CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၂ 

အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ကစားသမား ပါတေးအသင်းမှာ ဆက်ရှိမယ်လို့ နည်းပြဖြစ်သူ အာတီတာက ပြောလိုက်ပါတယ်။

အာတီတာက “ကျနော်သူနဲ့ စကားပြောတိုင်း သူ့ရဲ့ဆန္ဒက ကျနော်တို့နဲ့အတူ ဆက်ရှိဖို့ပါ။ ကျနော့်အတွက်တော့ ဒီထက်ပိုပြီး ပြောစရာဘာမှမရှိပါဘူး။ ပါတေးနဲ့ ဒီကလန်ရိုက်စ်တို့ဟာ အတူတွဲကစားနိုင်ပြီး ဒါက ကျနော့်ရဲ့ အစီအစဉ်မှာ ပါဝင်ပါတယ်။ ကျနော်ဟာ အသင်းကို ပိုပြီးကောင်းမွန် စေချင်တာကြောင့် အရည်အသွေးရှိတဲ့သူတွေ ပိုပြီး လိုအပ်ပါတယ်။ ကျနော်တို့ဟာ လွန်ခဲ့တဲ့နှစ်တွေက မရှိခဲ့တဲ့အရာတွေကို ပိုကောင်းအောင် လုပ်ချင်တာ ကြောင့် ဒီကလန်ရိုက်စ်ကို ဝယ်ယူခဲ့တာ”လို့ ပြောခဲ့တာပါ။

ဂါနာလက်ရွေးစင် ကစားသမားဟာ နွေရာသီ အပြောင်းအရွှေ့ စပြီးဖွင့်ကတည်းက အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ပါတေးကို ခေါ်ယူဖို့ စီးရီးအေကလပ် ဂျူဗင်တပ်စ်နဲ့ ဆော်ဒီကလပ် အသင်းတွေက စိတ်ဝင် စားနေတာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ဝယ်ယူပြီးနောက် ပါတေးရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ပိုပြီး ထွက်ပေါ်လာခဲ့တာပါ။

ပါတေးကို တွေ့ရစဉ် 

ဒါပေမယ့် အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ ပါတေးဟာ လန်ဒန်မှာ ပျော်ရွှင်နေပြီး ဒီကလန်ရိုက်စ် နဲ့အတူ ကွင်းလယ်မှာ အတူတွဲ ကစားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

အသက် ၃၀ နှစ်အရွယ်ရှိ ပါတေးဟာ အာဆင်နယ်အသင်းကို ၂၀၂၀ ခုနှစ်က စပိန်ကလပ် အက်သလက်တီကို အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၉၉ ပွဲ ပါဝင်ကစားကာ ၅ ဂိုးသွင်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အမေရိကန်နိုင်ငံမှာ ရာသီသစ်အတွက် ပြင်ဆင်နေတာဖြစ်ပြီး မေဂျာလိဂ် အောလ်စတား၊ ယူနိုက်တက်အသင်းတို့နဲ့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ခဲ့ပြီး ဖြစ်ပါတယ်။

လန်ဒန်ကလပ်ဟာ ဘာစီလိုနာ၊ မိုနာကိုတို့နဲ့ ခြေစမ်းပွဲ ဆက်လက် ယှဉ်ပြိုင်ပြီး သြဂုတ် ၆ ရက်မှာ မန်စီးတီး အသင်းနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: Goal