CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၂

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အင်တာမိုင်ယာမီအသင်းက ခရုဇ်အဇူလ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲမှာ မေဂျာလိဂ်ကလပ်ကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်။

မက်ဆီဟာ ဒီပွဲမှာ အင်တာမိုင်ယာမီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ပွဲချိန် ၅၄ မိနစ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။ မက်ဆီဟာ လူစားဝင်ရောက်လာချိန်မှာ အင်တာမိုင်ယာမီအသင်းရဲ့ အသင်း ခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။ မက္ကဆီကိုကလပ် ခရုဇ်အဇူလ်နဲ့ အင်တာမိုင်ယာမီ အသင်း တို့ဟာ ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အချိန်ထိ ၁ ဂိုးစီသရေကျနေခဲ့ပေမယ့် နာကျင်အချိန်ပို ၄ မိနစ်မှာ အမေရိကန် ကလပ်ဟာ ပြစ်ဒဏ်ဘောကန်သွင်းခွင့်ရခဲ့တာပါ။

ဒီပြစ်ဒဏ်ဘောကို မက်ဆီက လှပတဲ့ကန်သွင်းချက်နဲ့ အဖိုးတန်အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီရဲ့ အနိုင်ဂိုးကြောင့် အင်တာမိုင်ယာမီအသင်းဟာ ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ရလဒ်ဆိုးနေမှုကို ဒီပွဲမှာ အဆုံးသတ်နိုင်ခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီပွဲအနိုင်ရဖို့က အသင်းအတွက် အလွန် အရေးကြီးတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မက်ဆီက “ကျနော် ဂိုးသွင်းရမယ်ဆိုတာကို သိပါတယ်။ ဒါက ဒီပွဲရဲ့နောက်ဆုံးကစားနည်းပါ။ ဒီပွဲအနိုင်ရဖို့က ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ဒါက ပြိုင်ပွဲအသစ်တစ်ခုဖြစ်ပြီး ကျနော်တို့ကို ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်သွားစေမှာဖြစ်တယ်” လို့ Apple TV ကို ပြောခဲ့တာပါ။

ပွဲအပြီးမှာ အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ မက်ဆီနဲ့အတူ အောင်ပွဲခံနေခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းက “ပြစ်ဒဏ်ဘောကန်သွင်းမှာကို မြင်ထဲက ဒါက အဆုံးသတ်နိုင်မယ့် နည်းလမ်းလို့ ကျနော် ထင်ခဲ့တာပါ။ ဒါက ဒီနိုင်ငံအတွက်ရော လိဂ်အတွက်ရော အကောင်းမွန်ဆုံးအခိုက်အတန့်ပါပဲ။ လီယိုလုပ်ပြနိုင်ခဲ့တဲ့ အရာကိုကွင်းထဲမှာ လူတိုင်းမြင်တွေ့ခဲ့ရတာက အိပ်မက်တစ်ခုပါပဲ”လို့ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဇူလိုင် ၂၆ ရက်မှာ လိဂ်ဖလားပွဲစဉ်အဖြစ် မေဂျာလိဂ်ကလပ် အတ္တလန္တာ ယူနိုက် တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Foxsports