- By CNI
- Category: စီးပွားရေး
- Hits: 487
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၆
မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်း အဆမတန် မြင့်မားပြီး နိုင်ငံသားများ အိမ်ပိုင်ဆိုင်မှု ခက်ခဲလာသည်ကို အစိုးရအနေဖြင့် နည်းလမ်းရှာပြီး ဖြေရှင်းသင့်ကြောင်း နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေသည် ပြည်တွင်းရှိ သာမန်အခြေခံအလုပ်သမားတစ်ယောက်သည် အနှစ် ၂၀ အလုပ်လုပ်သည့်တိုင် အိမ်ပိုင်ဆိုင်နိုင်သည့် အနေအထားမရှိဖြစ်နေပြီး ကျူးကျော်နေထိုင်မှုသည်လည်း ပိုမိုများပြား ဖြစ်ပေါ်လျက်ရှိနေသည်။
မြန်မာနိုင်ငံ၏ ပထဝီမြေအနေအထားအရ တိုင်းသူပြည်သားများအတွက် လုံလောက်သည့် မြေရှိသော်လည်း အိမ်ခြံမြေဈေးနှုန်းသည် အဆမတန် မြင့်တက်နေခြင်းသည် မူဝါဒ လွဲမှားနေသည်ကို ညွှန်ပြနေပြီး အစိုးရအနေဖြင့် အမြန်ဆုံး ကုစားရန် လိုအပ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်မြို့ရှိ တိုက်ခန်းများ
၎င်းက “မြေကြီးဈေးက သာမန်အလုပ်သမားတစ်ယောက် နှစ် ၂၀ လုပ်လို့ အဲဒီမြေကြီးဈေးကို မမှီနိုင်ဘူး ဖြစ်နေတာ။ ဒီဟာတွေကလည်း အစိုးရတစ်ရပ် လုပ်ပြီဆိုရင် စဉ်းစားရမှာပဲ။ ကျနော်တို့ တကယ့်ကို လူတွေက ကြိုးကြိုးစားစား အလုပ်လုပ်ပါလျက်နဲ့ မြေလေးတစ်ကွက် ကိုယ့်အိမ်ပိုင်၊ ယာပိုင်လေးတောင် မရနိုင်ဘူးဆိုတဲ့ဟာက တကယ့်ကို ပြဿနာပဲ။ policy issue ပဲ။ policy မှာ တစ်ခုခု မှားနေပြီဆိုတဲ့ဟာကို ညွှန်ပြနေတဲ့သဘောရှိတယ်။ အဲဒီဟာတွေကို အစိုးရတစ်ရပ်က သေသေချာချာ စဉ်းစားပြီးတော့မှ လုပ်ကိုင်ရမှာပေါ့။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေအားလုံး အိမ်ပိုင်၊ ယာပိုင်ဖြစ်ရေးဆိုတဲ့ဟာကို အစိုးရက စဉ်းစားပြီး လုပ်ကိုလုပ်ရမှာပေါ့။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မြေကြီးနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ကလေ ကျူးကျော်တွေ ရှိတယ်ဆိုတာ အင်မတန် ရှက်ဖို့ ကောင်းတယ်။ အဲဒါက policy လွဲလို့လို့ ပြောလို့ရတယ်ပေါ့နော်။ ကျူးကျော်က ဒီနိုင်ငံ မြေဧရိယာ အကျယ်နဲ့ ဒီလူဦးရေနဲ့ကဖြစ်ဖို့ကို အကြောင်းမရှိဘူး။ ဖြစ်စရာကို မလိုတဲ့ အနေအထားပါ။ ဘာဖြစ်လို့ အဲဒီလောက် ဖြစ်နေလဲ ဆိုတဲ့ဟာကြီးက အဲဒီမှာ policy လွဲနေတယ်ဆိုတာကို ညွှန်ပြနေတာပေါ့။ ဒါတွေကိုတော့ အမြန်ဆုံး ကုစားသင့်တယ်လို့ မြင်မိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားများ အိမ်နှင့် မြေပိုင်ဆိုင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပလေ့ရှိသော အိမ်ခြံမြေ အရောင်းပြပွဲများ၊ ငွေကြေး အပြည့်အစုံ မရှိသေးသူများအတွက် သက်ဆိုင်ရာ ဘဏ်များ၏ အိမ်ရာချေးငွေ (Home Loan) စနစ်ဖြင့်လည်းကောင်း၊ အစိုးရနှင့် ပုဂ္ဂလိက အိမ်ရာစီမံကိန်းများ၏ အရစ်ကျစနစ်များဖြင့်လည်းကောင်း ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးမှုများလည်း ရှိသည်။
သို့သော်လည်း ယင်းဆောင်ရွက်ချက်သည်လည်း ပြည်သူများ လက်လှမ်းမမှီနိုင်သည့် အခြေအနေတွင် ရှိနေပြီး တန်ဖိုးနည်းအိမ်ရာသည်လည်း တန်ဖိုးမြင့်အိမ်ရာ ဖြစ်သွားခြင်းမျိုးလည်း ရှိကြောင်း နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ထို့နောက် ရန်ကုန်မြို့တွင်းရှိ လယ်ယာမြေများတွင် လယ်မစိုက်တော့သည့် မြေများရှိပြီး ယင်းမြေပေါ်တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်၍ ပြည်သူများ အိုးအိမ်ပိုင်ဆိုင်နိုင်ရေး ပိုမိုဆောင်ရွက်ပေးသင့်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်ပြောတာက ဒဂုံဆိပ်ကမ်းတို့လို၊ အရှေ့ဒဂုံတို့လို နေရာမျိုးတွေမှာ လယ်လည်း မစိုက်နိုင်တော့ဘူး။ မြေဧကတွေ အများကြီးပိုနေတယ်။ သုခဒဂုံအိမ်ရာမျိုးတွေပေါ့ဗျာ။ သုခဒဂုံအိမ်ရာမျိုးလို နောက်ထပ် ၂ ဆ၊ ၃ ဆလောက် ပေါ်လာလို့ ရသေးတယ်။ အဲဒီလိုနေရာတွေ အများကြီး လစ်လပ်နေသေးတယ်။ အဲဒီမှာတွေ ဆောက်ပါ ကျနော်ပြောတဲ့သဘောက။ အကျိုးရှိအောင် ဆောက်လိုက်၊ ဆောက်ပြီးတော့မှ နိုင်ငံခြားသွားတဲ့ သူတွေအတွက် တစ် group ပေါ့ဗျာ။ နောက်ပြီးတော့ ကျူးကျော်အတွက် တစ် group ပေါ့ဗျာ။ တန်ဖိုးနည်း အိမ်ရာလေးတွေဆောက်၊ အငှားအိမ်ရာလေးတွေလုပ်ပေး။ တိုင်းပြည်က Develop ဖြစ်အောင်လို့ အဲဒါကို investment လုပ်ပေးရမယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် အဓိကအားဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်တွင် တရုတ်နိုင်ငံသားများ၏ အိမ်ခြံမြေ ဝယ်ယူမှုများကြောင့် နိုင်ငံသားများ လက်လှမ်းမမှီနိုင်သည့် ဈေးကွက်များ ဖြစ်ပေါ်နေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြထားကြသည်။
အိမ်ခြံမြေဈေးကွက်တွင် နိုင်ငံသားများ ဈေးနှုန်းလက်လှမ်းမမှီမှု၊ တန်ဖိုးသင့် လူနေအိမ် ရှားပါးမှုပြဿနာအပေါ် ဖြေရှင်းသည့်အနေဖြင့် ကနေဒါအပါအဝင် ပြည်ပနိုင်ငံအများစုသည် အိမ်ခြံမြေများ နိုင်ငံခြားသားပိုင်ဆိုင်မှုကို တားမြစ်ထားခြင်း လုပ်ဆောင်ထားသည်ကို တွေ့ရသည်။
- By Nan Shwe Sin Htun
- Category: စီးပွားရေး
- Hits: 322
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၆
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူများ ကြုံတွေ့ခံစားနေရသည့် ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်မှု ဒဏ်ကို လျှော့ချနိုင်ရေးအတွက် လွှတ်တော်၌ မည်ကဲ့သို့ ထိန်းကျောင်းသွားကြမလဲဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက မေးခွန်းထုတ်လျက်ရှိသည်။
အခြေခံစားသောက်ကုန် စျေးနှုန်းများ တစ်စတစ်စ မြင့်တက်လျက်ရှိနေပြီး ပြည်သူလူထု၏ ဝင်ငွေမှာ မြင့်တက်မလာသဖြင့် ဝင်ငွေနှင့် ထွက်ငွေ မညီမျှသောကြောင့် ပြည်သူလူထု၏ စားဝတ်နေရေးအတွက် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေကြရသည်။
ကုန်စျေးနှုန်း လျှော့ချနိုင်ရေး ဆောင်ရွက်ရာတွင် စျေးနှုန်းတည်ငြိမ်နိုင်ရန် အတွက်ကို စဥ်းစားရမည် ဖြစ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံ က CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ပြည်သူများ၏ ဝင်ငွေ မြင့်မားလာရေးအတွက်လည်း ကြိုးစား ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

အခြေခံလူတန်းစားများအား တွေ့ရစဉ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက "အဓိက,က ကျနော်တို့က အခြေခံ ကုန်စည် တွေပေါ့နော်။ အခြေခံကုန်စည်တွေကို ကျနော်တို့က ဈေးနှုန်းတည်ငြိမ်အောင်လည်း ကျနော်တို့က နံပါတ်တစ်ဆောင်ရွက်ရမယ်။ အခြေခံကုန်စည်တွေ ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်တဲ့အခါမှာ ဒုတိယတစ်ချက်အနေနဲ့ ပြည်သူတွေရဲ့ ၀င်ငွေဟာ မြင့်မားလာဖို့လိုပါတယ်။ အခြေခံကုန်စည်တွေရဲ့ ဈေးနှုန်းက ငြိမ်ပေမယ့် ပြည်သူတွေရဲ့ ၀င်ငွေက မမြင့်မားလာဘူးဆိုရင်လည်း ကျနော်တို့က ပြည်သူတွေရဲ့ တစ်နေ့တာ စား၀တ်နေရေးမှာ အခက်အခဲရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ လွှတ်တော် မှာကတော့ ကုန်ဈေးနှုန်းတွေ ထိန်းချုပ်တဲ့ ဥပဒေတွေ၊ ပြည်တွင်းလုပ်ငန်းရှင်တွေကို အကာအကွယ် ပေးနိုင်တဲ့ လုပ်ငန်းတွေ၊ MSME လုပ်ငန်းတွေ ဒါတွေကို အားပေးတဲ့ အဆိုမျိုးတွေ၊ လုပ်ငန်းတွေကို၊ ဥပဒေတွေကို ကျနော်တို့က တင်သွင်းပြီးတော့ ပြဋ္ဌာန်းဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ ဒါကတော့ ကျနော်တို့ လွှတ်တော်အပိုင်းတွေမှာကျတော့ ပြည်သူတွေကို အကျိုးပြုတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပါတယ်။ တစ်ဖက်မှာလည်း တရားမ၀င်ကုန်စည် စီးဆင်းမှုတွေ ဒါတွေကို ထိန်းချုပ်ဖို့ဆိုရင် အုပ်ချုပ်ရေးဆိုင်ရာ ကနေပြီးတော့ ကျောသားရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ လိုပါတယ်။ အကယ်၍ တရားမ၀င်ကုန်စည်တွေကို ကျနော်တို့က နိုင်ငံတော် အခွန်လည်းမရ၊ တရားမ၀င် ကုန်စည်တွေကလည်း ကြီးထွားနေမယ်ဆိုရင် ကျနော်တို့က ပြည်တွင်း လုပ်ငန်းရှင်တွေကို ယိုင်လဲ စေနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နိုင်ရပါတယ်။ ဒီအပေါ်မှာတော့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ လွှတ်တော်က ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့အစည်းတွေနဲ့ အမြဲတစေလို ဆွေးနွေးနေပြီးတော့ ကျနော်တို့ လိုအပ်ရင် လိုအပ်သလို ဥပဒေအသစ်တွေ ပြဋ္ဌာန်းတာတွေ၊ ဥပဒေတွေ ပြင်ဆင်ဖြည့်စွက်တာတွေကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ် ဆိုရင်တော့ စောစောက ပြည်သူတွေခက်ခဲနေတဲ့ စား၀တ်နေရေးပြဿနာနဲ့ အခြေခံကုန်စည် ကြီးမြင့်မှု ပြဿနာကို ရာခိုင်နှုန်းသိသိသာသာလောက်ကို လျှော့ချနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လုပ်သားအင်အားရှားပါးမှု ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိလျှင် ကုန်စျေးနှုန်းသည် ဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု အားကောင်းမှသာလျှင် ကုန်စျေးနှုန်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ထို့အပြင် ကုန်စျေးနှုန်းမြင့်တက်ခြင်းနှင့်ပတ်သက်၍ အခြေခံအကြောင်းတရား သုံးချက်မှာ ဝယ်လိုအားမြင့်တက်ခြင်း၊ ရောင်းလိုအားလျော့ကျခြင်းနှင့် ငွေကြေးဖောင်းပွမှုတို့ဖြစ်ကြောင်း ၄င်းတို့က သုံးသပ်ကြသည်။
လက်ရှိမြေပြင်တွင် ပြည်သူများ အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် ပြဿနာသည် စားဝတ်နေရေး ကျပ်တည်းမှု ဖြစ်သည်ကို မြင်တွေ့ရကြောင်း၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများသည် ပိုမို ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းသွားမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များအားတွေ့ရစဉ်
၎င်းက “လက်ရှိမှာတော့အဆိုးရွားဆုံး ပြဿနာက ဘ၀လုံခြုံရေးနဲ့ အဓိကအားဖြင့်တော့ စား၀တ်နေရေး ကျပ်တည်းမှုပေါ့နော်။ အဓိကအားဖြင့်တော့ ကုန်ဈေးနှုန်းကြီးမြင့်မှုပေါ့။ ဒါကတော့ အဓိက,က ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေကတော့ ကမ္ဘာ့အခြေအနေပေါ်မူတည်ပြီးတော့ ကုန်ဈေးနှုန်း ကြီးမြင့်လာတာမျိုးရှိတယ်။ အဓိကအားဖြင့်တော့ ကုန်ဈေးနှုန်းကြီးမြင့်တာထက်ကို ၀င်ငွေ၊ ထွက်ငွေ မမျှတမှုလို့ပြောရမှာပေါ့။ ၀င်ငွေလည်း ကောင်းလာမယ်၊ ကုန်ဈေးနှုန်းကလည်း တက်လာမယ်ဆိုရင် ပြဿနာမဟုတ်ပေမယ့် ၀င်ငွေကျတော့ တက်မလာဘဲနဲ့ ကုန်ဈေးနှုန်းတွေက ကြီးလာတဲ့ဟာမှာ ပြည်သူတွေမှ မဟုတ်ဘူး။ ဌာနဆိုင်ရာ၀န်ထမ်းတွေလည်း ဒီဟာနဲ့ ပတ်သက်ပြီးတော့ အခက်အခဲကြုံနေရတယ်လို့သိရပါတယ်။ ရန်ကုန်မှာဆိုလို့ရှိရင် MSME နဲ့ SME လုပ်ငန်းတွေသည် အားလုံးလည်းသိမယ်။ ဒီ မီဒီယာကြီးတွေလည်း သိလိမ့်မယ်။ လုပ်တဲ့ပွဲတွေမှာ ဒီလုပ်ငန်းတွေကြီးပဲ ဥပမာ အားလူးကြော်တို့ စသဖြင့် ယိုတို့ ဒီလုပ်ငန်းတွေပဲ ကျနော်တို့ဖြစ်နေတာ တွေ့ရတယ်။ ဒီ့ထက် Develop ဖြစ်တဲ့ SME, MSME တွေ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပေါ်ဖို့လိုတယ်။ ကျနော်က ရန်ကုန်က အမတ်ဆိုတော့ ရန်ကုန် Scope နဲ့ပဲ ပြောလို့ရတာပေါ့နော်။ ဥပမာ စက်မှုဇုန်တွေကို စနစ်တကျ ပြန်ပြီးတော့ အကောင်အထည်ဖော်ရတာတွေ ကျနော်တို့လုပ်ဖို့လိုမယ်။ ပြီးတော့ ခုနကပြောသလို SME, MSME တွေလုပ်ငန်းတွေကို ဒီထက်ပိုပြီးတော့ လုပ်ရကိုင်ရလွယ်အောင် မူဝါဒဆိုင်ရာ ပြင်ဆင်ချက်တွေ လုပ်ဖို့လိုမယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လေ့လာနေတာတွေလည်း ရှိသလို အချိန်အခါ အခွင့်အခါသင့်ရင်လည်း ဒါတွေနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အစိုးရသစ် တစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို အစဥ်တစိုက် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံ၏ စီးပွားရေး တည်ငြိမ်ရေးအတွက်လည်း ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
လက်ရှိ အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းမှုများ ပြုလုပ်လာနိုင်သကဲ့သို့ စီးပွားရေး ပြန်လည် ဦးမော့အောင်လည်း ကြိုးပမ်းလာနိုင်သည်ဟု ၎င်းတို့က သုံးသပ်ကြသည်။
သို့သော် စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒများသည် မှန်ကန်တည့်မတ်ရန် လိုအပ်ပြီး လက်ရှိ မူဝါဒများအပေါ် ပြန်လည် သုံးသပ်ရန်လည်း လိုအပ်ကြောင်း အားလုံးက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 336
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အဝင်/အထွက်ကို စားသောက်ကုန်၊ လူသုံးကုန်နှင့် တခြားသော ကုန်စည်များ သယ်ယူပို့ဆောင်ခွင့်ကို အာဏာပိုင်အဖွဲ့အစည်းများက ကန့်သတ်လိုက်ခြင်းကြောင့် ပခုက္ကူမြို့ အပါအဝင် အနီး အနားရှိ မြို့နယ်များမှာ ကုန်ဈေးနှုန်းများ မြင့်တက်လာနေသည်ဟု ဒေသခံများက ပြောသည်။
ပခုက္ကူမြို့ အဝင်/အထွက်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေး ကန့်သတ်ထားသည်မှာ ရက်သတ္တပတ် ၁၀ ရက်ကျော် ရှိလာပြီဟု ဒေသခံများကပြောသည်။
အဓိကအားဖြင့် ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ မြစ်သား၊ ယော စသည့် ဒေသများမှ ထွက်ရှိသည့် ကြက်သွန် အပါအဝင် ကုန်စည်များသည် ပခုက္ကူကုန်စည်ဒိုင်များမှတဆင့် တခြားဒေသများသို့ သယ်ယူပို့ဆောင် ရောင်းချ ကြခြင်း ဖြစ်သည်။
လက်ရှိတွင် ပခုက္ကူမြို့တွင်းသို့ ဝင်/ထွက် သွားလာနေသည့် ကုန်တင်ယာဉ်များကို ဝင်/ထွက် သွားလာခွင့် ကန့်သတ်ပြီး ကုန်စည်မျိုးစုံ သယ်ဆောင်ခွင့်ကိုလည်း ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှစ၍ ကန့်သတ်ထားကြောင်း သိရသည်။
ထိုသို့ ကန့်သတ်ချက်များကြောင့် ကုန်ကျစရိတ် မြင့်တက်ပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း၊ ထို့ပြင် ကုန်စည်များကို ပခုက္ကူသို့ သွားရောက် ရောင်းချခြင်းမပြုဘဲ ကိုယ့်ဒေသတွင်သာ ပြန်လည်ရောင်းချ နေရသည်ဟု ဆိပ်ဖြူမြို့နယ်မှ ကုန်သည် ဦးဇော်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

ပခုက္ကူမြို့ အဝင်/အထွက် တံတားမှာ အာဏာပိုင်များ ကုန်ကားများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-MOI)
၎င်းက “တစ်ပတ် ၁၀ ရက်လောက် ရှိပြီလို့ ပြောလို့ရတယ်။ ကျနော်တို့ နယ်တွေကိုတော့ မပို့ရဘူးလို့ ကြားတယ်၊ မသယ်ရဘူး လူသုံးကုန်၊ စားသောက်ကုန် မသယ်ရဘူးပေါ့နော်။ ကုန်ဈေးနှုန်းတွေကတော့ အများကြီး တက်တာ ပေါ့ အဲဒီလို ဖြစ်သွားတာပေါ့။ ကြက်သွန်နီကတော့ သွားလို့လာလို့ ရပါတယ်။ သို့ပေမယ့်လို့ ကုန်ကျစရိတ်တွေက များတော့လေ အဲဒီလို သယ်ယူစရိတ်တွေက များတဲ့အခါကျတော့ ဒီမြို့တွေ ဒီမြို့တွေကို သိပ်ပြီး ကူးသန်း အရင် တုန်းကလို အရောင်းအဝယ် သိပ်မလုပ်တော့တာပေါ့။ ဥပမာ-ပခုက္ကူက ၂၁၀၀ ပေါက်တယ်၊ ဆိပ်ဖြူကို သယ်လိုက် လို့ရှိရင် ၂၂၅၀ ကျတယ်။ အရင်တုန်းက ၁ ပိဿာကို ၅၀ လောက် ကျတာလေ။ ၁ ပိဿာကို ၅၀ လောက်ကျတော့ ၁၀၀ လောက် တက်သွားတဲ့ အခါကျတော့ အဲဒီမှာတင် ကျနော်တို့ အရောင်းအဝယ် လုပ်လို့ရမယ့် အမြတ်က မကျန်တော့ ဘူးလေ။ အဲဒီတော့ ကျနော်တို့က ကိုယ့်မြို့ကိုယ့်ဆီမှာပဲ အရောင်းအဝယ် လုပ်ရတဲ့သဘောမျိုး ဖြစ် သွားတာပေါ့” ဟု ပြောသည်။
ထို့ပြင် ယခင်က ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန် ဝင်ရောက်မှုသည် ယခင်က တစ်ရက်လျှင် ပိဿာချိန် ၇ သောင်းကျော် ဝင်ရောက်လျက်ရှိသော်လည်း လက်ရှိမှာတော့ ထက်ဝက်ခန့်သာ ဝင်ရောက်ကြောင်း သိရသည်။
မြန်မာ့တပ်မတော်သည် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် မကွေးတိုင်း အနောက်ခြမ်း၊ မကွေးနှင့် ချင်းပြည်နယ် အစပ်ဒေသများကို ရိက္ခာဖြတ်တောက်သည့် အနေဖြင့် ပခုက္ကူမြို့သို့ ကုန်စည်ဖြတ်သန်း သွားလာမှု ကို ကန့်သတ်ခြင်း ဖြစ်နိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ယခု ကန့်သတ်ချက်သည် လက်ရှိ အစိုးရသစ် ဖော်ဆောင်နေသည့် ရက် ၁၀၀ ကာလအတွင်းသာဖြစ်ပြီး ယင်း ကာလ ကျော်လွန်ပါက ပုံစံတစ်မျိုး ပြောင်းလဲနိုင်ကြောင်း ၎င်းတို့က ပြောသည်။

