CNI News

၂၀၂၅ ခုနှစ်၊ မေလ ၃၀

မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းမှုနှင့် လူနေမှုစရိတ် မြင့်မားနေခြင်းကြောင့် လုပ်ငန်းများ လည်ပတ်နိုင်ခြေ အားနည်းကာ အလုပ်အကိုင်များရှားပါးနေချိန်၌ မသန်စွမ်းများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဘယ်လိုရှိနေလဲဟု မေးခွန်းထုတ်မှုများရှိနေသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းများသည် လုပ်ငန်းခွင်များ၌ နှိမ့်ချဆက်ဆံခံရမှုများရှိသလို အလုပ်ခန့်လိုသော ကုမ္ပဏီ များနည်းပါးကြောင်း၊ မသန်စွမ်းများ အနေဖြင့်လည်း အလုပ်အကိုင် အခွင့်အလမ်းအတွက် အသက်မွေးဝမ်း ကျောင်းပညာရပ် တစ်ခုခု တတ်မြောက်အောင် သင်ကြားထားသင့်ကြောင်း မသန်စွမ်း ပရဟိတကျောင်းဆရာ ကိုကျော်ထူးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက  “ပညာအရည်အချင်းရှိတယ်၊ ပညာအရည်အချင်း ဆယ်တန်းအောင်မှ‌ပါ့နော် လက်ခံတာ ဘာညာရှိတယ်။ အခု နောက်ပိုင်းကျတော့ ကျနော်တို့ မသန်စွမ်းတွေက ကြိုးစားတာလည်းမြင်တဲ့အခါကျတော့ အဓိက,ကပေါ့ ကြိုးစားချင်စိတ်ရှိတာပေါ့။ ကြိုးစားချင်စိတ်ရှိတဲ့အတွက်ကို သူတို့က ခေါ်ပေးတယ်။ အဓိက ကွန်ပျူတာပိုင်းနဲ့ ဆိုင်တယ် ဆိုလို့ရှိရင် ကွန်ပျူတာပိုင်းနဲ့ပေါ့။ အဲလိုပုံစံမျိုး ခေါ်တယ်လေ။ ကွန်ပျူတာပိုင်းမှာ အမျိုးမျိုးရှိတယ်လေ ဆော့ခ်ဝဲပိုင်းကိုတတ်တာလား၊ ဟက်ခ်ဝဲပိုင်းကို တတ်တာလား၊ စာစီစာရိုက်ပိုင်းကို တတ်တာလားဆိုပြီး အဲဒါမျိုး ရှိတယ်။ ပြီးရင် အဲလိုပုံစံမျိုး အမျိုးမျိုးနဲ့ခေါ်ကြတာပေါ့နော်။ ဒါပေမဲ့ ကိုယ်တတ်ထားတဲ့ပေါ်မှာ မူတည်ပြီးတော့လည်း ကြိုးစားနေရတယ်ပေါ့နော်။ အဲဒီအတွက်လည်း အလုပ်က ကျနော်တို့ မသန်စွမ်းတွေ အခုနောက်ပိုင်းဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေက အရမ်းကောင်းပါတယ်” ဟု ပြောသည်။

မသန်စွမ်း အမျိုးသားတစ်ဦး ဈေးရောင်းနေစဉ်

မသန်စွမ်းများအား လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန်အတွက် အလုပ်များ ခွဲဝေထည့်ပေးရာတွင် တချို့ကုမ္ပဏီများက ပညာအရည်အချင်း ကန့်သတ်ချက်ရှိခြင်းကြောင့် အားလုံးကို အလုပ်အကိုင် ချိတ်ဆက်ပေးရန် အခက်အခဲများရှိကြောင်း မသန်စွမ်းများကို သင်ကြားလေ့ကျင့်ပေးနေသည့် AAR ဂျပန်သင်တန်းကျောင်း(မြန်မာနိုင်ငံရုံးခွဲ)မှ ဆရာ ဦးလွင်မျိုးထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခက်အခဲကတော့ ဘာလဲဆိုရင် အဓိက ဒီကုမ္ပဏီ လုပ်ငန်းလေးတွေကို ချိတ်ဆက်ပေးတဲ့အခါမှာ ပညာ အရည်ချင်းတွေပေါ့နော် သူတို့က ဆယ်တန်းအောင်တာမျိုးလေးတွေ လိုချင်တယ်။ ကျနော်တို့ဆီမှာကျတော့ ဆယ်တန်းမအောင်တာမျိုးလေးတွေလည်းရှိတယ်။ ဘွဲ့ရပြီးသားတို့ မျိုးစုံရှိတာပေါ့နော်။ အဲလိုမျိုး မျိုးစုံရှိတဲ့ထဲမှာမှ ကျနော်တို့ကကျတော့ ဒီအလုပ်အကိုင် ချိတ်ဆက်တဲ့နေရာမှာ အကုန်လုံးကို ရစေချင်တာပေါ့။ ဒါပေမယ့်လည်း တချို့ကုမ္ပဏီကကျတော့ အကန့်အသတ်နဲ့သွားတဲ့အခါကျတော့ အကုန်လုံးကို အလုပ်အကိုင် ချိတ်ဆက်တဲ့အခါမှာ အခက်အခဲလေးတွေရှိတာပေါ့။ ပြီးတဲ့အခါကျတော့ ဒီ ရုံးသုံးဆော့ခ်ဝဲ သင်ပေးတာမျိုးတွေရှိတယ်၊ ဒီဇိုင်းမှာဆိုလို့ရှိရင် Photoshop တို့ အဲလိုမျိုးဟာမျိုးလေးတွေကို သင်ပေးတာတို့ရှိတယ်။ တချို့ကျတော့လည်း မသန်စွမ်းမှုများတဲ့အခါကျတော့ သူတို့အတွက် အလုပ်အကိုင်ရဖို့ကျတော့ နည်းနည်းအခက်အခဲလေးတွေရှိတာပေါ့နော်”ဟု ပြောသည်။

