- By CNI
- Category: အားကစား
- Hits: 1110
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀
မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ် အုပ်စုတတိယမြောက် ပွဲစဉ်အဖြစ် လာအိုအသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။
အုပ်စုပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးနေပြီး ရှုံးပွဲကြုံတွေ့ထားတဲ့ ၂ သင်း တွေ့ဆုံတဲ့ ပွဲဖြစ်တာကြောင့် ရလဒ်ကောင်း ရယူဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာအသင်းကတော့ လာအိုအသင်းကို ဖိကစားခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတာက လာအိုအသင်း ဖြစ်ပါ တယ်။ လာအိုအသင်းဟာ ပွဲချိန် ၁၂ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရယူနိုင်ခဲ့တာပါ။
ဒါပေမယ့် မြန်မာအသင်းဟာ ချေပဂိုးရဖို့ ဆက်တိုက် ဖိကစားခဲ့တာကြောင့် ၁၅ မိနစ်မှာ ချေပဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကို ကျော်မင်းဦးက သွင်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း မြန်မာအသင်းဟာ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့လို့ ပထမပိုင်း ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာ အနိုင်ဂိုးရဖို့ ပိုပြီး တိုက်စစ်ဆင်လာခဲ့ပေမယ့် လာအိုအသင်းက ဦးဆောင် ဂိုး ရယူသွားခဲ့ပါတယ်။ မြန်မာအသင်းဟာ လာအိုအသင်းကို ဦးဆောင်ဂိုး ပေးရပြီးနောက် ချေပဂိုးရဖို့ ဆက်တိုက် ဆိုသလို ဖိကစားခဲ့ပေမယ့် လာအိုနောက်တန်းနဲ့ ဂိုးသမားတို့ အစွမ်းပြနေလို့ အခက်တွေ့နေခဲ့တာပါ။
ဒါပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ အဖိုးတန် ချေပဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုးကို မောင်မောင်လွင်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် တစ်ဖက် ၂ ဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့ပြီး ၂ သင်းစလုံး ရမှတ် စတင် ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1007
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉
မြန်မာအသင်းနည်းပြ အန်တွမ်နီဟေးက လာအိုအသင်းနဲ့ပွဲမှာ အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်ပြီးတော့ ကစား သွားမယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အန်တွမ်နီဟေးက “စင်ကာပူနဲ့ ကစားတဲ့ ပွဲအပြီးမှာ ဂိုးသမား အပါအဝင် ကစားသမားအချို့ ဒဏ်ရာပြဿနာတွေ ရှိနေပါတယ်။ မလေးရှား၊ စင်ကာပူနဲ့ပွဲမှာ ရလဒ်ကောင်း မရယူနိုင်ပေမယ့် အသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ကျေနပ်ပါတယ်။ အသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အကောင်းဆုံး အစီအစဉ်တွေကို ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ မြန်မာအသင်း ခြေစွမ်းတိုးတက် လာတာကို မြင်တွေ့ရမှာပါ။ လာအိုနဲ့ပွဲမှာ အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်ကစားသွားမှာပါ”လို့ ပြောခဲ့တာပါ။