ပခုက္ကူမြို့ အဝင်/အထွက် တံတားမှာ အာဏာပိုင်များ ကုန်ကားများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-MOI)
ထိုသို့ ကုန်စည်သယ်ဆောင်မှု ယခုကဲ့သို့ ကန့်သတ်ထားမှုသည် ရက်ရှည်ကြာလာပါက တောင်သူများ ဈေးကောင်း မရခြင်း၊ စားသုံးသူပြည်သူများ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ကုန်စည် ပြတ်လပ်ခြင်းများ ကြုံတွေ့ရနိုင်သည်ဟု ပခုက္ကူမြို့နယ်မှ ကြက်သွန်ကုန်သည် ဦးခင်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တောင်သူမှာလည်း ဈေးမရဘူး။ ရှေ့မှာ ဝယ်စားတဲ့သူတွေလည်း ကုန်ဈေးနှုန်းက မြင့်နေတာပေါ့နော်။ နောက်ဆုံးမှာ ရောင်းနေတဲ့ တောင်သူမှာလည်း ဈေးမရဘူး။ ဝယ်စားတဲ့ စားသုံးသူမှာလည်း ဈေးက အများကြီး ပေးစားရတယ်။ ကြားထဲမှာ ကုန်ကျစရိတ်တွေက တအားကြီး မြင့်သွားတဲ့အခါကျတော့ ဒီထဲမှာ ပိုပြီးတော့ ကျသွားတာပေါ့။ ကုန်သည်မှာလည်း မကိုက်ဘူး။ နောက်က တောင်သူမှာလည်း မကိုက်ဘူး။ ရှေ့က စားသုံးသူ မှာလည်း ဈေးက မြင့်တက်တာလား ဆိုတော့လည်း အများကြီး ပေးစားနေရတာလေ အဲဒီလို ဖြစ်နေတာပေါ့” ဟု ပြောသည်။
မြန်မာ့တပ်မတော်သည် ၂၀၂၅ ခုနှစ်ကလည်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ် အပါအဝင် မြို့နယ် တစ်ခုနှင့်တစ်ခုကို ဆေးဝါး၊ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာများ သယ်ယူခွင့် ကန့်သတ်ခဲ့သေး ကြောင်း၊ လက်ရှိတွင် လူသုံးကုန်နှင့် စားသောက်ကုန် အားလုံးနီးပါးကို ထပ်မံ ကန့်သတ်ခြင်း ဖြစ်သည်။
တချို့သော ကုန်စည်များကို ပခုက္ကူမြို့တွင်းသို့ ဝင်ရောက် ရောင်းချခွင့်ပြုသော်လည်း ပခုက္ကူမြို့နယ်မှတဆင့် မည်သည့် ကုန်စည်ကိုမျှ တခြားဒေသသို့ သယ်ဆောင်ခွင့် မပြုထားကြောင်း သိရသည်။
လက်ရှိမှာ တော်လှန်ရေးအင်အားစုနှင့် မြန်မာ့တပ်မတော်တို့ မကွေးတိုင်းအနောက်ခြမ်း ဆောမြို့နယ် အပါအဝင် မကွေးမြို့နှင့် ထိစပ်နေသည့် ချင်းပြည်တောင်ပိုင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 259
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အညစ်အကြေးများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး နှင့် လျှပ်စစ်ဓာတ်အားခ သက်သာစေရေးအတွက် အညစ်အကြေးအား ပြန်လည်သိုလှောင်၍ ဇီဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ထုတ်လုပ်သုံးစွဲမှုစနစ်ကိုလည်း ဆောင်ရွက်၍ရနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်က နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်နေမှု များအား ကြည့်ရှုစစ်ဆေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးမင်းအောင်လှိုင်က “ နို့စားနွား မွေးမြူခြင်းပုံစံနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများမှ မွေးမြူခြင်းပုံစံများကို လည်း လေ့လာသွားကြရန်လိုပြီး အစာကျွေးမွေးမှုစနစ်၊ အညစ်အကြေး သိမ်းဆည်းမှု စနစ်များကိုလည်း လေ့လာ ဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အညစ်အကြေးများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားခ သက်သာစေရေးအတွက် အညစ်အကြေးအား ပြန်လည် သိုလှောင်၍ ဇီဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးထုတ်လုပ်သုံးစွဲမှုစနစ်ကိုလည်း ဆောင်ရွက်၍ရနိုင်ကြောင်း၊ အစာထုတ် လုပ်မှုနှင့် ပတ်သက်၍လည်း နေဗီယာမြက်များ၊ ဒေသတွင်းမှ ထွက်ရှိသည့် ပြောင်းများကို ရောစပ်အစာပြုလုပ် ခြင်း၊ ချဉ်ဖက်လုပ်၍ ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်နိုင်တယ်”ဟု ပြောသည်။
ထို့နောက် ကြက်မွေးမြူရေးခြံ၊ နို့စားနွား မွေးမြူရေးခြံ၊ ဆိတ်မွေးမြူရေးခြံ၊ ဝက်မွေးမြူရေးခြံများသို့ သွားရောက် ကြည့်ရှုခဲ့သလို ရိက္ခာစို၊ အသားခြောက်၊ အသင့်စား ဝက်သားဟင်းထုပ် ဖြန့်ဖြူးရေးလုပ်ငန်းများကိုလည်း ကြည့်ရှု စစ်ဆေးခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 262
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ဒေသခံပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲ၊ အကျပ်အတည်းများကို ပြေလည်နိုင်ရေး လွှတ်တော်သို့ တင်ပြသွားရန်ရှိသည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး မိုးနဲမြို့နယ်အတွင်း လယ်ဧကပေါင်း ၁၀,၀၀၀ ကျော်၊ ယာဧကပေါင်း ၁၀,၀၀၀ ကျော်ရှိကြောင်း၊ ရှမ်းပြည်နယ်အတွင်း လယ်ဧကအများဆုံး မြို့နယ်တစ်ခု ဖြစ်ကြောင်း သိရသည်။
တောင်သူလယ်သမားအရေးကို လွှတ်တော်တွင် ဦးစားပေး တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တောင်သူ လယ်သမားများ၏ စားဝတ်နေရေးသည် အင်မတန် စိုးရိမ်စရာ အခြေအနေရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော့်အမြင်ကတော့ အခုချိန်မှာ နယ်မြေက မအေးချမ်းဘူး။ မအေးချမ်းတဲ့ အချိန်ကျတော့ တရား ဥပဒေစိုးမိုးမှုကလည်း မရှိတော့ဘူး။ လုပ်ရကိုင်ရ စားသောက်ရတာ ခက်တယ်။ ဥပမာ တောင်သူ လယ်သမား တွေဆို စိုက်ဖို့စရိတ် ချေးငွေကလည်း သူတို့မရကြဘူး။ အခုကတော့ ပေးမယ်လို့တော့ ပြောတယ်။ အဲဒီထဲမှာ ကျနော် ကိုယ်စားပြုတဲ့ မိုးနဲမှာဆိုရင်တော့ ရက် ၁၀၀ စီမံကိန်းမှာဆို မပါဘူးဗျ။ တကယ်တမ်းပြောရင် နိုင်ငံမှာ လိုအပ်တာ တော့ အများကြီးရှိတယ်။ ဒါပေမယ့် လက်ရှိအောက်ခြေမှာ တကယ်တမ်း ဒုက္ခရောက်နေတဲ့ တောင်သူလယ်သမား အရေးကိုတော့ ကျနော် ဦးစားပေး ဆောင်ရွက်သွားဖို့အတွက် ထင်မြင်ထားတယ်။ လောလောဆယ်က သူတို့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရေလျှံတယ်၊ စပါးတွေ ဘာတွေ မစိုက်နိုင်ဘူး။ အဲဒီ စိုက်ထားတဲ့ စပါးတွေကလည်း ရေလျှံပြီးမှ ဆုံးရှုံးနေတာ။ အခုက ပြန်စိုက်ဖို့အတွက် အရင်းအနှီးလည်း မရှိတော့ဘူး။ အဲ့တော့ သူတို့အရင်းအနှီး ရဖို့အတွက် ချေးငွေရဖို့အတွက် အဲဒီအတွက်ကို စီစဉ်ထားတာ ရှိပါတယ်။ အဲဒီကနေမှတဆင့် ကျေးလက် ကုန်ထုတ်လမ်းတွေလည်း ပျက်စီးနေတယ်။ နောက်ပြီးမှ သူတို့ထွက်ရှိလာတဲ့ ဒေသထွက်တဲ့ သီးနှံတွေဆိုရင် လည်း တစ်နေရာနဲ့တစ်နေရာ သယ်ဆောင်ခွင့် မရှိဘူးဆိုတဲ့ဟာကြီးက ကန့်သတ်ထားတာတွေလည်းရှိတယ်”ဟု ပြောသည်။

မိုးနဲမြို့နယ် လယ်ယာများကို တွေ့ရစဉ်
ထို့နောက် မိုးနဲမြို့နယ်ရှိ တောင်သူလယ်သမားများ လယ်ယာထွက်ကုန်များ ဈေးကောင်းရရှိဖို့အတွက်လည်း ကြိုးပမ်းသွားမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ဆက်ပြောသည်။
၎င်းက “အဲဒီတော့ ထွက်လာတဲ့ ကြက်သွန်ဖြူတို့ ဘာတို့ဆို တစ်ပိဿာမှ နှစ်ထောင် သုံးထောင်ပဲရတယ်။ အဲဒီ အခြေအနေလိုမျိုး ဒီတောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေးက အင်မတန်ကို စိုးရိမ်စရာ အခြေအနေရှိတယ်။ အဲ့ဒါကြောင့်မို့လို့ သူတို့ ကောင်းကောင်းမွန်မွန် ပြန်ထွက်နိုင်အောင် အရင်းအနှီး ပြန်ရှိအောင် ထွက်ရှိလာတဲ့ဟာ တွေအတွက် ပိုပြီးတော့ အထွက်တိုးဖို့အတွက် ပိုးသတ်ဆေးတို့ နောက်ပြီးမှ မြေဩဇာတို့ နောက်ပြီးတော့ အခုဟာ က ကျွဲနွားတွေနဲ့ မလုပ်တော့ စက်ပစ္စည်းတွေပေါ့လေ၊ အဲဒါတွေကိုလည်း ပံ့ပိုးပေးနိုင်ဖို့အတွက်ရယ်၊ နောက် ထွက် ရှိလာတဲ့ သူတို့ရဲ့ သီးနှံတွေကိုလည်း ဈေးကွက်မှာ ဈေးကောင်းရဖို့အတွက် အဲဒီအတွက်ကို ဦးစားပေး ဆောင်ရွက် ဖို့အတွက် ကျနော် ကြိုးစားနေတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် မိုးနဲမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးခြင်း မရှိသေးသည့်အတွက် တောင်သူများသည် အခက်အခဲများဖြစ်နေကြောင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ရက် ၁၀၀ စီမံချက်တွင် မပါဝင်သည့်အတွက် တောင်သူများသည် စိုက်ပျိုးချိန် အမီမရရှိနိုင်ဘဲ များစွာနောက်ကျမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မိုးနဲမြို့အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ရေလွှမ်းမိုးမှု ခံခဲ့ရသဖြင့် လယ်ဧက ၇၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ သလို ၂၀၂၅- ၂၀၂၆ ခုနှစ်တွင်လည်း ဒေသထွက်ကုန်များ ကျဆင်းသည့်အပြင် လုပ်အားခနှင့် စိုက်ပျိုး ကုန်ကျ စရိတ် မြင့်တက်လာခြင်းကြောင့် အရှုံးပေါ်ခဲ့ရကြောင်း၊ ထို့ကြောင့် တောင်သူများအနေဖြင့် စိန်ခေါ်မှု များစွာဖြင့် ရင်ဆိုင်နေရသည်။