ထို့နောက် မိမိတို့ သင်ကြားပေးနေသည့် မသန်စွမ်း သင်တန်းသားများကို မည်ကဲ့သို့သော အလုပ်မျိုးကို စိတ်ဝင်စားလဲ တစ်ယောက်ချင်း မေးမြန်း၍ အလုပ်အကိုင် ရရှိရေး ချိတ်ဆက်ပေးခြင်းများရှိကြောင်း ဆရာ ဦးလွင်မျိုးထွန်းက ပြောသည်။

၎င်းက “  ကျနော်တို့က တစ်လတစ်ခါ councelling ဆိုတဲ့ session လေးရှိတော့ တစ်ယောက်ချင်းဆီ တွေ့ပြီးတော့ မေးတယ်ပေါ့၊ ဘယ်လိုလုပ်ငန်းမျိုးတွေ စိတ်ဝင်စားလဲ ဘယ်လိုမျိုး အလုပ်တွေကို လုပ်ချင်လဲပေါ့နော်။ အဲလိုမျိုးလေးတွေတော့မေးတယ်။ သူတို့ဘက်က Call Center ဆိုလည်း Call Center ပေါ့။ ဘဏ်လုပ်ငန်းဆိုလည်း ဘဏ်လုပ်ငန်း ဒါမှမဟုတ်လည်း ဒီစာစီစာရိုက်လုပ်ငန်းဆိုလည်း စာစီစာရိုက်လုပ်ငန်း ဒါမှမဟုတ် ဒီ မီဒီယာလုပ်ငန်းဆိုလည်း မီဒီယာလုပ်ငန်း အဲလိုမျိုးလေးတွေတော့ သူတို့ကိုမေးဖြစ်တယ်။ အဲအခါကျရင်တော့ ကျနော် တို့က အလုပ်အကိုင် အခွင့်အလမ်းပေါ်လာရင် အဲလိုသက်ဆိုင်ရာ နေရာလေးတွေကို သူတို့ပြောထားတဲ့လူ အဲလို ပြောထားတဲ့ လူလေးတွေကို ကျနော်တို့က CV ဖောင်လေးတွေပေးပြီး ချိတ်ဆက်ပေးတာမျိုးလေး လုပ်တာ”ဟု ပြောသည်။

မသန်စွမ်း အမျိုးသမီးတစ်ဦး ဆံပင်ညှပ်သင်ပြနေစဉ်

AAR ဂျပန်သင်တန်းကျောင်းသည် စက်ချုပ်သင်တန်းများ၊ ကွန်ပျူတာသင်တန်းများ သင်ကြားပေးလျက်ရှိသလို သင်တန်းသားများကိုလည်း အလုပ်အကိုင်များ ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ ဦးရေ ၈၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များဖြစ်ကြောင်း သိရသည်။

မသန်စွမ်းမှု အုပ်စုအမျိုးအစားများမှာ ကိုယ်အင်္ဂါမသန်စွမ်းမှု (Physical disability)၊ အမြင်အာရုံမသန်စွမ်းမှု (Visual disability)၊ အကြားအာရုံမသန်စွမ်းမှု (Hearing disability)၊ အပြောအာရုံမသန်စွမ်းမှု (Speech disability)၊ ဉာဏ်ရည်မသန်စွမ်းမှု (Intellectual disability)၊ စိတ်လူမှုပိုင်းဆိုင်ရာမသန်စွမ်းမှု (Psycho-social disability)၊ တစ်မျိုးထက်ပိုသောမသန်စွမ်းမှု (Multiple disability) တို့ဖြစ်သည်။

အဆိုပါ မသန်စွမ်းများသည် အလုပ်လုပ်ရန် ဆန္ဒရှိကြသလို စွမ်းဆောင်ရည်လည်း ရှိကြသော်လည်း အလုပ်ရှင်အများစုက အလုပ်ခန့်အပ်ရန် စိတ်ဝင်စားမှု အလွန်နည်းကြသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလျက်ရှိနေကြသည်။ 

မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ၂ ဒသမ ၃ သန်းရှိပြီး ၎င်းတို့၏ မိသားစုဝင်မှာ ၇ သန်းဝန်းကျင်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။