- By CNI
- Category: စီးပွားရေး
- Hits: 598
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းကြောင့် ခရီးသွားလုပ်ငန်းများ ရပ်တန့်နေပြီး အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။
လက်ရှိ ပွင့်လင်းရာသီတွင် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပြည်တွင်း/ပြည်ပ ခရီးသွားများ ပိုမို ဝင်ရောက်ရန် အတွက် သဘာဝဒေသ အရင်းအမြစ်များဖြစ်သည့် ရေတံခွန်များတွင် ခရီးစဉ်များ ဖော်ဆောင်လျက်ရှိပြီး နိုင်ငံရေး အခြေအနေ ယခုထက် ပိုမိုကောင်းမွန်ပါက သေချာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးသွားလုပ်ငန်းသည် လမ်းပန်ဆက်သွယ်ရေး အခက်အခဲများ ရှိနေခြင်းကြောင့် ဖွံ့ဖြိုးမှု အားနည်းနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဟိုတယ်လုပ်ငန်းရှင် ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်ကားမပြောနဲ့ လောလောဆယ် ခရီးသွား ဧည့်သည်တွေတောင်မှ သွားလာလို့မရတဲ့ အနေအထားပေါ့ နော်။ အခုလိုပေါ့နော် လမ်းတွေ မပွင့်ရင် ပွင့်အောင် လုပ်ရမယ်။ လောလောဆယ်တော့ ခရီးသွားက လာတာနည်းတယ်၊ နည်းတဲ့ အတွက် ဟိုတောင်ကြီး ဘက်ကနေ ပတ်သွားရတယ်။ တောင်ကြီးဘက်က လမ်းတွေကလည်း အမှန်တိုင်းပြောရင် အဆင်မပြေဘူး။ လမ်းတွေကလည်း ဆိုးတယ်၊ လမ်းတွေကလည်း ကြမ်းတဲ့အတွက် ခရီးသွားကတော့ တော်တော် လေးကို နည်းပါတယ်။ အဲ့ဒီဘက်မှာ အခုဒေသ ဖွံ့ဖြိုးရေး လုပ်တာရော၊ ခက်ခက်ခဲခဲ သွားလာနေရတာရောဆိုရင် ခရီးသွား လုပ်ငန်းကတော့ ရှမ်းပြည်မြောက်ပိုင်းမှာတော့ လုံးဝပွင့်လင်းတာတော့ မရှိသေးဘူးပေါ့။ ဟိုတိုးတက် တာလည်း မရှိသေးဘူးပေါ့နော်။ ဟိုမဖြစ်မနေ သွားရမဲ့ ခရီးသွားတွေ လောက်ပဲရှိတယ်ပေါ့။ လာရှိုးဆိုရင် ဒါခရီး သွား လုပ်ငန်း ဖွံ့ဖြိုးဖို့ဆို လေယာဥ်လေးတွေ ပြေးဆွဲစေချင်တယ်ပေါ့နော်။ သီပေါတံတားမှာ အကြောင်းမရှိပဲ ပိတ် ထားတာတွေ ဖွင့်စေချင်တယ်။ ဒီဘက် တောင်ကြီး ဘက်ကသွားတဲ့ လမ်းတွေဆိုရင် တော်တော်ဆိုးတယ်။ အဲ့ဒီ လမ်းတွေဆိုရင် ပြုပြင်ပြောင်းလဲ စေချင်တယ်ပေါ့။ စီးပွားရေး လုပ်ငန်း တိုးတက်ဖို့ဆို အဓိက,ကတော့ လမ်းပန်း ဆက်သွယ်ရေးပိုင်းကို ဦးစားပေးပြီး ဆောင်ရွက်မယ်။ အခုပိတ်ထားတဲ့ လေယာဥ်တွေဆိုလည်း ဖွင့်စေချင်တယ် ပေါ့နော်။ ဒါဆိုရင်တော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမယ်ထင်ပါတယ် ရှမ်းပြည်မြောက်ပိုင်း”ဟု ပြောသည်။

လားရှိုးမြို့အတွင်း တစ်နေရာကို တွေ့ရစဉ်
မန္တလေး- မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည့် လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း တွင် အကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေးအရ အရေးပါလှသည်။
တရုတ်နယ်စပ်နှင့် မိုင် ၁၀၀ ကျော်သာဝေးသည့် လားရှိုးမြို့သည် ဒုတိယကမ္ဘာစစ် ကာလတွင် တရုတ်၊ ဂျပန်နှင့် မဟာမိတ်တပ်များ စစ်စခန်းချရာမြို့အဖြစ် ထင်ရှားခဲ့သည်။
၁၉၇၀ နောက်ပိုင်း တရုတ်နယ်စပ်မှ အင်အား ပြန်လည်ကြီးထွားလာသည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏ လှုပ်ရှားမှုများ ထိန်းချုပ်ရန်အတွက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) တိုင်းစစ်ဌာနချုပ်ကို လားရှိုးတွင် ထားရှိရသည်အထိ စစ်ရေးအရ အရေးပါသည့် မြိုတစ်မြို့ ဖြစ်သည်။
ယခင်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အလည်အပတ် လာသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များဖြင့် ပြည့်နှက်နေ ကြောင်း၊ ယခုအခါမှာတော့ သွားလာရေးနှင့် လုံခြုံရေး အခက်အခဲများကြောင့် ခရီးသွားလုပ်ငန်း အပြင် ဟိုတယ် လုပ်ငန်းများ ခက်ခဲကြောင်း ဟိုတယ်လုပ်ငန်းရှင် ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

လားရှိုးမြို့အတွင်း တစ်နေရာကို တွေ့ရစဉ်
၎င်းက “အခုက မဖြစ်မနေ လာရတဲ့ ခရီးသွားတွေပဲ ရှိတာဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရင် ၁၀၀ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ခရီးသွားကြတော့တာကို။ ဒါတောင်မှ လာရှိုးမှာနေတဲ့ ခရီးသွားနဲ့ ရှမ်းမြောက်မှာ နေထိုင် တဲ့ ခရီးသွားတွေလောက်ပဲ မဖြစ်မနေ သွားကြလာကြ အဲ့ဒီလိုလေးပဲရှိတယ်။ ဟိုလိုသီးသန့် တကူးတက စီးပွား ရေးကြောင့် လာတဲ့ ခရီးသွားတွေ မရှိဘူး။ ဟိုအလည်အပတ်နဲ့လာဖို့ ခရီးသွားတွေ မရှိဘူးပေါ့။ အရင်တုန်းကဆို ၁၀၀ မှာ ၁၀၀ ရာခိုင်နှုန်း သွားကြတာကို ဘာလို့သွားလဲဆိုရင် ပြည်ထောင်စု လမ်းမကြီးလည်းဖွင့်တယ်။ တရုတ် ပြည်နဲ့ မြန်မာနဲ့လည်း ဟိုဟာပေါ့နော် စီးပွားရေး ကူးသန်းရောင်းဝယ်မှုလည်း ကောင်းတယ်။ ဦးတို့ လားရှိုးဆိုရင် ဘိုကင်ကြိုယူရတယ် ဟိုတယ်တွေဆိုရင်။ အဲ့ဒီလိုပေါ့မူဆယ်ဆိုရင် ဘိုကင်ကြိုယူရတယ်။ ခရီးသွား အဲ့ဒီလောက်ထိတောင်မှ များခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေးဖြစ်စဥ် မဖြစ်ခင်ထိပေါ့။ ဒီရှမ်းမြောက်တစ်ခုလုံးက ခရီးသွားမှာ ပွင့်ပွင့်လင်း လင်း ပြောရင် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အသွားအလာ အလည်အပတ်တွေနဲ့ တွက်လိုက်မယ်ဆို လို့ရှိရင် ၁၀၀ ရာခိုင်နှုန်းထိ အလည်အပတ် ရှိတယ်ပေါ့နော်။ အခု လောလောဆယ် လက်တလောက ဟို တပ်မတော် ထိန်းချုပ် တဲ့ နေရာလည်း ရှိတယ်၊ ဟိုတခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်တဲ့ နေရာလည်း ရှိတယ်ပေါ့နော်။ အဓိက,ကတော့ ဒီရှမ်းမြောက်ရဲ့ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ရယ်၊ တရုတ်နိုင်ငံနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှု ဖြစ်ဖို့ဆို ဒါက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းမှုလေးတွေ လုပ်ပြီးမှ ပွင့်လင်းမြင်သာစွာ ကုန်စည်ကူးသန်း ဖို့ အခွန်လည်း ကောက်မယ်ပေါ့၊ ကုန်စည်ကူးသန်းမှုလည်း ဥပဒေတစ်ခု ပြဋ္ဌာန်းပြီးမှ သွားလာခွင့်ပြုမယ်။ ခရီးစဥ် လေးတွေလည်း အရင်လိုပဲပြန်ပြီး ဖွင့်လှစ်ပေးမယ်ဆိုရင်ပေါ့လေ ပိုကောင်းတာပေါ့”ဟု ပြောသည်။
လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့(MNDAA)က ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် တပ်မတော် အား တိုက်ခိုက်၍ ထိန်းချုပ်ခဲ့သည်။
သို့သော် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် MNDAA က တပ်မတော်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 585
