CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နှစ်နိုင်ငံအပေါ် ခရီးသွားလာခွင့် ပိတ်ပင်မှုအသစ်အတွက် ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့တာကြောင့် ဆီနီဂေါနဲ့ အိုင်ဗရီကို့စ်အသင်း ပရိသတ်တွေဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမေရိကန်နိုင်ငံထံ ဝင်ရောက်ခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။
အာဖရိက ၂ နိုင်ငံဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု I နဲ့ အုပ်စု E မှာ ကျရောက်နေပေမယ့် ဒီနိုင်ငံက ပရိသတ် တွေဟာ အမေရိကန်မြေပေါ်မှာ ကျင်းပမယ့် ပွဲစဉ်တွေကို ကြည့်ရှုခွင့် ဆုံးရှုံးနိုင်တာပါ။
ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ထရမ့်အစိုးရဟာ ဆီနီဂေါနဲ့ အိုင်ဗရီကို့စ် နိုင်ငံသားတွေအပေါ် ခရီးသွားလာမှု တစ်စိတ်တစ်ပိုင်း ပိတ်ပင်မှုကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံအတွင်းထံ ဝင်ရောက်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။
ဒါဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ အီရန်နဲ့ဟေတီနိုင်ငံက လာမယ့်သူတွေအပေါ် ချမှတ်ထား တဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။
ဒီတားမြစ်ချက်တွေကြောင့် အဆိုပါ နိုင်ငံတွေက ရွှေ့ပြောင်း နေထိုင်သူတွေ ဒါမှမဟုတ် ရွှေ့ပြောင်းနေထိုင်တဲ့ သူတွေ မဟုတ်တဲ့ သူတွေလည်း အမေရိကန်နိုင်ငံထံ ဝင်ရောက်ခွင့်ရမှာ မဟုတ်ပါဘူး။

ကမ္ဘာ့ဖလားနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဒီပိတ်ပင်မှုဟာ ခရီးသွားတွေ အပေါ်မှာ သက်ရောက်မှုရှိမှာ ဖြစ်ပေမယ့် ဘောလုံးသမားတွေ၊ သူတို့ကို အားပေးတဲ့ သူတွေနဲ့ မိသားစုတွေကတော့ ကင်းလွတ်ခွင့်ရရှိမှာပါ။
ဆီနီဂေါအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂၀၁၈ ချန်ပီယံပြင်သစ်၊ ဟာလန်းရဲ့ နော်ဝေအသင်း၊ playoff ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းတို့နဲ့အုပ်စု I မှာ ကျရောက်နေပါတယ်။
ဆီနီဂေါအသင်းရဲ့ ပွဲစဉ် ၂ ပွဲကို အမေရိကန်ရှိ MetLife အားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး နောက်တစ်ပွဲကို ကနေဒါနိုင်ငံမှာ ကျင်းပမှာဖြစ်လို့ ပရိသတ်တွေ တက်ရောက်ကြည့်ရှုနိုင်မှာပါ။
အိုင်ဗရီကို့စ်အသင်းဟာ အုပ်စု E မှာ ဂျာမနီ၊ ကူရာဆော၊ အီကွေဒေါ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ ပြီး ဂျာမနီအသင်းနဲ့ ပွဲစဉ်ကို ကနေဒါနိုင်ငံမှာ ကစားမှာဖြစ်ပြီး ကျန်တဲ့ ၂ ပွဲကို အမေရိကန်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
