- By CNI
- Category: စီးပွားရေး
- Hits: 1559
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉
မလေးရှားတွင် အေးဂျင့်များဖြင့် ပါမစ်ပြုလုပ်ထားသည့် မြန်မာအချို့ အဖမ်းအဆီးခံရပါက ပြန်မလွတ်ဘဲ နေရပ်ပြန်ပို့ခြင်းခံရကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားအာဏာပိုင်များမှ ပါမစ်ပြုလုပ်ပေးရာတွင် အလုပ်ရှင်သူဋ္ဌေးရှိသူများကိုသာ ပြုလုပ်ပေးခြင်း ဖြစ်သော် လည်း အလုပ်ရှင်သူဋ္ဌေးမရှိသူများမှာ အေးဂျင့်များဖြင့် ပါမစ်ပြုလုပ်ကြခြင်းဖြစ်သည်။
ထိုသို့ အေးဂျင့်ဖြင့် ပါမစ်ပြုလုပ်ထားသူများမှာ အော်ပရာစီဖမ်းဆီးခံရချိန်တွင် ပါမစ်တွင် ပါရှိသည့်နေရာ၊ အလုပ်အကိုင်နှင့် လွဲမှားလုပ်ကိုင်နေကြသည့်အတွက် ပြန်မလွတ်ဘဲ နေရပ်ပြန်ပို့ခြင်းကိုခံရကြောင်း မလေးရှား တွင် မြန်မာနိုင်ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားအာဏာပိုင်များက တရားမဝင်လုပ်သားများကို ဖမ်းဆီးခေါ်ဆောင်လာစဉ်
“ကိုယ့်သူဋ္ဌေးနဲ့ ကိုယ်ကိုယ်တိုင်လုပ်တဲ့လူတွေအတွက်ကတော့ ပြဿနာမရှိပါဘူး။ အဲဒီလို အေးဂျင့်တွေ ဘာတွေ နဲ့ လုပ်တဲ့လူတွေအတွက်ကြတော့ လက်ရှိအချိန်မှာ ပြဿနာတွေ အများကြီးတွေ့နေရပါတယ်။ မလေးရှား အစိုးရ ကလည်း ဒီပါမစ်ကိုစဖွင့်ကတည်းက သူဌေးတိုက်ရိုက်နဲ့ပဲ ပါမစ်ကိုလုပ်တာ လက်ခံပါတယ်။ အေးဂျင့်တွေကို သူတို့ လက်မခံပါဘူး။ သို့ပေမယ့် အေးဂျင့်တွေဝင်ပြီး လုပ်နေတယ်၊ ဘာညာပေါ့နော်။ အခုအချိန်မှာ တချို့ တချို့ သော အေးဂျင့်တွေလည်း ပြဿနာတွေစတက်နေပါပြီ။ တချို့ပါမစ်လုပ်တဲ့ ကလေးတွေ ဆိုရင်လည်း စာအုပ်ရော၊ ငွေရောဆုံးရှုံးတာတွေကိုလည်း တွေ့မြင်နေရပါတယ်။ တချို့ဆိုရင်လည်း အေးဂျင့်ပါမစ်နဲ့ ထွက်လာတယ် သို့ပေမယ့်လည်း အော်ပရာစီတွေ မိတဲ့အချိန်မှာ ဒီပါမစ်က သူတို့လုပ်ထားတဲ့ ကုမ္ပဏီနဲ့ အလုပ်လုပ်တဲ့ ကုမ္ပဏီ မတူညီတဲ့အတွက်ကြောင့် ဥပဒေကိုချိုးဖောက်တဲ့အနေနဲ့ တချို့တချို့သော ကလေးတွေ မြန်မာပြည်ကို ပြန်ပို့ခံနေရတာတွေကိုလည်း တွေ့မြင်နေရပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ မလေးရှားနိုင်ငံတွင် အဖမ်းအဆီးများမှာ နေ့စဉ်များပြားလျက်ရှိနေပြီး နေရာစုံ၌ လိုက်လံစစ်ဆေး ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ တရားမဝင်အထောက်အထားမဲ့ နိုင်ငံခြားသားများပြားနေသည့်အတွက် ၎င်းနိုင်ငံသားများ အနေဖြင့် လ.ဝ.က ၏ ဖမ်းဆီးမှုများအပေါ် ထောက်ခံအားပေးကြကြောင်းလည်း ရခိုင်ဒုက္ခသည်များဗဟို CAR မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားအာဏာပိုင်များက တရားမဝင်လုပ်သားများကို ဖမ်းဆီးခေါ်ဆောင်လာစဉ်
"အဖမ်းအဆီးကများတယ်။ တော်တော်ကိုများတယ်။ နေရာတော်တော်များများမှာ လ.ဝ.က က ဝင်ဖမ်းတာ ရှိတယ်။ ဘယ်လောက်အထိ များလဲဆိုရင် အရင်တုန်းက ယူနီဖောင်းမဝတ်ရင် မဖမ်းရဘူး။ အခုက ယူနီဖောင်း မဝတ်ဘဲနဲ့ အရပ်ဝတ်တွေနဲ့ ထောက်လှမ်းရေးလိုလို လွှတ်ထားတယ်။ လွှတ်ထားပြီးတော့ စားသောက်ဆိုင်၊ နိုင်ငံခြားသားတွေများတဲ့ အလုပ်များတဲ့နေရာတွေမှာ လွှတ်ထားတယ်။ ဓာတ်ပုံတွေ ဗွီဒီယိုတွေရိုက်ထားတယ် မှတ်တမ်းတင်ထားတယ် ပြီးတော့မှ သေချာပြီဆိုတော့မှ ဝင်စစ်တယ်။ တချို့နေရာတွေကြတော့ ဒီအတိုင်းပဲ အရပ်ဝတ်နဲ့ပဲ လ.ဝ.က က ဖမ်းတယ်။ မလေးရှား ပြည်သူလူထုကလည်း လ.ဝ.ကကို အားပေးကြတာပေါ့။ လ.ဝ.က လုပ်တာမှန်တယ်၊ လ.ဝ.က ဒါထက်အများကြီးလုပ်သင့်တယ်ဆိုပြီး" ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ အရာရှိများနှင့် မြန်မာသံအမတ်တို့ တွေ့ဆုံခဲ့ကြပြီး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ထိန်းသိမ်းခံထားရသူ များ၏ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သံရုံးမှ ထုတ်ပြန်ထား သည်။
ယခုကဲ့သို့ မလေးရှား လ.ဝ.ကမှ သွားရောက်တွေ့ဆုံခြင်းသည် ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဦးရေ များပြားနေခြင်းကြောင့်ဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1764
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၈
မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ အရာရှိများနှင့် မြန်မာသံအမတ်တို့ တွေ့ဆုံခဲ့ကြပြီး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ထိန်းသိမ်းခံထားရသူများ၏ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သံရုံးမှ ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ မလေးရှား လ.ဝ.ကမှ သွားရောက်တွေ့ဆုံခြင်းသည် ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဦးရေ များပြားနေခြင်းကြောင့်ဖြစ်နိုင်သည်ဟု ရခိုင်ဒုက္ခသည်များဗဟို CAR မှ ညွှန်ကြားရေးမှူး ချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက်တစ်ခုက လူတွေအရမ်းများတဲ့အခါတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အများကြီးဖြစ်ကြတယ် ရောဂါအမျိုးမျိုးပေါ့။ သံရုံးရဲ့ ဆောင်ရွက်ချက်က ဟိုးအရင်တုန်းကနဲ့ လုံးဝမတူဘူး။ နံပါတ် ၁ က နှေးတယ်၊ နံပါတ် ၂ က အကုန်တော်တော်များများကို မဖြေရှင်းနိုင်ဘူး။ မဆောင်ရွက်နိုင်ဘူး။ မကူညီနိုင်ဘူးဖြစ်တယ်။ နောက်တစ်ခုက မြန်မာနိုင်ငံကို ဒီနေ့ ဒီနေ့မှာ ပြန်ရမယ်ဆိုပြီးတော့ အော်ပရာစီမှာ လ.ဝ.က-က ဖမ်းဆီး အပြစ် ပေး ထောင်ချပြီးတော့ ပြန်ပို့မယ့် လူဦးရေကလည်း အလွန်တရာများတယ်၊ ဘင်္ဂလားဒေ့ရှ်ပြီးရင် မြန်မာက ဒုတိယအများဆုံးဖြစ်တယ်။ အဲဒါကြောင့် သူတို့ အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်နေတယ်ပေါ့။ လ.ဝ.က-က ဘယ်လိုမှ သူတို့တစ်ခုတည်းနဲ့ မရှင်းနိုင်ဘူးပေါ့။ သံရုံးပါ ပူးပေါင်းဖြေရှင်းရမယ်ဆိုပြီး သွားရောက်တွေ့ဆုံတာနဲ့ တူပါတယ်” ဟု ပြောသည်။