မိုးနဲမြို့နယ် လယ်ယာများကို တွေ့ရစဉ်
လက်ရှိ မြေပြင်တွင် ကုန်စျေးနှုန်းသည် တစ်စတစ်စ ပို၍ မြင့်တက်လာပြီး တောင်သူလယ်သမားများ၏ ထွက်ကုန် များကတော့ ထိုက်သင့်သည့် တန်ဖိုးမရရှိကြောင်း၊ ထိုကွာဟချက်များအား လွှတ်တော်ထဲတွင် မေးမြန်း တင်ပြ သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ဗျာ ကျနော်တို့က ကျနော့်နိုင်ငံမှာ လုပ်စရာတွေက အများကြီးရှိတယ်။ အဓိက,ကတော့ ကိုယ်စားပြုတဲ့ ဒေသက ပြည်သူတွေရဲ့ လိုလားချက်ကို အဓိက,ကတော့ လမ်းတို့၊ တံတားတို့၊ မီးတို့ အခု လောလောဆယ် သူတို့ အခုချိန်ဆိုရင် မိုးရာသီက ရောက်တော့မယ်ဗျာ။ ဥပမာ ကျနော့်ရဲ့ ဒေသမှာဆိုရင် နှစ်တိုင်း ရေလျှံနေတာ။ အဲဒီ နုန်းမြေတွေက အဲဒီမြစ်တွေ၊ ချောင်းတွေ၊ ဆည်တွေထဲကို ဝင်ပြီးမှ အဲဒီ နုန်းတွေအပေါ်မှာ သစ်ပင်တွေ ဘာတွေပြန်ပေါက်ပေါ့ဗျာ။ အဲဒီလိုနဲ့ အဲဒီဒေသမှာ မနှစ်တုန်းကဆိုရင် ဧက ၇၀၀၀ လောက် ရေလွှမ်း သွားတယ်ဗျ။ ဧက ၇၀၀၀ လောက်က ပျက်စီးသွားတယ်။ အဲဒါကြောင့်မို့လို့ အဲဒါကို ဦးစားပေးဖို့ အခုသူတို့က လည်း သက်ဆိုင်ရာဌာနကနေ ကွင်းဆင်းပြီးမှ ဒီကိစ္စကို တော်တော်မြန်မြန် ဆောင်ရွက်ပေးမယ်လို့ ကျနော့်ကို သူတို့က အကြောင်းကြားလာတာရှိပါတယ်။ ကုန်ဈေးနှုန်းက ဈေးက အဆမတန် မြင့်လာတယ်။ နောက်ပြီးမှ တကယ့် အောက်ခြေ လူတန်းစားပေါ့နော် တောင်သူလယ်သမားတွေရဲ့ ထွက်ရှိတဲ့ သူတို့ရဲ့ ထွက်ကုန်ကို ကျတော့ ဈေးကမရဘူး။ အဲဒီဟာနဲ့ ကွာဟချက်ကို နည်းတစ်မျိုးမျိုးနဲ့ နိုင်ငံတော်အနေနဲ့ သူတို့မဆုံးရှုံးအောင် တော့ သတ်မှတ်ပြီး တစ်ခုခုနဲ့ လုပ်ပေးဖို့ အစီအစဉ် ရှိ/မရှိ အဲ့လိုမျိုးမေးဖို့ ကျနော် စဉ်းစားထားတယ်” ဟု ပြော သည်။
လက်ရှိ အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်နေပြီး အဆိုပါ ရက် ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများ ချေးငွေ တိုးမြှင့် ချေးနိုင်ရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေး၊ စွမ်းအင်စသည့် ကိစ္စရပ်များ ပါဝင်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 344
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အိန္ဒိယနှင့် ချိတ်ဆက်ထားသည့် ပန် ဆောင်နယ်စပ်ဂိတ်သည် မိမိတို့ ဒေသခံတိုင်းရင်းသားများအတွက် အရေးကြီးကြောင်း၊ လူမျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်ပြီး ကုန်ကျစရိတ်အားဖြင့်လည်း သက်သာကြောင်း ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဋ္ဌ ဦးချစ်ယောင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဂိတ်ပိတ်တာနဲ့ ဆက်စပ်ပြီးတော့ အဓိက,ကတော့ သူတို့အခြေခံထားတဲ့ ဟိုတလောက အဲဒီနယ်စပ် ခြံ စည်းရိုးကာတဲ့ လုပ်ငန်းကို ဒီဘက်က အဖွဲ့အစည်းတစ်ခုက သွားပြီးတော့ လက်နက်နဲ့ပစ်ခတ်တယ်ပေါ့၊ အဲဒီဟာ ကို အကြောင်းပြုပြီးတော့ လုံခြုံရေးအရဆိုပြီးတော့ ပိတ်လိုက်တဲ့ သဘောမျိုးကို တွေ့ရတယ်။ အခုလက်ရှိ နယ်စပ် သူတို့ အဲဒီလို ပိတ်လိုက်တော့လည်း ဒီဘက်က ပြည်သူလူထုအတွက် ခါတိုင်းသွားလာနေကြ ရောင်းဝယ် နေကြ ဒီကုန်ပစ္စည်းတွေ၊ ပြီးတော့ ဆွေမျိုးသားချင်းအလိုက် သွားကြလာကြရတဲ့ လုပ်ငန်းစဥ် အတွက်တော့ နည်း နည်းလေးတော့ ပြည်သူလူထုတွေ အခက်တွေ့တာပေါ့။ သို့သော် ကြားရသလောက်က စပြီးတော့ဖွင့်ဖို့တော့ လုပ် နေကြတယ်ပေါ့။ အဓိက အရေးကြီးတဲ့ အပိုင်းတွေဖြစ်တဲ့ ဒီ တည်ဆောက်ရေး လုပ်ငန်းနဲ့ စက်သုံးဆီ ကိစ္စလေး တွေကို သွားလာဝယ်ယူခွင့်ရှိတာပေါ့။ ဟိုအရင်ကလို လွတ်လွတ်လပ်လပ် ဒီဘက်က ပြည်သူလူထုတွေ သွားလာ တဲ့ အဆင့်ထိတော့ မရောက်သေးဘူးပေါ့။ ထောက်ခံချက်နဲ့ ဒီဘက်အစိုးရရဲ့ ထောက်ခံချက်နဲ့ ဒီဆီတွေ ပစ္စည်း တွေ လိုအပ်တဲ့ဟာ မှာယူမယ်ဆိုရင်တော့ အဲဒီလိုတော့စပြီး ပေးနေပြီလို့တော့ အကြမ်းဖျင်း သိရတယ်။ ကျနော် တို့ ဒီနယ်စပ် ဒီပန်ဆောင်ဂိတ်ကတော့ ကျနော်တို့ ဒီမြန်မာပြည်မှာရှိနေတဲ့ ဒေသခံ တိုင်းရင်းသားတွေ အတွက်က အရေးကြီးတာပေါ့။ အရေးကြီးတယ်ဆိုတာ ဘာကြောင့်လဲဆိုရင် နီးလည်းနီးစပ်တယ်၊ လမ်းကြောင်းလည်း သင့် တယ်၊ တောက်လျှောက် လူမျိုးရေးကိစ္စပဲဖြစ်ဖြစ်၊ ကျန်းမာရေး၊ ပညာရေးကိစ္စ အဆုံးပေါ့ အားလုံးကလည်း သူတို့ ဆီကရတာ နီးလည်းနီးနေသလို ကုန်ကျစရိတ်အားဖြင့်လည်း သက်သာတယ်”ဟု ပြောသည်။

ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဋ္ဌ ဦးချစ်ယောင်းကို တွေ့ရစဉ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အိန္ဒိယနိုင်ငံ နယ်စပ်တွင် အစိုးရနှစ်ရပ် အသိအမှတ်ပြုထားသည့် တရားဝင် နယ်စပ်ဂိတ် ၁ ခုသာရှိပြီး၊ အဆိုပါ ဂိတ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ တွင် တည်ရှိပြီး အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ်၊ နန်ပေါင်ဒေသသို့ ချိတ်ဆက်ထားသည်။
နာဂဒေသသည် မြန်မာပြည်မကြီးဘက်၌ ကုန်စည်ပို့ဆောင်ရေး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသော ကြောင့် ဆေးဝါးနှင့် အခြေခံ စားသောက်ကုန်များကို အိန္ဒိယနိုင်ငံဘက်မှ အဓိက တင်သွင်းရသည်။
ပန်ဆောင်ဂိတ် ဖွင့်ခြင်းအားဖြင့် မြို့နယ် ၄ မြို့နယ်လောက်ထိ မှီခို၍ရပြီး ထိုလမ်းကြောင်းကို အစဥ်အမြဲဖွင့် စေချင်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နဂိုအတိုင်းပဲ ပြန်ဖွင့်လိုက်ပြီ။ သူက အဓိကတော့ စားဝတ်နေရေး၊ ကျန်းမာရေးတော့ အဓိက ဦးစားပေး တာပေါ့။ ပန်ဆောင်ဂိတ်ကတော့ တကယ် အရေးလည်းကြီးတာပေါ့။ ပန်ဆောင်ဂိတ် ဖွင့်ခြင်းအားဖြင့် ဘာဖြစ် သလဲဆို ကျနော်တို့ ဟိုဟာထိ မှီခိုလို့ရတယ်။ ကျနော်တို့ ဒုံဟီး (သို့) တုံဟီးမြို့နယ်၊ နန်းယွန်း၊ ဒုံဟီး၊ နောက်ဆုံး ရှင်ဗွေယန်၊ တနိုင်းပေါ့ဗျာ။ အဲဒီအိန္ဒိယရဲ့ ကုန်သွယ်စည်းဆင်းမှု အားလုံးက အဲဒီကနေ အဓိက အရေးကြီးတဲ့ ကိစ္စဖြစ်လို့ အဓိကတော့ နာဂဒေသအတွက်တော့ လွှမ်းခြုံတာပေါ့။ အဲဒါလေးကိုတော့ ကျနော်တို့ကတော့ အစဥ် အမြဲ ဒီလမ်းကြောင်းလေးကိုတော့ ဖွင့်စေချင်တယ်။ သူတို့ကတော့ ဒီတိုင်း သတ်မှတ်ထားတာရှိတယ်။ ဆီတို့၊ ဘာတို့ အကန့်အသတ်နဲ့ သူတို့အဲဒီလိုပဲ သယ်ခိုင်းတာရှိတယ်ဗျ။ ဆီတို့ ဘာတို့ကျတော့ သူတို့က အများကြီးတော့ မတင်ခိုင်းဘူး။ တစ်ရက်ကို ဟိုဘယ်နှစ်လီတာဆိုတဲ့ အကန့်အသတ်လေးတော့ ရှိတယ်ဗျ”ဟု ပြောသည်။