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည် ဦးမော့လာရန် တစ်နည်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရန် အတွက် အစိုးရနှင့် လုပ်ငန်းရှင်များအနေဖြင့် အချက် ၃ ချက်ကို ပြန်လည် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်ဟု စီးပွားရေးလေ့လာစောင့်ကြည့်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ပထမအချက် အနေဖြင့် မက်လုံးစနစ် (Rational People Incentives) ကို မှန်ကန်စွာ စနစ်တကျ လုပ် ကိုင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒုတိယအချက်မှာ Project planning/Project Evolution ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တတိယအချက်မှာ ဦးစားပေးကဏ္ဍများကို မှန်ကန်အောင် စဉ်းစား၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။
ဦးဋ္ဌေးအောင်ကြည်က “ပထမအချက် အနေဖြင့် မက်လုံးစနစ် (Rational People Incentives) ကို မှန် ကန်စွာ စနစ်တကျ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နံပါတ်နှစ်က ဘာလဲဆိုတော့ Project planning/Project Evolution ပေါ့။ လုပ်ငန်းစီမံကိန်း စိစစ်သုံးသပ်မှုကို တကယ် Smart ကျ စနစ်ကျ အောင် သူလုပ်တယ်။ အဲဒီ ပညာကို ဘယ်ကသင်လဲ ဂျပန်နဲ့ အမေရိကားကနေ သူသင်တယ်။ ဆိုကြပါစို့ ဗဟိုဘဏ်အတိုးနှုန်းက အပြင်မှာ ဘဏ်တိုးနှုန်း တရားဝင်နှုန်းက ၂၀ ရာခိုင်နှုန်း ဖြစ်နေတဲ့အချိန်မှာ လုပ်ငန်းစီမံကိန်း စိစစ်သုံးသပ်မှုကို အောင်တဲ့ စိတ်ချရတဲ့ လုပ်ငန်းတွေ ဆိုလို့ရှိရင် ဘယ်လောက်နဲ့ ပေးလဲဆို ခြောက်ကျပ်နဲ့ပေးတာ ဝမ်လိုချင်ရင် ဝမ်ပေးတယ်၊ ဒေါ်လာ လိုချင်ရင် ဒေါ်လာပေးတယ်။ နှစ်ချက်ဖြစ်သွားပြီပေါ့။ project evolution ကို သေချာစနစ်တကျ လုပ် သင့်တယ်၊ နံပါတ်တစ်အချက်က မက်လုံးစနစ်ကြီးကို သေချာ ကျကျနန ပြင်သင့်တယ်၊ နံပါတ်သုံးအချက်က ဘာလဲဆိုတော့ ဦးစားပေး ကဏ္ဍတွေကို မှန်အောင် စဉ်းစားပါ။ ကျနော်တို့သည် စီးပွားရေးကဏ္ဍ ၁၄ ခုရှိတယ်ဆို စီးပွားရေးကဏ္ဍ အားလုံးသည် အားကောင်းနေတာ မဟုတ်ဘူး။ ဘယ်ဟာတွေက တကယ်ဖြစ်နိုင်တာလဲ၊ တကယ် ဖြစ်နိုင်တယ်ဆိုတာ စီးပွားရေးပညာအရပါ”ဟု ပြောသည်။

ဗိုလ်ချုပ်ဈေးအတွင်းကို တွေ့ရစဉ်
ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် အသေးစား လုပ်ငန်းများကိုလည်း မည်ကဲ့သို့ စနစ်တကျ အကောင် အထည် ဖော်မလဲ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း စီးပွားရေးလေ့လာစောင့်ကြည့်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥပမာ လယ်ယာစိုက်ပျိုးရေးပေါ့။ လယ်ယာစိုက်ပျိုးရေးဆို ဆက်စပ်ပြီးပြောရရင် SME ပေါ့ လယ်ယာ စိုက်ပျိုးရေး၊ ဟိုတယ် Tourism အကုန်လုံးက ကျနော်တို့က ပါတဲ့အခါကျတော့ ၆ ချက် တစ်ပြိုင်နက် လုပ်ပေး ရမှာ။ အဲဒါသည် တစ်ခုချင်း လုပ်နေလို့ မရဘူး။ အဲဒါကို စနစ်တကျလေး ပေါင်းစု တဲ့ စီမံကိန်းပေါ့။ Comprehensive Plan ခေါ်တာပေါ့။ ဒါကြီးကို သေချာ စမတ်ကျကျ ချရမှာ။ ၆ ချက် လုံး ကျနော်တို့ ဗမာပြည်ရဲ့ လုပ်ငန်းတွေမှာ အမြဲတမ်း အားနည်းတယ်။ (နံပါတ်တစ်အချက်က ဘာလဲဆို တော့ (Financial) ငွေရေးကြေးရေး၊ နံပါတ်နှစ်အချက်က ဘာလဲဆိုတော့ (HR)၊ နံပါတ်သုံးက ဘာအား နည်းလဲဆိုရင် Management၊ နံပါတ်လေးက Technology၊ နံပါတ်ငါးက စီးပွားရေးကို အထောက်အကူ ပြုတဲ့ (Business Infrastructure) )ဆိုတော့ ဒီအားလုံး ကို စနစ်တကျ ပါပြီးတော့ အားလုံးကိုမိတဲ့ စဉ်း စားမှုမျိုးနဲ့မှရမှာ။ SME ဆို SME ငွေချေးလိုက်ရုံနဲ့ကတော့ မရဘူး လေ။ ကျနော်ပြောချင်တဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ အဲဒီလို မက်လုံးစနစ် အားအရမ်းနည်းတဲ့ အတွက်ကြောင့် ကျန်တဲ့ပြဿနာတွေက သက်ဆိုင်ရာ ပြဿနာတွေက ဖြစ်လာတော့တာလေ။ အဲဒီသုံးချက်ပေါ့ အဲဒီသုံးချက်ကို အဓိကထား လုပ်သင့်တယ်လို့။ နံပါတ်တစ်က မက်လုံးစနစ်၊ နံပါတ်နှစ်က Project Evolution ကို Smart ကျ အောင် လုပ်ဖို့လိုတယ်၊ နံပါတ်သုံးအချက်က ခုနက ကျနော်ပြောတဲ့ဟာပေါ့နော်” ဟု ပြောသည်။

ကုန်စိမ်ရောင်းနေသူကို တွေ့ရစဉ်
စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးနှင့် ဝင်ငွေ ကွဲပြားစွာ မြင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ သည်လည်း စီးပွားရေးမူဝါဒကို အတိမ်းအစောင်းမခံဘဲ စည်းကမ်း၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အထောက်အကူ ပြုနိုင်သည့် အတွေးအခေါ်မျိုး လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာ စောင့်ကြည့်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်မှုကနေ တဆင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ လျှပ်စစ်ဓာတ်အား အလုံအလောက် မရရှိခြင်း၊ လုပ်သား အရင်းအမြစ်များ ရှားပါးခြင်း၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံရခြင်း စသည့် အခြေအနေများကြောင့် စီးပွားရေး ထိခိုက်မှုများကို ရင်ဆိုင်နေရသည်။
ထို့ကြောင့် ပြည်သူလူထုသည် လူနေမှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ဆေးဝါးများ ဈေးနှုန်းမြင့်တက်လာခြင်း၊ အလုပ်အကိုင် ရှားပါးလားခြင်း၊ စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်ရန် ခက်ခဲလာခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 550
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖဝါရီ ၄
လက်ရှိ မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်စည်တင်သွင်းမှုလုပ်ငန်း၊ ကုန်စည်စီးဆင်းမှု လုပ်ငန်းများ၌ ထိခိုက်နစ်နာများ ရှိနေသည့်အတွက် အစိုးရသစ် လက်ထက်၌ စီးပွားရေးကဏ္ဍကို ထိခိုက်စေသည့် မူဝါဒနှင့် ဥပဒေများအား ဖြေလျှော့ပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
မြန်မာ့စီးပွားရေး ပြန်လည်ကောင်းမွန် လာစေရေးအတွက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ ထိုင်း၊ အိန္ဒိယ စသည့် နိုင်ငံများဖြင့် လက်တွဲရန် ကြိုးပမ်းနေ သည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်မှုကနေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ လျှပ်စစ်ဓာတ်အား အလုံအလောက် မရရှိခြင်း၊ လုပ်သား အရင်းအမြစ် ရှားပါးလာခြင်း၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံရခြင်း၊ စီးပွားရေး မူဝါဒနှင့်ဥပဒေများ တင်းကြပ်ခြင်း စသည့် အခြေအနေများကြောင့် စီးပွားရေး ကျဆင်းလျက်ရှိနေသည်။
မြန်မာနိုင်ငံတွင် ၅ နှစ်တာကာလအတွင်း လုံခြုံရေးကဏ္ဍအရ ထုတ်ထားသည့် စီးပွားရေးဥပဒေများရှိကြောင်း၊ ထိုဥပဒေများအနက် စီးပွားရေးကဏ္ဍအား ထိခိုက်စေနိုင်သည့် ဥပဒေများရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