မြန်မာအလုပ်သမားများ စစ်ဆေးခံနေရစဉ်
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ ရွှေ့ပြောင်းသွားကြသကဲ့သို့ မလေးရှားနိုင်ငံထဲသို့လည်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသွားကြသည့် မြန်မာနိုင်ငံသားနှုန်းထားမှာ အင်မတန် များပြားနေကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင်လည်း နိုင်ငံပေါင်းစုံမှ ဝင်ရောက် လာကြသူများကြောင့် လူဦးရေ ထူထပ်များပြားနေကာ အလုပ်အကိုင်ပိုင်းမှာလည်း ရှားပါးလျက်ရှိနေဆဲဖြစ်သည်။
ထူထပ်များပြားနေသည့် နိုင်ငံခြားသားလူဦးရေအား လျှော့ချလိုသည့် အတွက်လည်း မလေးရှားအာဏာပိုင်များမှ တရားမဝင် အထောက်အထားမဲ့များ ဒဏ်ကြေးပေးဆောင်၍ နေရပ်ပြန်နိုင်ရေး အစီအစဉ်ကို ယခုနှစ်ကုန်ပိုင်း အထိ ဖွင့်လှစ်ပေးထားသည်။
သို့သော် ယနေ့အထိ နေရပ်ပြန်သည့် တရားမဝင် လုပ်သားဦးရေမှာ နည်းပါးနေသည့်အတွက် အော်ပရာစီ အဖမ်းအဆီးများ ဆက်လက် ရှိနေဦးမည်ဟု မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရစဉ်
၎င်းက “မနေ့ကတင် ကျနော် သတင်းတစ်ပုဒ် ဖတ်ရပါတယ်။ မလေးရှားအစိုးရကနေ ထုတ်ပြန်တဲ့သတင်းပေါ့။ အဖမ်းအဆီးတွေကတော့ ဆက်ရှိနေဦးမှာပဲ။ လက်ရှိအချိန်မှာလည်း ၁၂ လပိုင်းကုန်အထိ ဒဏ်ကြေးဆောင်ပြီး ပြန်ဖို့အတွက်ကို သူတို့အခွင့်အရေးပေးထားတဲ့ အနေအထားမျိုးမှာ ဒီကြားထဲမှာလည်း သူတို့ အဖမ်းအဆီးတွေက ရှိဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ မလေးရှားအစိုးရကလည်း သိတယ်။ သူတို့နိုင်ငံအတွင်းမှာ တရားမဝင် နိုင်ငံခြား သားတွေ ဘယ်လောက်ရှိတယ်ဆိုတာ သူတို့ခန့်မှန်းခြေတွေရှိပါတယ်။ သို့ပေမယ့်လည်း ဒဏ်ကြေးဆောင်ပြီး ပြန်တဲ့သူတွေက သူတို့ခန့်မှန်းထားတဲ့ သတ်မှတ်ချက်ကို မပြည့်မီတော့ သူတို့သိတယ်။ နိုင်ငံအတွင်းမှာ တရား မဝင်တွေ အများကြီးရှိနေတာကို သူတို့သိနေတဲ့အတွက် သူတို့ဒီလို ဖမ်းဆီးမှုတွေကတော့ ဆက်ရှိနေဦးမှာပဲ။ ရပ်တန့်သွားဖို့အတွက်ကို ပြောဆိုလာတာတွေ မရှိသေးပါဘူး” ဟု ပြောသည်။
လက်ရှိ မလေးရှားနိုင်ငံတွင် လုပ်သားအသစ် ခေါ်ယူခြင်းများကို လုံးဝရပ်နားထားခြင်း ဖြစ်သော်လည်း အလုပ် ခေါ်စာအတုများ၊ ပွဲစားအေးဂျင့်များမှ လုပ်သားခေါ်ယူ စုဆောင်းခြင်းများမှာ ရှိနေဆဲဖြစ်သည်။
ထို့အပြင် ဒုက္ခသည်အဖြစ် ခိုလှုံရန် ရောက်ရှိလာသည့် တိုင်းရင်းသား လူဦးရေမှာလည်း ယခင်ကထက် ပိုမို များပြားလာနေပြီး UNHCR ဘက်မှ ဆောင်ရွက်ပေးမှုသည်လည်း ထူးခြားမှုမရှိသေးကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1556
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၇
ပြည်တွင်းဆီ ဖူလုံဖို့အတွက် ဆီအုန်းစိုက်ပျိုးမှုမှ ထွက်ရှိသည့် ဆီကြမ်းများကို စားသုံးဆီချော ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၆ ရက်နေ့က စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ တိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆီထွက်သီးနှံများနှင့် ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့် (၄) ချက်နှင့် စနစ်တကျ ဆောင်ရွက်သွားရန်လိုပြီး စိုက်ပျိုးမှုများ တိုးတက်စေရေး စိုက်ပျိုးတောင်သူများကို အားပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နေကြာသည်လည်း ဆီထွက်သီးနှံများတွင် တွက်ခြေကိုက်သည့် ဆီထွက် သီးနှံတစ်ခုဖြစ်၍ နေကြာကို အမှန်တကယ် တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုလျှင် နိုင်ငံအတွက် အကျိုးဖြစ် ထွန်းမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
၎င်းက “ နေကြာစိုက်ပျိုးမှုများကို တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုများမှာလည်း အကြောင်းအမျိုးမျိုးကြောင့် အထွက်နှုန်း များ နည်းပါးလျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုမှထွက်ရှိသည့် ဆီကြမ်းများကို စက်မှုကုန်ကြမ်းအဖြစ် သုံးစွဲ လျက်ရှိပြီး ဆီကြမ်းများမှ စားသုံးဆီချော ထုတ်လုပ်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရန်လိုကြောင်း၊ ဆီထွက် သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းဆီ ဖူလုံမှုများ တိုးတက်လာ မည်”ဟု ပြောသည်။
စားသုံးဆီ တန်းစီ၀ယ်နေကြစဉ်
ထို့နောက် အဓိက စိုက်ပျိုးသီးနှံများဖြစ်သည် စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများကို တိုးတက်အောင် စိုက်ပျိုးရ မည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
နစကသည် ပြည်တွင်းတွင် စက်သုံးဆီနှင့် စားသုံးဆီ ဖူလုံအောင် ကြိုးပမ်းနေရသလို ဈေးနှုန်းကိုလည်း ထိန်း သိမ်းနေရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီနှင့် စားသုံးဆီများမှာ မကြာခဏ ပြတ်လပ်သွားသည့် အခြေအနေဖြင့် ကြုံ တွေ့နေရသလို ဈေးနှုန်းကြီးမြင့်မှုဖြင့်လည်း ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များသတင်းကတော့ ရန်ကုန်ုတိုင်းဒေသကြီးအတွင်းမှာ ခွဲတမ်းဖြင့် စားသုံးဆီများကို ရောင်းချပေးလျက်ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1334
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၇
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီးနှင့် ကျပ် ငွေပေးချေမှုကိုဆောင်ရွက်ရန် မြန်မာနိုင်ငံရှိ ဘဏ် ၈ ခုအား အိန္ဒိယအစိုးဘက်မှ အတည်ပြုခဲ့ပြီး ထိုသို့ ငွေပေးနိုင်မှုသည် လုပ်ငန်းရှင်များအတွက် ခုသာခံသာ အနေအထား တစ်ခုဖြစ်စေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုများအတွက် ဒေါ်လာဖြင့် ငွေပေးချေကြရာတွင် စင်ကာပူဘဏ်မှ တဆင့် လုပ်ဆောင်ကြခြင်းဖြစ်သော်လည်း နိုင်ငံတကာ၏ ပိတ်ဆို့မှုများခံနေရခြင်းဖြစ်သည်။
