ ထောင်လောက်ကျတယ် စရိတ်တွေက။ အဲဒါကြောင့်မို့ ပြည်တွင်းဈေးကွက်မှာ အနှိမ်ခံနေရတာပေါ့၊ မတတ် နိုင်တာ။ ပြည်တွင်းက တောင်သူတွေ၊ ကုန်သည်တွေ ရမယ့်ဟာက စရိတ်နဲ့ ကုန်သွားတာပေါ့။ တောင်သူတွေက မဆိုးဘူးပေါ့။ ကုန်သည်တွေက ဆိုးတာပေါ့။ တောင်သူတွေက ပေါ်တုန်းက ရောင်းလိုက်၊ ဟိုဘက်ဟာ ရောင်းလိုက်၊ ဒီဘက်ကဟာ ရောင်းလိုက်ဆိုတော့ အနှစ်ချုပ်ရင် တောင်သူတွေက မဆိုးဘူးပေါ့။ ကုန်သည်တွေ ကတော့ နှစ်ချုပ်ရင် ရှုံးတယ်။ ကုန်သည်တွေနဲ့ လှောင်တဲ့သူတွေက အကုန်လုံးက နှစ်ချုပ်ရင် ရှုံးကြမယ်။ အရင်းရ ဖို့ကို မလွယ်တော့ဘူး။ အမြတ်ဆိုတာ ဘေးဖယ်။ အဲဒီလိုမျိုးနှစ်ဆိုတော့ ဆိုးတယ်လို့ ပြောရမှာပေါ့” ဟု ပြော သည်။
ကြက်သွန်ဂိုဒေါင်တစ်ခုကို တွေ့ရစဉ်
အလားတူ ကြက်သွန်ကို ရန်ကုန်ဆိပ်ကမ်းမှတဆင့် ပင်လယ်ရေကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရာ တွင်လည်း ၂၅ ရက်ခန့် ကြာမြင့်ကြောင်း၊ တရုတ်နိုင်ငံသို့ မိုင်းလားနယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့ရာတွင် ရက်ပေါင်း ၁၅ ရက်ခန့် ကြာမြင့်သည်ဟု သိရသည်။
လမ်းကြောင်းအခက်အခဲကြောင့် ကြက်သွန် ပြည်ပတင်ပို့မှုနှုန်းသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် လျော့ကျပြီး လက်ရှိတွင် ကြက်သွန်လက်ကျန်များစွာကျန်ရှိပြီး ၄၀ ရာခိုင်နှုန်းခန့်သာ အရည်အသွေး ကောင်းမွန် သည်ဟု သိရသည်။
ပြည်တွင်းကြက်သွန်ကို အောက်တိုဘာလအထိသာ ပြည်ပသို့ တင်ပို့ကြပြီး လက်ရှိတွင် အရည်အသွေး ကောင်းမွန် သည့် ကြက်သွန်များကို ဈေးကောင်းပေးဝယ်သော်လည်း ယင်းကာလ ပြီးဆုံးပါက ကြက်သွန်ဈေးနှုန်း ထပ်မံ ကျဆင်းမည် ဖြစ်သည်ဟု ကြက်သွန်ကုန်သည် ဦးကျော်သောင်းက CNI သတင်းဌာနသို့ ပြောသည်။
“အခု ကြက်သွန်ဈေးက မြင်းခြံအပိုင်းမှာတော့ နည်းနည်း မြောက်တယ်။ မြောက်တာတောင်မှ ၁ ပိဿာ ၃၀၀ လောက်ကို တက်သွားတယ်။ တက်သွားတဲ့အချက်က တရုတ်တို့၊ ဗီယက်နမ်တို့က ပစ္စည်းကောင်းတာကို ဈေးပို ပေးပြီးတော့ ဝယ်တယ်။ မကောင်းတာဆို မဝယ်တော့ဘူး။ ပစ္စည်းကောင်းတာကို ဒီကလူတွေက လိုက်ပြီးတော့ ဈေးပေးရှာရတယ်။ အဲဒါကလည်း သူတို့ဝယ်နိုင်ရင် ဒီ ၁၀ လပိုင်း တစ်လပေါ့။ မြန်မာလိုပြောရရင် သီတင်းကျွတ် ပေါ့။ အင်္ဂလိပ်လိုပြောရင် ၁၀ လပိုင်းပေါ့။ ၁၀ လပိုင်း တစ်လပဲ ကြက်သွန်ဈေးက ခံနိုင်မယ်” ဟု ပြောသည်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ပြည်တွင်းရှိ ကုန်စည်ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ကြက်သွန် အနေဖြင့် ပြည်ပသို့ တင်ပို့ရာတွင် စရိတ်ကြီးမြင့်ခြင်းနှင့် အချိန်ကြန့်ကြာခြင်း၊ ပြည်တွင်း ကြက်သွန်နီ သုံးစွဲမှု လျော့ကျခြင်းတို့ကြောင့် ကြက်သွန်လက်ကျန်များစွာ ကျန်ရှိနေသည့်အတွက် ဈေးနှုန်းနည်းပါးနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် ကြက်သွန်နီ ၁ ပိဿာလျှင် မြန်မာကျပ်ငွေ ၅၀၀၀ အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ငွေကျပ် ၂၄၀၀ ကျပ်ခန့်သာ ရရှိခဲ့သည့်အပြင် တစ်ပိဿာ ၁၀၀၀ ကျပ်ဝန်းကျင်သို့လည်း ကျဆင်းခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 1994
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀
တရားမဝင် ကုန်စည်တင်သွင်းမှုများနှင့်လုပ်ငန်းများကြောင့် တရားဝင်လုပ်ငန်းများ ထိခိုက်လာသလို နိုင်ငံတော်၏ စီးပွားရေးလည်း ထိခိုက်ကျဆင်းလာကြောင့် နစကဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)မှာ ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “တရားမဝင် တင်သွင်းခြင်းများကြောင့် အကျိုးဆက်အနေဖြင့် တရားဝင် လုပ်ငန်းများ ပြည်တွင်းတွင် ဈေးနှုန်း မယှဉ်နိုင်ဘဲ ဈေးကွက်ဝေစုပေးလိုက်ရခြင်းကြောင့် ရေရှည်တွင် လုပ်ငန်း ရပ်တည်နိုင်ရန် ခက်ခဲလာစေပြီး တရားဝင်ရပ်တည် လုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအင်အား လျော့နည်းကျဆင်းလာကာ ရေရှည်အတွက် လုပ်ငန်းတိုးချဲ့လိုစိတ်မရှိတော့ဘဲ လုပ်ချင်ကိုင်ချင်စိတ်များ ကျဆင်းလာနိုင်ကြောင်း၊ နောက်ဆုံး တွင် ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်တယ်”ဟု ပြောသည်။
ကုန်စည်များတင်ပို့နေကြစဉ် (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)
ထို့နောက် နိုင်ငံအတွင်း လုပ်ငန်းရှင်များ ရှင်သန်ကြီးထွားနိုင်ခြင်း မရှိပါက နိုင်ငံ၏စီးပွားရေး ဦးတည်ချက်များကို ပါ ထိခိုက်လာစေမည်ဖြစ်ကြောင်း၊ စီမံကိန်းများ အောင်မြင်မှုမရှိဘဲ စိုက်ပျိုးစွမ်းအား၊ ကုန်ထုတ်စွမ်းအား၊ ကုန် သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှု စွမ်းအားများကို ထိခိုက်စေကြောင်း ၎င်းက ပြောသည်။
အလားတူ တရားမဝင် ဆောင်ရွက်သည့် လုပ်ငန်းများ အားကောင်းလာခြင်းကြောင့်လည်း ပြည်တွင်း ဈေးကွက် တွင် ကုန်ဈေးနှုန်း တည်ငြိမ်မှုကို ထိခိုက်စေကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၎င်းက “တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်ရခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းများစွာရှိသည့်အနက် အဓိက စိန်ခေါ်မှုပြဿနာမှာ နိုင်ငံ၏နယ်စပ်ဒေသအချို့ နေရာများတွင် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ကန့် သတ်ချက်များရှိနေခြင်း၊ အချို့ဥပဒေရေးရာများတွင် အားနည်းမှုရှိခြင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရသည့် ဝန်ထမ်းအင်အား မလုံလောက်ခြင်းနှင့် အကျင့်ပျက်မှုများ ရှိနေခြင်း ကလည်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရာတွင် စိန်ခေါ်မှုများအဖြစ် တွေ့ရှိရကြောင်း၊ ထိုအချက်များကို အတက်နိုင်ဆုံး ကာကွယ်တားဆီးရန် လိုအပ်သည်”ဟု ပြောသည်။
တရားမဝင် ကုန်စည်တိုက်ဖျက်ရေး အစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တွေ့ရစဉ်
တရားမဝင် ကုန်သွယ်မှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ ခန့်မှန်းတန်ဖိုး ကျပ် ၃၀၀ ဒသမ ၀၂၈ ဘီလီယံ ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံး ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးက အများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ကချင်ပြည် နယ်က တတိယအများဆုံး ဖြစ်သည်။
တရားမဝင် ဖမ်းဆီးရမိခဲ့သော ကုန်ပစ္စည်းအုပ်စုအလိုက်ကို တွေ့ရှိရာမှာတော့ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရား မဝင်ကုန်စည်တင် မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံး ကုန် ကြမ်းများဖြစ်ပြီး တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများဖြစ်ကြောင်း နစက-ကထုတ်ပြန်ခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 1754
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀
မြန်မာ့ထောပတ်သီးကို ပြည်တွင်းစားသုံးမှုသာမက ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိရာ ယခုနှစ်မှာတော့ ပြည်ပသို့ မတင်ပို့နိုင်ကြောင်း ထောပတ်သီး စိုက်ပျိုးထုတ်လုပ် ရောင်းချသူများထံမှ သိရသည်။
ထောပတ်သီးကို စင်္ကာပူနှင့် မလေးရှားနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် နိုင်ငံခြားငွေဈေးနှုန်း မတည်ငြိမ်ခြင်းတို့ကြောင့် ယခုနှစ်တွင် ပြည်ပသို့ ထောပတ်သီး တင်ပို့ရန် မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးမင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ မနှစ်က Hass တစ်မျိုးတည်းကို တန်ချိန် ၂၀၀၀ လောက် ထွက်တယ်ဗျ။ မလေးနဲ့ စင်္ကာပူ တော့ တောင်းထားတယ်။ ဒါပေမယ့် လောလောဆယ် အနေအထားအရ ကျနော်တို့ အသီးအရည်အသွေးနဲ့ အခု အခြေ အနေပေါ့နော် အဲဒါကြောင့်မို့ ကျနော်တို့ ပို့ဖို့ ခက်ခဲတာပေါ့။ အခုလက်ရှိ မငြိမ်တဲ့ အနေအထားအရ ဆိုရင်တော့ ငွေဈေးက မငြိမ်ဘူးလေ။ မငြိမ်တော့ ကျနော်တို့က ဝယ်ပြီး ပို့ဖို့က ခက်တယ်။ ဥပမာ ဝယ်ထားပြီး နည်းသွားရင် လည်း တောင်သူတွေက မကျေနပ်ဘူးပေါ့။ လုပ်ရခက်တဲ့ အခြေအနေပေါ့ ဒါကြောင့် ဒီနှစ်က ပို့ဖို့က မဖြစ်နိုင်ဘူး လို့ ကျနော်က သုံးသပ်တယ်” ဟု ပြောသည်။