စီးပွားရေးဆိုင်ရာ သတ်မှတ်ချက် ဥပဒေကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ တချို့ဥပဒေတွေ ပြန်ပြောင်းပေးဖို့ လိုတယ်လေ။ ဒီ ၅ နှစ်တာ ကာလအတွင်းမှာ အဲ့ဒီလို လုံခြုံ ရေး ကဏ္ဍအရ ထုတ်ထားတဲ့ ဥပဒေတွေရှိတယ်။ ဒါစီးပွားရေးကဏ္ဍကို ထိခိုက်နိုင်တဲ့ ဟာတွေရှိတယ်။ အဲ့ဒါတွေ အားလုံးကို ဖြေလျှော့ပေးဖို့ကတော့ ပထမဦးဆုံး ကျနော်တို့ လုပ်ငန်းရှင်တွေ အနေနဲ့ တောင်းဆိုရမှာပေါ့။ ကုန် ထုတ်လုပ်မှု လုပ်ငန်းစဥ်၊ ကုန်စည်တင်သွင်းမှု လုပ်ငန်းစဥ်၊ ကုန်စည်စီးဆင်းမှု လုပ်ငန်းစဥ်တွေမှာ အများကြီးရှိ တယ်။ အဲ့ဒါတွေကိုတော့ အဓိက ဖြေလျှော့ရမှာပေါ့။ ပြီးတော့မှ တစ်ခုချင်းလိုက် နည်းဥပဒေ၊ ဥပဒေတွေ ကျနော် တို့ ပုံမှန် ဟိုအရင်အစိုးရ လက်ထက်တွေ လွှတ်တော်ပုံစံမျိုးနဲ့ သွားပေါ့လေ။ ကျနော်တို့ အနေနဲ့ကတော့ ဒီလိုပဲ မျှော်လင့်နေရမှာပဲ။ ဒါက လုပ်ပေးသင့်တဲ့ ကိစ္စရပ်တွေ တချို့ဟာတွေက လုံခြုံရေးအရ၊ တိုင်းပြည် အခြေအနေ အရ သူက နိုင်ငံခေါင်းဆောင်တွေကလည်း မလုပ်ချင်ပဲ လုပ်ရတဲ့ အခြေအနေတွေ ရှိတယ်။ ဒါပေမယ့် ဒီလို အခြေ အနေ ဖြစ်သွားပြီဆိုရင်တော့ ဒါတွေက ဖြေလျှော့ပေးရမှာပေါ့။ အဲ့ဒါကို ဆက်ကိုင် ထားမယ်ဆိုရင်တော့ လုပ်ရ ကိုင်ရ ခက်တာပေါ့။ ပြီးသွားတော့ နယ်စပ်ကုန်သွယ်ရေးတွေလည်း အများကြီးပဲ ထိခိုက်နေတာ။ အခုဆိုရင် လွှတ်တော် ပေါ်လာတော့ ကျနော်တို့ အသံတွေက နည်းနည်း ပြန်ပြောလို့ရတာပေါ့”ဟု ပြောသည်။
အစိုးရသစ် လက်ထက်တွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ချမှတ်ဖန်တီးပေးရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း ရှင်များ စျေးကွက်ပိုချဲ့ထွင်နိုင်ရေး ဖန်တီးပေးရန် လိုအပ်နေသည်။
အလားတူ ပို့ကုန်သွင်းကုန် လုပ်ငန်းများနှင့် ပတ်သက်သည့် မူဝါဒများ ဖြေလျှော့ပေးရန်၊ စက်သုံးဆီ လုံလောက် အောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်သည်။

စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် အစိုးရသစ်တက်ပြီး ဒီမိုကရေစီ ရသွားပြီဖြစ်သည့်အတွက် စီးပွားရေးနှင့်ပတ်သက်၍ ပွင့်လင်းမြင် သာသည့် ဖြေလျှော့မှုများ လုပ်ပေးစေလိုကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “စီးပွားရေးနဲ့ ပတ်သက်ပြီး မူဝါဒဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားတာလေးတွေ ရှိတယ်ပေါ့ နော်။ သွင်းကုန်ထုတ်ကုန်လေးတွေကို ပွင့်လင်းမြင်သာစွာလေးတွေ ဖွင့်ပေးဖို့ နိုင်ငံတော်အခွန်ကလည်း ထိုက်သင့် တဲ့ အခွန်ကောက်ပေါ့။ တချို့ကိစ္စတွေ ဖြေလျှော့ပေးသင့်တဲ့ ကိစ္စတွေဆိုရင်လည်း ဖြေလျှော့ပေးဖို့ပေါ့။ အဲ့ဒါလေး တွေကတော့ ပိုအရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲ စရာတွေကတော့ အများကြီးပဲပေါ့နော်။ အခုကတော့ နိုင်ငံ ရေး အခြေအနေရော သူတို့ အကန့်သတ်တွေ လုပ်ထားပေမယ့် အခုဒီမိုကရေစီ ရသွားပြီပေါ့နော်။ အစိုးရသစ် အစိုးရသစ်လက်ထက်မှာပေါ့။ ပွင့်လင်းမြင်သာတဲ့ ဖြေလျှော့မှုလေးတွေရယ်၊ နောက်ပြီးတော့ ဒီစီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စမျိုး တွေ လုပ်ပေးစေချင်တာပေါ့။ မူဝါဒတွေကတော့ ပြောင်းလဲသင့်တာတော့ အများကြီးပေါ့နော်။ အခု ဟာက ပိတ်ပင်ထားတာတွေ၊ တချို့ကိစ္စတွေ ဖြေလျှော့ပေးရမဲ့ဟာတွေ အများကြီး ရှိတယ်လေ။ အခုဆိုရင် ဦးတို့ ရှမ်းမြောက်မှာဆိုရင် အကြောင်းအရာ ဘာမှန်းမသိပဲနဲ့ သီပေါတံတား ပိတ်ထားတယ်ပေါ့။ အဲ့ဒီလိုမျိုးလေးတွေ အသေးစိတ်ကအစ ဒါတွေကို တော်တော် ဂရုစိုက်ရမှာ ခရီးသွားလုပ်ငန်းမှာ။ ဆိုတော့ စီးပွားရေး တစ်ခု တိုးတက် ဖို့ဆိုတာက အခုလို အဟန့်အတားလေးတွေ ရှိနေတာတွေကလည်း စီးပွားရေးမှာ ဒါတော်တော်လေး အဟန့် အတား တစ်ခု ဖြစ်နေတယ်ပေါ့” ဟု ပြောသည်။
နိုင်ငံတော်အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များ မြန်မာ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးအောင် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်သင့် သလဲဆိုသည်ကို နည်းလမ်းရှာဖွေရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 578
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖဝါရီ ၃
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှ စတင်ကာ အခြေခံစားသောက်ကုန် ဈေးနှုန်းများ တဖြေးဖြေး တက်လာခြင်းက ဘာကြောင့်လဲ မေးခွန်းထုတ်လာသလို ကုန်ဈေးနှုန်းကို ဘယ်လိုထိန်းချုပ်မလဲ ဆိုသည့်အပေါ် အားလုံးကစဉ်းစားလာနေကြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ရန်ကုန်မြို့တွင် ဆင်းသုခ တစ်အိတ်လျှင် ငွေကျပ် ၈၅,၀ဝဝ၊ ပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၂၀ဝ,ဝဝ၀ ကျော်နှင့် ကြက်ဥ တစ်လုံးလျှင် ၃၅၀ ကျပ်အထိ ရောက်ရှိနေကာ အခြေခံလူတန်းစားများမှာ စားဝတ်နေရေး ကျပ်တည်းလျက်ရှိနေသည်။
သို့သော် တခြားသော မြို့ပြများတွင် ရန်ကုန်မြို့ရှိ ကုန်ဈေးနှုန်းထက် အဆမတန် ကြီးမြင့်လျက်ရှိကြောင်း၊ ဥပမာ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ကြက်ဥ တစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရှိနေ သည်။
မြန်မာနိုင်ငံတွင် လုပ်သားအင်အား ရှားပါးမှု ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိလျှင် ကုန်စျေးနှုန်းက ဆက်တက် နေနိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှု အားကောင်းမှ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်း ရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

တမူးမြို့ထဲက ဈေးကိုတွေ့ရစဉ်
၎င်းက “ကုန်စျေးနှုန်း ဆိုတာမျိုးကကျတော့ ပုံမှန်အားဖြင့်ကတော့ ကုန်ပစ္စည်းတွေရဲ့ ဝယ်လိုအားနဲ့၊ ရောင်းလို အားပေါ် မူတည်ပြီးတော့ စျေးနှုန်း အတက်အကျ ဆိုတာရှိတယ်ပေါ့။ ဘာကြောင့် တက်ရလဲပေါ့။ ကုန်သည်တွေ ကြောင့် တက်ရသလား၊ ကုန်စျေးနှုန်းက သို့မဟုတ်လို့ရှိရင် ကြားထဲမှာ ဖြစ်နေတဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ လမ်းကြောင်း တစ်လျှောက်မှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် ကုန်စျေးနှုန်းက တက်ရသလားပေါ့။ နိုင်ငံရဲ့ လက်ရှိ ကုန်စျေးနှုန်း တက်တာကတော့ အခြေခံ ကုန်ထုတ်လုပ်မှု စွမ်းအားတွေနဲ့ပတ်သတ်ပြီး ကျနော်တို့မှာ အားနည်းချက်တွေ ဖြစ်တယ်၊ လုပ်သားပြဿနာတွေပါ ကျနော်တို့ ရှိနေတယ်။ ဆိုတော့ ဒီအပိုင်းလေးတွေက ကျနော်တို့ ကုန်စျေးနှုန်း တက်ရစေတဲ့ အဓိက အချက်ဖြစ်ပါတယ်။ ပြည်တွင်းမှာ စားသောက်ကုန်တွေ ရှိတယ်ဆိုပေမဲ့ ဘာလို့စျေးတက်လဲ ဆို ပြည်တွင်းမှာ ထုတ်ရုံနဲ့ မလုံလောက်ဘူးပေါ့။ အဓိက,က မြေယာတို့၊ လုပ်သားတို့၊ အရင်းအနှီးတို့ အစရှိ သဖြင့် ဒီဘောဂဗေဒနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် ဒီလိုဟာတွေ ပြည့်စုံမှ ကျနော်တို့ လုပ်လို့ရတဲ့ အပိုင်းတွေရှိတယ်။ နေ့စဥ်ပေါ့နော် နေ့စဥ် စရိတ်စကတွေ၊ လုပ်အားခ ပြဿနာတွေ ဒါတွေက ပမာန တစ်ခုအနေနဲ့ တက်လာတာဖြစ် တဲ့အတွက် ဒီလိုမျိုး တက်လာရတာ ဖြစ်ပါတယ်။ စျေးနှုန်းလျော့ကျအောင်လုပ်ဖို့က အစိုးရတွေနဲ့၊ ဗဟိုဦးစီးစနစ် နဲ့ ကျနော်တို့က အလုပ်လုပ်လို့မရဘူး။ ကျနော်တို့က ဒီရှားပါးမှု ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း မရှိဘူးဆိုရင် တော့ ကုန်စျေးနှုန်းကတော့ ဆက်တက် နေအုန်းမှာပဲ။ အဲ့ဒီလို ကုန်စျေနှုန်း တက်တာကို ထိန်းချုပ်မယ်ဆိုလို့ရှိရှင် ကုန်ပစ္စည်းတွေ ပေါပေါများများ ထုတ်လုပ်နိုင်ဖို့တွက် လူစွမ်းအား အရင်းအမြစ်တွေ ရှိဖို့ လိုတယ်၊ အရင်းအနှီးတွေ ရှိဖို့လိုတယ်၊ လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လုပ်နိုင်အောင်လို့ ဆောင်ရွက်ပေးနိုင်ဖို့ လိုတယ် ပေါ့။ ဒီလို အချက်အလက်တွေ ပြည့်စုံသွားမှပဲ ကုန်ပစွည်းတွေက ကျနော်တို့ စျေးနှုန်းတွေက ထိန်းချုပ်နိုင်တဲ့ အခြေအနေ တစ်ခုကို ရောက်မှာပါ။ အဲ့ဒီလို မဟုတ်ပဲနဲ့တော့ ကုန်ပစွည်းတွေကို စျေးနှုန်း ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲ နေပါအုံးမယ်”ဟု ပြောသည်။
ကုန်စျေးနှုန်း မြင့်တက်ခြင်းနှင့်ပတ်သက်၍ ပိုမိုမြင့်မားသော အကြောင်းအရာများကို ယာယီဘေးဖယ်ထား ကြည့်ပါက အခြေခံအကျဆုံး အကြောင်းတရားသုံးခုကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုအခြေခံ အကြောင်းတရားမှာ ဝယ်လိုအားမြင့်တက်ခြင်း၊ ရောင်းလိုအား လျော့ကျခြင်းနှင့် ငွေကြေးဖောင်းပွမှုတို့ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်း ရှင်များက ထောက်ပြကြသည်။
လက်ရှိ ကုန်စျေးနှုန်း တက်ရသည့် အချက်က သွင်းကုန် တင်သွင်းခွင့်ရရန် စီးပွားကူးသန်းလိုင်စင်များ လျှောက်ရာ တွင် ကြာနေခြင်းကြောင့် စျေးများတက်ရခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

အခြေခံ ကုန်စိမ်းများ ရောင်းချနေကြစဉ်
၎င်းက “သယ်ယူပို့ဆောင်ရေးမှာ တစ်ပိုင်းပေါ့။ ထုတ်ကုန်သွင်းကုန်ရဲ့ ပေါ်လစီကတစ်ပိုင်း ဆက်နေတာပေါ့။ တချို့ဟာတွေက မြန်မာပြည်မှာ one stop အကုန်လုံး ထုတ်နေတာ မဟုတ်ဘူး။ တချို့ဟာက အပြင်က သွင်းကို သွင်းရတဲ့ဟာတွေ ရှိတာကို။ အပြင်က သွင်းရတဲ့ဟာမှာ သွင်းခွင့်ရဖို့ အတွက်ပေါ့နော်၊ စီးပွားကူးသန်းမှာ လိုင်စင် တွေလျှောက် အကြာကြီးတွေဖြစ်။ အဲ့ဒီလိုမျိုးတွေ ဖြစ်နေတဲ့ဟာတွေကနေမှ ဒုက္ခတွေ ရောက်ပြီးတော့မှ စျေးတွေ က တက်လာတယ်။ လွှတ်တော်ထဲမှာ ဆိုလို့ရှိရင်တော့ အဓိက အခုလောလောဆယ် ဖြစ်နေတဲ့ ဒီသွင်းကုန် ထုတ် ကုန် ကိစ္စတွေပေါ့နော်။ ကုန်သည်တွေ အကုန်လုံး ဒုက္ခရောက်နေတယ်၊ စီးပွားရေးသမားတွေ အကုန်လုံး ဒုက္ခ ရောက်နေတဲ့ကိစ္စပဲ။ အဲ့ဒီဟာကို ပြင်ဖို့အတွက် လွှတ်တော်ထဲမှာ အဆိုတင်သွင်း လိုက်တာနဲ့ တစ်ပြိုင်နက်က ဒီအပေါ်မှာ တင်သွင်းတဲ့ ကိုယ်စားလှယ်က သေသေချာချာကို ပြောပြနိုင်ပြီးတော့မှ ဆုံးဖြတ်ချက် ချလို့ရှိရင် ဝန်ကြီးဌာနက ကျော်လွန်ပြီး ဒါမျိုးတွေ လုပ်သွားလို့ ရပါတယ်။ ဒါကြီးက စက်ဝိုင်းကြီး တစ်ခုလိုပဲ အားလုံးက ပတ်သက် ဆက်နွယ်နေတဲ့ အတွက်ပေါ့နော်”ဟု ပြောသည်။
ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ပြည်တွင်း ထုတ်လုပ်မှုများဖြင့် အစားထိုး ဆောင်ရွက်သင့်ကြောင်း လုပ်ငန်းရှင် အချို့က အကြံပြု ပြောကြားလျက်ရှိသည်။
ထို့နောက် ပြည်သူများ အနေဖြင့်လည်း ကုန်ဈေးနှုန်း ကြီးမြင့်သည့်အတွက် ငွေကြေးကို ယခင်ထက် ပိုမို၍ ချင့်ချိန် သုံးစွဲနေကြရသည်။
မြန်မာပြည်သူလူထုသည် ရွေးကောက်ပွဲ အလွန် တက်လာမည့် အစိုးရသစ်နှင့် လွှတ်တော်ကနေ ကုန်ဈေးနှုန်း ထိန်းချုပ်ပေးနိုင်ရန်နှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု လျှော့ချနိုင်ရေး ဆောင်ရွက်ပေးရန် မျှော်လင့်လျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 541
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို နိုင်ငံအချို့နှင့် အဖွဲ့အစည်းအချို့က ပြုလုပ်ထားသည့်ကြားကနေ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မှုရှိလာကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် ကျိုင်းတုံမြို့တွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးသမားများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အချို့နိုင်ငံများနဲ့ အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမှာ ယခင်အစိုးရ လက်ထက်ကတည်းက ကုန်သွယ်မှု လိုငွေများ ရှိခဲ့ကြောင်း၊ အဓိက စီးပွားရေးဖြစ်သည့် ပြည်တွင်းစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အားပေးဆောင်ရွက် ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခဲ့ရာ ပိတ်ဆို့မှုများအကြားမှ ထိုက်သင့်သလောက် တိုး တက်မှု ရှိလာခဲ့ကြောင်း၊ ကုန်သွယ်မှု လိုငွေမှာ ယခင်အနုတ်လက္ခဏာ ပြနေရာမှ အပေါင်းလက္ခဏာသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း”ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ကိန်းဂဏန်း အကုန် အမှန်မရလျှင်တောင် နိုင်ငံမှာရှိသူ အကုန်လုံးက အကျပ်အတည်းထဲ ရောက်သော်လည်း ဆိုးဆိုးဝါးဝါးကြီး ဖြစ်မသွားဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အပိုငွေ ပြတယ်ဆိုတာကတော့ နိုင်ငံခြားသွင်းကုန်ကို တော်တော် ပြင်းပြင်းထန်ထန် ကန့်သတ်ထား တယ်။ ဥပမာ ရေနံဆီတို့ ဥစ္စာမျိုးတွေ၊ နောက်ပြီးတော့ အရက်အကောင်းစားလို ဥစ္စာမျိုးတွေ ပြေရရင်တော့ မရှိမဖြစ်တဲ့ ကိစ္စလောက်ပဲ ခွင့်ပြုတယ်ဆိုတဲ့ သဘောရှိတဲ့ အတွက်ကြောင့်မို့ ဒီနိုင်ငံခြားသုံးငွေ အနေနဲ့ကတော့ လျော့နည်းသွားတဲ့ အတွက်ကြောင့်မို့လို့ ဆိုးဆိုးဝါးဝါး မဖြစ်ဘူးပေါ့။ ဘယ်လိုပဲပြောပြော ဘယ်လိုပဲ ပိတ်ဆို့မှုတွေ ကြုံနေနေ၊ တိုင်းပြည်မှာက ခံနိုင်ရည်ရှိတယ်ဆိုတဲ့ အနေအထားတွေ သွားတွေ့ရတယ်။ ဥပမာ PDF တွေနေတဲ့ နေရာမှာလည်း ရွှေဖောင်တွေ ခိုးထုတ်တယ်၊ လုပ်နေကြတယ် အမျိုးမျိုးပေါ့နော်။ PDF မဟုတ်တဲ့ နေရာတွေမှာ လည်းပဲ သယံဇာတ အဲ့လိုမျိုးလေးတွေ ရှိနေတဲ့ အခါကြတော့၊ အစိုးရအနေနဲ့ ကိန်းဂဏန်း အကုန် အမှန်မရ ရင်တောင်မှ ဟိုဖုံးကွယ်ထားသော စီးပွားရေး အဲ့ဒါကြီး တစ်ခုက ရှင်သန်နေတဲ့ အခါကြတော့ နိုင်ငံမှာရှိတဲ့ သူတွေ ရော အကုန်လုံးက အကျပ်အတည်းထဲကိုတော့ ရောက်ပင်မယ့်လည်း ဆိုးဆိုးဝါးဝါးကြီး ဖြစ်မသွားဘူး”ဟု ပြော သည်။.