ယခုကဲ့သို့ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်းက ပို၍ကောင်းကြောင်း၊ ယခုစနစ်အောင်မြင်ပါက လုပ်ငန်းရှင်များအတွက် ခုသာခံသာ ဖြစ်စေသော်လည်း မြန်မာနိုင်ငံ၏ ပြဿနာမှာ ငွေလဲလှယ်နှုန်းကို ငြိမ်အောင်မထိန်းထားနိုင်ခြင်းသာ ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ဒါပေမယ့်တစ်ခုရှိတာက ကိုယ့်ဆီက မထိန်းနိုင်တာက Exchange Rate ပဲ။ အခု ရူပီးနဲ့ပဲလုပ်လုပ် ထိုင်းဘတ် နဲ့ပဲလုပ်လုပ် ယွမ်နဲ့ပဲလုပ်လုပ် ကိုယ်တွေက ဗမာငွေ ကျပ်ပေးမယ်ဆိုရင် သူတို့ကမလိုချင်ဘူး။ ဒါပေမယ့် တစ်ခု ကောင်းတာက သူတို့ဆီကိုပို့လိုက်တယ်၊ ရလာတဲ့ ဘတ်တို့ ယွမ်တို့ ရူပီးတို့ ဒါနဲ့ပြန်ဝယ် အဲဒီလိုပဲအဆင်ပြေတယ်။ အခုက ကိုယ့်ဘက်က Exchange Rate ငြိမ်အောင်မထိန်းပေးနိုင်တော့ one side တော့ဖြစ်နေတယ်။ ဒါပေမယ့် ဘာပဲပြောပြော ရတဲ့ဟာကို ဒေါ်လာကို convert လုပ်၊ convert လုပ်ပြီးတော့မှ တစ်ခါ Trade လုပ်တာထက် စာရင်တော့ နည်းနည်းအဆင့်တွေရော၊ ricks တွေရော၊ cost တွေရော အဲဒီဟာတွေတော့ လုပ်ငန်းရှင်တွေ အတွက် သက်သာလာမှာပဲ” ဟု ၎င်းက ပြောသည်။
အိန္ဒိယ- မြန်မာနယ်စပ်ဂိတ်ပေါက်တစ်ခု
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီးနှင့် ကျပ် ငွေပေးချေမှုကိုဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်ရှိ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ဘဏ် ၁၁ ခု အဆိုပြုခဲ့ကြရာ ဘဏ် ၈ ခုအား အိန္ဒိယအစိုးရဘက်မှ အတည်ပြု ခဲ့ခြင်းဖြစ်သည်။
၎င်းဘဏ်များမှာ UAB၊ CB၊ ကမ္ဘာ့ရတနာ၊ ရိုးမ၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံသားများ ဘဏ်၊ ဧရာဝတီနှင့် ရွှေ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါဘဏ်များသည် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီးနှင့်ကျပ် ငွေပေးချေမှုကို ဆေင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံဘဏ်များအကြား Special Rupee Vostro Account ကို အသုံးပြု ဆောင်ရွက် ရမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ကျန်ရှိသည့် ဘဏ် ၆ ခုကိုလည်း ဆောင်ရွက်ခွင့်ရသည့်ဘဏ်များအဖြစ် ခွင့်ပြုနိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်မှုတွင် ပမာဏတစ်ခုအထိ ပါဝင်နေပြီး တရုတ်ယွမ်ငွေကဲ့သို့ အသုံးမများ သော်လည်း ရုရှားငွေ ရူဘယ်ထက် မာကြောင်း၊ မြန်မာငွေကြေးကလွဲပြီး ကျန်သည့် နိုင်ငံခြားငွေကြေးများမှ ခိုင်မာနေသည့်အတွက် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းက ကောင်းမွန်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ပြောသည်။
ကုန်တင်ကားများကို တွေ့ရစဉ်
“အသုံးပြုခွင့်ပေးတာ မပေးတာထက် အဓိကက သုံးသူနဲ့ ဖလှယ်သူကြားထဲမှာ သူတို့လက်ခံဖို့လိုတယ်။ လက်ခံတယ်ဆိုရင် ဒါကောင်းတဲ့ကိစ္စပဲလေ။ လက်ခံတယ်၊ လက်မခံဘူးဆိုတာကတော့ both party ရဲ့ ဉာဏ်နဲ့ အမြော်အမြင်နဲ့ သက်ဆိုင်ရာ တစ်ခုချင်း currency ရဲ့ strong ဖြစ်မှုလိုတာပေါ့။ အဲဒီလိုခွင့်ပြုတာတော့ ကောင်းပါတယ်။ ကောင်းတယ်ဆိုတာက ကြေညာချက်က အလကားတော့ ထွက်တာမဟုတ်ဘူးလေ။ တစ်ဖက်က အိန္ဒိယအစိုးရကလည်း ဗမာကျပ်ငွေကို လက်ခံရမယ်ဆိုတဲ့ concept ရှိမှာပေါ့။ ဒါကြောင့်မို့လို့လည်း ထွက်လာတာပေါ့။ ဗမာကတော့လက်ခံရမှာပေါ့ ကိုယ့်ငွေကလွဲရင် အကုန်လုံးက ခိုင်မာနေတဲ့ ငွေချည်းပဲ ဖြစ်နေတာကို။ တစ်ခုတော့ရှိတာပေါ့ ကမ္ဘာပေါ်မှာ အသုံးများတဲ့ ငွေကြေး currency ထဲမှာတော့ အိန္ဒိယက မပါသေးဘူး။ တရုတ်ယွမ်ငွေကတော့ ပါသွားပြီ ဂျပန်နေရာကိုတောင်ဝင်ယူသွားပြီ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ ပဲမျိုးစုံနှင့် အခြားကုန်စည်များကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး အိန္ဒိယဘက်မှ ဆေးဝါးနှင့် အခြား ကုန်စည်များကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။
မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအမှတ် ၂ နယ်စပ်ဂိတ်ဖြစ်သည့် ရိဒ်နယ်စပ်ဂိတ်အား အိန္ဒိယအာဏာပိုင်များက ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားကြောင်းသိရပြီး ထိုသို့ပိတ်ထားရခြင်းမှာ ကွမ်းသီးခြောက်များ အိန္ဒိယ နိုင်ငံထဲသို့ တရားမဝင်တင်သွင်းနေသည့်ဆိုသည့် တိုင်ကြားချက်ကြောင့်ဖြစ်ကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2090
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၆
ထိုင်းရှိ သက်တမ်းပြည့် MOU လုပ်သားများ နယ်စပ်၌ U-turn စနစ်ဖြင့် သက်တမ်းပြန်တိုးရာတွင် မိသားစု လွှဲပို့ငွေ အထောက်အထားပြသနိုင်မှသာ ထိုင်းသို့ ပြန်သွားခွင့်ရမည်ဖြစ်သောကြောင့် U-turn သမားများ မဝင်သလောက် ဖြစ်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ဩဂုတ် ၁ ရက်မှ စတင်ကာ MOU U-turn စနစ်ဖြင့် သွားမည့် မြန်မာ လုပ်သားများအနေဖြင့် ၃ လစာ၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ဘတ်ငွေ ၆၀၀၀ အား မိသားစုထံ လွှဲပို့ထားသည့် အထောက်အထားပြသနိုင်မှသာ သွားခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာဦးဝင်းမြင့်က “အဲဒီအတွက်ကြောင့် U-turn တွေ မဝင်သလောက်ဖြစ်သွားတယ်။ အန်ကယ့်လူတွေလည်း ၃၀ ကျော်လောက် ရှိတယ်။ သူတို့လည်း အခက်အခဲ ဖြစ်နေတာ နံပါတ် ၁ က ငွေလွှဲဖို့ကိစ္စပဲ။ ငွေလွှဲဖို့ကိစ္စက ဟိုဘက်က