
- By CNI News
- Category: စီးပွားရေး
- Hits: 220
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ပြည်ပအလုပ်အကိုင် ရှာဖွေရေး ပွဲစားနှင့် အေဂျင်စီများသည် စာရွက်စာတမ်း အချက်အလက် အထောက်အထားအတုများဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြဆောင်ရွက်နေကြကြောင်း စိစစ်တွေ့ရှိရခြင်းကြောင့် လုပ်ငန်းဆောင်ရွက်သည့် ပွဲစား/အေဂျင်စီအပြင် လုပ်ငန်းအပ်နှံသည့် အလုပ်သမား ကိုပါ စိစစ်အရေးယူသွားမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပွဲစားများ/ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ဦးစီးဌာနသို့ အလုပ်လုပ်ကိုင်ခွင့် ပါမစ်အတု၊ ပြည်ဝင်ခွင့်ဗီဇာအတု၊ လေဆိပ်အဝင်တုံးအတု၊ အလုပ်ရှင်ခွင့်စာအတု၊ ပြည်ပ အလုပ်အကိုင် လမ်းညွှန်သင်တန်းဆင်းလက်မှတ်အတု၊ ဘွဲ့လက်မှတ် သို့မဟုတ် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်အတု စသည့် စာရွက်စာတမ်း အထောက်အထားအတုများဖြင့် တင်ပြခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးတည်းမှ လက်ရေးမူ တစ်ခုတည်းဖြင့် ရေးသားတင်ပြခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိလျက်ရှိပါသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ပွဲစား/အေဂျင်စီများအနေဖြင့် စာရွက်စာတမ်း အချက်အလက် အထောက်အထားအတုများဖြင့် တင်ပြ ဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက လုပ်ငန်းဆောင်ရွက်သည့် ပွဲစား/အေဂျင်စီအပြင် လုပ်ငန်း အပ်နှံ သည့် အလုပ်သမားကိုပါ လိုအပ်သလို စိစစ်အရေးယူဆောင်ရွက်သွားမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 145
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
မီးလင်းအခေါက်ရွှေအား တစ်ကျပ်သားလျှင် ၂၇ သိန်း ၉ သောင်းကျပ်ဖြင့် ရွှေဆိုင်များနှင့် ရွှေကုန်သည်များ အားလုံး တပြေးညီ ရောင်းချပေးရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဖေဖော်ဝါရီ ၂၂ ရက် တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ သတ်မှတ်ချက်မှာ ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်း ကော်မတီ ၏ လမ်းညွှန်ချက်အရဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ ပြင်ပ ရွှေဈေးနှုန်း ပေါက်ဈေးများ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၈ သိန်း ၆ သောင်းရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 137
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ထိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် လက်ရှိတွင် အသိအမှတ်ပြု အထောက်အထား ကတ်များ စုပြုံ၍ သက်တမ်းတိုးခြင်းများ ပြုလုပ်နေရသောကြောင့် ငွေအကုန်အကျ များပြားလျက်ရှိကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ သက်တမ်းတိုး ပြုလုပ်နေရသည့် အထောက်အထားမှာ အနည်းဆုံး ၃ ခုခန့်ရှိပြီး ပွဲစားများဖြင့် ပြုလုပ် ကြသည့်အခါ အထောက်အထားတစ်ခုအတွက် ဘတ်ငွေ တစ်သောင်းကျော်(မြန်မာငွေ ဆယ်သိန်းကျော်) ပေးရကြောင်း၊ ထို့ကြောင့် သက်တမ်းတိုးပြုလုပ်ရန် ငွေကြေးမတတ်နိုင်သူများမှာ တရားမဝင်လုပ်သားအဖြစ် ခံယူ သွားကြကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က ပြောသည်။
“အများစုက တစ်ယောက်တည်းနေတဲ့ အုပ်စုတွေက နည်းတယ်။ အနည်းဆုံးက မိသားစုတစ်စုမှာ ၃ ယောက် ၄ ယောက်၊ အနည်းဆုံး မိသားစုတစ်စုမှာ လူ ၅ ယောက်ရှိတယ်။ ၅ ယောက်လောက်ရှိတဲ့အခါကျတော့ အလုပ်သမား တစ်ယောက်ဟာ လက်မှတ် သက်တမ်းတိုးဖို့အတွက် တစ်ယောက်ကို တစ်သောင်းခွဲ (ဘတ်ငွေ) လောက်ရှိတဲ့အခါကျတော့ လူဦးရေ ၅ ယောက်လောက် လုပ်ဖို့ဟာက မတတ်နိုင်ဘူး။ မတတ်နိုင်တဲ့အခါကျ တော့ ကိုယ့်မိသားစုထဲမှာ ဦးစားပေး အနေနဲ့ အလုပ်လုပ်နိုင်တဲ့လူကိုပဲ ဦးစားပေးပြီးမှာ လုပ်ရတဲ့ အနေအထား မျိုးရှိတယ်။ လူတိုင်းမှာတော့ တရားဝင်ဖို့အတွက်နည်းလမ်းကို ရွေးချယ်ချင်တယ်။ သို့သော်လည်း လူ တစ်ယောက်တည်းမှာက တစ်ယောက်တည်းနေတာ မဟုတ်တဲ့အခါ ကျတော့ တပိုင်းမှာလည်း မြန်မာနိုင်ငံကို ပိုက်ဆံပို့ရမယ်၊ တပိုင်းမှာလည်း မိသားစုနဲ့နေတဲ့အခါကျတော့ အတတ်နိုင်ဆုံးကတော့ ကိုယ့်မိသားစုထဲမှာ အရေးပါတဲ့လူကိုပဲ လုပ်တာကို တွေ့ရတယ်။ ကျန်တဲ့ ၄ ယောက်၊ ၃ ယောက်က လက်မှတ်မလုပ်ပဲ ကိုယ့်အိမ့်မှာ ကိုယ်ပဲနေဆိုပြီး ရတဲ့အလုပ်ကို လုပ်တာတွေ့ရတယ်။ အစိုးရတွေကတော့ ဒီအလုပ်သမားတွေကို တရားဝင်ဖို့ ဆိုပြီးလုပ်ကြတယ်လေ။ ဘယ်လိုပုံစံမျိုးပဲ ထုတ်ပေးထုတ်ပေး သူ့ရဲ့ လုပ်ဆောင်ချက် လုပ်ငန်းစဉ်တွေ ကြည့်မယ်ဆိုရင် ကုန်ကျစရိတ်တွေများတယ်၊ လုပ်ဖို့ လုပ်ငန်းစဉ်တွေက ရှုပ်ထွေးတယ်၊ ပွဲစားတွေကို အားကိုး ရတဲ့အခါကျတော့ တရားဝင်ဖို့ လုပ်ရင်းလုပ်ရင်းနဲ့ တရားမဝင်တဲ့ပုံစံမျိုး ဖြစ်ပွားတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ ရည်ရွယ်ချက် မှားသွားတာပေါ့” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံရှိ မည်သူမည်ဝါ သက်သေခံ လက်မှတ်(Certificates of Identity-CI) ပြုလုပ်ရာနေရာ
လက်ရှိတွင် ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံကူးလက်မှတ် အပါအဝင် အလုပ်လုပ်ကိုင်ခွင့် Work permit၊ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ပန်းရောင်ကတ်)၊ မည်သူမည်ဝါ သက်သေခံ လက်မှတ်(Certificates of Identity-CI) အစရှိသည်များအား သက်တမ်းတိုး လုပ်ဆောင်နေရခြင်းဖြစ်သည်။
မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံသားများ မလုပ်ကိုင်ကြသည့် အလုပ်အကိုင်များကိုသာ လုပ်ကိုင်နေရခြင်းဖြစ်ပြီး တစ်ရက် အခြေခံလုပ်ခလစာမှာ အနည်းဆုံး ဘတ်ငွေ ၃၂၀ (မြန်မာငွေ သုံးသောင်း ဝန်းကျင်) သာ ရရှိကြခြင်းဖြစ်သည်။
အထောက်အထားတစ်ခု သက်တမ်းတိုးပြုလုပ်ရာတွင် ကုန်ကျသည့်စရိတ်နှင့် မြန်မာလုပ်သားများ၏ လုပ်ခ လစာမှာ အင်မတန်ခြားနားကြောင်းနှင့် အမှန်တကယ် အကျိုးအမြတ်ရသွားသူများမှာ အစိုးရနှင့်ပွဲစားများသာ ဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ထိုင်းနိုင်ငံရှိ အသိအမှတ်ပြု အထောက်အထားကတ် ပြုလုပ်ရာ နေရာတစ်ခု