နာဂဒေသကို တွေ့ရစဉ်
မြန်မာပြည်မကနေ နာဂဒေသသို့ ကုန်စည်ပို့ဆောင်ရာတွင် လမ်းကြောင်း နှစ်ကြောင်းရှိကြောင်း၊ ထိုလမ်း ကြောင်းများကတော့ မုံရွာ-ဟုမ္မလင်း-ခန္တီးမှ နာဂဒေသသို့ ချင်းတွင်းမြစ်ကို အသုံးပြု၍ ရေလမ်းကြောင်းနှင့် မုံရွာ- ဟုမ္မလင်း-ခန္တီးမှ နာဂဒေသသို့ မဟာမြိုင်လမ်း သို့မဟုတ် ယာကြီးလမ်းကို အသုံးပြု၍ ကုန်းလမ်းကြောင်းတို့ ဖြစ်သည်။
သို့သော် အဆိုပါ လမ်းကြောင်း နှစ်ခုအနက် ရေလမ်းကြောင်းတွင် ရွှေပြည်အေးမြို့မှာ KIA-PDF ပူးပေါင်း၍ ဂိတ် ဖွင့်ကာ ပိုက်ဆံတောင်းခြင်းနှင့် ကုန်စည်များ သယ်ယူခွင့် မပြုဘဲ ဖြတ်တောက်ထားသလို မုံရွာ- ဟုမ္မလင်း ယာကြီးလမ်း သို့မဟုတ် မဟာမြိုင်လမ်း ကုန်းလမ်းတစ်လျှောက်မှာလည်း KIA-PDF ပူးပေါင်း၍ ဂိတ်ပေါင်း ၃၀ လောက်ဖွင့်ကာ ပိုက်ဆံကောက်ခံလျက်ရှိသည်။
လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဂိတ်စခန်းများ များပြားနေခြင်းနှင့် အဆင့်ဆင့် ငွေကြေး ကောက်ခံမှုများ မြင့်တက်နေခြင်းကြောင့် နာဂဒေသသို့ ကုန်စည်စီးဆင်းမှုများ ပိုမို ခက်ခဲနေခြင်းဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 448
CNI News
၂၀၂၆ ခုနှစ်၊ မေ ၂၂
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်နေသည့် ရက် ၁၀၀ စီမံကိန်းတွင် တရားမဝင် ကုန်စည်များကို ဖမ်းဆီးခြင်းကနေ ပြည်တွင်း၌ ကုန်ပစ္စည်းများ ပြတ်လပ်ကာ ကုန်စျေးနှုန်းများလည်း မြင့်တက်လာနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသုံးသပ်သူများက ပြောသည်။
ယခု မေလ ပထမပတ်ကနေ စတင်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဝင်ရောက်သည့် တရုတ်ကုန်စည် တင်ဆောင် သော ကုန်ကားများနှင့် မြဝတီနယ်စပ်ဘက်မှ ဝင်ရောက်သည့် ထိုင်းကုန်စည် တင်ဆောင်သော ကုန်ကားများကို စစ်ဆေးရေး တင်းကျပ်ကာ ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့သည်။
စိုက်ပျိုးရေးသုံး ကုန်စည်များ၊ မော်တော်ယာဉ်သုံး ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ ဆောက်လုပ်ရေး ပစ္စည်းများအပြင် အဝတ်အထည်များကိုပါ ဖမ်းဆီးလျက်ရှိသည်။
တခြားသော တင်ဆောင်၍ရသည့် ကုန်စည်များ အနေဖြင့်လည်း ယခုကဲ့သို့ တရားမဝင် ကုန်စည် ဖမ်းဆီးခြင်း ကြောင့် ကုန်တင်ကားများ အနေဖြင့် တင်ဆောင်ရန် မဝံ့ရဲဘဲ ဖြစ်လာကြောင်း၊ ထို့ကြောင့် တန်ဆာခဈေးနှုန်း အဆမတန် ကောက်ခံပြီး အရဲစွန့်တင်လာခြင်းနှင့် လမ်းကြောင်းတစ်လျှောက် စစ်ဆေးရေးဂိတ်များကို ပေးဆောင်ရသည့် ဂိတ်ကြေးများကြောင့် ပြည်တွင်းတွင် ဈေးနှုန်းများ မြင့်တက်လျက် ရှိနေသည်။

ကုန်ပစ္စည်းများကို တွေ့ရစဉ်
ထိုသို့ ဖမ်းဆီးမှုများကြောင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများတွင် အသုံးပြုနေသည့် ကုန်ကြမ်းပစ္စည်းများသည် သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် ဈေးနှုန်း ၃ ဆခန့် မြင့်တက်လျက်ရှိနေကြောင်း၊ အများပြည်သူ သုံးစွဲနေသည့် စားသောက်ကုန်များနှင့် လူသုံးကုန်များသည်လည်း ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာနေသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုကစပြီး ဖြစ်နေပြီလေ။ မြန်မာပြည်မှာ တစ်နိုင်တစ်ပိုင် သမားတွေက ဒုက္ခရောက်တယ်ဗျ။ ရှင်းရှင်း ပြောရရင် Ocean တို့၊ City Mart တို့၊ Marko တို့ဘာတို့က ပစ္စည်းက သိပ်ပြဿနာ မရှိဘူး။ သူတို့ ဘာနဲ့ သွင်း မလဲ။ စဉ်းစားကြည့်ရင် အကြီးသမားတွေက အကြီးလိုပဲ ဖြတ်သန်းနေသလား။ တစ်နိုင်တစ်ပိုင် သမားတွေက လုပ်လို့ မရဘူးလား။ အခုဥစ္စာက နယ်စပ်ကုန်သွယ်ရေးကနေ စက်ပစ္စည်းတွေ တင်သွင်းရင် မလွယ်ဘူးတဲ့။ တရုတ်ကုန်သွယ်ရေးမှာ ကျနော် စုံစမ်းကြည့်တာ ရွှေလီကပစ္စည်းကို ရွှေလီကနေ မူဆယ်ကို သယ်ရတာ ခက်သွား ပြီ။ မူဆယ်ကနေ ရှမ်းကို သယ်ရတာ ပိုခက်သွားပြီ။ ဆိုတော့ ၁ kg မှာ သုံးတဲ့ပစ္စည်းရဲ့ ၃ ဆလောက်က သယ်ယူ ပို့ဆောင်စရိတ်မှာ သုံးနေတယ်။ ပစ္စည်းက ဈေးပေါပေါနဲ့ လုပ်သားပြည်သူ လက်ထဲကို မရောက်ဘူး” ဟု ပြော သည်။
ထို့အပြင် စစ်ဆေးရေးဂိတ်များတွင် ကုန်စည်များကို ဖမ်းဆီးပြီး ငွေကြေးတောင်ခံမှုများ လုပ်ဆောင်နေခြင်း ကြောင့် ယင်းဂိတ်များတွင် တာဝန်ထမ်းဆောင်ရန်အတွက် တချို့သော စစ်သားနှင့် ရဲတပ်သား ဝန်ထမ်းများသည် အထက်အရာရှိများအား လာဘ်ထိုးကာ လုပ်ဆောင်လာခြင်းများလည်း ရှိနေသည်။

ကုန်ကားများကို စစ်ဆေးနေစဉ်
အစိုးရ၏ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားခြင်း၊ ကုန်စည် သယ်ဆောင်ခြင်းများ ကန့်သတ်ခြင်းနှင့် ဖမ်းဆီးခြင်းများကြောင့် လုပ်ငန်းရှင် အပါအဝင် စားသုံးသူ ပြည်သူလူထုများ ဒုက္ခရောက်နေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်စည်ကားတစ်စီးကို သိန်း ၉၀၀ ပေးပြီးတော့မှ ဝင်လာတဲ့ ဟာတွေလည်းရှိတယ်။ အဲဒီလိုမျိုး မြန်မာနိုင်ငံရဲ့ စီးပွားရေးကလေ နဂိုကတည်းကမှ gray ဇုန် များတယ်ပေါ့နော်၊ မီးခိုးရောင် နယ်မြေထဲမှာ ဖြစ် နေတာကိုး။ အမှန်တကယ် ဒါတွေက ဝိသမလောဘတွေလည်း မဟုတ်ဘူး။ တကယ့်ကို မူးယစ်ဆေးဝါး ဘာညာ ဟိုလိုမျိုး လက်နက်လိုမျိုး အဲဒီလိုမျိုးလည်း မဟုတ်ဘူး။ ကောင်းရောင်းကောင်းဝယ် ဆိုတဲ့ဟာပဲ။ အစိုးရက ကောင်းရောင်းကောင်းဝယ်လို့ သတ်မှတ်လိုက်ရင် ကောင်းရောင်းကောင်းဝယ် တကယ့်ကို ကောင်း ကောင်းမွန်မွန် လုပ်စားတဲ့သူဖြစ်မှာ။ အဲဒါကို ဟိုကပိတ်ဆို့ ဒီကပိတ်ဆို့နဲ့ လူတွေအကုန်လုံးက အလုပ်လုပ်ရတဲ့ဟာက gray ဇုန် ထဲမှာ လုပ်နေရတဲ့ အခါကျတော့ အကုန်လုံး လုပ်ငန်းလုပ်ရတဲ့သူလည်း ဒုက္ခရောက်တယ်၊ စားသုံးသူပြည်သူလူထု လည်း ဒုက္ခရောက်တယ်၊ အကုန်လုံး ဒုက္ခရောက်တယ်” ဟု ပြောသည်။
လက်ရှိတွင် အစိုးရ၏ ရက် ၁၀၀ စီမံကိန်း၌ တရားမဝင် ကုန်စည်များကို စစ်ဆေး ဖမ်းဆီးမှု တင်းကျပ်နေခြင်း ကြောင့် တရုတ်ကုန်စည်နှင့် ထိုင်းကုန်စည် တင်သွင်းနေကြသည့် ကုန်စည်တင်ပို့သည့် လုပ်ငန်းများ ရပ်ဆိုင်းထား ရသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။
ထို့အပြင် ပြည်တွင်း၌ ကုန်စည်သယ်ဆောင်ရာတွင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ် တစ်ခုကြား သယ်ဆောင် သည့် နေရာတွင်လည်း အရေအတွက် အကန့်အသတ်နှင့် ကုန်စည်ကန့်သတ်ချက်များလည်း ရှိနေသည်ကို တွေ့ရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 519
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ကိုင်ကြရာမှာ ဂရန်၊ ပါမစ်၊ စလစ်အတုများ ကိုင်ဆောင်၍ ရောင်းဝယ်နေမှုများ များပြားလာနေခြင်းကြောင့် အစိုးရအနေဖြင့် စီမံကိန်း ရေးဆွဲပြီး ကိုင်တွယ်သင့်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြ ကြသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် တော်တော်များများမှာ ဂရန်၊ ပါမစ်၊ စလစ်အတုများ ကိုင်ဆောင်ပြီး အိမ်ခြံမြေ ရောင်းဝယ်မှုများ ပို၍ များပြားလာနေသည်။
အဆိုပါ ဂရန်၊ ပါမစ်၊ စလစ်အတုများ ကိုင်ဆောင်ပြီး အိမ်ခြံမြေ ရောင်းဝယ်နေသည့် ဖြစ်စဉ်များ အဖြစ်များဆုံး နေရာများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များတွင် အဖြစ်များဆုံးဖြစ်သည်။
ထို့နောက် ဂရန်၊ ပါမစ်၊ စလစ်အတုများဖြင့် ဝယ်ယူမိခြင်းကြောင့် နစ်နာမှုဖြစ်ပေါ်ပြီး တရားရင်ဆိုင်နေရသည့် အခြေအနေများစွာ ဖြစ်ပေါ်လျက် ရှိနေသည်။
အိမ်ခြံမြေ ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ပြီး အစိုးရအနေဖြင့် ကိုင်တွယ် ဖြေရှင်းရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထု နစ်နာမှု မရှိစေရန်လည်း လိုအပ်သည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြေငှားဂရန် စာချုပ်ကို တွေ့ရစဉ်
၎င်းက “တစ်ဖက် အပိတ်လုပ်ပြီးတော့ ဥပဒေတွေကို ပြဋ္ဌာန်းလိုက်လို့ကလည်း မဖြစ်ပြန်ဘူး။ ဒီဘက်မှာ နစ်နာတဲ့ သူတွေက တော်တော်များများ ရှိသွားမှာ။ တကယ်ကို ပါမစ်ကို ဒီအတိုင်း ကိုင်ထားတဲ့သူတွေကလည်း မနည်းဘူး လေ။ ဆိုတော့ စီမံချက် တစ်ခုအနေနဲ့ ဒါကို သေသေချာချာ လုပ်ပြီးတော့မှ ကာလ အပိုင်းအခြား တစ်ခုအတွင်းမှာ အကုန်လုံး ဂရန်ကို ဖောက်ပြီးတော့မှ လုပ်ဖို့ဆိုတဲ့ဟာမျိုး လုပ်ပြီးတာနဲ့ နောက်ပိုင်း ကျလို့ရှိရင် အရောင်းအဝယ် လုပ်ပြီဆိုတာနဲ့ ဂရန် တစ်ခါတည်း အမည်ဖောက်ပေါ့နော်။ အမည်ပေါက် တစ်ခါတည်း ပြောင်းပေါ့နော်။ ကျနော် တို့ အရပ်စာချုပ်နဲ့ ရောင်းတာဝယ်တာ အကုန်လုံးကို တရားမဝင်အဖြစ် သတ်မှတ်ပြီးတော့မှ မှတ်ပုံတင်ရုံးမှာ စာချုပ်ချုပ်တဲ့အခါ အခွန်တွေလည်း အစိုးရအတွက် တိတိကျကျ ရသွားလိမ့်မယ်” ဟု ပြောသည်။
အိမ်ခြံမြေနှင့် ပတ်သက်ပြီး အဓိက သက်ဆိုင်သည့် အဖွဲ့အစည်းသည် အိုးအိမ်နှင့်စည်ပင်ဌာနဖြစ်ပြီး ယင်းဌာန သည်လည်း ဥပဒေကို လက်တစ်လုံးခြား ဆောင်ရွက်ကာ အိမ်ခြံမြေ အကျိုးဆောင်များနှင့် ပူးပေါင်းပြီး အကျင့် ပျက် လာဘ်စားကာ ဂရန်၊ ပါမစ်၊ စလစ်အတု လုပ်ဆောင်ပေးမှုများလည်း ရှိသည်။
ထို့ကြောင့် အိမ်ခြံမြေ အရောင်းအဝယ် လုပ်ဆောင်ရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဆောင်ရွက်နေရမှုများကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်လည်း လိုအပ်သည်။
ထိုသို့ ဂရန်၊ ပါမစ်၊ စလစ် အတုများဖြင့် ရောင်းမှားဝယ်မှား ကြုံမိပါက ကာယကံရှင် အနေဖြင့် အိမ်ခြံမြေနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများကို တိုင်ကြားပြီး အမှုဖွင့်ရန် လိုအပ်သည်။