အလုပ်သမားသံအရာရှိကလည်း ပြေလည် အောင် လက်ခံဆောင်ရွက်ပေးမှ ဒီဘက်က နိုင်ငံတော်အတွက် ပိုက်ဆံဝင်မှာ။ အခုလောလောဆယ်က ဟိုဟာ လက်မခံဘူး၊ ဒီဟာလက်မခံဘူး အဲဒါတွေလုပ်နေမယ် ဆိုရင်တော့ နိုင်ငံတော်အတွက် ပိုက်ဆံဝင်မှာမဟုတ်ဘူး။ အခု လောလောဆယ် western union bank ကို လူတွေသုံးနေကြတယ်။ မြန်မာအလုပ်သမားတွေက ပေါက်ဈေး နဲ့ များစွာကင်းကွာပေမယ့် နိုင်ငံတော်က သတ်မှတ်ချက် သူတို့က အလုပ်သမားတွေဖြစ်တဲ့အတွက် အလုပ်လုပ်မှ ထမင်းစားရမှာလေ။ အဲဒီတော့ နိုင်ငံတော်ရဲ့သတ်မှတ်ချက်ကို သူတို့က လိုက်နာမှာပဲ။ အဲဒီ လိုက်နာတဲ့လူတွေ အတွက်ကို လမ်းဖွင့်ပေးထားဖို့ လိုတယ်။ အဓိကက လမ်းဖွင့်မပေးထားဘူး။ ဖွင့်ထားတဲ့လမ်းတွေကလည်း အထစ် အငေါ့တွေ လုပ်ထားမယ်ဆိုရင် လျှောက်ရတဲ့လူတွေက အများကြီးအခက်အခဲတွေဖြစ်တယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် စာရွက်စာတမ်းများ လာရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများ
မြဝတီနှင့် ကော့သောင်းမြို့များရှိ MOU U-turn စခန်းများတွင် U-turn လုပ်ငန်းစဥ်ဖြင့် လုပ်သားများ စေလွှတ်ရာ မှာ အခြေခံလစာ ၃ လစာ (ခန့်မှန်း ဘတ် ၂၄,၀၀၀)၏ ၂၅ ရာခိုင်နှုန်း (ဘတ် ၆,၀၀၀)ကို မိသားစုထံ သို့မဟုတ် မြန်မာနိုင်ငံက အလုပ်သမား၏ ဘဏ်စာရင်းကို တရားဝင်လွှဲပို့ထားကြောင်း အထောက်အထား ပြသနိုင်မှသာ စေလွှတ်မည်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက်က ညွှန်ကြားထားခြင်းဖြစ်သည်။
သက်တမ်းပြည့် MOU လုပ်သားများအနေဖြင့် မြန်မာပြည်သို့ မပြန်ချင်ကြသည့်အတွက်ကြောင့် မပေးချင်သော် လည်း မဖြစ်မနေ ပေးကိုပေးဆောင်ကြရမည့်အနေအထားဖြစ်ကြောင်း အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများ
"ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ကလည်း မြန်မာပြည်ရဲ့ ဆိုးရွားတဲ့အခြေအနေတွေကြောင့် မဖြစ်မနေ MOU U-turn စနစ်ကို သွားတဲ့အခါမှာ သူတို့ အတင်းအဓမ္မတင်းကြပ်နေတဲ့ မူဝါဒတွေ အားလုံးကို လွန်ဆန်နိုင်စွမ်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှ သူမပြန်နိုင်တော့တာ။ ဆိုတော့ မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလိုပဲ။ ပေးကိုပေးရတော့မှာ။ ဘောက်ချာတွေအကုန်ပြနိုင်မှ မိသားစုဆီလွှဲပြောင်းထားတဲ့ ၂၅ ရာခိုင်နှုန်းကို ဘောက်ချာတွေပြနိုင်မှ၊ ပြီးရင် ၂ ရာခိုင်နှုန်းအခွန်ဆောင်ထားတဲ့ ဘောက်ချာတွေပြနိုင်မှ U-turn စနစ်ကို ပြန်လည်ပြီးမှ ဆောင်ရွက်ပေးမယ်ဆိုတော့ သူတို့ပေးဆောင်ဖို့ကိုပဲ ပေးတော့မပေးချင်ဘူး။ သို့သော် ဒီနိုင်ငံထဲကို ပြန်ဝင်လာဖို့အတွက်က မဖြစ်မနေ ပေးရတော့မယ်ဆိုတာ သုံးသပ်နေပါတယ်" ဟု ၎င်းက ပြောသည်။
နယ်စပ်ဒေသများ၌ U-turn စနစ်အား နေ့ချင်းပြီးစေလွှတ်ရခြင်းဖြစ်ပြီး ထိုင်းဘက်အခြမ်းသို့ ၁၂ နာရီ ၃၀ မိနစ် မတိုင်မီ စေလွှတ်ရသည့်အတွက် မလိုလားအပ်သော ကြန့်ကြာမှုများ မရှိစေရန် မိသားစုလွှဲငွေ အထောက်အထား များအား U-turn စခန်းများသို့ မလာရောက်မီကတည်းက ကြိုတင်ပြင်ဆင်ထားရန်လည်း ညွှန်ကြားချက်တွင် ပါရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2334
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅
မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် စနစ်အသစ် ပြောင်းမည်ဆိုပါ ကလည်း အလုပ်ဖြစ်မည် မဟုတ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့်ပညာရှင်များက CNI သတင်းဌာန သို့ ပြောသည်။
စီးပွားရေးကဏ္ဍ ကျဆင်းနေမှုသည် ကျင့်သုံးနေသည့် စီးပွားရေးစနစ်ကြောင့် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ နိုင်ငံရေး မတည်မငြိမ်မှုကြောင့်သာ ကျဆင်းနေခြင်းဖြစ်ကြောင်း၊ စီးပွားရေးကဏ္ဍ တိုးတက်စေရန် စနစ်ပြောင်းလဲ လုပ်ဆောင်မည်ဆိုပါကလည်း အလုပ်ဖြစ်မည် မဟုတ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံရဲ့ အခု စီးပွားရေးပြဿနာဆိုက်နေတာက စီးပွားရေး issue မဟုတ်ဘူး။ နိုင်ငံရေး issue၊ နိုင်ငံရေးက တကယ့်ပစ်စလက်ခက်ဖြစ်နေလို့ စီးပွားရေးမှာလာပြီးတော့ ရိုက်ခတ်တာ။ ဘယ်စီးပွားရေး ပေါ်လစီနဲ့ လုပ်လုပ်၊ သိကြားမင်းကြီး ဆင်းလုပ်လည်း မအောင်မြင်ဘူး ဒီလက်ရှိနိုင်ငံရေး အနေအထားအရ။ ဘာဖြစ်လို့လဲဆို ကိုယ့်နိုင်ငံထဲမှာလည်း လုပ်လို့ကိုင်လို့မရဘူး။ လုပ်ချင်ကိုင်ချင်စိတ်ရှိတယ် ဒါပေမယ့် လုပ်လို့ကိုင်လို့ မရဘူး။ ထုတ်လုပ်မှုလုပ်မလား အညာမှာ ဘာမှစပါးလည်းစိုက်လို့မရ၊ ကုန်ပစ္စည်းလည်း ထုတ်လို့မရ။ instable ဖြစ်နေ တာ။ အလားတူပဲ ကုန်သွယ်ရေး လုပ်ချင်တယ် နယ်စပ် ဘယ်လိုမှသွားလို့ မရဘူးလေ။ လမ်းပန်း အနေအထား အရရော၊ လုံခြုံရေးအရရောက ဘယ်လိုမှ သွားလို့မရဘူး။ ဆိုတော့ ဘယ်ပေါ်လစီပဲချချ၊ ဘယ်လိုမျိုး support တွေလုပ်လုပ် နောက်နိုင်ငံတကာကလည်း ပိတ်ဆို့ထားတာတွေရှိတယ်” ဟု ပြောသည်။
ဆီ၀ယ်နေတဲ့ အဘွားကိုတွေ့ရစဉ်
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမ စနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့သည်။
ခေတ်အဆက်ဆက်၌ အစိုးရများအနေဖြင့် စီးပွားရေးစနစ် အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ ကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိ အခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံတွင် မအောင်မြင်ခဲ့သည့် သမဝါယမစနစ်ကို ယခုလက်ရှိအချိန်မှာ ပြန်လည်အသက်သွင်း လုပ်ဆောင် မည်ဆိုပါက တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲ မအောင်မြင်သည့်အပြင် တစ်နိုင်ငံလုံး မှောင်ခိုဈေးကွက် ဖြစ်သွားနိုင် ကြောင်း စီးပွားရေးသမားများက ပြောသည်။