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဘယ်လိုမြင်ရလဲဆိုရင် ပွဲစားတွေက အရင်တုန်းကဆိုရင် Work permit လုပ်ပေးတဲ့ပွဲစား၊ visa လုပ်ပေးတဲ့ပွဲစား၊ ဒါမှမဟုတ် စာရင်းတင်တာပဲဖြစ်ဖြစ် အဲဒါမျိုးတွေရှိတယ်။ အခုကျတော့ အဲဒါမျိုးတွေမဟုတ်တော့ဘူး။ ဘယ်လိုလုပ်ထားလဲဆိုတော့ ပွဲစားတွေက သူတို့က တစ်ခါတည်း ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီးရိုက်တာပေါ့ မြန်မာလိုပြောရရင်။ တခါတည်း package ယူထားတာ။ အဲဒီတော့ သဘောက ကျနော်က ပွဲစားတစ်ယောက်နဲ့သွားပြီး ကျနော့်ကိုတော့ Work permit ရအောင်လုပ်ပေး visa ကျနော့်ဘာသာကျနော်လုပ်မယ် အဲဒါမျိုး မရတော့ဘူး။ အရင်တုန်းကဆို အဲဒါမျိုးရတယ်။ အခုဆိုရင် အဲဒီလို မဟုတ်တော့ဘူး။ တစ်ခါတည်း အဲဒီပွဲစားရယ် ဌာနဆိုင်ရာနဲ့ တစ်ခါတည်း ပေါင်းပြီးတော့ စားထားတာ။ ပွဲစားနဲ့ လုပ်စေချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပွဲစားနဲ့ မလုပ်ရင်လည်း တော်တော်ကို မလွယ်တာ။ တချို့ကိစ္စတွေ မှာဆို မြင်ရသလောက် အလုပ်ရှင် ကိုယ်တိုင်က သွားပြီးတော့ လုပ်တာတောင်မှပဲ အခက်အခဲတွေဖြစ်ရတယ်။ ဟိုစာရွက်လိုတယ်၊ ဒီစာရွက် လိုတယ်ပေါ့” ဟု ပြောသည်။
အထောက်အထားသက်တမ်းတိုး လုပ်ငန်းစဉ်များသည် ရွှေ့ပြောင်းလုပ်သားများထက် ပွဲစားများ၏ အကျိုးစီးပွား အတွက်သာ အဓိကရည်ရွယ်ထားသောကြောင့် ရွှေ့ပြောင်းလုပ်သားများသာမက အချို့လုပ်ငန်းရှင်များမှာလည်း ပွဲစားများဖြင့်သာ လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီရှိပြီး တရားဝင် အထောက် အထားများဖြင့် နေထိုင်လုပ်ကိုင်သူနှင့် တရားမဝင်နေထိုင်လုပ်ကိုင်သူတို့၏ ရပိုင်ခွင့် ခံစားခွင့်များမှာ မတူညီ သဖြင့် လက်ရှိ သက်တမ်းတိုးကာလ၌ မိမိတို့၏ အထောက်အထားများအား သက်တမ်းတိုး ပြုလုပ် ထားကြရန် လည်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက တိုက်တွန်းသည်။
- By CNI
- Category: စီးပွားရေး
- Hits: 154
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
နစကမှ အကယ်ဒမီ မီးလင်းအခေါက်ရွှေ ၁ ကျပ်သားလျှင် ၂၇ သိန်း ၉ သောင်းကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ခဲ့ သော်လည်း ရွှေဆိုင်များတွင် ဈေးနှုန်းများမြင့်တက်နေဆဲ ဖြစ်ကြောင်း ရွှေဈေးကွက် လေ့လာသူများထံမှ သိရ သည်။
နစက၏ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ရွှေဆိုင်များနှင့် ရွှေကုန်သည်များ အကယ်ဒမီ မီးလင်းအခေါက်ရွှေ ၁ ကျပ်သားလျှင် ၂၇ သိန်း ၉ သောင်းကျပ်(၂,၇၉၀,၀၀၀ ကျပ်) ဖြင့် တပြေးညီ ရောင်းချကြရန် သတ်မှတ်ခဲ့သော်လည်း ရွှေဆိုင်များတွင် အမှန်တကယ် ရောင်းချနေသည့် ဈေးနှုန်း သည့် ကျပ် ၂၈ သိန်းအထက်တွင် ရှိနေဆဲဖြစ်ကြောင်း ရွှေဈေးကွက် လေ့လာသူများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ အကယ်ဒမီ မီးလင်း အခေါက်ရွှေ ရည်ညွှန်းဈေးနှုန်းသည် ၁ ကျပ်သားလျှင် ၂,၁၅၄,၈၀၀ ကျပ်ဟု ဖော်ပြထားသော်လည်း ရွှေဆိုင်များမှ ရောင်းချသည့် ဈေးနှုန်းသည် ၁ ကျပ်သား ၂,၈၅၇,၀၀၀ ကျပ် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။
ရွှေရောင်းဘောင်ချာ ဈေးနှုန်းကိုတွေ့ရစဉ်
လက်ရှိတွင် ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပါးနေကြောင်း၊ ရွှေဈေးနှုန်းကို ရွှေအသင်းများအနေဖြင့် ထိန်းချုပ်၍ မရကြောင်း၊ ထိန်းညှိ၍သာ ရသည်ဟု ရွှေဈေးကွက် လေ့လာသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သတ်မှတ်လိုက်တာ ရွှေဈေးကွက်အပေါ် ဘယ်လိုသက်ရောက်မှု ရှိလဲဆိုတော့ အရောင်းအဝယ် ပါးသွား တာပဲ အဖက်တင်ပါတယ်။ တကယ်တမ်းကျတော့ အလုပ်မဖြစ်ပါဘူး။ အရင် လုပ်ထုံးလုပ်နည်း အတိုင်းပဲ ဘောင်ချာမှာ တစ်ဈေး၊ ဘောင်ချာမှာ ၂ ဈေး ဖြစ်သွားမှာပေါ့လေ။ အောက်မှာ ပုံစံတစ်မျိုးရေးမယ်၊ ဘောင်ချာမှာ တစ်မျိုးရေးမယ်နဲ့ သွားတာ။ ရောင်းလို့မရဘူးလေ။ ရွှေဆိုင်တွေက အဲလိုသွားလုပ်တော့ မွဲသွားမှာပေါ့။ အဲဒီအခါ ကျတော့ အဓိကကတော့ သူ့ဟာသူ ဘယ်လို သတ်မှတ်သတ်မှတ် မရဘူး ထိန်းလို့မရဘူး။ ဒါသည် ဆိုင်ရဲ့ ဈေးကွက်တစ်ခု ဖြစ်တဲ့အတွက် သူ့ဟာသူ ဘာလို့လဲဆိုတော့ အနေအထားတစ်ခုကို ဟန့်သွားအောင်ပဲ လုပ်လို့ရ မယ်။ လွယ်လွယ်ကူကူနဲ့ ဝင်ပြီး ထိန်းချုပ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ ရွှေအသင်းဆိုတာကလည်း အသင်းတစ်ခု မှန် ပေမယ့် အရမ်းကြီး အာဏာစက် သက်ရောက်တဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူးလေ။ ရွှေအသင်းဆိုတာ မှန်ပေမယ့် တကယ့်တကယ် အရောင်းအဝယ် လုပ်တဲ့သူတွေအပေါ်မှာပဲ မူတည်တာ။ သူတို့က ထိန်းညှိပေးရုံ လောက်ပဲ ရမှာ ထိန်းချုပ်လို့ မရဘူး။ ၂၈ သိန်း ၅ သောင်းခွဲမှာပဲ ငြိမ်နေတာပေါ့လေ အခုလောလောဆယ် ကတော့” ဟု ပြောသည်။
ရွှေဈေးနှုန်းကို ၂,၇၉၀.၀၀၀ ကျပ်ဖြင့် ရောင်းချကြရန် သတ်မှတ်လိုက်ခြင်းကြောင့် ရွှေဝယ်သူများ အနေဖြင့် ဈေးကွက်ကို စောင့်ကြည့်လာနိုင်ကြောင်း၊ ထို့နောက် ရွှေဝယ်ယူမှုများ လျော့နည်းသွားမည်ဖြစ်သည့်အတွက် ရွှေဈေးနှုန်းများ ကျဆင်းသွားနိုင်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ရွှေရောင်းချနေစဉ်(Reuters)
၎င်းက “၂၇ သိန်း ၉ သောင်း ဆိုတာက အဲဒါတော့ အဲဒီလောက်ကို သူတို့က ဖြစ်နိုင်အောင် လုပ်ပေးပါဆိုတော့ ရွှေဈေးကို လာပြီးတော့ ဝယ်တဲ့သူတွေဆိုရင်လည်း ဒီဈေးဆိုတော့ အပေါ်မှာဆိုရင်တော့ သူတို့လည်း မဝယ်ဘူး ပေါ့။ အဝယ်လည်း နည်းသွားမှာပေါ့။ အဝယ်နည်းတယ်ဆိုလည်း မရောင်းရဘူး။ မရောင်းရဘူးဆိုရင် ရွှေဈေး ပြန် အေးသွားမှာပေါ့ ဒီလိုမျိုး တွက်တာပေါ့။ အရောင်းအဝယ် အဝယ်လိုက်နေရင်တော့ ရွှေဈေးက ဟိုဟာဖြစ်တာပဲ လေ။ အဝယ်လိုက် နေရင်တော့ ရွှေဈေးက မကျဘူးပေါ့လေ။ အဝယ်ကိုတော့ သူက ဒီဈေးနဲ့ ဖြစ်အောင်လုပ်ပါဆို တော့ ကျော်ပြီးတော့ မရောင်းရဲတာတွေ ရှိတယ်။ တချို့ကျတော့လည်း မဝယ်ရဲတာ ရှိတယ်။ ရွှေဈေးက ဒီလောက်ဖြစ်နေတယ် ခင်ဗျားတို့ ပြောတာကြီးက လွဲနေတယ် သူသူကိုယ်ကိုယ်ပဲလေ။ ဒီဈေးဖြစ်အောင် စောင့်ကြည့်မယ်ဆိုတော့ စောင့်ရင်း စောင့်ရင်းနဲ့ မရောင်းရဘူးဆိုရင် ဈေးက ကျသွားမှာပဲပေါ့” ဟု ပြောသည်။
ပြည်တွင်း ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြည်တွင်း ဒေါ်လာပေါက်ဈေးအပေါ် မူတည်ပြီး တွက်ချက်ကြ သည့်အတွက် ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး လုပ်ဆောင်၍ မရကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြည်တွင်းဒေါ်လာ ဈေး အတက်အကျပေါ် မူတည်ပြီး ပြည်တွင်း ရွှေဈေးနှုန်းလည်း အပြောင်းအလဲ ဖြစ်သွားမည်ဟု ရွှေဈေးကွက် လေ့လာသူများက ပြောသည်။