ထို့ကြောင့် ပြည်တွင်းတွင် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် ဆောင် ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှုများ များစွာ လျော့ကျလာမည်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း စားသုံး ဆီ လိုအပ်ချက်အတွက် နှစ်စဉ်ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းသည်လည်း တိုင်းပြည်အတွက် နစ်နာမှုပင် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်၏ စီးပွားရေးပိုင်းတွင် NLD အစိုးရက တာဝန်ရှိသည့် လူများက တော်တော်ကို နားမလည်သည့် သဘောရှိကြောင်း၊ ဘတ်ဂျက်ပိုင်းတွင်လည်း မလုပ်တဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင် မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “NLD လက်ထက်မှာကတော့ ပြောရရင်တော့ NLD အစိုးရက တာဝန်ရှိတဲ့လူတွေက တော်တော်ကို နားမ လည်တဲ့ သဘောရှိတာ။ အထူးသဖြင့် ဘတ်ဂျက်ပိုင်းမှာ NLD အစိုးရတွေက မလုပ်တတ်ဘူး။ အဲ့ဒီတော့ ငွေလုံး ငွေရင်း ခေါ်တာပေါ့။ ငွေလုံးငွေရင်း ဘတ်ဂျက်ပေါ့။ ငွေလုံးငွေရင်း ဘတ်ဂျက်မှာ ခိုင်မှာတဲ့ ဖွံ့ဖြိုးတိုးတက်မှုရဖို့ အတွက်က ငွေလုံးငွေရင်း ဆိုတဲ့ဟာက တော်တော်လေးကို NLD လက်ထက်မှာ မထည့်ဘူး။ မထည့်ဘဲနဲ့ သူက ရေအား လျှပ်စစ်တွေ ဘာတွေဆိုလို့ရှိရင်လည်း သူမလုပ်ဘူး။ ပြောရလို့ရှိရင်တော့ ၃-၄ နှစ်နဲ့ ပြီးရမဲ့ဟာတွေ မပြီးတော့ဘူး။ သူက ဘာတွေ သွားလုပ်တာလဲဆိုတော့ လူတွေကြိုက်အောင် သူက ရွာတွေမီးလင်းရေးအတွက် လုပ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျ သူက နားမလည်တဲ့ အတွက်ကြောင့် ဒီဘတ်ဂျက် နှစ်ခု ရည်မှန်း ချက် အပိုင်းနှစ်ပိုင်းကို မျှအောင် မလုပ်နိုင်ဘူး။ ရုတ်တရက် ကြည့်ပေမယ့် လူတွေက သာယာတယ်လို့ ထင်ရပေ မယ့် တကယ့် တကယ်ကြတော့ ဖွံ့ဖြိုးမှုအပိုင်းမှာကြတော့ မရှိဘူးလေ”ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံကုန်သွယ်ရေး လိုငွေမရှိစေရန်နှင့် ဒေါ်လာ လိုအပ်ချက် မရှိစေရန် တပ်မတော်က တာဝန်ယူချိန် မှစတင်၍ ပြည်တွင်းသို့ စက်သုံးဆီ၊ စားအုန်းဆီနှင့် လက်နက်ခဲယမ်းများမှလွဲ၍ လူသုံးကုန်၊ ဆေးဝါးနှင့် အခြား သော ပြည်ပ သွင်းကုန်များ အားလုံးကို လုံးဝတင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများ ဈေးနှုန်းမြင့် တက်နေသလို အလုပ်အကိုင် ရှားပါးမှုများလည်း ပြည်သူလူထုများ ရင်ဆိုင်နေကြရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 487
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈
ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်း ကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်ခဲ့ သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1616
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်၍ နိုင်ငံကို ချစ်မြတ်နိုးသည့် စိတ်ရှိသော ဝန်ထမ်းကောင်းများ ဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ပေးကြရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း(ဇီး ပင်ကြီး)နှင့် ဗဟိုမီးသတ် သင်တန်းကျောင်း(ပြင်ဦးလွင်)တို့သို့ သွားရောက်၍ စစ်ဆေးစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဝန်ထမ်း များအား စိတ်ဓာတ်စည်းကမ်းကောင်းမွန်စေရေးနှင့် ပါတီနိုင်ငံရေးကင်းရှင်းသည့် ဝန်ထမ်းများ၊ နိုင်ငံကို ချစ်မြတ် နိုးသည့် စိတ်ရှိသည့် ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သင်ကြားပေး သည့် ဘာသာရပ်များ ထိရောက် အကျိုးရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ သင်ရိုးညွှန်းတမ်းများသည် မိမိ တို့ နိုင်ငံနှင့်ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများ ဖြစ်ရန်လိုသည်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်း အများစုသည် အဂတိလိုက်စားမှု အလွန်မြင့်မားကြောင်း၊ အစိုးရ ဝန်ထမ်းများသည် ၎င်းတို့နှင့် ဆက်စပ်ပြီး လုပ်ကိုင်ရသည့် လုပ်ငန်းတိုင်းတွင် အဂတိတရားရှိနေကြောင်း၊ လာဘ်ပေးလာဘ်ယူ မလုပ် ပါက လုပ်ငန်းများ ချောမွေ့မှု မရှိကြောင်း ပြည်သူလူထုများက ထောက်ပြကြသည်။
မြန်မာနိုင်ငံအတွင်းက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး(ပတ်စပို့ရုံး)၊ ကညနရုံး၊ လုံခြုံရေးဌာနများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးရုံးများ၊ တရားရုံးများ၊ ယာဉ်ထိန်းရဲများ စသည့် ဌာနဆိုင်ရာများသည် အဂတိလိုက်စားမှု အလွန်များပြားလျက်ရှိကြောင်း လုပ်ငန်းရှင်များနှင့် ပြည်သူလူထုများက ထောက်ပြကြသည်။
ထို့ကြောင့် နိုင်ငံတော် အကြီးအကဲများနှင့် ဌာနဆိုင် အကြီးအကဲများသည် အောက်ခြေဝန်ထမ်းများကို ထိထိ ရောက်ရောက် ထိန်းကျောင်းကြပ်မတ်ပေးရန်လည်း လုပ်ငန်းရှင်များနှင့် ပြည်သူလူထုများက တောင်းဆိုလျက်ရှိ ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 599
CNI News
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁
နိုင်ငံတော်အစိုးရမှ ဝန်းထမ်းများအား ရက်ရှည်အားလပ်ရက်များ သတ်မှတ်ပေးခြင်းသည် တိုင်းပြည်အတွက် GDP ကျဆင်းကြောင်း ခရီးသွားလုပ်ငန်းရှင်တချို့က ထောက်ပြကြသည်။
အစိုးရက ရက်ရှည် အားလပ်ရက်များ သတ်မှတ်ပေး၍ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ရန် ကြိုးစား လျက်ရှိသည်။
သို့သော် တခြားတစ်ဖက်မှာတော့ ရက်ရှည် ပိတ်ရက်များကြောင့် ဝန်ထမ်းများ လုပ်အားများကို လုပ်ငန်းရှင်များ ရရှိမှု နည်းသွားကာ ကုန်ထုတ်လုပ်ငန်းများကျဆင်း၍ တိုင်းပြည်၏ GDP ပါ ကျဆင်းသွားနိုင်သည်ဟု ခရီးသွား လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ပြောသည်။
၎င်းက “တိုင်းပြည်က ဆင်းရဲနေတဲ့ကြားမှာ GDP ပါ ကျတာပေါ့ဗျာ။ အလုပ် မလုပ်ကြတော့ဘူး။ လူတွေက ပိတ်ရက်တွေနဲ့ပဲ နှပ်နေကြတယ်ဆိုတော့ GDP ကတော့ တိုးတက်ဖွယ်ရာ သိပ်မရှိဘူးပေါ့နော် (Impact) ဖြစ်တာပေါ့။ သက်ရောက်မှုတွေတော့ အများကြီးရှိတာပေါ့”ဟု ပြောသည်။
တစ်ဖက်တွင်လည်း
နိုင်ငံတော်အစိုးရမှ ရက်ရှည်အားလပ်ရက်များ ဝန်ထမ်းများအတွက် သတ်မှတ်ပေးခြင်းသည် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ အပါအဝင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည်ဟု ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကိုက CNI သတင်းဌာနသို့ ပြောသည်။

နေပြည်တော်က ဟိုတယ်တစ်ခုကိုတွေ့ရစဉ်