ထို့အပြင် သမဝါယမသည် စနစ်မဟုတ်ဘဲ ကဏ္ဍတစ်ခုသာဖြစ်ပြီး စီးပွားရေးစနစ်မှာ ဈေးကွက်စီးပွားရေး ဖြစ်သည်ဆိုသော အချက်ကို ကွဲပြားစွာသိရှိရန်လိုကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည် က CNI သတင်းဌာနသို့ ပြောသည်။
အထည်ချုပ်စက်ရုံကိုတွေ့ရစဉ်
၎င်းက "အဓိကကတော့ sector နဲ့ system နဲ့မကွဲဘူးပေါ့။ သမဝါယမဆိုတာ sector ပဲ ကဏ္ဍပဲ။ system မဟုတ် ဘူး။ system ဆိုတာက economic system အဲဒီ economic system ထဲမှာ ပုဂ္ဂလိကရှိမယ်၊ သမဝါယမရှိမယ်၊ အစိုးရပိုင်တာ ရှိမယ်၊ သူက ကဏ္ဍပဲ system မဟုတ်ဘူး။ အဲဒီကဏ္ဍတွေအကုန်လုံးကို control လုပ်ထားတာက အဲဒါကြမှ economic system၊ သမဝါယမကို system လို့ သွားပြောလို့မရဘူး။ sector ပဲ ကဏ္ဍပဲ။ သမဝါယမ ကဏ္ဍဖြစ်ဖြစ် ပုဂ္ဂလိက ကဏ္ဍဖြစ်ဖြစ်၊ နိုင်ငံပိုင် ကဏ္ဍဖြစ်ဖြစ် သူက ဒီစီးပွားရေးစနစ်ကြီးထဲမှာ သွားရတာ။ ဒီကဏ္ဍကြီး ၃ ခုလုံးက ဈေးကွက်စီးပွားရေး စနစ်ဆိုတဲ့ ဘောင်ထဲမှာ သွားရတာ။ ဒါပေမယ့် တစ်ခုရှိတာက အစိုးရ ဦးစီးတဲ့ အရင်းရှင်စနစ်ဆိုတာ ရှိတယ်။ စင်္ကာပူဆိုလည်း state capitalism ပဲ" ဟု ပြောသည်။
မြန်မာနိုင်ငံ၏ GDP စာရင်းတွင် သမဝါယမမှ ထုတ်လုပ်ပေးနိုင်မှုသည် ၁ ရာခိုင်နှုန်းသာရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ၇၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနိုင်ကြောင်း၊ အစိုးရကဏ္ဍအနေဖြင့် ၃၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးနိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်ခုလုံး၏ စီးပွားရေးကို သမဝါယမစနစ်ဖြင့် ဦးဆောင်ပြီး ပြုလုပ်သည့်နိုင်ငံ မရှိကြောင်း၊ နိုင်ငံအချို့တွင် အောင်မြင်ကြသော်လည်း GDP အရ အနည်းအကျဉ်းသာ ရရှိခြင်းဖြစ်ကြောင်း၊ ကွန်မြူနစ်နိုင်ငံများ အနေဖြင့် နိုင်ငံစီးပွားရေးကို သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ခဲ့ကြသော်လည်း မအောင်မြင်သည့်အတွက် ဈေးကွက် စီးပွားရေးစနစ်ကို သွားနေကြခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြ သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1123
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂
နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများ ရှိနေသည်ကို နေ့စဉ်သိရှိနေရကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး၌ ပြောဆိုသွားခြင်းဖြစ်သည်။
နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ ဘာကြောင့် ဖြစ်လာရသလဲဆိုသည့်အပေါ် စီးပွားရေး လေ့လာသုံးသပ်သူနှင့် ပညာရှင်များအကြား သုံးသပ်ဆွေးနွေးမှုများလည်း ရှိနေသည်။
ယခုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံ၏ စနစ်အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
“အဓိကကတော့ system weakness ရှိလို့ တရားမဝင်ကုန်သွယ်မှုဖြစ်ရတာပဲ။ system weakness မရှိရင် တရားမဝင်ကုန်သွယ်မှုကမဖြစ်ဘူး။ တရားဝင်ကုန်သွယ်လို့ easy ဖြစ်တယ်။ convenience ဖြစ်တယ်ဆိုရင် မဖြစ်ဘူးပေါ့။ တစ်ခုပဲရှိတယ် တရားဝင်ကုန်သွယ်မှုမှာ အရပ်သားလိုစဉ်းစားရင် Tax ပဲ။ Tax က မများဘူး သဘာဝကျတယ်ဆိုရင် ဘယ်သူက တရားမဝင်ကုန်သွယ်မှာလဲ။ အဓိကက တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှာ barrier တွေရှိမှာပေါ့။ လုပ်ရတာခက်တာတို့၊ ပါမစ်တွေကြာတာတို့ စသဖြင့်လေ ဒါတွေက system weak ဖြစ်လို့ တရားမဝင်ဆိုတာ ဖြစ်လာတာ။ သာမန်အားဖြင့်ဆို ထိုင်းမှာ တရားမဝင်ကုန်သွယ်တာမရှိဘူး။ ဘာလို့ဆို system ကောင်းနေတာကို။ system ကိုလည်း ပြန်စဉ်းစားရမှာပေါ့။ barrier တို့မရှိဖို့လိုတယ်။ barrier ဆိုတာ အခုအခံ တွေပေါ့” ဟု ၎င်းက ပြောသည်။
တရားမဝင်ကုန်သွယ်မှုဆိုသည်မှာ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ စသည့် တရားမဝင်ကုန်အဖြစ် သတ်မှတ်ထားသည့်အရာများကို ကုန်သွယ်ခြင်း၊ အစိုးရဌာနဆိုင်ရာမှ ချမှတ်ထားသည့် အဆင့်ဆင့်သို့ မကျော်ဖြတ်ချင်သည့်အတွက် တရားဝင်ကုန်များကို တရားမဝင်ကုန်သွယ်မှုဟူ၍ ရှိကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးကားများ
တရားမဝင်ကုန်အဖြစ် သတ်မှတ်ထားသည့်အရာများကို ကုန်သွယ်မှုအပေါ် အစိုးရအနေဖြင့် ဖမ်းဆီးအရေးယူသင့် ပြီး အစိုးရမှချမှတ်ထားသည့် မူဝါဒများကြောင့် တရားဝင်ကုန်များအား တရားမဝင်ကုန်သွယ်နေကြခြင်းကိုမူ ဖြေလျှော့ကုစားပေး၍ရကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“နောက်တစ်ခုကကြတော့ Cost တွေရှောင်ချင်လို့။ တရားဝင်တင်သွင်းလိုက်ရင် လုပ်ရတဲ့ Process တွေ ကလည်း ကြာတယ်။ အခွန်အခတွေကလည်း အများကြီးပေးရမယ်။ quality control တွေကလည်း ရှိမယ်။ FDA လက်မှတ်ရမှ သွင်းလို့ရမယ့်ဆေးတို့ ဒါမျိုးတွေရှိတယ်။ အဲဒီလိုမျိုးဟာတွေကြောင့် အခက်အခဲတွေကို ကျော်ဖြတ်ချင်တာရယ်၊ Cost တွေကိုလျှော့ချချင်တာရယ် အဲဒီရည်ရွယ်ချက်ကြောင့်လည်း သူက Illegal Trade ဖြစ်လာတယ်။ Illegal Product မို့လို့ Illegal ဖြစ်တာကြတော့ ဒါမျိုးကတော့ အစိုးရက ကုစားပေးလို့မရဘူးပေါ့။ ဒါမျိုးကိုတော့ သူက ရအောင်ဖမ်းရမယ်။ တခြားစီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ Process တွေကို မဖြတ်ချင်လို့ လုပ်တဲ့ Illegal Trade မျိုးကြတော့ အစိုးရက သေချာလေ့လာ ဘယ်ဟာတွေကတော့ ဖြေလျှော့ပေးလို့ရတယ်၊ ဘယ်ဟာတွေ ကတော့ ဘယ်လိုမျိုး လွယ်ကူအောင်လုပ်ပေးလို့ရတယ်၊ ဘယ်ဟာတွေကတော့ cost လျှော့ချလို့ရတယ်။ ဒါမျိုး စဉ်းစားပြီးတော့ လုပ်ပေးရမှာ။ အဲဒီလို လုပ်ပေးမှပဲ Illegal Trade က ကျသွားမှာ။ အခုအတိုင်းလိုက်ဖမ်းဖမ်း ကြိုက်သလောက်ဖမ်း၊ Illegal Trade က ရှိနေမှာ” ဟု ၎င်းက ပြောသည်။