လက်ရှိတွင် သတ်မှတ်ထားသည့် ရွှေဈေး တစ်ကျပ်သား ၂၇ သိန်း ၉ သောင်းကျပ်ဖြင့် ရွှေဆိုင်များက ဘောင်ချာ ဖွင့်သော်လည်း အမှန်တကယ် ငွေပေးချေရသည့် ဈေးသည် ကျပ် ၂၈ သိန်းအထက်တွင် တည်ရှိနေကြောင်း ရန်ကုန် ရွှေဈေးကွက်အတွင်း တွေ့ရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 118
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
ပြည်တွင်းမှ ထွက်ရှိသည့် မျှစ်ခြောက်ကို ပြည်ပသို့ တင်ပို့ရာတွင် ဝယ်လိုအား ကောင်းလာသော်လည်း ပြည်တွင်း၌ သဘာဝမျှစ်အစို ဝယ်ယူစုဆောင်းရန် အခက်အခဲများရှိနေကြောင်း ပြည်ပသို့ မျှစ်ခြောက်တင်ပို့နေသူများထံမှ သိရသည်။
ဂျပန်နိုင်ငံမှ တစ်နှစ်လျှင် မျှစ်ခြောက်တန်ချိန် ၂၀၀ ခန့် အမှာစာရှိသော်လည်း မြန်မာနိုင်ငံမှ တင်ပို့နိုင်မှုသည် ၇ တန်ခန့်သာ ရှိသေးကြောင်း မျှစ်ခြောက်တင်ပို့သူများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် မျှစ်ထုတ်လုပ်ရန်အတွက် ဝါးကို စိုက်ပျိုးမှု နည်းပါးခြင်းနှင့် သဘာဝ ဝါးတောကိုသာ မှီခိုနေကြ ခြင်းကြောင့် မျှစ်ခြောက် ပြုလုပ်ရန်အတွက် အခက်အခဲ ရှိနေသည်ဟု NRD Company ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းခင်အုန်းက CNI သတင်းဌာနသို့ ပြောသည်။
မျှစ်အခြေခံ လုပ်ငန်းဆိုင်ရာ သင်တန်းတစ်ခုကိုတွေ့ရစဉ်
၎င်းက “အမှာစာကတော့ များတယ်ပေါ့နော်။ တစ်နှစ်ကို တန်ချိန် ၂၀၀ လောက်ရှိတယ်။ တကယ်တမ်း ကျမတင်ပို့ နိုင်တာက တန်ချိန် ၇ တန်တောင် မပြည့်ဘူးပေါ့နော်။ အဲလိုအနေအထား ရှိပါတယ်။ အဓိကကတော့ ကျမတို့ မျှစ်ကုန်ကြမ်း ဝယ်ယူဖို့ အဆင်မပြေတာပေါ့နော်။ အခု မျှစ်က ဘာလို့ မရလဲဆိုတာ အဓိက ကျမတို့က Export လည်း ဖြစ်တယ်။ ကျမတို့က မျှစ်ချိုကို ဝယ်တဲ့ အနေအထားပေါ့နော်။ တကယ်တမ်း ကျမတို့ မျှစ်ဝယ်တဲ့ ကာလ က အရမ်းတိုတယ်။ တကယ်တမ်း ကုန်ကြမ်းဝယ်ယူ စုဆောင်းတဲ့ကာလက ၂ လလောက်ပဲ ရှိတာ။ ၂ လ၊ ၂ လခွဲ ပေါ့ အလွန်ဆုံး ၂ လခွဲပဲ။ အဲဒီ ၂ လခွဲအတွင်းမှာ ကျမတို့က မျှစ်ကို လိုသလောက် စုဆောင်းနိုင်မှ ရမယ်။ မစု ဆောင်းနိုင်ဘူးဆိုရင် ကျမတို့အတွက် အဆင်မပြေဘူး။ အဲလိုမျိုး အနေအထားပေါ့နော်။ တကယ်တမ်း ကျမတို့ ဒီဒေသမှာတော့ မျှစ်အစုံကို အရမ်းချိုးကြတယ်။ သဘာဝဝါးတောကိုပဲ မှီခိုနေတယ်။ စိုက်ခင်းဘက်ကို မသွားဘူး။ ကျမကတော့ စိုက်ခင်းဘက်ကိုလည်း သွားတယ်။ စိုက်ခင်းသွားတဲ့ နေရာမှာလည်း ဒီအတိုင်းသွားတာ မဟုတ်ဘဲ သဘာဝဝါးတောနဲ့ မျှစ်ကို ထိန်းသိမ်းတဲ့ ပုံစံပေါ့နော်၊ သစ်တောက ပညာရှင်တွေနဲ့ ကျမ လက်တွဲတယ်။ အဓိက ဝါးတောတွေကို ခုတ်ခုတ်ရင်းနဲ့ပဲ တောတွေက တဖြည်းဖြည်းနဲ့ ဝေးသွားတယ်။ မျှစ်က ရရှိမှု နည်းသွားတယ် အဲဒီ လိုမျိုး အနေအထားတွေကြောင့် ကျမတို့က မျှစ်သိပ် မရရှိဘူးပေါ့နော်၊ ဒါက လက်ရှိ ကျမကြုံနေရတဲ့ အခက်အခဲ တွေ ပေါ့နော်” ဟု ပြောသည်။
မျှစ်ခြောက်သည် ဈေးကွက်လိုအပ်ချက် အများအပြား ရှိနေသည့်အတွက် မျှစ်ခြောက်ပြုလုပ်သည့် နည်းပညာကို အများသိရှိနားလည်ရန် ကုမ္ပဏီအနေဖြင့် သင်တန်းများလည်း ပို့ချပေးနေကြောင်း ဒေါ်နန်းခင်အုန်းက ဆက်ပြော သည်။
ထို့နောက် မျှစ်ခြောက် ထုတ်လုပ်ရန်အတွက် အဓိက အရေးပါနေသည့် ဝါးတောများကို ထိန်းသိမ်းရန် လုပ်ငန်းရှင် များ၊ ပြည်သူများ၊ ပညာရှင်များနှင့် နိုင်ငံတော်အစိုးရမှလည်း ပါဝင်ကူညီသင့်ကြောင်း၊ လုပ်ငန်းရှင်မှ စိုက်ပျိုးထား သည့် ဝါးစိုက်ခင်း တစ်ခုတွင်သာ မျှစ်ကို ထုတ်ယူမည်ဆိုပါက လိုအပ်သည့် ကုန်ကြမ်းပမာဏ ပြည့်မှီရန် နှစ်ပေါင်း များစွာ စောင့်ဆိုင်းရမည်ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
ဝါးပင် အပေါက်လေးများကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ ကြိုးစားနေတယ်ပေါ့။ ကြိုးစားနေတယ်ဆိုပေမယ့် လုပ်ငန်းရှင်ချည်းပဲ မရပါဘူး။ ဒီလုပ်ငန်း ကတော့ ပြည်သူလူထုလည်း ပါရမယ်။ အစိုးရလည်း ပါရမယ်၊ ကျနော်တို့ လုပ်ငန်းရှင်လည်း ပါရမယ်။ တတ် ကျွမ်းတဲ့ ပညာရှင်တွေလည်း ပါရမယ်။ အချိုးညီညီနဲ့ ချီတက်သွားရင်တော့ ကျနော်တို့ ၂ နှစ်၊ ၃ နှစ်နဲ့ ဖြစ်နိုင် ပါတယ်။ ပြည်သူတွေကလည်း မပါဘူး၊ အစိုးရလည်း မပါဘူးဆိုရင်တော့ ကိုယ့်စိုက်ခင်းကနေ ကိုယ်ထုတ်မယ် ဆိုရင်တော့ လိုအပ်တဲ့ ကုန်ကြမ်း ရရှိရေးကတော့ နှစ် ၂၅၊ ၃၀ လောက်တော့ စောင့်ရလိမ့်မယ်လို့ မှန်းထားတယ်” ဟု ပြောသည်။
မျှစ်ခြောက်တင်ပို့မှု မြင့်တက်လာစေရေးအတွက် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မြန်မာနိုင်ငံ မျှစ်လုပ်ငန်း အစုအဖွဲ့၊ ဂျပန်-မြန်မာအခြေစိုက် ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်မှ စတင်ကာ မျှစ်ခြောက် ထုတ်လုပ်နည်း သင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် မျှစ်ခြောက်ကို ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချနေရာ မျှစ်ခြောက်ပမာဏများ စွာ ထုတ်လုပ်နိုင်ရန် လိုအပ်နေဆဲဖြစ်သဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မျှစ်လုပ်ငန်းကို နေပြည်တော်အတွင်းရှိ မြို့နယ်များ၌ အဓိကထား လုပ်ကိုင်ကြပြီး မျှစ်ခြောက် တစ်ပိဿာလျှင် ၂ သောင်းကျပ်နှုန်းဖြင့် ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 168
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရာ ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ဂိတ်တွင် ယနေ့(ဖေဖော်ဝါရီ ၁၈ ရက်)မှ စတင်၍ အစားထိုး ယာဉ်မောင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီး မြန်မာယာဉ်မောင်း များကို တရုတ်နိုင်ငံ၊ ဝမ်တိန်သို့ ဝင်ရောက်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၈ ရက် နေ့ရက်စွဲဖြင့် တရုတ်နိုင်ငံဘက်မှ တရားဝင် ထုတ်ပြန်လာပြီး မြန်မာယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦး ဝင်ခွင့်ပြုထားခြင်း ဖြစ်သည်ဟု ကျင်စန်းကျော့ဂိတ်မှူး တစ်ဦးဖြစ်သူ ကိုကျော်အောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရှန်တိန်စနစ်က ၁၀၅ မိုင်ကနေ ကျင်စန်းကျော့ကတော့ ဖျက်လိုက်ပြီ။ စာထွက်ထားတာက တရားဝင် စာထွက်ထားတာတော့ ၁၈ ရက်နေ့ကျရင် မြန်မာကားက ၁ ယောက်နဲ့ ၂ ယောက်နဲ့ တရုတ်ပြည်ဘက်ကို စာအုပ်နဲ့ ပေးဝင်မယ်ဆိုတဲ့ဟာတော့ တရားဝင် ထွက်ထားတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို စာအုပ်နဲ့ တရုတ် ပြည် ဝမ်တိန်ဘက်ခြမ်းကို ဝင်ခွင့်ပေးမယ်လို့ ပြောထားတယ်” ဟု ပြောသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်ကားများကိုတွေ့ရစဉ်