ရန်ကုန်မြို့ပြ အဆောက်အအုံများကို တွေ့ရစဉ်
ပြည်သူအများစုသည် ထိုကိစ္စနှင့်ပတ်သက်ပြီး အရေးယူမှု တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မရှိခြင်းကြောင့် အတု ဆောင်ရွက်မှုသည် ပို၍ ကြီးထွားလာနေခြင်း ဖြစ်သည်ဟု သန်လျင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မဂျူးဂျူး က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အတုလုပ်တာကို သက်ဆိုင်ရာကို တိုင်ပေါ့။ သက်ဆိုင်တဲ့ သူ့အဖွဲ့အစည်းကို တိုင်ပေါ့။ အဲဒါမှ တိုင်ရင် သူတို့က တကယ်လို့ အတုဖြစ်ရင် အမှုဖွင့်လို့ရှိရင် ရတာပေါ့။ ဒါပေမယ့် အခုဟာက လူတွေက အဲဒီလိုမျိုး မတိုင် ကြတော့ ပိုပြီးတော့ ဖြစ်လာတာနေမှာပေါ့” ဟု ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် ဂရန်၊ ပါမစ်၊ စလစ် အတု ကိစ္စနှင့်ပတ်သက်ပြီး အိမ်ခြံမြေဥပဒေတွင် ပါဝင်သည့် အားနည်းချက်များကို စိစစ်ပြီး ပြန်လည်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံ အပါအဝင် ပြည်ပ နိုင်ငံများ အိမ်ခြံမြေနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို လေ့လာပြီး စနစ်တကျ ပြန်လည် ဆောင်ရွက်သင့်ကြောင်း ပြည်သူလူထုက ထောက်ပြကြသည်။
လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အိမ်ခြံမြေဈေးနှုန်း အဆမတန် မြင့်တက်မှုကိုလည်း အစိုးရအနေ ဖြင့် ထိန်းကျောင်းသင့်ပြီး ကျူးကျော်နေထိုင်မှုများ မရှိစေဘဲ နိုင်ငံသားများ အိမ်ခြံမြေ ပိုင်ဆိုင်နိုင်ရန်လည်း ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 336
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၀
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဒေသ ဖြစ်သည့်တိုင် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်နေရခြင်းက ဘာကြောင့်လဲဆိုသည့်အပေါ် ဒေသတွင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်များကြား အဖြေရှာနေကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လက်နက်ကိုင်အဖွဲ့များမှ ဂိတ်ထိုင်၍ အခွန်ကောက် ခံမှုများ ရှိနေခြင်းကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းနှင့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း ပြဿနာများကို ဒေသခံ များ ရင်ဆိုင်နေကြရကြောင်း သိရသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ယခုလို ကုန်စျေးနှုန်းများ မြင့်တက်နေသည့် အနေအထား တစ်ခုကို ထိန်းညှိပေးမည် ဆိုလျှင် ပိုကောင်းကြောင်း နာဂအဖွဲ့အစည်းများမှ ခေါင်းဆောင်များက အကြုံပြု ထောက်ပြကြသည်။
နာဂဒေသတွင် ကုန်သွယ်ရေး လမ်းကြောင်းနှင့်ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများမှ ၎င်းတို့၏ အခွန် ကောက်မှု များပြားသည့်အတွက် ကုန်သည်များမှ စျေးတင်ခြင်းဖြစ်ကြောင်း ခန္တီးမြို့နယ် နာဂရိုးရာယဥ်ကျေးမှု ဥက္ကဋ္ဌ ဦးရှမ်းမော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နာဂဒေသနဲ့ ပတ်သက်ပြီး စီးပွားရေးအခက်အခဲကတော့ ဒါအများကြီးပေါ့ ဘာလို့လဲဆိုတော့ အဓိက,ကတော့ ကုန် သွယ်ရေး လမ်းကြောင်းကိစ္စပေါ့ဗျာ။ ဥပမာ - အခု ခန္တီးမှာဆိုရင် ဒီဓာတ်ဆီ စျေးတွေကအစ ဒီဇယ်စျေးတွေက အစပေါ့ ဗျာ၊ ဆန်စျေးတွေကအစ အင်မတန်မှကို ကုန်စျေးနှုန်းက တအားမြင့်နေတယ်။ ဘာလို့လဲဆိုတော့ အဲဒါတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ အတွက်ကြောင့်မို့။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အခွန်ကောက်မှု များပြားတဲ့ အတွက်ကြောင့်မို့ ကုန်သည်တွေကလည်း ဒါစျေးတင်တာပေါ့ဗျာ။ အခွန်အကောက် တွေ များပြားတဲ့ အပေါ်ကို အခွန်ပေါင်းယူပြီးမှ ကုန်သည်တွေက စျေးကို မတရားတင်ပြီးမှ ဥပမာဖြင့် အခု ဆန် အိတ် တစ်အိတ်တောင်မှ သာမန်ဆန်တောင်မှ တစ်အိတ်ကို တစ်သိန်းရှစ်သောင်း၊ နှစ်သိန်းလောက်နဲ့ ဝယ်စားနေရတဲ့ ဟာပေါ့နော်။ အဲဒါမျိုးတွေ အခုလက်ရှိ ဒါစီးပွားရေးနဲ့ ပတ်သက်ပြီးမှပေါ့နော်။ ဒါမျိုးတွေ ဖြစ်နေတဲ့ဟာတွေရှိတယ် ဒီဆိုတော့ ရှေ့ဆက်ပြီး ဒါတိုင်းပြည် ငြိမ်းချမ်းသွားရင်တော့ ဒီကိစ္စတွေကိုတော့ အဆင်ပြေသွားမယ်လို့တော့ ကျနော်တို့က မျှော်လင့်တာပေါ့”ဟု ပြောသည်။

မြန်မာ့တပ်မတော်နဲ့ နာဂလက်နက်ကိုင်မှ အဖွဲ့ဝင်များကို တွေ့ရစဉ်
လက်နက်ကိုင် အဖွဲ့အစည်းများ၏ အခွန်ကောက်ခံမှုများနှင့် စစ်ဆေးရေးဂိတ်များ များပြားလာခြင်းကြောင့် ကုန် စည်စီးဆင်းမှု ကြန့်ကြာလာပြီး ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုဒဏ်ကို နာဂဒေသခံများ ခံစား နေကြရသည်။
နာဂဒေသသည် အိန္ဒိယနှင့် ထိစပ်နေသော နယ်မြေဖြစ်သည့်အတွက် ပန်ဆောင်- နန်းယွန်း- လဟယ် စသည့် မြို့နယ်များနှင့် အိန္ဒိယဘက်ခြမ်းတွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖောက်၍ ကုန်စည်စီးဆင်းမှုကို မှီခိုနေကြရ သည်။
အလားတူ မြန်မာပြည်မဘက်ကနေဆိုလျှင် ချင်းတွင်းမြစ်ကို အသုံးပြု၍ မုံရွာမြို့ကနေ ဟုမ္မလင်း-ခန္တီးမြို့တို့ကို ဖြတ်သန်း၍ နာဂဒေသသို့ ကုန်စည်များ ပို့ဆောင်ကာ သယ်ယူကြရသည်။
အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းများအနက် ချင်းတွင်းမြစ်ကို မှီခိုရာတွင် ရွှေပြည်အေးမြို့မှာ KIA-PDF က ပိတ်ဆို့၍ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ထားသလို အဆမတန် ငွေကြေးကောက်ခံမှုများ ပြုလုပ်ပြီးမှ ဖြတ်သန်းခွင့် ပြုသည့်အတွက် နာဂဒေသသို့ ရောက်ရှိလာသော ကုန်စည်များသည် အဆမတန် ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။
ထို့ပြင် အိန္ဒိယဘက်နေ သယ်ယူသော ကုန်စည်များကိုတော့ နာဂ လက်နက်ကိုင် အဖွဲ့ပေါင်းစုံ၊ ဌာနဆိုင်ရာနှင့် ကားဂိတ် အသင်းအဖွဲ့များက အဆင့်ဆင့် ငွေကြေးများ ကောက်ခံနေခြင်းကြောင့် နာဂဒေသအတွင်း ရောက်ရှိ လာသော ကုန်စည်များသည် အဆမတန် ဈေးနှုန်းများ မြင့်တက်သွားကြသည်။
လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် လက်ရှိ အစိုးရကလည်း ဂိတ်များဖွင့်၍ အခွန်ကောက်နေကြောင်း၊ ထိုဂိတ်များက အခွန်ကောက်မှုကို ဖြေလျှော့ ပေးလျှင် မိမိတို့ဘက်ကလည်း ဖြေလျှော့ပေး၍ရကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြော သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နာဂဒေသကို ရောက်လာစဉ်
၎င်းက “ကျနော်တို့ ဘက်ကတော့ အဲလိုကြီး ကုန်စျေးနှုန်း ကြီးမြင့်အောင် ကောက်တာတော့ မရှိဘူး။ ကျနော်တို့ က အဓိက,ကတော့ လောလောဆယ် လက်ရှိ လဟယ်ပေါ့နော်၊ လဟယ်မှာကျတော့ ဂိတ်တစ်ဂိတ်မှာဆိုလည်းပဲ၊ ကား တစ်စီးမှာဆို ၂ သောင်း အဲဒီလိုပဲ ကောက်တာ။ ဒါပေမယ့် အဓိကတော့ ဒီအစိုးရဌာနက လဟယ်မြို့ပေါ်မှာ ရှိတဲ့ သူတို့ရဲ့ ကားကော်မတီဆိုတာ ဖွဲ့ထားတဲ့ သူတို့တွေ ကနေပြီးတော့မှ သူတို့ကျတော့ ထွေ/အုပ်ကို ဆီ တစ်ပေပါဆိုရင် ဆီတစ်ပေပါကို ၂ သောင်းလား မသိဘူး၊ သူတို့ပေးရတယ် ပြောတယ်။ ပြီးရင် ကားကော်မတီ ကို ၂ သောင်း၊ ပြီးရင် အဲဒီရေးဂိတ် အဝင်/အထွက် ဂိတ်တွေကို သူတို့ပေးသွားတာ အဲဒါက ပိုများတယ်ဗျ။ ဟိုဘက် ကျနော်တို့ လုံခြုံရေးအရထားတဲ့ ဂိတ်တွေမှာကျတော့ ကျနော်တို့ ကောက်ခံတာ အဲဒီလောက် မရှိဘူးဗျ။ လက်နက်ကိုင် အဖွဲ့အစည်း အနေနဲ့ကတော့ ဒီဟာကို ဗိုလ်မှူး(တစ်ယောက်)လည်း ကျနော် အဲဒီမှာ လွှတ်ပြီး တော့မှ ကျနော် သွားတွေ့ခိုင်းတယ်။ သွားတွေ့ခိုင်းတဲ့အခါမှာ သူတို့ဘက်ကလည်း လျှော့ပေးရင် ကျနော်တို့ ဘက်ကလည်း လျှော့ပေးဖို့ဆိုတာ ရှိတယ်။ ဒါပေမယ့် အခုလည်းပဲ အတင်းအဓမ္မ ကျနော်တို့ ကောက်တာ မရှိဘူးဗျ။ ဆိုတော့ ကျနော်တို့ ဘက်ကနေတော့ ပြည်သူလူထုက တကယ် အဲဒီဟာကို တကယ်လိုလားတယ် လက်ရှိအစိုးရ ကလည်း ဒါကို ဖြေလျှော့ပေးနိုင်တယ်ဆို ကျနော်တို့ ဘက်ကလည်း ဂိတ်ကြေးကိစ္စကို ကျနော်တို့ ဖြေလျှော့ပေး လို့ရတယ်”ဟု ပြောသည်။
နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နာဂဒေသသို့ ရောက်စဉ် ပြောကြားထားသည်။
နာဂဒေသသည် တောင်တန်းဒေသ ဖြစ်သောကြောင့် ပြည့်စုံမှုမရှိသည့်အပြင် ကျောင်းဆရာ/ဆရာမ မလုံလောက် မှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ်မတော်-ရဲ- ထွေ/အုပ်တို့၏ အခွန်များ ကောက်ခံရမှု၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်။
လက်ရှိ နာဂဒေသတွင် NSCN-K/AM၊ NSCN-K/YA၊ NSCN-IM၊ NSCN-HR၊ ENNO/ENDA၊ NPDF စသည့် နာဂ လက်နက်ကိုင်များ အပါအဝင် ကသည်းလက်နက်ကိုင်များနှင့် KIA တို့ အခြေပြု လှုပ်ရှားလျက်ရှိသည်။
- By Nan Shwe Sin Htun
- Category: စီးပွားရေး
- Hits: 208
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၀
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမ်မာကျား နှင့် မြန်မာဒုသမ္မတ ဦးညိုစောတို့ တွေ့ဆုံ ဆွေးနွေးကြသည်။
၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။