၎င်းတရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ၏စီးပွားရေးကိုထိခိုက်စေလျက်ရှိခြင်းကြောင့် ကုန်သွယ်မှုနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း နစက ဥက္ကဋ္ဌ မှ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လမ်းခရီး၌ မလိုလားအပ်သည့်ကုန်ကျစရိတ်များကြောင့် ကုန်ဈေးနှုန်းများမြင့်တက်နိုင်ကြောင်း၊ နယ်စပ် ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေမည့် လုပ်ဆောင်မှုများမရှိအောင် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ပေးရန်လိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1781
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁
မြန်မာနိုင်ငံတွင် မအောင်မြင်ခဲ့သည့် သမဝါယမစနစ်ကို ယခုလက်ရှိအချိန်မှာ ပြန်လည်အသက်သွင်း လုပ်ဆောင် မည်ဆိုပါက တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲ မအောင်မြင်သည့်အပြင် တစ်နိုင်ငံလုံး မှောင်ခိုဈေးကွက်ဖြစ်သွားနိုင်သည် ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမ စနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့သည်။
စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက “မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍက အခုဆို တော်တော်ကို ပျက်စီးနေပြီ။ သူတို့လုပ်တဲ့ပုံစံကလည်း ဘာမှ research နဲ့ ဘာနဲ့ သေသေချာချာ လုပ်တဲ့ဟာ မဟုတ်ဘူး။ စိတ်ထဲထင်ရာ ကောက်လုပ်တဲ့ပုံစံမျိုး။ ဆန်လိုဟာမျိုးပဲကြည့်။ ဆန်ကို သူဈေးနှုန်း သတ်မှတ်လိုက်တယ် ဒီဈေးဒီဈေးထက် ပိုမရောင်းရဘူး။ အခု ဗမာပြည်မှာထွက်တဲ့ ဆန်က supply ကို shortage ဖြစ်နေပြီ။ ကိုယ်တွေလိုချင်လို့ မှာလိုက် တယ်။ ဆန်တွေပြတ်နေပါတယ်။ အခု ဆန်တွေ မရောက်လို့ပါ လမ်းပန်းဆက်သွယ်ရေး ဘာညာကြောင့်ပါနဲ့။ အမှန်ဆို သူတို့ဆီမှာရှိတယ်။ ရောင်းမပေးချင်ဘူး။ ဒီဟာကြီးကို အကောင်အထည်ဖော်မယ်ဆိုရင် အခုလက်ရှိ အနေအထားအရကို မှောင်ခိုဈေးကွက်က တော်တော်လေး ကြီးနေပြီ။ သမဝါယမစနစ်သာ လုပ်လိုက်လို့ကတော့ တစ်နိုင်ငံလုံးက မှောင်ခိုဈေးကွက်ကြီး ဖြစ်သွားတော့မှာ” ဟု ပြောသည်။
သမဝါယမစနစ်ဖြင့် ဖွင့်လှစ်ထားသော ဈေးဆိုင်ကို တွေ့ရစဉ်
ခေတ်အဆက်ဆက်၌ အစိုးရများအနေဖြင့် စီးပွားရေးစနစ် အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ ကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိ အခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတကာတွင် သမဝါယမစနစ်အား အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်းများတွင်သာ အသုံးပြုကြခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သမဝါယမစနစ်သို့ ပြန်သွားမည်ဆိုပါက ၎င်းတို့ကဲ့သို့သာ ရည်ရွယ်လုပ်ဆောင် ၍ ရမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထို့အပြင် နိုင်ငံတစ်ခုလုံး၏ စီးပွားရေးကို သမဝါယမစနစ်ဖြင့် ဦးဆောင်ပြီး ပြုလုပ်သည့်နိုင်ငံ မရှိကြောင်း၊ ကွန်မြူနစ်များ ဖြစ်ကြသည့် တရုတ်၊ ဗီယက်နမ်နိုင်ငံတို့အနေဖြင့် နိုင်ငံစီးပွားရေးကို သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ခဲ့ကြသော်လည်း မအောင်မြင်သည့်အတွက် ဈေးကွက်စီးပွားရေးစနစ်ကို သွားနေကြခြင်း ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
သမဝါယမစနစ်ဖြင့် ဖွင့်လှစ်ထားသော ဈေးဆိုင်ကို တွေ့ရစဉ်
၎င်းက “နိုင်ငံရေးက ဆိုရှယ်လစ်ကွန်မြူနစ်ဖြစ်မယ် စီးပွားရေးကတော့ ဈေးကွက်ကို သွားနေတာပေါ့။ သမဝါယမ ဆိုတာက တကယ့် စိတ်တူကိုယ်တူတွေ အကုန်အတူတွဲပြီးလုပ်တဲ့ လုပ်ငန်းမျိုး။ ဒီတစ်နိုင်ငံလုံးမှာရှိတဲ့လူတွေ ဘယ်လိုလုပ် စိတ်တူကိုယ်တူလုပ်လို့ ဖြစ်မလဲ။ ထုတ်လုပ်သူ သမဝါယမရှိတယ်။ စားသုံးသူ သမဝါယမရှိတယ်။ ထုတ်လုပ်သူ သမဝါယမက နိုင်ငံတကာမှာ ကျင့်သုံးနေတာလည်း အဲဒီသမဝါယမပဲ စားသုံးသူ သမဝါယမကြတော့ အဲဒီကရလာတဲ့ အကျိုးအမြတ်တွေကို အိမ်ထောင်စုတစ်စုကို ဆန်ဘယ်နှပြည်၊ ဆီဘယ်လောက်ရမယ် အဲဒီလိုမျိုး ခွဲတမ်းတွေနဲ့ ပေးတာ။ ဘယ်လိုမှ မအောင်မြင်ခဲ့ဘူးလေ။ ဘာလို့ဆို ကိုယ့်လိုအပ်ချက်နဲ့ သူပေးတဲ့ ဟာနဲ့လည်း ကိုက်မယ်။ ကိုယ်လိုချင်တဲ့ quality နဲ့ သူပေးတဲ့ဟာနဲ့လည်း ကိုက်ချင်မှ ကိုက်မယ်။ အရင်တုန်းကလည်း အဲဒီ ဟာကြောင့် သမဝါယမက ပျက်သွားတာ။ အရင်က မအောင်မြင်တဲ့ စနစ်ကို ဘာလို့ အခုပြန်ပြီးတော့ အသက်သွင်း ချင်နေလဲတော့ မသိဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ GDP စာရင်းတွင် သမဝါယမမှ ထုတ်လုပ်ပေးနိုင်မှုသည် ၁ ရာခိုင်နှုန်းသာရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ၇၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနိုင်ကြောင်း၊ အစိုးရကဏ္ဍအနေဖြင့် ၃၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးနိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1587
CNI News
၂၀၂၄ခုနှစ်၊ သြဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စု တစ်စုအတွက် စားအုန်းဆီ နှစ်ပိဿာကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။