လက်ရှိတွင် တရုတ်နိုင်ငံ နယ်ခြားဖြတ်ကျော်ခွင့် (Border Pass – BP) စာအုပ် အနီကို မူဆယ်မြို့နယ် အိမ်ထောင် စု ရှိသူများကိုသာ ထုတ်ပေးသည့်အတွက် တခြားပြည်နယ်များနှင့်မြို့များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များ အနေဖြင့် ဝင်၍ မရသေးကြောင်း သိရသည်။
လက်ရှိတွင် မူဆယ်ယာဉ်မောင်းများသာ မောင်းနှင်၍ ရသည့်အတွက် တခြားဒေသမှ လာသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယုံကြည်သည့် မူဆယ်ယာဉ်မောင်းများဖြင့် မိမိကားကို မောင်းနှင်စေ၍ ရကြောင်း သိရသည်။
ထို့ကြောင့် မြန်မာယာဉ်မောင်းများ တရုတ်နိုင်ငံသို့ ကိုယ်တိုင်မောင်းနှင် ဝင်ရောက်၍ ရသွားသည့်အတွက် ကုန်ကားချိန်းသည့် စရိတ်နှင့် အလုပ်သမားစရိတ်များ သက်သာသွားမည် ဖြစ်သည်ဟု မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်ကားတစ်စီးကိုတွေ့ရစဉ်
၎င်းက “အရင်တုန်းက ကိုယ့်ကားတွေကို စိတ်မချလို့ တရုတ်အစားထိုး ယာဉ်မောင်းတွေနဲ့ မထည့်ပေးရဲဘူး။ အခု ကျတော့ ကိုယ့်လူ ဒရိုင်ဘာကို ကိုယ်ကိုယ်တိုင် စာအုပ်မရှိလို့ မမောင်းနိုင်ပေမယ့်လည်း စာအုပ်အနီရှိတဲ့ မူဆယ် ဒရိုင်ဘာတွေ ရှိတယ်။ မူဆယ် ဒရိုင်ဘာတွေကို ကိုယ့်ကားကို ထည့်ပြီး အပ်လိုက်မယ်ဆိုရင် ဒီကားက အရင်တုန်း က အစားထိုး ယာဉ်မောင်း စနစ်ရှိတော့ ကားတွေကို တရုတ်ပြည်ထဲကို မထည့်နိုင်ဘူး ဒီထဲမှာပဲ ချိန်းတယ်။ အကုန်အကျ များတယ် ကားချိန်းခတွေက။ အခုက တရုတ်ပြည်ထဲကို တိုက်ရိုက် မောင်းနှင်လို့ရတော့ ကားချိန်းခ တွေ အလုပ်သမားစရိတ်တွေ လျော့နည်းသွားတာကို တွေ့ရှိရတယ်။ ဒီအတွက် အများကြီး အကျိုးရှိသလို မြန် လည်း မြန်မယ်။ သွက်လက်မှုတွေ ပိုဖြစ်လာမှာပေါ့။ ဒီလိုပုံဆို ဖြေလျှော့မှုတွေ လုပ်လာပြီဆိုရင်တော့ နယ်စပ်ကုန် သွယ်ရေးကတော့ တဖြည်းဖြည်း တိုးတက်လာမယ်လို့ အန်ကယ်ကတော့ ရှုမြင်မိပါတယ်” ဟု ပြောသည်။
ကိုဗစ်ကာလ မတိုင်ခင်တွင် မူဆယ်နယ်စပ် ကုန်သွယ်ရေး၌ မြန်မာယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁ ဦးစီ တရုတ်နိုင်ငံအတွင်းသို့ ပုံမှန်ဝင်ခွင့် ပြုခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ယာဉ်များကို ဝင်ရောက်ခွင့် ကန့်သတ်ခဲ့သည်။
ထို့နောက် တရုတ်အစားထိုး ယာဉ်မောင်းများဖြင့်သာ ဝင်ရောက်ခွင့် ပြုခဲ့သည်။
လက်ရှိတွင် မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ဂိတ်၊ ချင်းရွှေဟော်ဂိတ်၊ ကန်ပိုက်တီဂိတ် စသည့် မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေးဂိတ်ပေါက် အားလုံးတွင် အစားထိုးယာဉ်မောင်းစနစ် ကင်းရှင်းသွားပြီ ဖြစ်သည့်အတွက် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးသည် ကုန်ကျစရိတ်များ ပိုမိုသက်သာလာမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေး လုပ်ငန်းများလည်း မြန်ဆန်လာမည် ဖြစ်သည်ဟု နယ်စပ်ကုန်သည်များက သုံးသပ်နေကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 119
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်များအား ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း လုံခြုံရေးနှင့် ဒေသတွင်း တည်ငြိမ်မှသာ ထိုနယ်စပ်ဂိတ်များမှတဆင့် မြန်မာနိုင်ငံထဲသို့ ထိုင်းခရီးသွားများ ဝင်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။
ယခင်က ကိုဗစ်မတိုင်ခင် ကာလ၌ မြန်မာ-ထိုင်းနယ်စပ် ဂိတ်ပေါက်များကနေ ထိုင်းခရီးသွား ဝင်ရောက်မှု အများ အပြား ရှိခဲ့သော်လည်း လက်ရှိတွင် ထိုင်းခရီးသွားများ အနေဖြင့် နယ်စပ်ဂိတ်ပေါက်များမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန်မှာ အဆင်မပြေသေးကြောင်းလည်း ၎င်းက ပြောသည်။
ထိုင်းခရီးသွားများ တာချီလိတ်မြို့မှာတွေ့ရစဉ်
ဦးနောင်းနောင်းဟန်က “ထိုင်းခရီးသွားတွေက ဒီနယ်စပ်ဂိတ်ကနေ ဝင်လာဖို့ လောလောဆယ်တော့ အဆင်မပြေ သေးဘူး။ အဓိကက လုံခြုံရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးက ပိုပြီး အရေးကြီးနေတာ ပေါ့နော်။ ဒီမှာ ပဋိပက္ခ ဖြစ် တယ်ဆိုရင် အဆင်မပြေဘူးလေ။ သူတို့ဘက် အခြမ်းကလည်း သိတော့ အဲဒီဘက်လမ်းကတော့ အများကြီး ဝင်လာဖို့ မရှိပါဘူး။ ဒါပေမယ့် ကုန်သွယ်ရေးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ပိုကောင်းသွားတာပေါ့။ အဓိကက နောက်ပိုင်း ဒီလုံခြုံရေးတွေဘာတွေ အဆင်ပြေသွားတယ်၊ ဒေသတွင်း တည်ငြိမ်မှုတွေ ရှိလာရင်တော့ အဲဒီလမ်း ကနေ အများကြီး ဝင်လာဖို့တော့ ရှိပါတယ်။ အခုလောလောဆယ်ကတော့ လေကြောင်းလိုင်းကနေပဲ ဝင်ရောက် မှု ရှိနေပါသေးတယ်။ နယ်စပ်ကနေပြီး ဝင်ရောက်လာတဲ့အခါမှာ ကျနော်တို့ မြန်မာပြည်ဘက်က ကားတွေနဲ့ သွားတာမျိုးရှိသလို ထိုင်းနိုင်ငံရဲ့ မှတ်ပုံတင်ထားတဲ့ ကားတွေနဲ့ ဝင်ရောက်မှုတွေကအစ ရှိခဲ့ပါတယ်။ ဒီကိုဗစ် မတိုင်ခင်ကပေါ့နော်။ နယ်စပ်တွေမပိတ်ခင် အဲဒီအထိအောင် တောက်လျှောက် ဝင်ရောက်မှုတွေ ရှိပါတယ်။ သူ့ ကား သူမောင်းပြီးတော့ ဝင်လာတဲ့ဟာမျိုးတွေလည်း တော်တော်များပါတယ်။ နယ်စပ်ကနေ ဝင်လာပြီးရင် မြဝတီ ဘက်ကနေ တဆင့် ဘားအံပေါ့နော် အဲဒီကနေ ကျိုက်ထီးရိုးဘုရား အထိအောင် လည်ပတ်တာတွေ ရှိပါတယ်။ နောက်တစ်ခါ တစ်ဘက်နိုင်ငံကနေ အုပ်စုလိုက် လာတဲ့ဟာကို ကိုယ့်နိုင်ငံကနေ bus နဲ့ သွားခေါ် ပြီးတော့ လည်ပတ်တာတွေ ရှိပါတယ် နယ်စပ်ကနေလေ။ အဲဒါအများကြီး ရှိခဲ့ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်များအား ကိုဗစ်ကြောင့် ၃ နှစ်နီးပါး ပိတ်ထားရာတွင် လူအဝင်အထွက် အများဆုံး အသုံးပြုသည့် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတား၊ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်၊ တာချီလိတ်-မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေး တံတားတို့အား လက်ရှိတွင် ပြန်လည် ဖွင့်လှစ်ထားပြီးဖြစ်သည်။
ထိုင်းခရီးသွားများကို ဗိုလ်တထောင်ဘုရားမှာ တွေ့ရစဉ်
ထိုသို့ နှစ်နိုင်ငံ နယ်စပ်ဂိတ်တံတားများ ပြန်ဖွင့်လိုက်ခြင်းသည် စီးပွားရေးအရ ကြည့်မည်ဆိုပါက ကောင်းမွန်သည့် ရလဒ်တစ်ခုဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
