CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀

ရက်ကလစ်ဖ် က ချယ်လ်ဆီး အသင်းကို ဝယ်ယူဖို့ နောက်ကျပြီးမှ ကမ်းလှမ်းမှုတွေရှိလာခဲ့ပေမယ့် LA Dodgers ပိုင်ရှင် တောဒ့်ဘိုလီ ဦးဆောင်တဲ့ လုပ်ငန်းစုက ချယ်လ်ဆီးကို ဝယ်ယူဖို့ ဦးစားပေးအဖြစ် သတ်မှတ်ခံရတယ်လို့ ဘီဘီစီ က ဖော်ပြပါတယ်။

အေဘရာမိုဗစ်ချ် ဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မခံရခင်ကတည်းက ချယ်လ်ဆီး အသင်းကို ရောင်းချဖို့ စီစဉ် ထားခဲ့တာပါ။သောကြာနေ့ အစောပိုင်းက ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ် က ပေါင် (၄.၂၅) ဘီလီယံနဲ့ ချယ်လ်ဆီး အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလို နောက်ကျကမ်းလှမ်းမှုဟာ ပြိုင်ဖက် လေလံ ဆွဲသူတွေအကြားမှာ အရှုပ်အထွေးတွေဖြစ်စေတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ရက်ကလစ်ဖ် ဟာ (၁၀) နှစ်တာ အတွင်းမှာ ချယ်လ်ဆီး အသင်းကို ပေါင် (၁.၇၅) ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။

ရက်ကလစ်ဖ် ရဲ့ ကမ်းလှမ်းမှုဟာ ချယ်လ်ဆီး အသင်းကို ဝယ်ယူကမ်းလှမ်းမှုတွေပြုလုပ်ဖို့ ကနဦး နောက်ဆုံး သတ်မှတ်ထားတဲ့ မတ်လ(၁၈)ရက်ကို ကျော်လွန်ပြီးမှ ရောက်ရှိလာခဲ့တာပါ။ ချယ်လ်ဆီး အသင်းနဲ့ တော့ဒ်ဘိုလီ တို့ကတော့ လက်ရှိအချိန်မှာ တရားဝင်မှတ်ချက်ပေးခြင်းမရှိသေးပေမယ့် တော့ဒ်ဘိုလီ ဦးဆောင်တဲ့လုပ်ငန်းစု ဟာ ချယ်လ်ဆီး အသင်းကို ဝယ်ယူဖို့ ပေါင် (၃.၅) ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

တော့ဒ်ဘိုလီ ဦးဆောင်တဲ့ လုပ်ငန်းစုမှာ ဆွစ်ဘီလျံနာ ဝက်စ်၊အမေရိကန် PR အမှုဆောင်ချုပ် ချာရိုနီ၊ဗြိတိန် စီးပွားရေးသမား ဂိုးလ်စတိန်းနဲ့ ဗြိတိန်ဂျာနယ်လစ် ဖင်ကယ်လ်စတိန်းတို့ ပါဝင်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်း ကို ဝယ်ယူဖို့အတွက် ဆာမာတင်ဘရော်တန်ဦးဆောင်တဲ့အစုအဖွဲ့နဲ့ ဘော်စတန်ဆဲလ်တစ် အသင်းရဲ့ ပူးတွဲပိုင်ရှင် စတီဖန်တို့က တောဒ့်ဘိုလီ တို့နဲ့ အပြိုင်ဖြစ်ခဲ့ပေမယ့် သူတို့နှစ်ဦးရဲ့ လေလံတွေကတော့ မအောင်မြင် ခဲ့ပါဘူး။

ချယ်လ်ဆီး အသင်းဟာ ဗြိတိန်အစိုးရဲ့ အထူးလိုင်စင်နဲ့ လည်ပတ်နေတာဟာ မေလ (၃၁)ရက်မှာ ကုန်ဆုံး တော့မှာပါ။ဗြိတိန်အစိုးရဟာ အေဘရာမိုဗစ်ချ် ကို ဒဏ်ခတ်ပိတ်ဆို့ပြီးနောက် ချယ်လ်ဆီး အသင်းကိုလည်း ပိတ်ဆို့မှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ဖြေလျော့ပေးခဲ့တာလည်းဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ဒီရာသီမှာ ဆုဖလားရယူနိုင်စရာအဖြစ် အက်ဖ်အေဖလားသာ ရှိတော့တာဖြစ်ပြီး ဗိုလ်လုပွဲအဖြစ် လီဗာပူးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC