CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇

ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီဟာ ရီးရယ်လ်အသင်းက မာဆေးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် League Phase အဖွင့်ပွဲစဉ်မှာ ပင်နယ်တီကနေ ၂ ဂိုးစလုံး သွင်းယူခဲ့ပြီးနောက် ရီးရယ်လ်အသင်း ကစားသမားဘဝ သွင်းဂိုး ၅၀ ပြည့်သွားခဲ့ပါတယ်။ 

မနှစ်ကနွေရာသီမှာ PSG အသင်းကနေ အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ ဘတ်ပီဟာ ရီးရယ်လ်အသင်းအတွက် ပွဲပေါင်း ၆၄ ပွဲ ပါဝင်ကစားအပြီးမှာ သွင်းဂိုး ၅၀ ပြည့်ခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ မာဆေးလ်အသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်းကို ခံခဲ့ရပေမယ့် ဘတ်ပီက ချေပဂိုး သွင်းယူခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၇၂ မိနစ်မှာ အသင်းခေါင်းဆောင် ကာဗာဟယ်လ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရလို့ အခက်တွေ့ခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ပွဲချိန် ၈၁ မိနစ်မှာ ဘတ်ပီက အနိုင်ဂိုး သွင်းယူ ပေးနိုင်ခဲ့တာပါ။ 

ဘတ်ပီဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၂ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၅ ပွဲကစား ထားအပြီးမှာ ၆ ဂိုး သွင်းယူထားပါတယ်။ 

ဘတ်ပီကို တွေ့ရစဉ် 

ဘတ်ပီက သူဟာ နည်းပြဇာဘီအလွန်ဆို လုပ်ခိုင်းတဲ့ အရာတွေကို လုပ်ပြီး အသင်းကို ဆုဖလားတွေ ရရှိအောင် ကူညီပေးချင်တယ်လို့ ပွဲအပြီး Movistar နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

ဘတ်ပီက “ကျနော်တို့ဟာ ၁၀ ဦးတည်းနဲ့ ကစားခဲ့ရတဲ့အတွက် ခက်ခဲခဲ့ပေမယ့် ဘာနေဗျူးမှာ ကျနော်တို့ရဲ့ ချန်ပီယံလိဂ် တိုက်ပွဲဝင် စိတ်ဓါတ်ကို ပြသနိုင်ခဲ့ပါတယ်။ နိုင်ပွဲအတွက် ကျနော်တို့ ပျော်ရွှင်ပါတယ်။ ကျနော်က တော့ နည်းပြလုပ်ခိုင်းတဲ့ အရာတွေကို လုပ်သွားမှာပါ။ ကျနော်တို့ဟာ နည်းပြပြောတဲ့ ပုံစံအတိုင်းလုပ်ပြီး အသင်း ကို ဆုဖလားတွေရရှိအောင် ကူညီပေးနိုင်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။ 

မာဆေးလ်အသင်းနည်းပြ ဒီဇာဘီဟာ ဒီပွဲမှာ ရီးရယ်လ်အသင်းဘက်ကို နောက်ကျ ပင်နယ်တီပေးခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်နေပြီး ဒါက ပင်နယ်တီ လုံးဝမဟုတ်ဘူးလို့ ပြောခဲ့တာပါ။ 

ဒီပွဲစဉ်မှာ ရီးရယ်လ်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့တဲ့ ညာနောက်ခံလူ အာနိုးလ်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ပွဲချိန် ၅ မိနစ်မှာတင် လူစားလဲခံခဲ့ရပြီး အသင်းရဲ့ လာမယ့်ပွဲစဉ်အချို့ကို လွဲချော်သွားဖွယ် ရှိနေပါတယ်။ 

Source: ESPN