သို့သော် လုံခြုံရေးစိုးရိမ်မှုကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ထိုနယ်စပ်တံတားများမှ အလုံး အရင်းဖြင့် ပြန်လည် ဝင်ရောက်လာခြင်းမျိုး မရှိသည့် အနေအထား၌ ထိုင်းခရီးသွားများ ဝင်ရောက်လာရန်မှာ မဖြစ်နိုင်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း မဲဆောက်တွင် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ကရင်ပြည်နယ်မှာက စစ်ဇုန်လိုဖြစ်နေတာဖြစ်တဲ့အတွက် နေ့တိုင်းလိုလိုပဲ တိုက်ပွဲအကြီးကြီး မဖြစ်ရင်တောင် အမြဲတမ်း သေနတ်အသံတွေ၊ ဗုံးအသံတွေက ရှိနေတာဖြစ်တဲ့အတွက် ထိုင်းပဲဖြစ်ဖြစ်၊ မြန်မာပဲ ဖြစ်ဖြစ်ပေါ့ နယ်စပ်တံတားတွေဖွင့်လို့ မြန်မာဘက်ကို သွားမယ်ဆိုရင်တော့ အားလုံးကတော့ ကိုယ့် လုံခြုံရေးကို သတိထားဖို့ လိုအပ်တာရယ်၊ နောက်ပြီးတော့ ထိုင်းနိုင်ငံသားတွေအတွက် အထူး စဉ်းစားစရာတွေ ဖြစ်နေတယ် ပေါ့။ မြန်မာအစိုးရက ထိုင်းခရီးသွားတွေ မြန်မာထဲကို ဝင်ဖို့အတွက် လုပ်ဆောင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နယ်စပ်ဂိတ်တွေ ဖွင့်တယ်ဆိုရင်တောင်မှ သူတို့ လုံခြုံရေးကိုတော့ သူတို့က စိတ်မချရတဲ့ အခြေအနေမှာ ဖြစ်နေ တာ အာဏာပိုင်တွေကပေါ့။ အဲဒီတော့ တစ်ဖက်နိုင်ငံက Tourist အဖြစ်နဲ့ သော်လည်းကောင်း၊ ကုန်သည်တွေ သော်လည်းကောင်းပေါ့ မြန်မာနိုင်ငံ နယ်စပ်မြို့ထဲကို ဝင်ဖို့ဆိုတာက သူတို့လုံခြုံရေးကို သူတို့ စိတ်ချမှာ မဟုတ် ဘူး” ဟု ပြောသည်။
ထိုင်းခရီးသွားများကို ရွှေတိဂုံဘုရားမှာတွေ့ရစဉ်
လက်ရှိတွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု၌ ထိုင်းနိုင်ငံသား ခရီးသွားများသည် လူ ၁၀ ဦးခန့် ပါဝင်သော အဖွဲ့ငယ်များဖြင့် ရန်ကုန်နှင့် အနီးတစ်ဝိုက် ပတ်ဝန်းကျင်များအား လာရောက်လေ့လာကြကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ သိရသည်။
နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခွင့် ပြုပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းသို့ လာရောက် လည်ပတ်သည့် ပြည်ပခရီးသွားများထဲတွင် ထိုင်းနိုင်ငံသား ခရီးသွားများမှ အဓိက အများဆုံးဖြစ်ကာ ရွှေတိဂုံ၊ ဗိုလ်တထောင်၊ ကျိုက်ထီးရိုး အစရှိသည့် ဘုရားဖူးဒေသများသို့ အဓိက သွားရောက် လည်ပတ်ကြခြင်း ဖြစ် ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 138
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
ပြည်တွင်းမှ ထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ ၁ ရက် နေ့မှစတင်၍ တင်ပို့နေပြီဖြစ်သော်လည်း ရန်ကုန် - မြဝတီလမ်းပိုင်းတွင် စစ်ဆေးရေးများ ကြန့်ကြာနေမှုကြောင့် ပြောင်းတင်ပို့မှု နှောင့်နှေးနေကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။
ယခင်က ကုန်တင်ကားများအနေဖြင့် တစ်ပတ်လျှင် ရန်ကုန် - မြဝတီကို ၂ ခေါက်ခန့် ပြေးဆွဲ၍ ရသော်လည်း လက်ရှိတွင် စစ်ဆေးရေးများတွင် အချိန်ကြာမြင့်နေမှုကြောင့် ၁ ခေါက်သာ ရရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်မှ တဆင့် မြဝတီသို့ ပြောင်းတင်ပို့ရန် ကုန်ကားငှားရမ်းမှုတွင် အခက်အခဲဖြစ်နေသည့်အတွက် ပြောင်းတင်ပို့ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“သွားတာကတော့ အဓိက နည်းနေတယ်ဆိုတာက လမ်းပန်းဆက်သွယ်ရေးပေါ့နော်။ လမ်းပန်းဆက်သွယ်ရေး ရယ်၊ တွဲကားတွေ ရှားတာရယ်၊ သွားတာကတော့ သွားချင်ပေမယ့် အဓိက ကားအခက်အခဲ ဖြစ်တဲ့အခါမှာ လျင် လျင်မြန်မြန် မပို့နိုင်ဘူး ဖြစ်နေတယ် အဲဒါကြောင့်ပါ။ အရင်တုန်းကဆို တစ်ပတ်ကို ၂ ခေါက်လောက် ရတဲ့ကားက ပေါ့နော် အခုဆို ၁ ခေါက် ဖြစ်သွားတာပေါ့နော်။ ၁၀ ရက်ကို ၃ ခေါက်လောက် ကောင်းကောင်းရတဲ့ဟာတွေက အခု ၁ ခေါက်တည်းနဲ့ ၁၀ ရက်လည်း ကြာကောင်း ကြာနိုင်သွားတဲ့အခါကျတော့ ပို့ရမယ့် အရေအတွက်က ၃ ပုံ ၁ ပုံ၊ တစ်ဝက်လောက် ကျသလို ဖြစ်သွားတာပေါ့။ အမှန်တကယ်က လမ်းပန်းဆက်သွယ်ရေး ကား အခက်အခဲ ကြောင့်။ အရင်တုန်းက တစ်ရက်ကို အစီး ၄၀၀ ဆိုတာက တောက်လျှောက်သွားပြီးတော့ အစီး ၄၀၀ ဆိုတာလည်း ဒီနေ့တော့ မဟုတ်ပါဘူး။ အမြင့်ဆုံးမှ ၄၀၀ လောက် ရှိတာပေါ့နော်။ ဈေးနှုန်းပေါ်မူတည်ပြီးတော့ အဝင်အထွက်က ရှိတယ်။ တနေ့ တနေ့ ၄၀၀ လောက် သတ်မှတ်လို့ မရဘူးပေါ့။ အရင်ကတော့ ၄၀၀ လောက် ရှိတယ်။ အခုက တော့ ကားတွေက လမ်းမှာတင် တစ်နေရာ နည်းနည်း နည်းနည်းနဲ့ဆိုတော့ ကားတွေက နည်းနည်း ကြန့်ကြာကုန်တော့ ပို့ရတာ ခက်နေတယ်” ဟု ပြောသည်။
မြဝတီနယ်စပ်စီးပွားရေးဇုန်
လက်ရှိတွင် ပြောင်းတင်ပို့မှု၌ ထိုင်းကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နေသည့်အပြင် ထိုင်းနိုင်ငံဘက်မှလည်း ပြောင်းဝယ်လိုအားကောင်းနေပြီး ဈေးနှုန်းသည်လည်း အမြင့်ပိုင်းတွင် တည်ငြိမ်နေကြောင်း၊ ကုန်သည်များ အတွက်လည်း အဆင်ပြေသည့်နှုန်းထားတစ်ခု ဖြစ်သည်ဟု သိရသည်။
သို့ရာတွင် ကုန်ကားငှားရမ်းရာ၌ အခက်အခဲ ဖြစ်ပေါ်နေခြင်းနှင့် ငှားရမ်းခ ဈေးနှုန်းများသည် ပြောင်းတစ်အိတ် လျှင် ယခင်က ၂၁၀၀ ကျပ်ခန့်သာ ရှိသော်လည်း လက်ရှိတွင် ၂၇၀၀ ကျပ်အထိ မြင့်တက်နေခြင်းကြောင့် တောင်သူများ ရရှိသည့်ဈေးနှုန်းသည် အနည်းငယ် ကျဆင်းသွားသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက် တောင်သူ ကိုမင်းခိုင်က CNI သို့ ပြောသည်။
“ကောင်းပါတယ် လာဝယ်တဲ့သူတွေကတော့ အကုန်လုံး ဈေးနှုန်းတွေကတော့ သိပ်မနှိမ်ဘူး။ အကုန်လုံး ဈေးနှုန်း ကောင်းကောင်းနဲ့ လာဝယ်တာပဲ။ ထိုင်းကိုသွားတဲ့နေရာမှာ အခု ဖြစ်နေတာက ကားတွေ ခေါ်မရတာပေါ့။ ဈေးနှုန်းက ထိုင်းဘက်က ဈေးကလည်း ငြိမ်တယ်။ ဒီဘက်က ပြည်တွင်းဘက်က ဈေးကလည်း ငြိမ်တယ်။ ဈေးနှုန်းရဲ့ အတက်အကျကိုက ကားခပဲ။ ကားက ရှာမရ။ ဟိုဘက်ကို သွားတဲ့လူက ဒီဘက်မှာများပြီး ဒီဘက်မှာ လျှံနေတော့ သွားကြတာပဲ။ ကျနော်တို့ ဧရာဝတီဘက်က အခု စပေါ်လာပြီ။ ပထမလက်ကျန်တွေ ထုတ်တဲ့နေရာ မှာ ကားတွေက ကုန်သည်ခေါ်မှခေါ်တာပေါ့။ အဲဒီမှာ ကားဈေးတွေက နည်းနည်းထိုးတက်သွားတော့ ပြောင်းမှာ နည်းနည်းဈေးကျတဲ့သဘော ရှိနေတာ” ဟု ၎င်းကပြောသည်။
ပြောင်းကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ကာလ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိသာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်ပို့မှု ပြုလုပ်ကြကြောင်း၊ ကျန်ရှိသည့်ကာလများတွင် အခွန်ပေးဆောင်ရသည့်နှုန်းထားများပြားခြင်းကြောင့် တရုတ်နယ်စပ်တွင်သာ အဓိကထား တင်ပို့ကြကြောင်း သိရသည်။
ပြည်ပသို့ ပြောင်းတင်ပို့မှုသည် တစ်နှစ်လျှင် တန်ချိန် ၂ သန်းခန့်ရှိပြီး တရုတ်၊ ထိုင်း ဗီယက်နမ်နှင့် အာဆီယံနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၀ ကို တင်ပို့လျက်ရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 163