မြန်မာအသင်းဟာ အုပ်စုတွင်း အဖွင့်ပွဲစဉ် ၂ ပွဲအဖြစ် မလေးရှား၊ စင်ကာပူအသင်းတို့နဲ့ ကစားခဲ့တာမှာ ၂ ပွဲစလုံး အရေးနိမ့်ခဲ့တာကြောင့် အုပ်စုကနေ နောက်တဆင့်တက်ဖို့ မျှော်လင့်ချက် နည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်း ယှဉ်ပြိုင်ကစားနေစဉ်(MFF)
မြန်မာအသင်းကစားသမား ဒေးဗစ်ထန်းကလည်း လာအိုနဲ့ပွဲမှာ နိုင်ပွဲရယူဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။
ဒေးဗစ်ထန်းက “လာအိုနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ နိုင်ပွဲရဖို့ ကျနော်တို့ ကစား သမားတွေ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ တစ်သင်းလုံးရဲ့ စွမ်းဆောင်မှုရော၊ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်မှုပါ အကောင်းဆုံးပုံစံ ရရှိဖို့ ကြိုးစားမှာပါ။ ကျနော်တို့ အသင်း ရလဒ်ဆိုးဆိုး၊ ကောင်းကောင်း အမြဲတမ်း အားပေးနေ တဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
လာအိုအသင်းကတော့ အုပ်စုတွင်း ၃ ပွဲ ကစားအပြီးမှာ ၃ ပွဲစလုံး အရေးနိမ့်ကာ အုပ်စုကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါ တယ်။ မြန်မာအသင်းနဲ့ လာအိုအသင်းတို့ဟာ ဒီဇင်ဘာလ ၃၀ ရက်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
- By CNI News
- Category: အားကစား
- Hits: 1382
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄
၂၀၂၂ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် စင်ကာပူနဲ့ မြန်မာအသင်းတို့ စင်ကာပူမြေမှာ ကစားခဲ့တာမှာ အိမ်ရှင်အသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရ သွားခဲ့ပါတယ်။
ပထမပိုင်းမှာ ကတည်းက နှစ်သင်းစလုံးဟာ အပြန်အလှန် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၃၄ မိနစ်မှာ မောင်မောင်လွင်က မြန်မာအသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် စင်ကာပူအသင်းက ချေပဂိုးရဖို့ ပြန်အားထုတ်ခဲ့လို့ ပထမပိုင်းပြီးကာနီးမှာ ဖန်ဒီက ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ပထမပိုင်းက ၁ ဂိုးစီ သရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ စင်ကာပူအသင်းက ဦးဆောင်ဂိုးရဖို့ ဖိကစားခဲ့တာကြောင့် ပွဲချိန် ၄၉ မိနစ်မှာ ရှာဟီရန်က စင်ကာပူအတွက် ဦးဆောင်ဂိုး ရယူ သွားခဲ့ပါတယ်။
ဒါပေမယ့် မြန်မာအသင်းက ချေပဂိုးရဖို့ ပြန်ဖိကစားလာခဲ့လို့ ပွဲချိန် ၆၆ မိနစ်မှာ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဒီဂိုးကို မောင်မောင်လွင်ကပဲ သွင်းယူခဲ့တာပါ။
၂ ဂိုးစီ သရေကျနေခဲ့တာကြောင့် ပွဲက အရှိန်အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စင်ကာပူအသင်းက နောက်ထပ် ဂိုး ထပ်ရသွားခဲ့ပါတယ်။ စင်ကာပူ ဂိုးသမား တင်ပေးလိုက်တဲ့ ဘောလုံးကို အရှေ့မှာ အသင့်ရှိနေတဲ့ တိုက်စစ်မှူး ရှာဝဲလ်က သွင်းယူခဲ့တာပါ။
