CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာာ၁၈

ရုရှားနဲ့ တင်းမာမှုတွေ မြင့်တက်နေတာကြောင့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံကို သွားရောက်ခဲ့တဲ့ ပိုလန်လက်ရွေးစင်အသင်းကို စစ်ဂျက်လေယာဉ်တွေက စောင့်ကြပ်ကြည့်ရှုပေးခဲ့တယ်လို့ သိရပါတယ်။

ပိုလန်နိုင်ငံသား ၂ ဦး ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးပြီး ရက်ပိုင်းအကြာမှာ အခုလို လုပ်ဆောင်လာခဲ့ တာပါ။

The New York Post က ပိုလန်လက်ရွေးစင်အသင်းရဲ့ တရားဝင်အကောင့်မှာ F-16 လေယာဉ် ၂ စင်းဟာ အသင်း ရဲ့ လေယာဉ်နဲ့အတူ ပျံသန်းနေတဲ့ ဗွီဒီယိုဖိုင်ကို တင်ထားတယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်း သတင်းရင်းမြစ်တွေက လေယာဉ်မှူးတွေဟာ နိုင်ငံရဲ့ လေပိုင်နက်ထဲက ထွက်ခွာတဲ့ အချိန်အထိ လက်ရွေးစင် အသင်းနဲ့အတူ လိုက်ပါသွားတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပိုလန်အသင်းသားတွေနဲ့ စစ်ဘက်ဆိုင်ရာ ၀န်ထမ်းများကိုတွေ့ရစဉ် (GETTY IMAGES)

ကစားသမားတွေနဲ့ အဖွဲ့ဝင်တွေဟာ ကာာတာနိုင်ငံကို အန္တရာယ်ကင်းကင်းနဲ့ ရောက်ရှိခဲ့တယ်လို့ ပိုလန် လက်ရွေးစင်အသင်းက အတည်ပြုခဲ့ပါတယ်။

အွန်လိုင်းက ပရိသတ်တွေကတော့ တိုက်စစ်မှူး လီဝန်ဒေါစကီး ဘေးကင်းစေဖို့အတွက် ဒီလိုမျိုး လုပ်ဆောင်တာ ဆိုပြီး နောက်ပြောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပိုလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား၊ ဆော်ဒီ၊ မက္ကဆီကိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ ပါတယ်။ ပိုလန်အသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် မက္ကဆီကိုအသင်းနဲ့ နိုဝင်ဘာလ ၂၂ ရက်မှာ စတင်ယှဉ်ပြိုင် ရမှာပါ။

ပိုလန်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းမှာ လီဝန်ဒေါစကီး အပြင် ပီယာတက်ခ်၊ ဆက်ဇနီ၊ မီလစ်ခ်၊ ခရိုင်ချိုဝီယာခ့်တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ပိုလန်အသင်းဟာ အခုတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၉ ကြိမ်မြောက်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ၁၉၇၄ နဲ့ ၁၉၈၂ ပြိုင်ပွဲမှာ တတိယရခဲ့တာက သူတို့အတွက် အမြင့်ဆုံး အောင်မြင်မှုလည်း ဖြစ်ခဲ့ပါတယ်။

Source: Sportbible