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံသို့ ကုန်တင်ပို့ရာတွင် အဓိက အရေးပါသောလမ်းကြောင်းတစ်ခုဖြစ်သည့် ရန်ကုန် - မြဝတီလမ်းပိုင်းတွင် ကုန်တင်ကားငှားရမ်းရာ၌ ကုန်ကားခ ဈေးနှုန်းများသည် ယခုလအတွင်း မြင့်တက်လာနေ သည်ဟု ကုန်သည်များနှင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ရန်ကုန် - မြဝတီ လမ်းကြောင်းတွင် စစ်ဆေးရေးဂိတ်များစွာရှိနေသည့်အတွက် ကုန်တင်ယာဉ်များအနေဖြင့် အချိန်ကြန့်ကြာမှုများ ဖြစ်ပွားနေကြောင်း၊ ၂ ရက်ဖြင့် ရောက်ရှိရမည်ဖြစ်သော်လည်း လက်ရှိတွင် ၇ ရက်၊ ၈ ရက် ခန့် ကြာမြင့်သွားခြင်းကြောင့် ယခုလို ကုန်တင်ကားခဈေးနှုန်းများ မြင့်တက်သွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကားခဈေးနှုန်းတွေက တစ်အိတ်ကို ၂၇၀၀ လောက် ရှိတယ်။ ၂၆၀၀, ၂၇၀၀ လောက်ရှိတယ်။ သွားလည်း လမ်းမှာ ကြန့်ကြာတာပေါ့နော်။ လမ်းမှာက အသွားတစ်ကြောင်းတင်ကို ၇ ရက် ၈ ရက်လောက် ကြာတာတွေ အဲဒီလိုမျိုး တွေ ဖြစ်နေတယ်။ လမ်းမှာက ညောင်ခါးရှည် စစ်ဆေးရေးဂိတ် ရှိတယ်။ မုပ္ပလင်စစ်ဆေးရေးဂိတ်၊ ဖားအံ စစ်ဆေး ရေးဂိတ်ရှိတယ်။ နောက်တော့ တံတားကြိုး စစ်ဆေးရေးဂိတ် ရှိတယ်။ ကော့ကရိတ် စစ်ဆေးရေးဂိတ် ရှိတယ်။ မြဝတီ စစ်ဆေးရေးဂိတ် ရှိတယ်။ အဲဒီပစ္စည်း ကုန်ချဖို့ဆိုရင် ၇ ရက်၊ ၈ ရက်လောက် ကြာတာပေါ့နော်။ အဲဒီလို ကြာတဲ့အတွက် ဈေးနှုန်းတွေက မြင့်နေတာပေါ့။ နောက်တော့ ဟိုဘက်မှာ သွားတဲ့ကားတွေကများတော့ ကားငှား လိုအားများနေတာပေါ့။ ကားငှားလိုအားများတဲ့အတွက်ကြောင့် ကားခနှုန်းတွေက တက်တာပေါ့” ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ခွင့်ရရှိသည့်ကာလ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းတွင် ကုန်ကားငှားရမ်းခ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
မြဝတီကုန်သွယ်ရေးဇုန်မြင်ကွင်း
အခွန်ကင်းလွတ်ခွင့် ကာလအတွင်း ပြောင်းကုန်သည်များသည် အများအပြား တင်ပို့ခြင်းဖြစ်သည့်အတွက် ယခု အခါ ကုန်စည်ပေါများပြီး ကုန်တင်ကား ရှားနေကြောင်း၊ ထို့နောက် လမ်းကြောင်းကြန့်ကြာမှုများ ရှိနေသည့် အတွက် ပြောင်းတင်ပို့ရာတွင် ကားခဈေးနှုန်းသည် ယခင်က ပြောင်းတစ်ပိဿာလျှင် ၄၀ ကျပ်ခန့်သာ ရှိသော် လည်း လက်ရှိတွင် ၁၀၀ ကျပ်အထိ မြင့်တက်သွားသည်ကို တွေ့ရသည်။
ထိုသို့ ကားခဈေးနှုန်းများ မြင့်တက်သွားသည့်အတွက် ကုန်သည်များအနေဖြင့် ပြောင်းကို ဈေးနှုန်းလျှော့ချ၍ ဝယ်ယူကြရမည်ဖြစ်ကြောင်း၊ ပြောင်းစိုက်တောင်သူများ ရရှိမည့်ဈေးနှုန်းသည် အနည်းငယ်ကျဆင်းသွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက ပြောသည်။
“တစ်ပိဿာကို ၃၅ ကျပ်၊ ၄၀ ပေါ့။ အခုကတော့ ၈၀၊ ၉၀ ကျော် ၁၀၀ နီးပါးလောက် ဖြစ်သွားတာပေါ့။ အဲတော့ လည်း ကားတွေ ဈေးမြင့်သွားတော့လည်း အောက်ကို ဝယ်တဲ့ခြမ်းတဲ့နေရာမှာ ဒါတွေကို ထည့်တွက်ရတော့ တာပေါ့။ ထည့်တွက်တဲ့အခါကျတော့ ပြည်တွင်းဈေးနှုန်း နည်းနည်း ပြည်တွင်းအရောင်းကတော့ ဈေးနည်းနည်း ကျသွားတာပေါ့။ တောင်သူရောင်းတဲ့ဈေးကတော့” ဟု CNI သို့ ပြောသည်။
ဒါ့အပြင် မန္တလေးမှတဆင့် ရန်ကုန်သို့ ပြောင်းအပါအဝင် တခြားသောကုန်စည်များ တင်ပို့ရာတွင်လည်း ကုန်တင် ကားရှားပါးခြင်းနှင့် ကုန်ကားခဈေးနှုန်း မြင့်တက်မှုများလည်း ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် ကုန်တင်ကားအစား သင်္ဘောများဖြင့်သာ ကုန်စည်သယ်ဆောင်မှုကို ပိုမိုလုပ်ဆောင်နေရသည်ဟု ကုန်သည်များက ပြောသည်။
ရန်ကုန် - မြဝတီလမ်းကြောင်းတွင် ယခင်က တန် ၃၀ ဆံ့ ကုန်တင်ကားတစ်စီး ငှားရမ်းမည်ဆိုပါက ဈေးနှုန်းသည် ၉ သိန်းကျပ် ဝန်းကျင်ခန့်သာရှိသော်လည်း လက်ရှိတွင် ၁၉ သိန်းနှင့် ၂၁ သိန်းကြားတွင် ရှိနေသည်ဟု ပြောင်း ကုန်သည်များထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 166
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
ပြည်တွင်းထွက် ကြက်သွန်နီများကို G to G စနစ်ဖြင့် ဖိလစ်ပိုင်သို့ တင်ပို့နိုင်ရန်အတွက် လုပ်ဆောင်နေသော် လည်း ဖိလစ်ပိုင်နိုင်ငံ၏ ကုန်သွယ်မှု မူဝါဒများအရ မလွယ်ကူနိုင်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ပြောသည်။
လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံနှင့် နစက၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကြား မြန်မာကြက်သွန်နီကို G to G စနစ်ဖြင့် တင်ပို့နိုင်ရန် ဆွေးနွေးနေကြသည်။
ဖိလစ်ပိုင်နိုင်ငံသို့ G to G စနစ်ဖြင့် ပြည်တွင်းထွက် ကြက်သွန်နီများကို တင်ပို့ရန်အတွက် သံရုံးမှတဆင့် ညှိနှိုင်းခဲ့ သော်လည်း တစ်ကြိမ်မှ တင်ပို့ခွင့်မရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ လက်ရှိဖြစ်နေတဲ့ ပုံစံက ဖိလစ်ပိုင်က သူ့ရဲ့ တိုင်းပြည်ထဲမှာ လူ ၄ ယောက်၊ ၅ ယောက်ကို လိုင်စင်ပေးထားတယ်။ အသီးအနှံနဲ့ ကြက်သွန်နဲ့ပတ်သက်ပြီးတော့ သွင်းလို့ရတာပေါ့နော်။ သူတို့ပဲ သွင်းလို့ရတယ်။ သူတို့ ကလည်း မြန်မာပြည်က ဥပမာကျနော့်ကုမ္ပဏီမှာပေါ့နော် ကျနော့်ကုမ္ပဏီ ပြန်ပြီးတော့ နာမည်နဲ့ ပြန်လျှောက်ရ တယ်။ အဲဒီဟာကို သူတို့ကို ပြန်လျှောက်ရတယ်။ ပြီးရင် သူတို့ကတောင်းတဲ့ စာရွက်စာတမ်းတွေက အရမ်းများ တယ်။ အပင်၊ အမြစ် ပိုးမွှားတို့ ကျန်တဲ့ဟာတို့ အကုန်လုံးပေါ့။ သူတို့ လိုအပ်တဲ့ဟာတွေ တောင်းတာ များတယ်။ အဲဒါကြောင့် သံရုံးနဲ့ ညှိဖူးတယ်။ တခါမှ သွားလို့မရဘူး။ အဲဒါလေးတွေကို ဟိုရက်က အစည်းအဝေးခေါ်တော့ ကျနော်တို့က ပြောပြတာပေါ့နော် အခက်အခဲက အဲလိုရှိတယ်။ သူတို့ ကြိုးစားကြည့်မယ်ပေါ့ G to G ကြိုးစား ကြည့်မယ်ပေါ့။ အသင်းက လုပ်တာထက်စာရင် အစိုးရချင်းက ပိုပြီးတော့ နီးစပ်တယ်ဆိုပြီးတော့ သူတို့က အဲဒီလို ပြောတယ်” ဟု ပြောသည်။
ကြက်သွန်စိုက် တောင်သူများကိုတွေ့ရစဉ်
ထို့အပြင် မြန်မာ့ကြက်သွန်နီကို အင်ဒိုနီးရှားနိုင်ငံက အသုံးပြုမှု အများဆုံး ဖြစ်သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ မူဝါဒအရ တိုက်ရိုက်တင်သွင်း၍ မရဘဲ မလေးရှားနိုင်ငံမှတဆင့် တရားမဝင် လမ်းကြောင်းဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့နေရသည်ဟု ကြက်သွန်ကုန်သည်များထံမှ သိရသည်။
လက်ရှိတွင် မြန်မာ့ကြက်သွန်နီကို နှစ်စဉ် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှား နိုင်ငံများကို နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် အများဆုံး တင်ပို့လျက်ရှိသည်။