မြန်မာအသင်းက ချေပဂိုး ပြန်ရဖို့ ကြိုးစားရင်းနဲ့ ပွဲချိန် ၈၁ မိနစ်မှာ နန္ဒကျော် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။ ကစားသမားနှစ်ဦး ထိခိုက်မိတဲ့ အနေအထားကနေ ဒိုင်လူကြီးက မြန်မာအသင်း ကစားသမားကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ တစ်ယောက်လျော့ အနေအထားကနေ ချေပဂိုးရဖို့ ဆက်တိုက် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် စင်ကာပူအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1217
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄
မြန်မာ့လက်ရွေးစင်အသင်းနည်းပြ အန်တွမ်နီဟေးက စင်ကာပူနဲ့ ကစားရမယ့် အုပ်စုပွဲစဉ်မှာ နိုင်ပွဲရယူဖို့ တစ်သင်းလုံးကြိုးစားသွားမှာလို့ ပြောလိုက်ပါတယ်။
အန်တွမ်နီဟေးက “ကျနော်တို့ အုပ်စုပွဲတွေမှာ အိမ်ကွင်း ၂ ပွဲစီကစားရမှာဖြစ်ပြီး အိမ်ကွင်းပွဲစဉ်အနိုင်ရဖို့ အရေးကြီးပါတယ်။ပင်နယ်တီကံခေမှုနဲ့အတူ အိမ်ကွင်းပွဲစဉ်တစ်ပွဲရှုံးနိမ့်ခဲ့လို့ ကျနော်တို့ ကျန်တဲ့ပွဲစဉ်တွေမှာ အများကြီးရုန်းကန်ရမှာပါ။ရမှတ် ၇ မှတ်ရမှ အုပ်စုကနေတက်နိုင်မှာပါ။ဒါကြောင့် ကျနော်တို့ရဲ့ အဝေးကွင်း ၂ ပွဲ စလုံးက အရေးကြီးပါတယ်။မနက်ဖြန် အနိုင် ၃ မှတ်ရဖို့ တစ်သင်းလုံးကြိုးစားကြမှာပါ။အသင်းမှာ ဒဏ်ရာ ကင်းစင်ပြီး အားလုံးလန်းဆန်းတက်ကြွနေပါတယ်” လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ဒီပွဲရဲ့ ပွဲပြီးကာနီးမှာ မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် ဝင်းနိုင်ထွန်း ကန်သွင်းချက်ကို မလေးရှားဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာပါ။အဲဒါကြောင့် မြန်မာအသင်းဟာ အဖွင့်ပွဲမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ စင်ကာပူနဲ့ပွဲကို မြက်ခင်းတုကွင်းမှာ ကစားရမှာဖြစ်လို့ ခက်ခဲနိုင်တယ်လို့ အန်တွမ်နီဟေးက ထပ်ပြီး ပြောခဲ့တာပါ။
အန်တွမ်နီဟေးက “နိုင်ငံတကာအဆင့်မြင့်ပြိုင်ပွဲတွေမှာ မြက်ခင်းအစစ်ကိုပဲ သုံးကြပါတယ်။ မြက်ခင်းတုကွင်းမှာ ကစားသမားတွေဒဏ်ရာရဖို့ အရမ်းလွယ်လို့ပါ။လူငယ်ဘောလုံးဖွံ့ဖြိုးရေးတွေမှပဲ မြက်ခင်းတုသုံးကြတာများ ပါတယ်။ကျနော်တို့အသင်းက ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက အသင်းမျိုးမဟုတ်တော့ဘဲ အခုအချိန်မှာ အပြောင်းအလဲ များစွာပြုလုပ်ထားပြီး ကျစ်လစ်တဲ့ အသင်းတစ်သင်းဖြစ်နေပါပြီ။ပြီးခဲ့တဲ့ မလေးရှားနဲ့ ပွဲစဉ်မှာ ၉၈ မိနစ်အထိ ကစားအားမကျဘဲ ကစားနိုင်တာကို ပြသပြီးပါပြီ”လို့ ပြောခဲ့တာဖြစ်ပါတယ်။
စင်ကာပူနဲ့ မြန်မာအသင်းတို့ဟာ ဒီဇင်ဘာလ ၂၄ ရက်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး စင်ကာပူအတွက်တော့ အုပ်စု ပထမဆုံးပွဲစဉ်ဖြစ်တာပါ။စင်ကာပူနဲ့ မြန်မာအသင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ က အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ တွေ့ဆုံခဲ့ပြီး အဲ့ဒီတုန်းက စင်ကာပူအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1168
