CNI New

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မြန်မာနိုင်ငံကို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဆိုသော အကြောင်းကြားစာကြောင့် မြန်မာ့အထည်ချုပ် လုပ်ငန်းများ ထိခိုက်လာနိုင်သလို အလုပ်လက်မဲ့နှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

သမ္မတထရမ့်၏ ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံသွားမည့် အသိပေး အကြောင်းကြားစာကို နစကမှ လက်ခံ ရရှိခဲ့ပြီးနောက် ဆွေးနွေးညှိနှိုင်းသွားမည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ဇူလိုင် ၈ ရက်တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံကို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံခြင်းက စီးပွားရေး ပြဿနာများသာမက အလုပ်လက်မဲ့ ပြဿနာ များပါ ကြုံတွေ့ရနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။  

ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

၎င်းက “အဓိကတော့ Garment(အထည်ချုပ်)ပေါ့၊ မြန်မာနိုင်ငံက အများဆုံးတင်တာ Garment(အထည်ချုပ်)ပဲ လေ။ လောလောဆယ် နိုင်ငံခြားကို Export က Garment ဒေါ်လာ သန်း ၈၀၀ ဖိုးလောက်ရှိတယ်။ ၄ နှစ် ၅ နှစ်မှာ ဒါပေမယ့် ၄၀ ဆိုတဲ့ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှနိုင်ငံ အားလုံး ခြုံကြည့်လိုက်လို့ရှိရင် ဒါများတဲ့ ထဲမှာ တော့ ပါတာပေါ့။ အခွန်တိုးကောက်ရင် ဘာဖြစ်လဲ အခွန်ဝန်ထုပ်ဝန်ပိုးဆိုတာ ဖြစ်လာတယ်။ အခွန် တိုးကောက် လာလို့ဖြစ်လာတဲ့ ဝန်ထုပ်ဝန်ပိုးက ဖြစ်လာတဲ့ မကောင်းတဲ့ အကျိုးဆက်သည် အစိုးရလည်းမရ၊ ပုဂ္ဂလိကလည်းမရ၊ စားသုံးသူလည်းမရ၊ ထုပ်လုပ်သူလည်း မရဘဲနဲ့ ဒီတိုင်း ဆုံးရှုံးသွားတာရှိတယ်။  ကျွမ်းကျင်မှုရှိတဲ့ လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်နိုင်တယ်၊ အသက် ကြီးတဲ့လူတွေ အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်၊ သူက စရိတ်တက်သွားပြီကို ဗမာပြည်ထဲကနေ တရုတ် Brand တွေနဲ့ပို့တဲ့ လုပ်ငန်းတွေလည်းရှိတယ်။ စီးပွားရေး ပြသာနာတင်မဟုတ်ဘူး။ ဒီပြင် တခြား Consistent  Problem တွေပါ ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့”ဟု ပြောသည်။

မြန်မာနှင့်အမေရိကန်သည် ၂ဝ၂၃ - ‌၂ဝ၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၇ဝ၁ ဒသမ ၉ သန်းအထိရှိပြီး  ၂ဝ၂၄ - ‌၂ဝ၂၅ ခုနှစ် ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှု ပမာဏ အနေဖြင့် အမေရိကန် ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်အထိရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောသည်။ 

မြန်မာနိုင်ငံကို အမေရိကန်၊ ဥရောပ နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ထားခြင်းကြောင့် စီးပွားရေး ကျဆင်းနေသလို အလုပ်လက်မဲ့နှုန်းများ မြင့်တက်နေသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)ကလည်း မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူရန် ချမှတ် ထားခြင်းကြောင့် အထည်ချုပ်လုပ်ငန်းများ ထိခိုက်နေသလို အထည်ချုပ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထွက်ခွာမှုများ ရှိနေခြင်းကြောင့် အလုပ်လက်မဲ့များ တိုးမြင့်လာနေသည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါကို တွေ့ရစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှားကို ၂၅ ရာခိုင်နှုန်း ကုန်သွယ်ခွန် ကောက်ခံသွားမည်ဖြစ်ပြီး လာအိုနှင့်မြန်မာကိုတော့ ၄၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ ၃၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၃၂ ရာခိုင်နှုန်းနှင့် ဗီယက်နမ် ၂၀ ရာခိုင်နှုန်း စသဖြင့် ကောက်ခံသွားမည်ဟု အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ 

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးသည် လက်နက်တစ်ခုအဖြစ် အသုံးချခံနေရကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်  (Anwar Ibrahim) က အာဆီယံ အစည်းအဝေး မတိုင်မီ ဇူလိုင် ၉ ရက်က သတိပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ကွာလာလမ်ပူ (KUALA LUMPUR) မြို့တော်တွင် ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေး၌ အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံသည့် အကြောင်းအရာကို အဓိကထား ဆွေးနွေးခဲ့သည်။

ဩဂုတ် ၁ ရက်မှစပြီး အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှု အသက်ဝင်လာမည့် နိုင်ငံ ၁၄ နိုင်ငံအနက် အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံ ပါဝင်နေသည်။