ထို့ကြောင့် နယ်စပ်ကုန်သွယ်မှု ကောင်းမွန်ရန်လိုအပ်ကြောင်း၊ သို့မှသာ တောင်သူများအတွက် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်းမှ ကြက်သွန်ကုန်သည် ဦးလှသောင်းက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ဦးတစ်ယောက်ရဲ့ အမြင်ပြောရရင်တော့ တရုတ်နဲ့ မြဝတီ(ထိုင်း)လိုင်း Main ပဲ။ ဘင်္ဂလားဒေ့ရှ်တောင် သိပ်ပြီးတော့ အားမကိုးကြဘူးလေ။ ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့ဘက်က တကယ်ရှားမှ နုတ်တာကိုး။ သူတို့ တစ်နိုင်ငံတည်း သုံးတာကိုး ဘင်္ဂလားဒေ့ရှ်က။ ထိုင်းတို့၊ တရုတ်တို့ကျတော့ သူတို့က ကြားခံလို ဖြစ်သွားတာရယ်၊ တခြားနိုင်ငံထိအောင် ထွက်သွားတာကိုး။ နယ်စပ်ကုန်သွယ်ရေးကတော့ Main ပဲ ဦးတို့နယ်ပွဲရုံတွေ ကတော့လေ။ နယ်စပ်ကုန်သွယ်ရေးကောင်းမှ တောင်သူလည်း အသက်ရှူချောင်တာပေါ့” ဟု ပြောသည်။
မြန်မာ့ကြက်သွန်နီသည် တခြားနိုင်ငံများ၏ ကြက်သွန်များနှင့် နှိုင်းယှဉ်ပါက အရည်အသွေးကောင်းမွန်သော် လည်း ဈေးနှုန်းမြင့်မားမှုကြောင့် ဈေးနှုန်းအားဖြင့် ၂ ဆခန့် သက်သာသည့် အိန္ဒိယ ကြက်သွန်ကိုသာ ဝယ်ယူကြ ကြောင်း သိရသည်။
ကြက်သွန်နီများ သယ်ဆောင်နေကြစဉ်
ပြည်တွင်း ကြက်သွန်နီ ထွက်ရှိမှုသည် ပြည်တွင်း စားသုံးမှု အတွက်သာမက နှစ်စဉ်ပိုလျှံမှု ဖြစ်ပေါ်နေကြောင်း၊ တောင်သူများသည် ပြည်ပဈေးကွက်ကို အားထား၍ ကြက်သွန်ကို စိုက်ပျိုးနေကြခြင်း ဖြစ်သည့်အတွက် ပြည်ပ တင်ပို့မှု ဈေးကွက်ကို ကောင်းမွန်စွာ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း မြင်းခြံမြို့နယ်မှ ကြက်သွန်ကုန်သည် တစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ မြန်မာပြည်ရဲ့ ကြက်သွန် ထွက်နေတဲ့ ကုန်အားသည် ကျနော်တို့ ပြည်တွင်းစားသုံးမှုနဲ့ ဘယ်နှစ်မှလည်း ပြည့်စုံရုံတင် မကတော့ဘူး။ နှစ်တိုင်း နှစ်စဉ်မှာ အမြဲတမ်း ပိုလျှံမှုတွေက ရှိနေတာ။ ထွက်နေတဲ့ အားသည် ကျနော်တို့ ပြည်တွင်း စားသုံးမှုနဲ့တင် မကတော့ဘူးပေါ့ဗျာ အဲဒါတော့ နှစ်စဉ် ဖြစ်နေမှာပါပဲ။ အခု ကျနော်တို့ မြန်မာနိုင်ငံ ကြက်သွန်တောင်သူ အားလုံးပေါ့နော် အားလုံးက ပြည်ပထွက်ပေါက်ကို အားကိုးပြီး မျှော်ပြီးတော့ပဲ စိုက်နေကြတာ။ ပြည်တွင်း စားသုံးမှု အနေနဲ့ဆိုရင် အဲလောက်ကြီး အားတွေနဲ့ အခုစိုက်နေတဲ့ အားတွေနဲ့ ဘယ်လိုမှ မကုန်နိုင်ဘူးလေ။ အဲတော့ ပြည်ပထွက်ပေါက်တွေ ကောင်းနေမယ်၊ အကုန်လုံးကလည်း သက်ဆိုင်ရာတွေရော၊ ဌာနဆိုင်ရာတွေရော၊ ကုမ္ပဏီတွေရော၊ ကုန်သည်တွေရော သိုင်းဝိုင်းပြီးတော့ နိုင်ငံခြား ထွက်ပေါက်တွေ ကောင်းသထက် ကောင်းအောင် ပြုပြင်မွမ်းမံပေးနိုင်ရင်တော့ တောင်သူတွေလည်း အဆင်ပြေ လာမှာပေါ့ဗျာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြပြီး နှစ်စဉ်တန်ချိန် ၅၀၀၀၀ ကျော် ပြည်ပသို့ တင်ပို့နေလျက်ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 125
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
နယ်စပ်ကုန်သွယ်ရေးတွင် ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုသည့် စနစ်ကြောင့် ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးလုပ်ရာမှာ ကြန့်ကြာမှုများ ဖြစ်ပေါ် နေကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်စပ်ကုန်သည်များက ပြောသည်။
နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်နှင့် မြဝတီနယ်စပ် ကုန်သွယ်ရေးတို့တွင် ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ စနစ်သည် လက်ရှိတွင် ရခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာပါ အကောင်အထည်ဖော်လာခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်းတွင် အင်တာနက်ရရှိမှု အခက်အခဲကြောင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာ၌ အဆင်မပြေမှုများ ရှိနေသည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ အပတ်က စတာပေါ့လေ။ ကျနော် မှတ်မိသလောက်တော့ ၁၁၊ ၁၂ လောက်က စတာထင်တယ်။ အဲဒီရက်ပိုင်းက တော်တော်လေးကို ကြပ်သွားတဲ့ဟာတော့ ရှိပါတယ်။ ကြပ်သွားပြီးတော့ တချို့ပစ္စည်းတွေက မသိတော့ လမ်းမှာ ရောက်ပြီးသားတွေရော၊ စစ်တွေရောက်ပြီးသားတွေရော၊ မောင်တော ရောက်ပြီးသားတွေရော အဲလိုမျိုး ကိစ္စတွေက တော်တော်လေးကို ဖြေရှင်းလိုက်ရတဲ့ အနေအထား ရှိပါတယ်။ လက်ရှိကတော့ QR Code က မဖြစ်မနေ ထုတ်ရမှာ ဖြစ်တဲ့အတွက် ဒီဟာတော့ လက်ရှိလည်း ထုတ်တော့ ထုတ်နေကြပါပြီ။ ဒါပေမယ့် ဒီမှာ က တစ်ခါတစ်လေ ကျလို့ရှိရင် အင်တာနက်လိုင်းတွေက ရလိုက် မရလိုက် ဖြစ်နေတာကိုး ကျနော်တို့ဆီမှာ ကျတော့လည်း ရလိုက် မရလိုက် ဖြစ်နေတော့ အဲဒီမှာ အခက်အခဲလေးတွေကတော့ နည်းနည်းလေး ရှိတုန်းပေါ့ လေ” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်
QR Code လျှောက်ရာတွင် အွန်လိုင်းမှ လျှောက်ရခြင်းဖြစ်ပြီး ၂၄ နာရီ မရရှိခြင်းနှင့် အစိုးရ ရုံးပိတ်ရက်များတွင် အဆင်မပြေမှုများ ဖြစ်နေသည်ဟု ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လိုင်စင်ကျတာ ၁ ရက်၊ ၂ ရက် ကြာသွားတာတို့၊ system error ဖြစ်တာတို့၊ ကျနော်တို့ဆီမှာ အင်တာနက် လိုင်း မကောင်းတာတို့ အဲဒါ တော်တော် အခက်အခဲ ဖြစ်နေကြတာပဲ။ ကျနော်တို့ဆို ငါးတွေ ပို့တာပေါ့။ စီစဉ်ပြီးခါ မှ လိုင်စင်လျှောက်တာ မကျလာတာပေါ့နော်။ အဓိက အွန်လိုင်း system ကြောင့်ရယ်၊ အစိုးရ ရုံးဘက်တွေက မအားလို့လား၊ ရုံးပိတ်ရက်မို့လားမသိ အဲဒါကြာနေတော့ ဒီနေ့မှ ကျတဲ့ဟာတွေ ရှိတယ်၊ စနေနေ့က လျှောက်တဲ့ ဟာတွေ။ အဲဒါတွေက ၂၄ နာရီ ဖြစ်နေရမှာလေ။ အဲလို အခက်အခဲတွေတော့ ရှိနေတယ်” ဟု ပြောသည်။
ထိုသို့ အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် အချိန်မီ တင်ပို့ရမည့် ကုန်စည်များသည် ကြန့်ကြာမှုများ ဖြစ်ပေါ် နေကြောင်း၊ ထို့နောက် ဘင်္ဂလားဒေ့ရှ်သို့ ရေထွက်ကုန် တင်ပို့ရာတွင် ကုန်ပစ္စည်းများ စုပုံသွားသည့်အတွက် ဈေး နှုန်း ကျဆင်းမှုများလည်း ဖြစ်ပေါ်နေကြောင်း ရေထွက်ကုန်တင်ပို့နေသည့် မောင်တောမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။
၎င်းက “အဓိကကလည်း အစ်ကိုတို့က ငါးလုပ်တယ်ဆိုပေမယ့် ကိုယ့်ဟာ၊ သူများဟာလည်း ပါတာပေါနော်။ တခြား ကုန်သည်တွေ အပ်ထားတဲ့ဟာတွေ ပါတယ်။ ကိုယ်က ကြားထဲကနေ တာဝန်ယူပြီး လုပ်နေရတဲ့ အပိုင်း တွေ ရှိနေတော့ ဘယ်လိုဖြစ်လဲဆိုတော့ ငါးတွေက အဲဒီလို လိုင်စင်မကျတဲ့အတွက် မောင်တောဆို မောင်တော၊ စစ်တွေဆို စစ်တွေမှာ အကုန်လုံး ငါးကားတွေက စုသွားတာ။ စုသွားတဲ့အချိန် တစ်ဖက်နိုင်ငံကို ပစ္စည်းပို့တဲ့ အချိန် မှာကျတော့ ဈေးကွက်ကို တမင်သက်သက် သတ်ပစ်လိုက်သလို ဖြစ်သွားတာပေါ့။ ရောင်းလိုအားနဲ့ ဝယ်လိုအားမှာ ရောင်းလိုအား များသွားတာပေါ့။ ရောင်းလိုအား များသွားတဲ့အတွက် ဟိုဘက်က ဝယ်လက်တွေက ရွေးဝယ်လိုရ သွားတဲ့အချိန်မှာ သိတဲ့အတိုင်းပဲ ဈေးက အော်တို ပြုတ်ကျသွားတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး သင်္ဘောပေါ်သို့ ကုန်များတင်ဆောင်နေကြစဉ်
ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် တောင်ကုတ်မြို့နယ်ရှိ စစ်ဆေးရေးဂိတ်နှင့် အမ်းမြို့နယ်ရှိ စစ်ဆေးရေး ဂိတ်များတွင် ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ကို စစ်ဆေးမည်ဖြစ်ကြောင်း၊ ထို့နောက် တောင်ကုတ်မှတဆင့် စက်လှေဖြင့် ကုန်စည်များကို သယ်ဆောင်ရာတွင်လည်း စက်လှေအတွက် QR Code ထပ်မံ လျှောက်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သည်များထံမှ သိရသည်။
QR Code စနစ်ဖြင့် လုပ်ဆောင်ခြင်းသည် စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးမှု မရှိသည့် အတွက် မြန်ဆန်သော်လည်း QR Code လျှောက်သည့်နေရာတွင် အခက်အခဲများ ဖြစ်နေသည်ဟု ကုန်သည်များ နှင့် ကုန်ကားမောင်းနှင်သူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 161
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန် သည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့အထိ ထိုင်းအစိုးရအဖွဲ့မှ ဆက်လက် နေထိုင်ခွင့် ပြုလိုက်သည်။
ထို့အပြင် Work Permit အသစ် ရရှိရန် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့ အထိ လျှောက်ထားနိုင်သည်ဟုလည်း ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အလုပ်သမားတွေ အတွက်တော့ ဒါ နည်းနည်းတော့ အချိန်ရသွားတာ ပေါ့နော်။ ဒါပေမယ့် အဓိက အရေးကြီးတာက ဒီ ၁၃ ရက်နေ့ အတောအတွင်းမှာ အလုပ်ရှင်တွေ ကနေပြီးတော့ အွန်လိုင်းကနေတဆင့် ဒီအလုပ်သမားတွေက သက်တမ်း တိုးပါတယ်ဆိုတဲ့ ဟာပေါ့။ ဥပမာ အွန်လိုင်းကနေ အခု သူတို့ လုပ်ပေးထားတဲ့ စနစ်ရှိတယ်။ အဲဒါကနေ စာရင်းသွင်းရင်သွင်း၊ မသွင်းဘူးဆိုရင် ကိုယ်ကိုယ်တိုင် သွားပြီး တော့ အလုပ်သမားနဲ့ အလုပ်အကိုင် ရှာဖွေရေးရုံးမှာ စာရင်းသွားသွင်းရမယ်။ သွားသွင်းထားရမယ်။ အဲဒါဆိုရင် နောက်ပိုင်းမှာမှ Work Permit ဆိုင်ရာ၊ ကိုယ်ရေး အချက်အလက် စစ်ဆေးတာတို့၊ visa လုပ်တာတို့ အဲဒါတွေ နောက်ပိုင်း ၁၅ ရက်နေ့ ၅ လပိုင်းအတွင်း လုပ်လို့ရတယ်ဆိုတဲ့သဘော။ အလုပ်သမားတွေ အတွက်ကတော့ အချိန် ဒီလိုမျိုး ရတဲ့အခါကျတော့ ပြောရမယ်ဆိုရင် နည်းနည်းတော့ ကောင်းတာပေါ့။ အခုလို လုပ်ထားတဲ့ဟာ ကကြတော့ တကယ်လို့ အလုပ်ရှင်တွေက မသွင်းထားဘူး။ တချို့အေးဂျင့်တွေ ပွဲစားတွေက မသွင်းထားဘူးဆိုရင် အဲဒီ အလုပ်သမားတွေပဲ စာရင်းထဲမှာ မပါတဲ့ အလုပ်သမားတွေပဲ ပြဿနာတက်မှာ။ ကောင်းတာကတော့ ကောင်းတယ်။ ရာနှုန်းပြည့်တော့ မဟုတ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာအလုပ်သမားများ Work Permit လျှောက်နေကြစဉ်
ဘန်ကောက်ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီးနောက် ယခုကဲ့သို့ ထိုင်းအစိုးရ အဖွဲ့မှ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သံရုံးက အသိပေး ကြေညာထားသည်။
ထို့ကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများ အားလုံးအနေဖြင့် ကျန်အထောက်အထားများထက် Work Permit အား ဦးစားပေး သက်တမ်းတိုးရန် လိုကြောင်း၊ သက်တမ်းတိုးထားရန် အရေးကြီးကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနဲ့ထိုင်း အစိုးရအဖွဲ့ ဆွေးနွေးနေကြစဉ်
၎င်းက “Work Permit ကို သက်တမ်းတိုးလိုက်ပြီးမှ ပန်းရောင်ကတ် ပုံစံမျိုးတွေ၊ CI ပုံစံမျိုးတွေက ထွက်လာမှာ ဆိုတဲ့ အတွက်ကြောင့် အလုပ်သမားတွေအနေနဲ့ Work Permit ကိုပဲ အဓိက ဦးစားပေးပြီးမှ သက်တမ်းတိုးဖို့ လိုတယ်။ CI စာအုပ် ကိုင်ထားတဲ့ လူတွေပဲ ဖြစ်ဖြစ်၊ ပန်းရောင်ကတ်ကိုင်တဲ့ အုပ်စုတွေပဲဖြစ်ဖြစ်၊ အွန်လိုင်းကနေ ပြီးတော့ ပန်းရောင်ကတ် လျှောက်ထားတဲ့ အုပ်စုတွေပဲဖြစ်ဖြစ်၊ CI စာအုပ် မလုပ်ရသေးတဲ့ လူတွေပဲဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ် ဒီပုဂ္ဂိုလ်တွေက အကုန်လုံးက Work Permit သက်တမ်း တိုးကို တိုးရတယ်။ Work Permit သက်တမ်း တိုးပြီးခါနီးမှ သူတို့လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေရဲ့ process တွေကို ဆက်သွားရမှာ ဖြစ်တယ်။ ဘယ် လုပ်ငန်းစဉ်ပဲ လုပ်လုပ် အဓိကကတော့ အလုပ်သမားတွေကတော့ ထိုင်းနိုင်ငံအစိုးရ အနေနဲ့ သက်တမ်း တိုးခြင်း၊ မတိုးခြင်းက တစ်ပိုင်းပေါ့။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သား မြန်မာတွေကတော့ ဘယ် process ပဲ သွားသွား နောက်က လိုက်လုပ်ရတဲ့ အခါကျတော့ လွယ်ကူတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ဘူးပေါ့။ ခက်ခဲတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ အဲဒီ ခက်ခဲတဲ့ လုပ်ငန်းစဉ်မှာလည်း ပွဲစားကိုတဆင့် အားကိုး ရပြီးတော့ မြန်မာ နိုင်ငံ အစိုးရရော၊ ထိုင်းနိုင်ငံအစိုးရ ကိုယ်တိုင်က ဒီပွဲစားတွေကို အဓိကဦးစားပေး လုပ်ငန်းစဉ် ထဲမှာ ထည့်ထားတဲ့ အခါကျတော့ အများစုကတော့ ကုန်ကျစရိတ်တွေနဲ့ အကြွေးစရိတ်တွေနဲ့ သံသရာက လည်နေတာပဲလေ” ဟု ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်
ယခုကဲ့သို့ သက်တမ်း ကုန်သူများအား ဆက်လက် နေထိုင်ခွင့်ပြုပြီး သက်တမ်းတိုးခြင်း ဆောင်ရွက်ခိုင်းမှုအပေါ် ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ကြိုဆိုကြသော်လည်း သက်တမ်းတိုး ပြုလုပ် သည့် ကုန်ကျစရိတ်မှာ ယခင်ကထက် တရွေ့ရွေ့ဖြင့် များပြားလာနေကြောင်း ၎င်းတို့က ထောက်ပြ ကြသည်။
ထို့အပြင် Work Permit အသစ်ရရှိရန် ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့အထိ လျှောက်ထားရမည် ဖြစ်သည့် အတွက် ပွဲစားများ၏ ပေါက်ဈေးမှာလည်း ယခုထက်ပိုမို တောင်းခံကြနိုင်ဖွယ် ရှိကြောင်းလည်း ထိုင်းရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
လက်ရှိတွင် အထောက်အထားများ သက်တမ်းတိုးပြုလုပ်ရာ၌ အလုပ်သမား တစ်ယောက်အတွက် ထိုင်းအစိုးရမှ သတ်မှတ်ထားသည့် ပျမ်းမျှ ကုန်ကျစရိတ်မှာ ဘတ်ငွေ ၅၀၀၀ မှ ၆၀၀၀ ကြားတွင်သာ ရှိသော်လည်း မြန်မာ ရွှေ့ပြောင်း လုပ်သားအများစုသည် ပွဲစားများမှတဆင့် ပြုလုပ်ကြရသည့်အတွက် အစိုးရသတ်မှတ် စရိတ်ထက် နှစ်ဆခန့် ပိုမို ပေးရကြောင်းလည်း သိရသည်။