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈
လမ်ပန်ဝါရီယာအသင်းရဲ့မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်ဟာ ထိုင်းလိဂ် ၁ ပွဲစဉ် ၁၅ ရဲ့ အကာင်းဆုံးအသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
မောင်မောင်လွင်ဟာ လမ်ပန်ဝါရီယာအသင်းက ဆူခိုထိုင်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးခဲ့တာပါ။ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးဟာ မောင်မောင်လွင်အတွက် အခုနှစ်ရာသီ ထိုင်းလိဂ်ပြိုင်ပွဲမှာ ပထမဆုံး သွင်းယူတဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။မောင်မောင်လွင်ဟာ ဒီပွဲမှာ ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးခဲ့တာကြောင့် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းလိဂ်က ရွေးချယ်တဲ့ အကောင်းဆုံးအသင်းမှာလည်း မောင်မောင်လွင်ဟာ ရွေးချယ်ခံခဲ့ရတာပါ။ မြန်မာ့လက်ရွေးစင်ကစားသမားဟာ ရာသီအစက ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တချို့ကို မပါဝင်နိုင်ခဲ့ပေမယ့် ပြန်လည်ပါဝင်တဲ့အချိန်မှာ ပွဲထွက်ခွင့်တနေရာကို ပြန်လည်ရယူပြီး ခြေစွမ်းပြသနေတာဖြစ်ပါတယ်။ မောင်မောင်လွင်ဟာ ဒီရာသီမှာ လမ်ပန်ဝါရီယာအသင်းအတွက် ၈ ပွဲကစားထားပြီး ၁ ဂိုးသွင်း ၂ ဂိုးဖန်တီး ထားတာပါ။
ရန်ကုန်ယူနိုက်တက်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ရာသီက လမ်ပန်ဝါရီယာအသင်း ထိုင်းလိဂ် ၂ ကနေ လိဂ် ၁ ကို တန်းတက်နိုင်အောင် အဓိက စွမ်းဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။မောင်မောင်လွင်ဟာ လက်ရှိအချိန်မှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဥရောပနိုင်ငံဖြစ်တဲ့ မောလ်တာလိဂ်ရဲ့ ဆက်သွယ်မှုတွေ ရရှိခဲ့တယ်လို့ သိရတာပါ။မောင်မောင်လွင်ဟာ အခုအချိန်မှာတော့ လမ်ပန်ဝါရီယာအတွက် အပြည့်အ၀ အာရုံစိုက်နေတာ ဖြစ်ပါတယ်။
လမ်ပန်ဝါရီယာအသင်းဟာ ထိုင်းလိဂ် ၁ ပွဲစဉ် ၁၅ ပွဲကစားအပြီးမှာ ၃ ပွဲနိုင် ၄ ပွဲသရေ ၈ ပွဲရှုံးနဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1445
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးဟာ ထိုင်းလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့အတွက် ပဏာမကစားသမား ၂၅ ဦးစာရင်းကို နိုဝင်ဘာလ ၂၄ ရက်က ထုတ်ပြန်လိုက်ပါတယ်။
အခုရွေးချယ်ခဲ့တဲ့ ပဏာမကစားသမား ၂၅ ဦးကို လေးပွင့်ဆိုင်ခြေစမ်းပွဲတွေကနေ ရွေးချယ်ထားတာပါ။ ရွေးချယ်ခံထားရတဲ့ ကစားသမားတွေဟာ ပြည်တွင်းလိဂ်ကကစားသမားတွေဖြစ်ပြီး ပြည်ပမှာ ကစားနေတဲ့ ကစားသမားတွေကတော့ ထိုင်းနိုင်ငံကို ရောက်ရှိမှသာ လာရောက်ပူးပေါင်းကြမှာ ဖြစ်ပါတယ်။အဆိုပါ ကစားသမားတွေအားလုံးကို ပူးပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်ပြီးမှသာ လူစာရင်းထပ်မံထုတ်ပြန်မှာပါ။
မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ ဒီဇင်ဘာလ ၁၁ ရက် ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ဒီခြေစမ်းပွဲပြီးတာနဲ့ AFF Mitsubishi Electric Cup ပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။မြန်မာအသင်းရဲ့ ပဏာမကစားသမား ၂၅ ဦးစာရင်းမှာ ဂိုးသမားတွေအဖြစ် ကျော်ဇင်ဖြိုး၊ ဆန်းဆက်နိုင်နဲ့ ထွန်းနန္ဒဦး၊ နောက်တန်းမှာတော့ ကျော်ဇင်လွင်၊ နန္ဒကျော်၊ ဒေးဗစ်ထန်၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ သီဟထက်အောင်၊ ဟိန်းဇေယျာလင်း၊ ဇော်ရဲထွန်း၊ဝေယံဦးနဲ့ သက်ဝေမိုးတို့ ဖြစ်ပါတယ်။
ကွင်းလယ်မှာ ကျော်မင်းဦး၊ မြတ်ကောင်းခန့်၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ အောင်နိုင်ဝင်း၊ လင်းထက်စိုး၊ ဝေလင်းအောင်နဲ့ ရဲရင့်အောင်၊ ရှေ့တန်းမှာတော့ ဝင်းနိုင်ထွန်း၊ နိုင်ဇင်ထက်၊ ရန်ကျော်ထွေးနဲ့ အီစိုးတို့ ပါဝင်နေကြတာပါ။
မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ မကစားခင် ဟောင်ကောင်အသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစားထားပြီး ၁ ပွဲရှုံး ၁ ပွဲသရေလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ AFF Mitsubishi Electric Cup ပြိုင်ပွဲမှာ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၀ ရက်ကနေ ၂၀၂၃ ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပ သွားမှာဖြစ်ပါတယ်။
- By CNI News
- Category: အားကစား
- Hits: 1670
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉
အောင်လအန်ဆန်းဟာ ဂျပန်ဖိုက်တာ ယူရှင်အိုကာမီကို ပထမအချီမှာပဲ အလဲထိုးပြီး နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
One 163 ပွဲစဉ်အဖြစ် ထိုးသတ်ခဲ့တဲ့ ပွဲမှာ အောင်လအန်ဆန်းက ပြင်းထန်တဲ့ ဒူးတိုက်ချက်နဲ့ နိုင်ပွဲ ရယူခဲ့တာပါ။
အောင်လအန်ဆန်းဟာ ဘစ်ဒက်ရှ်ကို အရေးနိမ့်ပြီးကတည်းက လေ့ကျင့်မှု ပြင်ဆင်မှုတွေကို အားစိုက်ခဲ့တာ ကြောင့် အခုလို နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ ယူရှင်အိုကာမီကို အနိုင်ထိုးသတ်ခဲ့တာကြောင့် ကစားသမားဘဝ ပွဲပေါင်း ၄၂ ပွဲ ထိုးသတ် ထားခဲ့တာမှာ ၂၈ ပွဲ အနိုင်ရပြီး ၁၃ ပွဲ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။
အခုဆိုရင် အောင်လအန်ဆန်းဟာ ဒီနိုင်ပွဲကြောင့် မစ်ဒယ်ဝိတ် ခါးပတ် ပြန်လည် ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ပြီ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1280
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅
မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဝါရင့်နောက်ခံလူ ဇော်မင်းထွန်းဟာ လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်း ခံခဲ့ရပေမယ့် အနားယူပြီဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ တရားဝင် အတည်ပြု ကြေညာလိုက်ပါတယ်။