၎င်းက “ဒါလည်းပဲ ထိရောက်မှာပါ။ ဘာပဲဖြစ်နေပါစေ သူက ရုံးပိတ်ရက်ကို သတ်မှတ် ပေးလိုက်သည့်အတွက် ရက်ရှည် ရုံးပိတ်ရက် သတ်မှတ်ပေးတာဖြစ်တဲ့အတွက် ကျနော်တို့ ဘယ်လိုပဲဖြစ်နေပါစေ၊ ရုံးပိတ်ထားတာ ဖြစ်တဲ့ အတွက် နိုင်ငံတော်အစိုးရဝန်ထမ်းတွေအပြင် ကျနော်တို့ ရုံးလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်း တွေ နောက်တစ်ခါ လုပ်ငန်းရှင် မိသားစုတွေ အတွက်ပေါ့နော်၊ အားလပ်ရက် အချိန်တစ်ခု ထွက်လာတာဖြစ်တဲ့ အတွက် ကျနော်တို့ ဒီအပေါ်မှာလည်းပဲ ဒါခရီးသွားလာဖို့အတွက်က အခွင့်အလမ်း တစ်ခုပေါ့နော်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး နိုင်ငံတော်က သတ်မှတ်လိုက်တဲ့ အတွက်လည်း ကျနော်တို့ ခရီးသွားကဏ္ဍကို ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ကို စီးပွားရေး တိုးတက်ဖို့ အတွက်လည်းပဲ တစ်ဖက်တစ်လမ်းကနေ အများကြီး အထောက်အကူ ဖြစ်ပါတယ် အထောက်အပံ့လည်း ဖြစ်ပါတယ်”ဟု ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ရပ်တည် လည်ပတ်သည့် အခါတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိခြင်း၊ လုံခြုံ စိတ်ချမှု မရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေခြင်း စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု လုပ်ငန်းရှင်များက ထောက်ပြကြသည်။
လက်ရှိ အခြေအနေတွင် နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဥ်များကြောင့် စီးပွားရေး လုပ်ငန်းများ လုပ်ရန်အတွက် ဖိအားများ များစွာရှိကြောင်း၊ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မှုသည် နယ်မြေတည်ငြိမ်ရေးနှင့် နိုင်ငံရေး အခြေအနေပေါ် မူတည်နေသည်ဟု ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 768
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့ အရေးယူထားမှု Sanction ကို နိုင်ငံတည်ငြိမ်အောင်လုပ်၍ လွတ်မြောက်အောင် လုပ်ဆောင်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက အကြံပြုကြသည်။
ပိတ်ဆို့တားဆီးမှု(Sanction)သည် နိုင်ငံတကာဆက်ဆံရေး(IR) နှင့်သက်ဆိုင်ကြောင်း၊ နိုင်ငံရေးစနစ်ကို ကမ္ဘာမှ ယုံကြည်လာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးသည် နိုင်ငံရေးစနစ်ပေါ်တွင်သာ မူတည်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တခုတော့ရှိတာပေါ့ ကျနော်တို့က နည်းနည်းလေး စဥ်းစားစေချင်တာ ဘာလဲဆိုတော့ ဘယ်လိုပြောမလဲ ဒီလိုအခြေအနေက ကျနော်တို့က အမြဲတမ်းဖြစ်နေတာလေ၊ ဒါကကြာခဲ့ပြီလေ။ အဲ့တော့ ဒီဟာက သေသေချာချာ စဥ်းစားသင့်တာပေါ့၊ စဥ်းစားသင့်တော့ အကြမ်းဖျင်း တွက်လို့ရှိရင် နိုင်ငံရေးစနစ်ပေါ့။ နိုင်ငံရေးစနစ်ပေါ်မှာ ကမ္ဘာက ယုံလာအောင် လုပ်ဖို့လိုတာပေါ့။ ဥပမာ ၂၀၀၈ ဆို နိုင်ငံရေးသိပ္ပံသဘောအရ ပြောရလို့ရှိရင် ၂၀၀၈ သည် သူ့မှာ ဘယ်လိုခေါ်မလဲ နိုင်ငံရေးအရ Philosophy ပါတယ်။ မူအားဖြင့် ကျနော်တို့ လက်ခံတယ်။ ဆိုတော့ ၂၀၀၈ ကို စတည်ပြီး run ပြီဆိုတဲ့အချိန်မှာ International ဆက်ဆံရေးက ကောင်းလာတာပဲလေ၊ ဒါရိုးရိုးလေးပဲ။ အများကြီး စဥ်းစားစရာ မလိုဘူး။ အဲ့တော့ အဲ့လို အခြေအနေ ရောက်အောင် ဘယ်လိုပြန်သွားမလဲ၊ ဒါကိုစဥ်းစားရမှာပေါ့။ Sanction ဆိုတာက တစ်ခုရှိတာက (Political System) နိုင်ငံရေးစနစ်နဲ့ဆိုင်တယ်၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ဆိုင်တယ်၊ နံပါတ် ၃ အချက် သူက ဘာနဲ့ဆိုင်လဲဆိုတော့ Sanction ဆိုတဲ့ သဘောတရားသည် IR နဲ့ဆိုင်တယ်”ဟု ပြော သည်။

ရန်ကုန်မြို့ရှိ အခြေခံလူတန်းစားများကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံ တော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်အား ဖြုတ်ချရေး လက်နက်ကိုင် အင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများ ပူးပေါင်း၍ ကြိုးပမ်းလျက်ရှိသည်။
ထိုသို့ နိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံအား အမေရိကန်၊ ဥရောပနှင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သလို လူတစ်ဦးချင်းကိုလည်း စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ချမှတ် ခဲ့သည်။
ထိုကဲ့သို့ ပိတ်ဆို့တားဆီးခြင်းသည် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည့် လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း၊ ပိတ်ဆို့တားဆီးမှုများ ရုတ်သိမ်းခဲ့လျှင် အခြေခံ လူတန်းစားများအတွက် များစွာ အလုပ်အကိုင် အခွင့်အလမ်း ရှိလာနိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်ပြန်လည် တိုးတက်လာနိုင်သည့် အခြေအနေ တစ်ရပ် ပေါ်လာ နိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံမှ CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်ဈေးကိုတွေ့ရစဉ်
၎င်းက “အဓိက,ကတော့ အခြေခံ လူတန်းစားတွေကို အလုပ်တွေ အများကြီး ပေးနိုင်မယ် Sanction တွေထိတော့ ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ မဝင်လာရဲဘူး၊ ဝင်မလာရဲတဲ့ အခါကျတော့ အလုပ်သမားတွေ ကျနော်တို့ အလုပ်မရဘူး၊ အလုပ်မရတော့ အလုပ်မရှိဘူး၊ အလုပ်မရှိတော့ နိုင်ငံခြားထွက် လုပ်ကြတယ်။ ဆိုတော့ ဒီလိုတွေ ဖြစ်ကုန်တာ Sanction တွေ ပြုတ်သွားရင် အရင်ဆုံးရမယ့် အခွင့်ရေးကတော့ လုပ်ငန်းရှင်တွေ၊ တိုင်းပြည် အကြီး အကဲတွေထက် ကျနော်တို့ အခြေခံ လူတန်းစားတွေက အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပေါလာမယ်။ အလုပ် တွေ ပိုများလာမယ်၊ တိုင်းပြည်မှာ investment တွေ များလာတော့ GDP တွေ တိုးလာမယ်။ ပြီးတော့ မြန်မာနိုင်ငံ ရဲ့ ငွေကြေးက Currency တောင့်လာတဲ့ အခါကျတော့ ဒေါ်လာစျေး အပါအဝင် အစရှိတဲ့ စျေးတွေကျမယ် ကုန် စျေးနှုန်းတွေ သူ့ဟာသူ ဆက်မတက်တော့ပဲနဲ့ ရပ်သွားမယ်။ အစိုးရကလည်း ပြောရင် လုပ်ခလစာတွေ တိုးပြီး ပေးနိုင်မယ်၊ အဲ့တော့ နှစ်ဖက်ဖြစ်သွားမယ်။ ဆက်မတက်တော့ပဲနဲ့ လုပ်ခလစာ တိုးလာတာနဲ့အမျှ ပြည်သူတွေရဲ့ စားဝတ်နေရေးက ချောင်လည်သွားမယ်၊ ဒါ Sanction ရုတ်လိုက်လို့ရှိရင် ဖြစ်လာနိုင်တဲ့ အခြေအနေ အဲဒီဟာတွေ ပြီးသွားတော့မှ ခုနက ရှေ့ကပြောခဲ့တဲ့ ကုန်ထုတ်စွမ်းအားတွေ တိုးလာမယ် Sanction ရုတ်လိုက်တော့ စျေးကွက် တွေ ပိုရှာနိုင်မယ်။ Marketing sharing တွေ ပိုလုပ်နိုင်မယ်။ Market sharing လုပ်နိုင်တဲ့ အခါကျတော့ ချိတ် ဆက်မှုတွေ အားပိုကောင်းနိုင်တယ်၊ တစ်နှစ်ထက် တစ်နှစ်ပေါ့။ တိုင်းပြည်က တိုးတက်လာနိုင်တယ်” ဟု ပြော သည်။
လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းမှာ လက်နက်ကိုင် အင်အားစုများနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအ ထန်ဖြစ်ပွားနေကြပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ ၃ သန်းကျော်ရှိနေသည်။
ထို့နောက် တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေး အားနည်းလာကာ လမ်းပန်ဆက်သွယ်ရေးများ ခက်ခဲ၍ ပြည်တွင်း၌ ကုန်သွယ် စီးဆင်းမှု လျော့နည်းလာသလို အိမ်နီးချင်းနိုင်ငံများဖြင့် ကုန်သွယ်စီးဆင်းမှုများလည်း ရပ်တန့်လျက်ရှိ နေသည်။
ထို့ကြောင့် မြန်မာ့တပ်မတော်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီနောက်ဆုံးပတ် မှာ ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်းကောင်း ကျင်းပရန် စီစဉ်၍ နိုင်ငံတည်ငြိမ်အောင် ကြိုးပမ်းလျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1013
CNI News
၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၁၀
နိုင်ငံတော်အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးအောင် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်သင့်သလဲဆိုသည်ကို နည်းလမ်းရှာဖွေရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးနှင့် ဝင်ငွေ ကွဲပြားစွာမြင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော် အစိုးရသည်လည်း စီးပွားရေးမူဝါဒကို အတိမ်းအစောင်း မခံဘဲ စည်းကမ်း၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အထောက်အကူ ပြုနိုင်သည့် အတွေးအခေါ်မျိုး လိုအပ်သည်ဟု ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင် ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကဘာလဲအခါကျတော့ အမျှော်အမြင်ပေါ့ သဘောက အလုပ်တစ်ခုကို နည်းနာစနစ်တကျနဲ့ တကယ်တမ်း ကမ္ဘာနဲ့ ယှဥ်အောင် လုပ်နိုင်မှ ငါတို့သည် ကမ္ဘာ့ Level ရောက်မယ်ဆိုတဲ့ Stress လိုတာပေါ့။ ပိုက်ဆံရတိုင်း ဘယ်လိုခေါ်မလဲ Earning တိုင်းက Business မဟုတ်ဘူးလေ၊ Business နဲ့ Earning နဲ့ ကွဲဖို့လိုတာပေါ့။ အဲ့တော့ အစိုးရဘက်ကလည်း လုပ် ဆောင်ပေးရမှာတွေ ရှိတာပေါ့။ လုပ်ဆောင်ပေးရမှာအရာအားလုံးတွေသည် Smart ကျဖို့လိုတာပေါ့နော်၊ Smart ကျဖို့ဆိုတာက စည်းနဲ့ကမ်းနဲ့ ဥပဒေနဲ့နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဒါတွေအားလုံးသည် စီးပွားရေး မူဝါဒကို လုံးဝအထိမခံ အတိမ်းစောင်း မခံပဲနဲ့ Support ပေးတဲ့ အတွေးအခေါ်မျိုး လိုတာပေါ့ နှစ်ဖက်စလုံးက။ လုပ်ငန်းရှင်ဘက်ကလည်း ဒါသည် ငါလုပ်နေရတာသည် နည်းမှန်လမ်းမှန်နဲ့ သွားနေတဲ့ကိစ္စ တစ်ခုသည် ရေရှည်ကာလကြီးမှာ လောလော ဆယ် ငါပိုက်ဆံရဖို့တင် မဟုတ်ဘူး။ ရေရှည်ကာလကြီးမှာ ငါ့အဆင့်သည် ကမ္ဘာအဆင့် ရောက်သွားဖို့ အတွက်ကို သွားနေရပါလားဆိုတာကို နားလည်ဖို့လိုတာပေါ့။ အစိုးရဘက်ကလည်း အဲ့အဆင့် ရောက်အောင်သွားဖို့ မောင်းနိုင် တဲ့ အရည်အချင်းရှိဖို့ လိုတာပေါ့။ အဲ့တော့ သူတို့နှစ်ဦးရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတာပေါ့”ဟု ပြော သည်။

ဈေးသည်ကို တွေ့ရစဉ်
ထို့နောက် အစိုးရဘက်မှ စည်းကမ်း၊ နည်းဥပဒေ၊ မူဝါဒ၊ ညွှန်ကြားချက်များကို သေချာ ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟုလည်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က ထောက်ပြသည်။
၎င်းက “တကယ်တမ်းကျတော့ လုပ်ငန်းရှင်တွေဆိုဒ်က လုပ်သာကိုင်သာ လုပ်ခွင့်ကိုင်ခွင့်သာအောင်သာ ဥပဒေ၊ နည်း ဥပဒေ လုပ်ထုံးလုပ်နည်း၊ စည်းကမ်း၊ ညွှန်ကြားချက်၊ မူဝါဒ အစရှိသဖြင့် ဒါတွေနဲ့ ပံ့ပိုးပေးရတာပေါ့။ တကယ် လုပ်သွားတာက Private sector က လုပ်သွားတာ Private sector က တကယ်လုပ်နိုင်အောင် ဥပဒေနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဥ်းစည်းကမ်း ညွှန်ကြားချက်စတာတွေဟာ ဒါတွေကတော့ ဘယ်လိုခေါ်မလဲ သေချာလေး ပြန်ပြီးတော့ review လုပ်သင့်တာပေါ့နော်”ဟု ပြောသည်။
နိုင်ငံတော် အစိုးရအနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များ၏ အသံများကို သေချာ နားစိုက်ထောင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် အစိုးရ အမြဲမပြတ် ထိတွေ့ဆက်ဆံ၍ လုပ်ကိုင်ဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရနှင့် လုပ်ငန်း ရှင် ချိတ်ဆက်ဆောင်ရွက်မှုကဏ္ဍတွင် အားနည်းနေသည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံမှ CNIသတင်းဌာနသို့ ပြောသည်။

ကုန်ထမ်းသမားကို တွေ့ရစဉ်
၎င်းက “အစိုးရကလည်း စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အသံတွေကို သေသေချာချာ နားစိုက်ထောင်ဖို့ လိုတယ်ပေါ့ အသင်းတွေနဲ့ တွေ့ဆုံတာ တွေကလည်း အမြဲမပြတ် လုပ်သင့်တယ်။ ဥပမာ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ တွေနဲ့ တွေ့ဆုံဖို့ ခက်ခဲရင်တောင် တိုင်းနဲ့ပြည်နယ်မှာ UMFCCI မှာ ထိုင်တဲ့တာဝန်ရှိသူတွေ ပြီးတော့ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ လုပ်ငန်းရှင်တွေပေါ့။ တချို့ ဘာအသင်း ဘာအဖွဲ့မှ မဝင်ထားတဲ့ လုပ်ငန်းရှင်ကြီး တွေလည်းရှိတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဒီလုပ်ငန်းရှင်တွေနဲ့ အစိုးရအဖွဲ့တွေနဲ့ ခေါ်တွေ့ပြီး တော့ ဘာတွေလိုအပ်သလဲ၊ ဘာတွေ လုပ်ပေးရမလဲဆိုတာ အမြဲမပြတ် ထိတွေ့ဆက်ဆံပြီးတော့ အလုပ်လုပ်ကြဖို့ လိုအပ်တယ်။ လုပ်ငန်းရှင်တွေက အကူအညီလိုတော့မှ လိုအပ်ချက်တွေရှိမှ အစိုးရကို တင်ပြနေတာထက် အစိုးရ ကလည်း ဘာတွေ လိုအပ်တယ်ဆိုတာကို လုပ်ငန်းရှင်တွေကို မေးမြန်းပြီးတော့ ချိတ်ဆက် ဆောင်ရွက်မှုအပိုင်းက ကျွန်တော်တို့မှာ တော်တော်ကို အားနည်းခဲ့တယ်ပေါ့”ဟု ပြောသည်။
မြန်မာ့စီးပွားရေး ပြန်လည်ကောင်းမွန် လာစေရေးအတွက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ ထိုင်း၊ အိန္ဒိယ စသည့် နိုင်ငံများဖြင့် လက်တွဲရန် ကြိုးပမ်းနေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်မှုကနေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ လျှပ်စစ်ဓာတ်အား အလုံအလောက် မရရှိခြင်း၊ လုပ်သား အရင်းအမြစ် ရှားပါးလာခြင်း၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံရခြင်း စသည့် အခြေအနေများကြောင့် စီးပွားရေး ကျဆင်းလျက်ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 606
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉
မိမိတို့၏ အချိန်နှင့်ငွေကြေးများကို အကျိုးရှိစွာ အသုံးချနိုင်မှု မရှိခြင်းသည် နိုင်ငံတော်အတွက် ထိခိုက်နစ်နာစေ သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေး၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူလူထုအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံတော်အတွက် အကျိုးရှိမည့် လုပ်ငန်းရပ်များကို ဆောင်ရွက်သွားနိုင်ရန် လိုကြောင်း၊ လာမည့် ဘတ်ဂျက် နှစ်တွင်လည်း အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းရပ်များအတွက် ဘဏ္ဍာငွေများကို တင်ပြတောင်းခံ သွားရန်လိုပြီး သတ်မှတ်ကာလအတွင်း ခွင့်ပြုငွေများကို ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးချသွားနိုင်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “ ခွင့်ပြုငွေများကို မှန်မှန်ကန်ကန်ဖြင့် အကျိုးရှိရှိ အသုံးချနိုင်မည်ဆိုပါက နိုင်ငံတော်အတွက်လည်း အကျိုး ရှိစေမည်ဖြစ်ကြောင်း၊ မိမိတို့၏ အချိန်နှင့်ငွေကြေးများကို အကျိုးရှိစွာ အသုံးချနိုင်မှုမရှိခြင်းသည် နိုင်ငံတော် အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်သည်”ဟု ပြောသည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင်က ခွင့်ပြုပေးမည့် ဘဏ္ဍာငွေသည် ငွေရေးကြေးရေး တန်ဖိုးအရ တန်ဖိုးရှိသည် သာမက အချိန်သည်လည်း တန်ဖိုးရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် ကောင်းမွန်သည့် လုပ်ငန်းရပ်များကို ဖော်ဆောင်သွားကြရမည်ဖြစ်ပြီး အချိန်၊ ငွေကြေးနှင့် လုပ်ပိုင်ခွင့်များကို မှန်မှန်ကန်ကန်ဖြင့် အကျိုးရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
အလားတူ ခွင့်ပြုငွေများကို သတ်မှတ်ထားသည့် အချိန်အတွင်း၌ ထိထိရောက်ရောက် အကျိုးရှိရှိ သုံးစွဲပြီး ပြည်သူလူထု အကျိုးပြုလုပ်ငန်းများ ရုပ်လုံးပေါ်လာရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များ အနေဖြင့် ဘတ်ဂျက်ရငွေများကို အမှန်တကယ် ရရှိအောင်နှင့် သုံးငွေများကို အမှန် တကယ် အကျိုးရှိသည့် နေရာများတွင်သာ အသုံးပြုရန်လိုကြောင်း ၎င်းက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1966
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈
ကချင်ပြည်နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်များကို ပြန်ဖွင့်မည်ဟု တရုတ်နှင့် KIA ကြား သဘောတူညီ ခဲ့သော်လည်း KIA အနေဖြင့် တပ်မတော်အပေါ် လိုက်လျောရမည့် ကိစ္စရပ်များရှိလာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံ ရေးအကဲခတ်များက သုံးသပ်နေကြသည်။
ကချင်ပြည်နယ်အတွင်းရှိ လိုင်ဇာ၊ မိုင်ဂျာရယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီ စသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များ အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် တရုတ်နိုင်ငံမှ လူသုံးကုန်များနှင့် စားသုံးကုန်များသာ သီးသန့် တင်သွင်းခွင့် ပြုခဲ့သည်။
တရုတ်အာဏာပိုင်များ နယ်စပ်ဂိတ်များ ဖွင့်ပေးလျှင် KIA အနေနှင့်လည်း တပ်မတော်အပေါ် လိုက်လျောရမည့် ကိစ္စရပ်များ ရှိလာနိုင်သည်ဟု တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးကို တွေ့ရစဉ်
၎င်းက “တရုတ်က အပေးအယူ တစ်ခုခုလုပ်တာ ဖြစ်ပါလိမ့်မယ်။ KIA ကို ဒါတွေ ဖွင့်ထားပြီးရင် KIA က ပြန်ပြီး တော့ စစ်ကောင်စီကို လိုက်လျောရတဲ့ကိစ္စတွေ ဘာတွေ ဖြစ်မယ်ထင်တယ်။ MNDAA တုန်းကလည်း ဒီလိုပဲလေ။ တချို့မြို့တွေ ပြန်ပေးလိုက်ရပြီးတော့ ဟိုဒင်းတွေ ဖွင့်ပေးလိုက်ရတာ။ ဖွင့်ပေးလိုက်လို့ရှိရင်တော့ ဘာပဲဖြစ်ဖြစ် ကုန်စည်စီးဆင်းမှုတွေကတော့ အတော်သက်သာ သွားတာပဲလေ။ MNDAA ကို ဖွင့်ပေးလိုက်တာပဲဖြစ်ဖြစ် တအာင်းကို ဖွင့်ပေးလိုက်တာပဲဖြစ်ဖြစ် ကုန်စည်စီးဆင်းမှုက အခု တရုတ်နယ်စပ်မှာတောင် ပြန်စည်ကားလာတာ မျိုး တွေ့ရတယ်ပေါ့။ အဲ့ဒါဟာ မြန်မာပြည်သူတွေအတွက်လည်း တစ်စုံတစ်ရာ အကျိုးရှိတာပေါ့။ စစ်ကောင်စီ ဘက်ကိုလည်း တစ်စုံတစ်ရာ ဖိအားပေး၊ တိုင်းရင်းသားတွေဘက်လည်း တစ်စုံတစ်ရာ ဖိအား ပေးပြီးတော့ တရုတ် ရဲ့မူက ဒီလိုဗျ၊ အာရှတိုက် တစ်ခုလုံးနဲ့လေ အာရှ မဟုတ်ပါဘူးလေ။ Asian တစ်ခုလုံးနဲ့ တရုတ်နဲ့ ပူးပေါင်းထားတဲ့ လွတ်လပ်တဲ့ စျေးကွက်ကြီးကို ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ လည်ပတ်ဖို့ပဲလေ အဲ့တော့ နည်းလမ်းပေါင်းစုံ သုံးမှာ ပဲ။ အဲ့ဒီ မဟာဗျူဟာအောက်မှာ မြန်မာပြည်ရဲ့ နယ်စပ်ကိစ္စတွေ ဖြေရှင်းနေ တာပေါ့။ အဲ့တော့ အဲဒီ မဟာဗျူဟာ ကြီး အောက်မှာတော့ နယ်စပ်ဂိတ်တွေဟာ တဖြေးဖြေး ပြန်ပွင့်လာလိမ့်မယ်။ တဖြေးဖြေး ကုန်စည်စီးဆင်းမှုတွေ ပြန်ဖြစ်လာလိမ့်မယ်” ဟု ပြောသည်။
တစ်ဖက်တွင်လည်း ပြည်သူလူထု အနေဖြင့် တိုင်းပြည် အခြေအနေ၊ စစ်ရေး အခြေအနေကြောင့် အဖက်ဖက်၌ စီးပွားရှာရ ခက်လာသည့်အပြင် အစစအရာရာ ကုန်စျေးနှုန်းများ တက်လာ၍ ဒုက္ခများစွာ ရင်ဆိုင်နေရသည်ဟု ထောက်ပြကြသည်။

KIA က နယ်စပ်ဂိတ်ကို ဖယ်ရှားနေစဉ်
ထို့ကြောင့် တရုတ်အစိုးရဘက်မှ လူသားချင်း စာနာထောက်ထားသည့် သဘောဖြင့်သာ ဖွင့်ပေးလိုက်ခြင်း ဖြစ်နိုင် သည်ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်မှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖိအားပေးမှု လျော့နည်းလာတယ်လို့လည်း ပြောလို့ရတာပေါ့။ ပြီးရင် နောက်တစ်ခုကတော့ ခုနက လူသားချင်း စာနာတဲ့ဟာပေါ့၊ ကျနော်တို့ကသာ ဒီဘက် ရန်ကုန်မှာ နေနေတော့ မသိသာတာလေ။ တကယ့်ကို တကယ့် အောက်ခြေက ပြည်သူလူထုက ဒီစစ်နဲ့ ဘာမှ မပတ်သက်တဲ့ ပြည်သူလူထုက အဓိကထားပြီး ခါးစည်းခံရ တာကို။ ခါးစည်းခံရတဲ့ အခါကျတော့ အဲ့နေရာတွေမှာ အစစအရာရာပေါ့။ ကုန်စည် အစစအရာရာ ဘယ်လောက် တောင် တက်နေမလဲပေါ့။ ခေတ်ကြီးပျက်ပြီးတော့ စီးပွားရှာရခက် စီးပွားရှာရခက်တဲ့ အပြင်မှာ အကုန်လုံး အစစ အရာရာ စျေးနှုန်းတွေက တက်ဆိုတဲ့ အခါကျတော့ လူထုက နှစ်ဆ၊ သုံးဆ တိုးတာပေါ့လေ။ အဲ့လိုအတွက်ကြောင့် မို့လို့ ဒီဒုက္ခတွေ တအားကြီး သွားပြီဆိုတဲ့ အတွက်ကြောင့်မို့လို့ ဖွင့်ပေးတဲ့ဟာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့ဖိအား လျှော့တာမျိုးထက် စာရင်ပေါ့။ ဒါကတော့ ကျနော်တို့ မြင်ရတဲ့ဟာကတော့ လူထုက တအား ထိခိုက်နစ်နာမှု များ သွားတဲ့ အတွက်ကြောင့်မို့လို့ လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ ဖွင့်ပေးတယ်လို့ပဲ ယူဆပါတယ်” ဟု ပြောသည်။
လက်ရှိတွင် တရုတ်-ကချင် နယ်စပ်ဂိတ် ၄ ခုကို ပြန်လည် ဖွင့်လှစ်လိုက်သော်လည်း မံစီမြို့နယ်ထဲက မန့်ဝိန်းကြီး ဂိတ်နှင့် ပန်ဝါနယ်စပ်ဂိတ်များကိုတော့ ပိတ်ထားဆဲဖြစ်သည်။