လက္ကားရည်ညွှန်းစျေးကို အခြေခံ၍ အကျိုးအမြတ် ထည့်သွင်းထားခြင်းမရှိပဲ ဘူးခွံဖိုးနှင့် ဘူးသွတ်ခကို ထည့်သွင်း တွက်ချက်ထားသည့် စျေးနှုန်းဖြင့် အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုအောက်တွင် စားအုန်းဆီ တင်သွင်းသော ကုမ္ပဏီများက လက်လီ/လက္ကား အရောင်းဆိုင်များမှတစ်ဆင့် လုပ်သားပြည်သူများသို့ နေ့စဉ်၊ လစဉ် စားအုန်းဆီများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုကို တစ်လအတွက် တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့် ဝယ်ယူနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီမှ ရောင်းချပေးလျက်ရှိသည်။
စားအုန်းဆီ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဥ်
ထိုသို့ ဝယ်ယူနိုင်ရန်အတွက် Call Center မှတဆင့်လည်း မှာကြားနိုင်ရန် လက်ခံမှတ်သား သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှစ၍ နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအတွင်း မှာကြား နိုင်ကြောင်း၊ Call Center ကို တနင်္လာနေ့မှ စနေနေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး Call Center ဖုန်းနံပါတ်-၀၁ -၂၃၉၉၂၂၂ (လိုင်းခွဲ - ရလိုင်း) ဖုန်းနံပါတ်သို့ မှာကြားနိုင်ကြောင်း သိရသည်။
စျေးနှုန်းအနေဖြင့် တနင်္လာနေ့တိုင်း သတင်းစာများတွင် ထုတ်ပြန်သည့် လက္ကားရည်ညွှန်းစျေးနှုန်းကို အခြေခံ၍ အကျိုးအမြတ် ထည့်သွင်းထားခြင်းမရှိပဲ ဘူးခွံဖိုးနှင့် ဘူးသွတ်ခကို ထည့်သွင်းတွက်ချက်ထားသော စျေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
Delivery ခကို မှာကြားသည့် ဝယ်သူဖက်မှ ပေးချေရမည်ဖြစ်ကြောင်း၊ ပစ္စည်းရောက် ငွေချေစနစ်ဖြင့်သာ ရောင်းချ သွားမည်ဖြစ်ကြောင်း၊ ဆီဖိုးကို ကြိုတင်ပေးချေရန် မလိုကြောင်း၊ မှာကြားရက်နှင့် ပစ္စည်းရောက်မည့်ရက်မှာ ၃ ရက်ခန့် ကွာခြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီမှ ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 7141
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
ကျပ် ၂၀၀၀၀ တန်ကို ပြည်သူလူထုများအကြား သုံးစွဲနိုင်ရန် ပမာဏအများအပြား ဖြန့်ဝေလည်ပတ် နေသည်ဆို သော သတင်းမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြည်သူလူထုအကြား ကျပ် ၂၀၀၀၀ တန်ကို သုံးစွဲခွင့် ပြုထားကြောင်းနှင့် ပမာဏ အများအပြား ထုတ်ဝေကာ ပြည်သူလူထုအကြား လည်ပတ်သုံးစွဲနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အဆိုပါ သတင်းများကြောင့် ပြည်သူလူထုအကြား စိုးရိမ်စိတ်မြင့်တက်လာပြီး ဈေးကွက်စီးပွားရေးကို ထိခိုက် လျက်ရှိနေသည်။
ထို့နောက် ဒေါ်လာဈေး၊ ရွှေဈေး၊ ကုန်ဈေးနှုန်းများ မြင့်တက်သွားသည်။
ဗဟိုဘဏ်က “ ၂၀၀၀၀ ကျပ်တန်များသတင်း မဟုတ်မှန်ကြောင်း” CNI သတင်းဌာနသို့ ပြောသည်။
CNI ရဲ့ အမေးကို ဗဟိုဘဏ်ပြန်လည် ဖြေကြားမှုကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်မှုကို အကြောင်းပြ၍ လကုန်တိုင်းနီးပါး၌ ကျပ် ၂၀၀၀၀ တန် ထွက်တော့ မည်ဆိုသော သတင်းများကို ဖြန့်ဝေကာ လူထုကြား စိုးရိမ်မှုများဖြစ်စေရန် လုပ်ဆောင်လျက်ရှိနေသည်။
ထို ကျပ် ၂၀၀၀၀ တန်သည် ၂၀၂၃ ခုနှစ်က နစကမှ အထိမ်းအမှတ်အနေဖြင့် အကန့်အသတ်ဖြင့် ထုတ်ဝေခဲ့ သော ငွေစက္ကူဖြစ်ပြီး ထိုအချိန်မှစတင်၍ ကျပ် ၂၀၀၀၀ တန်ကို ပြည်သူလူထုအကြား သုံးစွဲရန် ထုတ်ဝေတော့ မည်ဟု သတင်းများ ဖြန့်လျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1693
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် မိုးစပါးစိုက်ခင်း များသို့ ရေဝင်ရောက်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အထွက်နှုန်း တစ်ဝက်ခန့် လျော့ကျသွားနိုင်ကြောင်း စပါးစိုက်တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ပျက်စီးသွားသည့် စပါးဧကနေရာများတွင် လက်ရှိရာသီထွက် အခြားသီးနှံတို့ကိုသာ ပြောင်းလဲစိုက်ပျိုးရမည့် အနေအထားဖြစ်ကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“မိုးစပါးအထွက်နှုန်းကတော့ အနည်းဆုံးတစ်ဝက်လောက် လျော့သွားလိမ့်မယ်လို့ ထင်တယ်။ ရှေးတုန်းက ရေမြှုပ်တတ်လို့ နည်းနည်းနိမ့်တဲ့နေရာတွေ ဟိုးနှစ်တွေက စပါးဈေးမကောင်းတော့ မစိုက်ကြဘူး။ အဲဒါ အခု ကြတော့ စပါးဈေးလေးကလည်း သင့်တော့ အတန်နိမ့်တဲ့နေရာတွေပါ ပြန်စိုက်ကြတော့ ဒီနှစ်က အနိမ့်ပိုင်း တွေပါ တိုးချဲ့ပြီး စိုက်ပျိုးလာတဲ့အခါမှာ ဆုံးရှုံးမှုဧရိယာ နည်းနည်းများသွားတာပေါ့။ ပြီးခဲ့တဲ့ နှစ်နဲ့စာရင် ဧရာဝတီတိုင်းလိုဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဧက သိန်းဂဏန်းအထိတောင် တိုးပြီးတော့ စိုက်ကြတယ်လို့ ယူဆလို့ရတယ်။ ၅၀ ရာခိုင်နှုန်းလောက် လျော့သွားနိုင်တယ်။ မိုးစပါး စိုက်ဧက ပျက်စီးသွားတဲ့ဟာတွေက သူကရေမြှုပ်သွားတာဖြစ်တဲ့အတွက် ဒီရေက ဇူလိုင်ဆိုတော့ ဩဂုတ်လ တစ်လလုံး၊ စက်တင်ဘာလလောက်မှ ပြီးတော့ နောက်မိုးကလည်းရှိနေတာနဲ့ ဩဂုတ်၊ စက်တင်ဘာ အဲဒီ ၂ လအတွင်းတော့ ရေကျ နောက်စိုက် ပြန်စိုက်ဖို့ကလည်း နည်းနည်းရာသီက နောက်ကျမယ်။ ပဲ ပဲလုပ်ကြရမယ့်အနေအထားရှိတာပေါ့လေ” ဟု ၎င်းက ပြောသည်။
မိုးစပါးများအား ဇွန်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးကြခြင်းဖြစ်ပြီး ရေကျနောက်စိုက်ပြန်စိုက်မည်ဆိုပါက အောင်မြင်မှုနည်းကြောင်း၊ စိုက်နေစဉ်ကာလအတွင်း မိုးသည်းထန်စွာရွာသွန်းလာပါက ထပ်မံ ရေနစ်မြှုပ် မည်ဖြစ်ကြောင်း တောင်သူများက သုံးသပ်သည်။
ယခုနှစ်မိုးရာသီတွင် စပါးအထွက်နှုန်းလျော့ကျနိုင်သော်လည်း လာမည့် နွေစပါးရာသီအတွက် စိုက်ဧက မလျော့ကျသွားနိုင်ကြောင်း၊ သို့သော် ယခု နွေစပါးရိတ်သိမ်းချိန်ကာလတွင် အထွက်နှုန်းမှာမူ လျော့ကျနိုင် ကြောင်း ပေါင်းတည်မြို့မှ တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
စပါးရိတ်သိမ်းနေသည့် တောင်သူများ