ဇော်မင်းထွန်းက “ အခု ကျနော့်ရဲ့ အသက်အရွယ်ကြောင့် နိုင်ငံအသင်းနဲ့ ကလပ်အသင်း တာဝန်နှစ်ခုလုံး အပေါ် မှာ အပြည့်အဝ အာရုံစိုက် ကစားနိုင်ဖို့ အကန့်အသတ်တွေ ရှိလာပြီ ဖြစ်ပါတယ်။ တဖန် လူငယ်မျိုးဆက်သစ်တွေ အတွက်လည်း လက်ဆင့်ကမ်း နေရာပေးလိုတဲ့ ဆန္ဒလည်း ရှိပါတယ်။ အဲ့ဒါကြောင့် မြန်မာ့လက်ရွေးစင်ကနေ အနားယူဖို့ ကျနော်ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို သက်ဆိုင်သူတွေ အားလုံး လေးစားမှုပေးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ရေးသားခဲ့တာပါ။
မြန်မာအသင်းဟာ လာမယ့် AFF Mitsubishi Electric Cup ပြိုင်ပွဲ ကစားပေးဖို့အတွက် ဇော်မင်းထွန်းကို တရားဝင် ဖိတ်ခေါ်ထားတာပါ။
ဒါပေမယ့် ဇော်မင်းထွန်းကတော့ လက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ရန်ကုန် ယူနိုက်တက် ကစားသမားဟောင်းက လက်ရွေးစင်အသင်းရဲ့ ခေါ်ယူမှုတွေအတွက် အမြဲတမ်း ကျေးဇူးတင် ဂုဏ်ယူနေမှာ ဖြစ်သလို လက်ရွေးစင်အသင်း ဒီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ဆန္ဒပြုကြောင်းလည်း ရေးသားခဲ့ပါတယ်။
ထိုင်းကလပ် ချောင်ဘူရီအသင်းမှာ ကစားနေတဲ့ ဇော်မင်းထွန်းကို တွေ့ရစဉ်
ဇော်မင်းထွန်းဟာ မြန်မာအသင်းအတွက် ပွဲပေါင် ၇၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုး သွင်းယူကာ ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဖလားနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ကြေးတံဆိပ် ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဇော်မင်းထွန်းဟာ လက်ရှိအချိန်မှာ ထိုင်း ကလပ် ချောင်ဘူရီအသင်းမှာ ဝင်ရောက် ကစားနေပါတယ်။
မြန်မာအသင်းဟာ ဇော်မင်းထွန်း အပြင် အဓိကတိုက်စစ်မှူးဖြစ်တဲ့ အောင်သူကိုလည်း လက်ရွေးစင်အသင်း အတွက် ပါဝင်ကစားပေးဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
ဇော်မင်းထွန်း၊ အောင်သူ အပါအဝင် မြန်မာ့လက်ရွေးစင် ကစားသမားတချို့ဟာ လက်ရှိ နိုင်ငံရေး အခြေအနေ တွေကြောင့် နိုင်ငံအတွက် ပါဝင်ကစားပေးခြင်း မရှိခဲ့တာပါ။
မြန်မာအသင်းဟာ လာမယ့် AFF Mitsubishi Electric Cup ပြိုင်ပွဲမှာ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဒီဇင်ဘာလ ၂၀ ရက်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1454
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
ရိုမန်အေဘရာမိုဗစ်ချ်ဟာ ၂၀၀၃ ခုနှစ်က ချယ်လ်ဆီးအစား အာဆင်နယ်အသင်းကို ဝယ်ယူဖို့ နီးစပ် ခဲ့ပေမယ့် ကလပ်အသင်းက မရောင်းချခဲ့တာလို့ သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