ထို့နောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် စီမံကိန်းများ အပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင် အထည် ဖော်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
အလားတူ အွန်လိုင်းလောင်းကစား၊ အွန်လိုင်း လိမ်လည်မှုများ တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်း နှစ်ဖက် ဆွေးနွေးခဲ့ကြကြောင်း နေပြည်တော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 665
CNI News
၂၀၂၆ ခုနှစ်၊ မေ ၁၉
မြန်မာနိုင်ငံတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းတွင် ပါဝင်သည့် ကိစ္စရပ်များသည် ပြည်သူလူထုအတွက် ထိရောက်သော လုပ်ငန်းဖြစ်ရန် လိုအပ်သည်ဟု စီးပွားရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိတွင် ရက် ၁၀၀ စီမံကိန်းနှင့် ပတ်သက်ပြီး တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေနှင့် လယ်ယာသုံး ပစ္စည်း ချေးငွေ တိုးမြှင့်ထုတ်ချေးပေးခြင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများကို ဖိတ်ခေါ်ခြင်း၊ နယ်စပ်မှ ဝင်ရောက်သည့် တရားမဝင် ကုန်စည်များကို မြို့ကြီးများတွင် ဖမ်းဆီးခြင်း စသဖြင့် လုပ်ဆောင်လျက်ရှိနေသည်။
ထို့အပြင် ရန်ကုန်မြို့အတွင်း နိုင်ငံသား မှတ်ပုံတင်ကတ် လုပ်ဆောင်ပေးခြင်း၊ လူကူးမျဉ်းကျားမှ ကူးစေခြင်းနှင့် မလိုက်နာပါက ဒဏ်ကြေးငွေ ကောက်ခံခြင်း၊ ရေမြောင်းများတွင် ကျူးကျော် ဆောက်လုပ်ထားသည့် ဆိုင်ခန်း များကို ရှင်းလင်းခြင်း၊ Bar နှင့် ကလပ်များတွင် ကခုန်သီဆိုမှုများ ရပ်တန့်ခြင်း စသည်များကို လုပ်ဆောင်လျက်ရှိ သည်။
ထိုလုပ်ရပ်များထက် ရက် ၁၀၀ စီမံကိန်းအတွင်း အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ရရှိစေမည့် ကိစ္စရပ် များအား ပို၍ ဆောင်ရွက်သင့်ပြီး အဓိကအားဖြင့် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ကုန်သွယ်ရေးကားများကို တွေ့ရစဉ်
၎င်းက “အဓိက ၃၀၀၀ ပဲ ဖြစ်ရမယ့် ပစ္စည်းတစ်ခုက ၆၀၀၀ ဖြစ်တယ်၊ ၁၀,၀၀၀ ဖြစ်တယ် ဒါမျိုးဖြစ်နေတာ။ အဲဒါတွေက ဘာလို့ဖြစ်သလဲဆိုတာ ကုန်သွယ်ရေး စီးဆင်းမှုမှာ ပိတ်ဆို့ထားတဲ့ ဟာတွေကြောင့်။ ပိတ်ဆို့တာက သူများပိတ်ဆို့တာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ပိတ်ဆို့ထားတာပေါ့နော်။ နယ်စပ်ကုန်သွယ်ရေးတွေ အကုန်လုံး ဒုက္ခရောက်တယ်။ ကျနော်တို့က ပေးမှာလား မပေးဘူးလား ရနောင်းမှာ ဖြစ်သွားတဲ့ ဘတ် သန်း ၅၀ အဲဒါ ကျနော်တို့ နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပိုက်ဆံတွေလေ။ အဲဒါ ကျနော်တို့အားလုံးရဲ့ ပိုက်ဆံတွေလေ၊ တိုင်းပြည်ရဲ့ ပိုက်ဆံတွေလေ၊ တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ လူတွေအားလုံးရဲ့ ပိုက်ဆံတွေ ဖြစ်တာကြောင့်မို့လို့ အဲဒါတွေကို အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် ဖြေရှင်းပေးရမှာလေ။ နောက်မို့ဆို လို့ရှိရင် သူတို့ဘာသာသူတို့ လုပ်တာပဲလေကွာဆိုပြီး သွားစဉ်းစားလို့ မရဘူး အစိုးရလုပ်ပြီဆိုတဲ့ အခါကျတော့။ ဒါမျိုးတွေကို ကောင်းမွန်အောင်၊ ပြေလည်အောင် ဖြေရှင်းပေးခြင်းအားဖြင့် ထိုက်သင့်တဲ့ ကုန်စည်ဈေးနှုန်းတွေက ထိုက်သင့်အားလျော်စွာ ဖြစ်သွားမှာပေါ့။ မတရားကြီး ၁၀၀၀ တန်ကို ၁ ကျပ်ဖြစ်ရပါမယ်လို့ ပြောနေဆိုနေတဲ့ကိစ္စ မဟုတ်ဘူး။ သူ့ဟာနဲ့သူ လိုက်လျောညီထွေတဲ့ ကုန်ဈေးနှုန်း တစ်ရပ်ဖြစ်ဖို့ လိုအပ်တယ်။ အဲဒီဟာကလည်း အစိုးရ တစ်ရပ်အနေနဲ့က ဘာမှခဲယဉ်းတဲ့ကိစ္စ မဟုတ်ဘူး။ သူ့ဟာသူ ပိတ်ထားတဲ့ကိစ္စ၊ သူ့ရဲ့ ပေါ်လစီ လွဲချော်မှုတွေ ကြောင့် ဖြစ်နေတဲ့ကိစ္စကို အဲဒါ ပြင်လိုက်တာနဲ့တစ်ပြိုင်နက် အားလုံး ပြေလည်သွားမယ့်ဟာကြီး။ လူထုအနေနဲ့ လည်း ဘာပဲဖြစ်ဖြစ် ပြေလည်သွားတယ်ဆိုရင် လူထုအနေနဲ့ ဝမ်းသာသွားမှာ။ အဲဒီလိုမျိုးတွေ ရွေးချယ်ပြီး လုပ်လိုက်လို့ရှိရင်တော့ ရက် ၁၀၀ စီမံကိန်းသည် အားလုံး လူနတ် ရဟန်းရှင် လူအပေါင်း ပြုံးပျော်စေမယ့်ဟာမျိုး ဒါမျိုးလေးတွေကို ရွေးချယ်ပြီး လုပ်သင့်တာပေါ့” ဟု ပြောသည်။
ရက် ၁၀၀ စီမံကိန်း လုပ်ဆောင်မှုများသည် ပြည်သူလူထုအကြား ထင်သာမြင်သာရှိသည့် ပြုပြင် ပြောင်းလဲမှုများ ကို လုပ်ဆောင်ရာမည်ဖြစ်ကြောင်း၊ အစိုးရဝန်ကြီးဌာနများအလိုက် ရက် ၁၀၀ စီမံကိန်းများ ချမှတ် ဆောင်ရွက်ခဲ့ ရာတွင် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး၊ စွမ်းအင်၊ တည်ငြိမ် အေးချမ်းရေး စသည့် ကဏ္ဍများအပေါ် ဆော င်ရွက်မှု များအား ထင်ထင်ရှားရှား လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအလိုက် လုပ်ဆောင်ချက်များကို လည်း ပြည်သူလူထု သိရှိနားလည်ရန် ချပြသင့်သည်ဟုလည်း ထောက်ပြကြသည်။

