CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၅
United States Agency for Global Media(USAGM)ကို တခြား အေဂျင်စီတချို့နှင့်အတူ မလိုသည့် ကဏ္ဍ/အဖွဲ့အစည်း အဖြစ်သတ်မှတ်၍ ဖျက်သိမ်းကြောင်း အမေရိကန်အစိုးရ အိမ်ဖြူတော်က ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် USAGM ၏ အောက်မှာ လုပ်ငန်းလည်ပတ်နေသည့် အမေရိကန်အခြေစိုက် အမေရိကန်အသံ(VOA)နှင့် လွတ်လပ်တဲ့အာရှအသံ(RFA) သတင်းဌာနများ လုပ်ငန်းလည်ပတ်ရန် အဟန့်အတားများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
VOA မြန်မာပိုင်းအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးသန်းလွင်ထွန်းက “VOA/RFA ဖျက်သိမ်းခံရပြီ” ဟု သူ၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထုတ်လွှင့်ခဲ့သည်။
၎င်းက “VOA နဲ့ RFA တို့ရဲ့ခေါင်းကိုင် (Umbrella)အေဂျင်စီအဖွဲ့ကြီးဖြစ်တဲ့ USAGM (United States Agency for Global Media) ကို (တခြားအေဂျင်စီအချို့နဲ့အတူ) အမေရိကန်ဖက်ဒရယ်ဗြုရိုကရေစီ အုပ်ချုပ်ရေးရဲ့ မလိုအပ်တဲ့ ကဏ္ဍ/အဖွဲ့အစည်းတွေ အဖြစ်သတ်မှတ်ပြီး ဖျက်သိမ်းကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ၁၄ မတ်လ ၂၀၂၅ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်လိုက်ပါပြီ”ဟု ရေးသားခဲ့သည်။

အမေရိကန်အစိုးရ အိမ်ဖြူတော်၏ ညွှန်ကြားချက်ထွက်ပေါ်လာပြီးနောက်မှာတော့ VOA မြန်မာပိုင်းမှာ အချိန်ပြည့် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူများထံသို့ အလုပ်ကနေ ချက်ခြင်း ခွင့်ပေးကြောင်း၊ ရုံးကို လာရောက်စရာ မလိုတော့ ကြောင်း ညွှန်ကြားချက် အီးမေးလ်များ ပေးပို့လာကြောင်း သိရသည်။
တပြိုင်တည်းမှာပဲ VOA မြန်မာပိုင်းက ထုတ်လွှင့်နေသော တိုက်ရိုက်အစီအစဉ်များကို Website နှင့် ဆိုရှယ်မီဒီယာ များမှာ ကြည့်ရှုမရတော့ကြောင်း သိရသည်။
 
	    	  	
	    	       
	    
	  	   
	 
		 
			 
			 
                        