ဒီအကြောင်းကို Wall Street ဂျာနယ်လစ် ၂ ဦးဖြစ်တဲ့ ရော်ဘင်ဆန်နဲ့ ဂျိုနသန်တို့ ရေးသားခဲ့တဲ့ စာအုပ်သစ် The Club မှာ ဖော်ပြထားတာပါ။တကယ်လို့ ရုရှားဘီလျံနာသာ လန်ဒန်မြောက်ဘက် အခြမ်းမှာ ရင်းနှီးမြှပ်နှံခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ အခင်းအကျင်းဟာ အလွန်ကွာခြားသွားနိုင်တာ ဖြစ်ပါတယ်။၂၀၀၃ က အေဘရာမိုဗစ်ချ်ဟာ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေရဲ့ စီးပွားရေး အခြေအနေကို ကြည့်ရှုနိုင်ဖို့ ဆွစ်ဇာလန်ဘဏ် UBS ကိုငှားရမ်းခဲ့တာပါ။ ဒါပေမယ့် အာဆင်နယ်အသင်း ဟာ ရောင်းချမှာမဟုတ်ဘူးလို့ ပြောခဲ့ကြောင်း အဆိုပါစာအုပ်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် အေဘရာမိုဗစ်ချ်သာ လေးလေးနက်နက် ကမ်းလှမ်းမှုပြုလုပ်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်း ပိုင်ရှင်တွေက စဉ်းစားနိုင်တယ်လို့ အသင်း ဒုဥက္ကဋ္ဌဟောင်း ဒေးဗစ်ဒိန်းက နောက်ပိုင်းမှာ ပြောခဲ့တာပါ။ ရုရှားဘီလျံနာဟာ စပါးအသင်းကို ဝယ်ယူဖို့အတွက် လန်ဒန်ကလပ်ရဲ့ အသင်းပိုင်ရှင်တွေနဲ့ တွေ့ဆုံ ခဲ့သလို အာဆင်နယ်အသင်းမှာ အွန်နရီခြေစွမ်းပြသနေချိန်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ထံ ခေါ်ယူဖို့ ကြိုးစား ခဲ့သေးတယ်လို့ သိရပါတယ်။
အာဆင်နယ်ကို ဝယ်ယူလို့ မရခဲ့တဲ့ အေဘရာမိုဗစ်ချ်ဟာ လန်ဒန်ကလပ်ပဲဖြစ်တဲ့ ချယ်လ်ဆီးအသင်းကို ဝယ်ယူကာ ၁၉ နှစ်ကြာ အသင်းပိုင်ရှင်အဖြစ်ရပ်တည်ခဲ့တာပါ။အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအသင်း ပိုင်ရှင်အဖြစ် ရှိခဲ့တဲ့အချိန်အတွင်းမှာ အသင်းကို အလုံးစုံပြောင်းလဲခဲ့ပြီး ရင်းနှီးမြှပ်နှံမှု အများအပြား ပြုလုပ်ကာ ဆုဖလားပေါင်း ၂၁ လုံးရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဆုဖလားပေါင်း ၂၁ လုံးထဲမှာ ချယ်လ်ဆီးအသင်းဟာ အဓိကဆုဖလားတွေဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရယူနိုင်ခဲ့တာပါ။အေဘရာမိုဗစ်ဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ဗြိတိန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာ ပါဝင်ခဲ့ပါတယ်။အဲဒါကြောင့် အခုနှစ် အစောပိုင်းမှာ တော့ဒ်ဘိုလီဦးဆောင်တဲ့ အစုအဖွဲ့က ချယ်လ်ဆီးအသင်းကို အေဘရာမိုဗစ်ချ် ဆီကနေ ပေါင် ၄.၂၅ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
Source:Daily Mail
- By CNI
- Category: အားကစား
- Hits: 1422
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆
၁၉၉၈ NBA ဗိုလ်လုပွဲ အဖွင့်ပွဲစဉ်တုန်းက ဝတ်ဆင်ခဲ့တဲ့ မိုက်ကယ်ဂျော်ဒန်ရဲ့ ဂျာစီကို ကြာသပတေးနေ့က လေလံပွဲတစ်ခုမှာ ဒေါ်လာ ၁၀ သန်းကျော်နဲ့ ရောင်းချခဲ့ပါတယ်။
အဲ့ဒါကြောင့် မိုက်ကယ်ဂျော်ဒန်ရဲ့ ဂျာစီရောင်းချရမှုဟာ သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ဂိမ်းပွဲရဲ့ အားကစား အမှတ်တရပစ္စည်း ဖြစ်လာခဲ့ပါတယ်။