အစိုးရ ရက် ၁၀၀ စီမံကိန်း ဖော်ဆောင်နေစဉ်
လက်ရှိ ရက် ၁၀၀ စီမံကိန်း ခေါင်းစဉ်တပ်ပြီး ဆောင်ရွက်နေသည့် ကိစ္စရက်များသည် ရက် ၁၀၀ စီမံကိန်းနှင့် မဆိုင်ဘဲ ဝန်ကြီးဌာနအလိုက်၊ ဌာနဆိုင်ရာအလိုက် ယခင်ကတည်းက ဆောင်ရွက်ကြရမည့် လုပ်ငန်းများ ဖြစ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆရာမြင်တာတော့ မယောင်ရာ ဆီလူးနေတာပဲ။ ဒါက လူကူးမျဉ်းကျားက ကူးပါဆိုတာက ဒါက နိုင်ငံသား စိတ်ဓာတ်ကိုတော့ တဖြည်းဖြည်း မြှင့်တင်ရမှာပေါ့။ ရေမြောင်းလုပ်တာတော့ စည်ပင်လုပ်ရမယ့် အလုပ်လေ။ ရက် ၁၀၀ ထဲမှာ ပါတာမှမဟုတ်ဘဲ။ နဂိုကတည်းက စည်ပင်သာယာက လုပ်ရမယ့်အလုပ်တွေ မလုပ်တော့ ရေမြောင်းပိတ်ဆို့တာတို့ ရှိတာပေါ့နော်။ အဓိက,က အဲဒါတွေက အဓိက မကျဘူး။ အဓိက ကျတာက ကုန်ဈေးနှုန်းကိစ္စ ဘယ်လိုလုပ်မလဲ။ ရန်ကုန်မြို့မှာက လူဦးရေ ၁၀ သန်းလောက်ရှိတယ်။ သူတို့ ရပ်တည် စားသောက်ဖို့ အတွက်ကို supply chain တွေ ဘယ်လို တည်ဆောက်မလဲ။ ဈေးသက်သာရအောင် ဘယ်လို တည်ဆောက်ပေးမလဲ။ ကုန်ဈေးနှုန်း ကြီးကြပ်ရေးကို ဘယ်လိုလုပ်မလဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လို ရမလဲဆိုတဲ့ကိစ္စကို အဓိကထားပြီးတော့ စဉ်းစားသင့်တယ်လို့ မြင်တယ်။ ဆရာတို့က စီးပွားရေးကျကျပဲ မြင်တယ်လေ လုပ်ငန်းကို။ မယောင်ရာဆီလူးတဲ့ ကိစ္စတွေတော့ သိပ်မလုပ်စေချင်ဘူး” ဟု ပြောသည်။
လက်ရှိ ရက် ၁၀၀ စီမံကိန်း ခေါင်းစဉ်အောက်တွင် ဆောင်ရွက်နေသည့် ကိစ္စရပ်တချို့သည့် ရက် ၁၀၀ မဟုတ်ဘဲ ရေရှည်အနေဖြင့် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များလည်း ပါဝင်နေသည့်အတွက် ဆက်လက် ဆောင်ရွက်သွား ရန်လည်း လိုအပ်သည်။
ထို့အပြင် လက်ရှိ လွဲမှားနေသည့် ပေါ်လစီများကိုလည်း အစိုးရအနေဖြင့် ရက် ၁၀၀ အတွင်း ပြင်ဆင်သွားရန် လည်း မျှော်လင့်ကြောင်း နိုင်ငံရေးနှင့်စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 329
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၉
မြန်မာနိုင်ငံက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အိန္ဒိယဘက်ခြမ်းကို မှီခိုနေရခြင်းကြောင့် ကုန်သွယ်ရေးဂိတ် များ ပိတ်သွားလျှင် ဒေသတွင်း ပြည်သူလူထု၏ စားဝတ်နေရေးနှင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲ တွေ့နိုင် သည်ဟု နာဂအဖွဲ့အစည်းများမှ ခေါင်းဆောင်များက ပြောသည်။
နာဂဒေသသည် မြန်မာပြည်မကြီးဘက်မှ သယ်ယူပို့ဆောင်ရေး အလွန်ခက်ခဲပြီး ကုန်ကျစရိတ် ကြီးမားသဖြင့် အိန္ဒိယနိုင်ငံ၏ အာသံနှင့် အရုနာချယ်ပရာဒေ့ရှ် ပြည်နယ်တို့ဘက်မှ ကုန်ပစ္စည်းများကို အဓိက တင်သွင်းလျက်ရှိ သည်။
မြန်မာဘက်ခြမ်းရှိ နာဂဒေသမှ လဟယ်၊ နန်းယွန်းနှင့် ပန်ဆောင် မြို့များသည် အိန္ဒိယဘက်ခြမ်းဖြင့် ကုန်သွယ် ရေးဂိတ်များ ဖွင့်လှစ်၍ ကုန်စည်စီးဆင်းမှုကို အဓိက ပြုလုပ်လျက်ရှိသည်။
နာဂဒေသ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အိန္ဒိယအား မှီခိုနေရသည့်အတွက် အိန္ဒိယလမ်းကိစ္စကို ပြန်လည်ပြီး တရား ဝင် လမ်းကြောင်းများဖြစ်အောင် ဆွေးနွေးသွားမည်ဟု NSCN-K/AM အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

နာဂ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်ကို တွေ့ရစဉ်
၎င်းက “ဒေသဖွံ့ဖြိုးရေးလို့ ပြောတဲ့အခါမှာ အိန္ဒိယကိုပဲ အဓိကမှီခိုတဲ့ အတွက်ကြောင့်မို့လို့ အိန္ဒိယလမ်း ကိစ္စတွေ ကိုပဲ ကျနော်တို့ ပြန်ပြီးတော့မှ ဒါတွေကိုလည်း နိုင်ငံတော်အဆင့် စကားပြောပြီးတော့ ဒါတွေ ကို ပြန်ပြီးတော့မှ အကောင်းဆုံးဖြစ်အောင် တရားဝင် လမ်းကြောင်းတွေဖြစ်အောင် ဆွေးနွေးဖို့ ကျနော် တို့ရှိတယ်ဗျ။ လက်ရှိတော့ အိန္ဒိယလမ်းကြောင်းတွေ ပိတ်လိုက်တဲ့အခါကြတော့ ပြည်သူတွေ ဒုက္ခ ရောက်တာပေါ့။ ဒုက္ခရောက်တယ်ဆိုတာ ကျနော်တို့က လောလောဆယ် အိန္ဒိယဘက်ကပဲ မှီခိုပြီးတော့ မှ ကျနော်တို့ နန်းယွန်း၊ ပန်ဆောင်ပေါ့။ ပန်ဆောင် လမ်း ပိတ်လိုက်တဲ့အခါမှာ နန်းယွန်းနဲ့ ပန်ဆောင်က တော့ တော်တော် ဒုက္ခရောက်နေကြတယ်။ ဒီစားဝတ်နေရေး ကိစ္စတွေက ဒီအိန္ဒိယဘက်ကပဲ အဓိက ကျနော်တို့ မှီခိုပြီးတော့မှ သွားနေတဲ့ လမ်းကြောင်းတွေ ဖြစ်တယ်။ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီကိစ္စ တွေကိုလည်းပဲ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်အောင် ကျနော်တို့က ပေါင်းစပ် ညှိနှိုင်းပြီးတော့မှ ဆွေးနွေးသွားပါလိမ့်မယ်။ လောလောဆယ်ကတော့ လဟယ်မြို့နယ် နာဂလန်း နယ်စပ်ပေါ့။ အဓိက ဒီဟာကိုပဲ ဦးစားပေးပြီးတော့မှ သွားနေကြတယ်။ အဲဒီလမ်းကြောင်းကတော့ လက်ရှိအထိက တော့ အဆင်ပြေတယ်။ ဒါပေမယ့် လမ်းမကောင်းတာကလွဲလို့ပေါ့နော်။ ကုန်သွယ်စီးဆင်းမှုလေးကတော့ ပုံမှန် သွား အဆင်ပြေတယ်ဗျ”ဟု ပြောသည်။
နာဂဒေသနှင့် အိန္ဒိယကို ချိတ်ဆက်သည့် ပန်ဆောင် တောင်ကြားလမ်းကြောင်းသည် အဓိက နယ်စပ် ကုန်သွယ် ရေးလမ်းကြောင်းဖြစ်ပြီး လက်ရှိမှာတော့ ပန်ဆောင်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို အာဏာပိုင်များက ပိတ်လိုက် သည်။
ထို့နောက် မြန်မာပြည်မ ဘက်ကနေ ရေလမ်းကြောင်းဖြစ်သည့် မုံရွာ- ဟုမ္မလင်း- ခန္တီး ရေလမ်းကြောင်းမှာလည်း မြစ်ကြောင်း ကျဉ်းနေခြင်းနှင့် PDF များ စိုးမိုးထားခြင်းကြောင့် သယ်ယူပို့ဆောင်ရန် ခက်ခဲနေ၍ ကုန်စည်စီးဆင်းမှု ပြတ်တောက်လျက်ရှိသည်။
နာဂဒေသတွင် ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး နာဂလန်းကို အားကိုးပြီး ရှင်သန်နေရသည့် အနေအထား ရှိကြောင်း ခန္တီးမြို့နယ် နာဂရိုးရာယဥ်ကျေးမှုဥက္ကဋ္ဌ ဦးရှမ်းမော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပန်ဆောင်ဂိတ် ပိတ်ထားတာက ကျနော်တို့လည်း ကောင်းကောင်းကန်းကန်းကတော့ မသိရသေးဘူးဗျ။ ညှိနှိုင်းနေတယ်လို့တော့ ကျနော်တို့ သိထားရတယ်။ အခု လောလောဆယ်တော့ နာဂလန်းကိုပဲ အားကိုးပြီးမှ ရှင်သန်နေရတဲ့ အနေအထားရှိတယ်။ ဘာလို့ဆို ဆန်၊ ဆီ၊ ဆားကအစ ဓာတ်ဆီ၊ ဒီဇယ်တို့က အစပေါ့နော်။ နာဂလန်း ထဲကနေပဲ တင်သွင်းနေရတာပေါ့ဗျာ”ဟု ပြောသည်။

လဟယ်မြို့နယ်ထဲက နာဂကျေးရွာ တစ်ရွာကို တွေ့ရစဉ်
ယခင် နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) နှင့် အိန္ဒိယစစ်တပ်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခြင်းကြောင့် အိန္ဒိယအစိုးရက နယ်စပ်ဂိတ်များ (ဥပမာ- ပန်ဆောင်ဂိတ်) ကို ပိတ်ပစ်သည့်အခါ နာဂဒေသတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ချက်ချင်း ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။
လက်ရှိ ပန်ဆောင်ဂိတ် ပိတ်လိုက်သည့်အတွက် နန်းယွန်းရှိ ပြည်သူလူထုကမူ အခက်အခဲ အကျပ်အတည်း ဖြစ်သွားနိုင်ပြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ အရမ်းအခက်အခဲ ကြုံတွေ့သွားနိုင်ကြောင်း နာဂအမျိုးသားပါတီ(NNP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမဇိုးလောင်ဝီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကတော့ ဒီနယ်စပ်နဲ့တော့ ချိတ်ဆက်မှုတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ပန်ဆောင်ဂိတ် ပိတ်လိုက်တာနဲ့တော့ ကျနော်တို့ နန်းယွန်းမှာရှိတဲ့ ပြည်သူလူထုကတော့ ဒါအခက်အခဲ အကျပ် အတည်းတော့ ဖြစ်သွားနိုင်တယ်။ ဒါပေမယ့်လည်း ကျနော်တို့ ဒီဘက်မှာရှိတဲ့ လဟယ်ဘက်မှာရှိတဲ့ ဂိတ်တွေက တော့ မပိတ်သေးတဲ့ အခါကြတော့ အကြောင်းအရင်းကတော့ ဂဃနဏတော့ မရှိပါဘူး။ သူတို့ကတော့ ဒီခြံစည်း ရိုး ခတ်မယ်ဆိုတဲ့ပုံစံနဲ့ သွားတာပေါ့။ ကျနော်တို့ကျတော့ ဟိုဘက်မှာလည်း ကိုယ့်နာဂတွေရှိတယ်၊ ဒီဘက်မှာ လည်း ကိုယ့်နာဂတွေရှိတယ်။ အဲဒီ ဂိတ်ကြီးတွေ ပိတ်တယ်၊ ခြံစည်းရိုးတွေ ခတ်လိုက် တယ်ဆိုရင် ကျနော်တို့ ဟိုဘက်နာဂ၊ ဒီဘက်နာဂတွေ ကျနော်တို့ ကူးသန်းဆက်ဆံနေတဲ့ကိစ္စတွေ၊ ကုန်စည် စီးဆင်းမှုတွေကအစ ဒါအရမ်းအခက်အခဲ ဒါကြုံသွားနိုင်တယ်ပေါ့နော်”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင် နယ်စပ်ဂိတ်သည် နယ်မြေမတည်ငြိမ်မှုနှင့် တိုက်ပွဲများကြောင့် အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့၏ အစီအစဉ်ဖြင့် အကန့်အသတ်မရှိ ပိတ်ထားကြောင်း သိရသည်။
