CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ 

အီတလီနဲ့ ပီအက်စ်ဂျီအသင်း ဂိုးသမား ဒွန်နာရမ်မာနဲ့ သူ့ရဲ့လက်တွဲဖော်တို့ဟာ ပဲရစ်ရှိ သူတို့ရဲ့ နေအိမ်မှာ လုယက် တိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

လူအများအပြားဟာ သူတို့စုံတွဲကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး နေအိမ်မှာ ချည်နှောင်ထားခြင်း ခံခဲ့ရတယ်လို့ ရဲသတင်းရင်းမြစ်တွေက ပြင်သစ်မီဒီယာတွေကို ပြောခဲ့တာပါ။

သူတို့နှစ်ဦးဟာ နောက်ပိုင်းမှာ အိမ်နဲ့ အနီးနားမှာရှိတဲ့ ဟိုတယ်ကို ထွက်ပြေး လွတ်မြောက် သွားခဲ့တယ်လို့ ပြောထားပါတယ်။ 

ဟိုတယ် ဝန်ထမ်းတွေဟာ ဒေသခံရဲတွေကို အကြောင်းကြားခဲ့ပြီး တုန်လှုပ်နေတဲ့ ဒွန်နာရမ်မာတို့ စုံတွဲကို ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေအရ လုယက်တိုက်ခိုက်တဲ့ သူတွေဟာ ငွေကြေး အများအပြားယူပြီး ထွက်ခွာ သွားခဲ့တယ်လို့ ဖော်ပြထားပြီး သတင်းအချို့မှာတော့ ယူရို ၅၀၀,၀၀၀ ဝန်းကျင် ပါသွားခဲ့တယ်လို့ ဖော်ပြထား တာပါ။ 
ပြင်သစ်အထူးရဲတပ်ဖွဲ့ကတော့ လက်ရှိအချိန်မှာ လက်နက်ကိုင် လုယက်မှုနဲ့ ဖောက်ထွင်းမှုအတွက် စုံစမ်း စစ်ဆေးမှုကို စတင်နေပြီ ဖြစ်ပါတယ်။

ဒွန်နာရမ်မာနဲ့ ချစ်သူကိုတွေ့ရစဉ်

အီတလီလက်ရွေးစင် ဂိုးသမားဟာ ၂၀၂၁ ခုနှစ်က အေစီမီလန်အသင်းကနေ ပီအက်စ်ဂျီအသင်းထံ ရောက်ရှိလာခဲ့ တာဖြစ်ပြီး နိုင်ငံအသင်းကို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်အောင် လက်စွမ်း ပြသနိုင်ခဲ့တာပါ။ 

ဒွန်နာရမ်မာဟာ ပီအက်စ်ဂျီအသင်းအတွက် ၇၂ ပွဲ ပါဝင်ကစားထားပြီး လီဂူးဝမ်းဖလား ၂ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှုတွေကို ရယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒွန်နာရမ်မာဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဒွန်နာရမ်မာနဲ့ ပြင်သစ်ကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်း ကျန်ရှိနေသေးပေမယ့် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းရဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှု ပြုလုပ်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

Source: BBC