CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၂

ချယ်လ်ဆီးအသင်းနဲ့ ပွဲဦးထွက်ရာသီမှာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ တိုက်စစ်မှူး စတာလင် ဆီကနေ အကောင်းဆုံး ပုံစံတွေကို ရယူနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း နည်းပြ ပိုချက်တီနိုက ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “သူက ကျနော်တို့အတွက် အရေးပါတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး သူက ကျနော့်ရဲ့ အစီအစဉ်မှာ ပါဝင်ပါတယ်။ သူဟာ အသင်းအတွက် မတူညီတဲ့ အရာတွေအများကြီးကို ပေးနိုင်ပါတယ်။ ကျနော်တို့ လိုချင်နေ တဲ့ အောင်မြင်မှုတွေရရှိအောင် ကူညီပေးနိုင်ဖို့ သူ့ဆီကနေ အကောင်းဆုံးပုံစံတွေကို ရယူနိုင်မယ်ဆိုတာ ယုံကြည် ပါတယ်”လို့ ပြောခဲ့တာပါ။

စတာလင်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့က မန်စီးတီး အသင်းကနေ ပေါင်သန်း ၅၀ နဲ့ ချယ်လ်ဆီး အသင်းထံ ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း ၃၈ ပွဲ ပါဝင်ကစားခဲ့ပေမယ့် ၉ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စတာလင်ဟာ ချယ်လ်ဆီးအသင်းမှာ ပုံစံကောင်းတွေ မပြသနိုင်ခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရခြင်း မရှိတော့ပါဘူး။ 

နည်းပြ ဆောက်ဂိတ်က စတာလင်ကို ရွေးချယ်သင့်တယ်လို့ မခံစားရကြောင်း ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ အပြောင်းအလဲ ၃ ဦးအထိ ပြုလုပ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကနေ မရုန်းထွက်နိုင်ခဲ့ဘဲ ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာနဲ့ ရာသီအဆုံးသတ်ကာ ၂၅ နှစ်အတွင်း အသင်းရဲ့ အနိမ့် ဆုံး လိဂ်အဆင့် ရပ်တည်မှု ဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးမှာ စတာလင်ကစားစဉ်

ချယ်လ်ဆီးအသင်းဟာ ရာသီသစ်မှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အမေရိကန် ရာသီ ကြို ခရီးစဉ်အဖွင့်ပွဲမှာ ရက်စ်ဟမ်းအသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အဓိက ကစားသမား အများအပြား အသင်းက ထွက်ခွာ သွားခဲ့ပြီး အန်ကန်ကူနဲ့ ဂျက်ဆန်တို့ကိုသာ ပြန်လည် အားဖြည့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

လန်ဒန်ကလပ်ဟာ လက်ရှိအချိန်မှာ ဘရိုက်တန် အသင်းကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး အရင် ကမ်းလှမ်းထားတဲ့ ၂ ကြိမ်ကို ဘရိုက်တန်အသင်းက ပယ်ချထားတာပါ။

အဲ့ဒါကြောင့် ပြောင်းရွှေ့ကြေးတိုးပြီး နောက်ထပ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင် ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ဘရိုက်တန်၊ နယူးကာဆယ်၊ ဖူလ်ဟမ်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Source: BBC