Hass အမျိုးအစား ထောပတ်သီးကိုတွေ့ရစဉ်
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ထောပတ်သီး အရည်အသွေးများ ကျဆင်းပြီး ပြည်ပသို့ မတင်ပို့နိုင် သည့်အပြင် ပြည်တွင်း ဈေးကွက်တွင်လည်း ဈေးကောင်းမရရှိခြင်းများ ဖြစ်ပေါ်လျက် ရှိနေသည်။
ပြီးခဲ့သည့်နှစ်များတွင် ထောပတ်သီး တစ်ကီလိုလျှင် မြန်မာကျပ်ငွေ ၂၅၀၀ ကျပ် အနိမ့်ဆုံးဈေးနှုန်း ဖြစ်ခဲ့သော် လည်း ယခုနှစ်တွင် ၁၅၀၀ ကျပ်သာ ရရှိသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဈေးနှုန်းရရှိမှု နည်းသွားရခြင်းဖြစ်သည်ဟု ဦးကျော်စိုးမင်းက ဆက် ပြောသည်။
၎င်းက “အခုလက်ရှိကို လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲနေတော့ တစ်နှစ်မှ မပေါက်ဖူးတဲ့ဈေးပေါ့ တစ်ကီလို ၁၅၀၀ လောက်ပဲ ပေးကြတာ။ ဘာကြောင့်လဲဆိုတော့ ၆ ရက်လောက်ကြာတော့ ပုပ်သွားတော့ ပွဲစားတွေလည်း မဝယ်ရဲဘူး ဖြစ်သွားတာပေါ့။ အဲဒါကြောင့် အခုလက်ရှိ ပေါက်ဈေးဆိုရင် လက်ကားဈေးဆိုရင် ၁၅၀၀ လောက်ပဲ ပေါက်ပြီးတော့မှ လက်လီဈေးဆိုရင် ၅၀၀၀ နဲ့ ၆၀၀၀ ကြား ပေါက်တယ်ဗျ။ အရင်နှစ်တွေက တစ်ကီလို ၂၅၀၀ နဲ့ ဈေးစဖွင့်တယ်။ ဒီနှစ်က ကျနော်တို့ ၂ ခါ၊ ၃ ခါပို့တော့ ရှုံးသွားတယ်။ ရှုံးသွားတော့ သူတို့လည်း မဝယ်ရဲဘူး။ အဲဒီတော့ တစ်ကီလို ၁၅၀၀ နဲ့ပဲ ဝယ်မယ်ဆိုပြီးတော့ ဈေးဖြတ်ကြတာပေါ့ အဲဒီလို ဖြစ်သွားတာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေက” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထောပတ်သီး ခူးနေစဉ်
လမ်းပန်းဆက်သွယ်ရေးနှင့် နိုင်ငံရေး အခင်းအကျင်းများကြောင့် ရောင်းအားနှင့်ဈေးနှုန်း ကျဆင်းသွားမည်ဖြစ်ပြီး အရည်အသွေး ထိန်းသိမ်းမှု အပိုင်းသည်လည်း အားနည်းလာမည် ဖြစ်သည်။
ထိုသို့ အရည်အသွေးများ ကျဆင်းသွားပါက ပြည်ပသို့ တင်ပို့ရန် ကြိုးပမ်းဆောင်ရွက်ချက်များလည်း အရှိန်လျော့ သွားမည်ဟု ထောပတ်သီး တင်ပို့နေသူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ထောပတ်သီးကို ပြင်ဦးလွင်၊ ရွာငံ၊ ရပ်စောက်နှင့် တောင်ကြီးမြို့များတွင် ပြည်ပသို့ အဓိက တင်ပို့သည့် Hass, Buccaneer နှင့် အမရာ စသည့် ထောပတ်သီးများကို စိုက်ပျိုးလျက်ရှိသည်။