“ပဲခူးမြစ်တို့ဘာတို့ရှိတာကို။ မိုစပါးအနေအထားကတော့ အခုနှစ်နဲ့ဆိုရင် တစ်မြို့နယ်လုံးအနေနဲ့တော့ မပြော တတ်ဘူး။ ဦးတို့ပတ်ဝန်းကျင်ပေါ့ နတ္တလင်းအရှေ့၊ ပေါင်းတည်အရှေ့တို့ ကတော့ အပျက်အစီးမရှိဘူး။ အနောက် ခြမ်းတွေဘက်မှာတော့ အပျက်အစီးရှိတာပေါ့။ နှမ်းပျက်တယ်၊ စပါးတွေဘာတွေ နစ်တယ်ပေါ့။ အခုတိုင်းဆိုရင် သောင်းဂဏန်းနဲ့ချီပြီးတော့ ပျက်နေကြမှာပဲ။ လျော့မှာပဲ။ ပျက်တဲ့လူကလည်း ၃ ချိုး ၁ ချိုး ရှိနေတာလေ။ အခုကစိုက်ပျက်ပေါ့ ဟိုတချိန်ကျ သိမ်းပျက် ပျက်ချင်လည်း ပျက်မှာပေါ့။ စပါးဈေးနှုန်းကတော့ သိတဲ့အတိုင်းပဲ ပေါ်တဲ့အချိန်ကတော့ ကျမှာပဲ။ နောက်မှပဲ တက်ချင်တက်မှာပေါ့။ ၁၃ သိန်းလောက် ဒီလောက် ပတ်ဝန်းကျင်ပဲ ရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိစပါးစိုက်ပျိုးချိန်တွင် မိုးသည်ထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် စပါးများပျက်စီးခဲ့သည့်အပြင် စပါးရိတ်သိမ်းချိန်ဖြစ်သော မုတ်သုံဆုတ်ကာလတွင်လည်း မိုးရွာသွန်းမှုအပေါ် မူတည်ကာ အပျက်အဆီးများ ရှိနိုင်သေးကြောင်း တောင်သူများက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၅ သိန်းကျော်ရှိပြီး ပြီးခဲ့သည့်ရာသီတွင် စပါးများ ဈေးကောင်းရခဲ့ခြင်းနှင့် နိုင်ငံတော်မှ သွင်းအားစုများအား သင့်တင့်သည့်နှုန်းထားဖြင့် ရောင်းချပေးခြင်းတို့ကြောင့် ယခုနှစ် မိုးစပါး ရာသီတွင် စိုက်ဧကများကို တိုးချဲ့၍ စိုက်ပျိုးထားကြခြင်းဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 4754
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
ထိုင်းအာဏာပိုင်များမှ လူသစ်ဘတ်ရိုက်ပေးမည်ဟု အတည်ပြုပြောဆိုထားသော်လည်း လက်ရှိအထိ တရားဝင် ပြုလုပ်ခွင့် မထုတ်ပြန်ထားသေးဘဲ ပွဲစားများမှ ဘတ်ရိုက်လိုသူများကို လက်ခံစုဆောင်းနေကြကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ဘတ်ရိုက်ရန် ပွဲစားများမှ လူလက်ခံကြသည့်အခါတွင် ကြိုတင်ငွေအဖြစ် ပေးချေထားကြရပြီး အမှန် တကယ် ဘတ်ရိုက်ခွင့်ပြုသည့်အခါ၌ ငွေကြေးအလိမ်ခံလိုက်ရသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အသစ်ထွက်မယ့်ဟာကတော့ ကျနော်တို့လည်း ကြားနေတာပဲ၊ စောင့်နေတာပဲ။ အခုလက်ရှိအထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးဘူး။ မထွက်လာသေးဘူးပေါ့။ ပွဲစားတွေက အဲဒီလို လုပ်ပေးလို့ရတယ်ဆိုပြီး ပြောပြီးတော့ ပိုက်ဆံတွေကြိုယူ၊ ပြီးတဲ့အခါကြတော့ အခု အချိန်အထိလည်း တစ်ယောက်မှ လုပ်လို့မရ၊ တစ်ယောက်မှဆိုတာ တရားဝင် တစ်ယောက်မှ လုပ်လို့မရသေးဘူး။ လူသစ်ခေါ်တယ်ဆိုတဲ့ဥစ္စာကို ထုတ်ပြန်ချက် အတည်ထွက်လာ ပြီးတော့မှ အဲဒီအတွက် သူတို့က အွန်လိုင်း စနစ်အတိုင်း လွှဲရတာကို။ ပြောရရင်တော့ တရားမဝင်ပါဘူး။ တချို့ ကြတော့လည်း အေဂျင်စီတွေ ပွဲစားတွေသူတို့ ကောက်ထားတာရှိတယ်။ သူတို့က ယုံကြည်ရတယ် ပုံမှန်အတိုင်း အကျိုးတော်ဆောင် လုပ်နေတာတွေရှိတယ်။ သူတို့လည်း တရားဝင်ထုတ်ပြန်ချက် အသက်ဝင်တဲ့ဟာကို စောင့်ရတာပဲ။ ဒါပေမယ့်သူတို့ကတော့ အချက်အလက်တွေ ဘာတွေယူပြီးတော့ အဆင်သင့် လုပ်ပြီးတေ့ စောင့်နေတာပေါ့” ဟု ပြောသည်။
ဘတ်ရိုက်နေကြစဉ်
ပြီးခဲ့သည့် ဇွန်လက တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား လူသစ် ဘတ်ရိုက်ပေးရန် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုခဲ့ဖြစ်သော်လည်း နောက်ဆက်တွဲ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ယနေ့အထိ တစ်စုံတစ်ရာ ထပ်မံ ထုတ်ပြန်လာခြင်းမျိုး မရှိသေးကြောင်း သိရသည်။
လူသစ်ဘတ်ရိုက်သည့် အခါတွင် ပြုလုပ်မည့် လူအနေဖြင့် အလုပ်ရှင်သူဋ္ဌေးရှိရန် လိုအပ်ပြီး ထိုင်းသို့ ရောက်ရှိ နေသည့် မြန်မာများထဲမှ ၇၅ ရာခိုင်နှုန်းခန့်သည့် အလုပ်ရှင်သူဋ္ဌေး မရှိကြသည့်အပြင် ဘာသာစကား အခက်အခဲ များကြောင့် ပွဲစား၊ အေးဂျင့်တို့နှင့်သာ ပြုလုပ်ကြခြင်းဖြစ်သည်။
ထိုင်းအစိုးရဘက်မှ ပြုလုပ်နိုင်မည့်ရက်ကို တရားဝင် မထုတ်ပြန်ထားသေးသည့်အတွက် ငွေကြေးတစ်စုံတစ်ရာ ကောက်ခွင့် မရှိသေးကြောင်း၊ ပွဲစား၊ အေးဂျင့်များ အနေဖြင့်လည်း သင့်တင့်သည့် ဝန်ဆောင်ခနှုန်းထားသာ ရယူပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ပေးသင့်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ နိုင်ငံသားတွေက ဘာသာစကား၊ စာပေ အားနည်းတဲ့အခါမှာ အရင်ရောက်နေပြီးသားဖြစ်တဲ့ နှစ်ပေါင်း များစွာကြာတဲ့ မြန်မာနိုင်ငံသားတွေက ငါ့နိုင်ငံသား ငါ့လူမျိုးကို ငါကူညီမယ်ဆိုတဲ့ စိတ်နဲ့ အလုပ်လုပ်တာမျိုး မဟုတ်ဘဲနဲ့ င့ါရဲ့ ကိုယ်အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကိုပဲ အဓိက ဆောင်ရွက်နေတဲ့အတွက်ကြောင့် ဒီပြဿနာတွေက ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံသားတွေက ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ချစ်ပါတယ် ပြောပြီးတော့မှ ဝန်ဆောင်မှုတွေ လုပ်တဲ့အခါမှာ မတရား အကျိုးအမြတ်တွေ ရှာပြီးလုပ်ကြတာ ဖြစ်တယ်။ အခုအချိန်မှာ ထိုင်းအစိုးရ ဘယ်နေ့ ဘယ်ရက်၊ ဘယ်အချိန်အခါမှာ ဘယ်လိုပုံစံမျိုးနဲ့လုပ်သွားမယ် ဆိုတဲ့ ကြေညာချက် မထွက်သေးတဲ့အတွက်ကြောင့် ဘာပိုက်ဆံမှ ကောက်ခွင့်မရှိပါဘူး” ဟု ပြောသည်။
ထိုင်းအာဏာပိုင်များမှ အထောက်အထား တစ်စုံတစ်ရာ ပြုလုပ်ပေးသည့်အခါတိုင်း ပွဲစားများမှ ကြိုတင်ကာ လူစုဆောင်းတတ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်သူများရှိပါက ၎င်းတို့၏ နေရာတွင် အခြားသူများ အား ငွေကြေးပိုမိုကောက်ခံပြီး အစားထိုးထည့်ပေးသည့် ပုံစံမျိုး ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။