CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ ၃ နိုင်ငံတို့ ဟာ ဒီပြိုင်ပွဲအတွက် ခြေစစ်ပွဲ အလိုအလျောက် အောင်မြင်တယ်လို့ ဖီဖာက အတည်ပြု လိုက်ပါတယ်။

ဖီဖာရဲ့ သမိုင်းကြောင်း အရတော့ အိမ်ရှင်အဖြစ် ကျင်းပမယ့် နိုင်ငံတွေကို ခြေစစ်ပွဲ ယှဉ်ပြိုင်စရာ မလိုဘဲ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ပေးခဲ့တာပါ။

အခုအချိန်မှာတော့ အိမ်ရှင်က ၃ နိုင်ငံဖြစ်တော့ စဉ်းစားစရာတွေ ဖြစ်လာခဲ့ပေမယ့် ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ ဖီဖာကောင်စီမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ ခြေစစ်ပွဲ ဝင်စရာမလိုဘဲ ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရမယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း ၃၂ သင်းကနေ ၄၈ အသင်းအထိ တိုးပြီး ကျင်းပသွားမှာပါ။

အိမ်ရှင် ၃ နိုင်ငံ ပါဝင်တဲ့ ကွန်ကာကပ်ဖ်ဇုန်ကတော့ ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် နောက်ထပ် ခွဲတမ်း ၃ နေရာ ရရှိမယ်လို့ ဖီဖာအကြီးအကဲ အင်ဖန်တီနိုက ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ မက္ကဆီကိုတို့ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ အများအပြားအတွက် ခြေစစ်ပွဲအောင်ဖို့ အလားအလာ ရှိပေမယ့် နှစ်ပေါင်း ၃၆ နှစ်အကြာမှ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ ကနေဒါအတွက်တော့ ဒါဟာ သတင်းကောင်း ဖြစ်ခဲ့တာပါ။

ဖီဖာကမ္ဘာ့ဖလား အထိမ်းအမှတ်ကိုတွေ့ရစဉ်

ကနေဒါအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ပွဲစလုံး ရှုံးနိမ့်ပြီး အုပ်စုနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဖီဖာကောင်စီဟာ လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံတွေ ဝင်ရောက် ယှဉ်ပြိုင်ရမယ့် အချိန်ဇယားကိုလည်း ဆုံးဖြတ်ခဲ့ပြီး လာမယ့်နှစ်မှာ ဒါကို ဆုံးဖြတ်ချက် ချသွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တောင်အမေရိက ၄ နိုင်ငံဖြစ်တဲ့ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေးနဲ့ ချီလီတို့က ပူးတွဲကျင်းပဖို့ တင်သွင်းထားသလို စပိန်၊ ပေါ်တူဂီနဲ့ ယူကရိန်းတို့ကလည်း ပူးတွဲကျင်းပမှာဖြစ်ပြီး၊ မော်ရိုကိုကတော့ တစ်နိုင်ငံ တည်း ကျင်းပဖို့ တင်သွင်းထားတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အာရှနိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံမှာ ကျင်းပခဲ့ပြီး အာဂျင်တီးနားအသင်းက ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: CNA