အရင်စံချိန်ကတော့ အခုနှစ် အစောပိုင်းက လေလံတင် ရောင်းချခဲ့တဲ့ မာရာဒိုနာရဲ့ Hand of God ဂျာစီဖြစ်ပြီး ဒေါ်လာ ၉.၃ သန်း တန်ကြေးရှိခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ လေလံပွဲ ကြေညာအပြီး သီတင်းပတ်အတွင်းမှာ အားကစားကို စိတ်ဝင်စားတဲ့ ပရိသတ်တွေသာမက ပဲ ရှားပါးတဲ့ သမိုင်းကြောင်းကို ပိုင်ဆိုင်ချင်ပြီး စုဆောင်းချင်တဲ့သူတွေပါ သိသိသာသာ စိတ်လှုပ်ရှားမှုတွေ ရှိလာခဲ့ ပါတယ်။ ဒီနေ့မှာဆိုရင်တော့ စံချိန်ချိုးပြီး စံချိန်သစ် တင်လိုက်ပါပြီ။ မိုက်ကယ်ဂျော်ဒန်ဟာ အငြင်းပွားဖွယ် မရှိတဲ့ အကောင်းဆုံး သူဖြစ်တယ်ဆိုတာကို ခိုင်မာစေပါတယ်။ သူ့နာမည်နဲ့ တုနှိုင်းလို့မရတဲ့ အမွေအနှစ်ကို သက်သေပြ တာက လွန်ခဲ့တဲ့ ၂၅ နှစ် နီးပါးလိုပါပဲ”လို့ Sotheby လေလံအကြီးအကဲ ဘရာဟမ်က ပြောပါတယ်။
မိုက်ကယ်ဂျော်ဒန်ကိုတွေ့ရစဉ် (NBC Sports)
မိုက်ကယ်ဂျော်ဒန်ဟာ ၁၉၉၈ က သူ့အတွက် ၆ ကြိမ်မြောက်နဲ့ နောက်ဆုံး NBA ချန်ပီယံဆုဖြစ်ပြီး Netflix မှတ်တမ်းရုပ်ရှင် The Last Dance မှာ မှတ်တမ်း တင်ထားတာ ဖြစ်ပါတယ်။
မိုက်ကယ်ဂျော်ဒန်ရဲ့ ချီကာဂိုဘူးလ်ဂျာစီကို လေလံဆွဲမှု အကြိမ် ၂၀ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ မိုက်ကယ် ဂျော်ဒန်ဟာ ၁၉၉၃ ကနေ ၁၉၉၄ မှာ ပထမအကြိမ်၊ ၁၉၉၉ ကနေ ၂၀၀၁ မှာ ဒုတိယအကြိမ် အနားယူခဲ့ပြီး ၂၀၀၃ မှာ နောက်ဆုံး အနားယူခဲ့တာ ဖြစ်ပါတယ်။
အသက် ၅၉ နှစ် အရွယ်ရှိ မိုက်ကယ်ဂျော်ဒန်ဟာ ချီကာဂိုဘူးလ် အသင်းမှာ ၁၉၈၄ ကနေ ၁၉၉၈ အထိ ကစားခဲ့ပြီး ဝါရှင်တန်ဝီဇာတ့်အသင်းမှာ ၂၀၀၁ ကနေ ၂၀၀၃ အထိ ကစားခဲ့တာပါ။
မိုက်ကယ်ဂျော်ဒန်ဟာ အမေရိကန် လက်ရွေးစင်နဲ့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ခု ရယူနိုင်ခဲ့ပြီး အခုအချိန်မှာ တော့ NBA ကလပ် ချာလော့တီဟော နတ်စ် အသင်းပိုင်ရှင်အဖြစ် ရပ်တည်နေပါတယ်။
Source: Reuters
- By CNI
- Category: အားကစား
- Hits: 1228
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁
မြန်မာ့လက်ရွေးစင် အသင်းနည်းပြ အန်တွမ်နီဟေးက ၂၀၂၂ အာဆီယံချန်ပီယံရှစ် Mitsubishi Electric Cup အုပ်စုမဲခွဲမှုနဲ့ ပတ်သက်ပြီး အကောင်းမြင်ကြောင်း ပြောလိုက်ပါတယ်။
အန်တွမ်နီဟေးက “ ကျနော်တို့ဟာ စိတ်ဝင်စားစရာကောင်းတဲ့ အုပ်စုထဲမှာ ရှိနေပါတယ်။ အခုဆို လိဂ်ပြိုင်ပွဲ လည်း ပြန်လည် စတင်နေသလို နိုင်ငံရပ်ခြားမှာလည်း ကစားသမားတွေ အများကြီး ရှိတာကြောင့် အရင်ကထက် ပိုပြီး အားကောင်းလာမှာပါ။ ကျနော်တို့မှာ အကောင်းမြင်တဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးတွေ ရှိပါတယ်”လို့ AFF ကို ပြောပါတယ်။
မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု B မှာ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
အုပ်စု A မှာတော့ လက်ရှိချန်ပီယံ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ ခြေစစ်ပွဲအောင် အသင်းတို့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာပါ။ ခြေစစ်ပွဲအဖြစ် တီမောနဲ့ ဘရူနိုင်းတို့ ကစားကြမှာဖြစ်ပြီး ဒီပွဲစဉ်က အနိုင်ရတဲ့အသင်းက အုပ်စု A ထဲ ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
မြန်မာအသင်းကိုတွေ့ရစဉ် (AFF)
အန်တွမ်နီဟေးက “အိမ်ကွင်းကစပြီး ပြိုင်ပွဲကို စတင်ရမှာဖြစ်လို့ ကျနော်ပျော်ရွှင်ပါတယ်။ စင်ကာပူနဲ့ ပြန်ကစား ရမှာဖြစ်လို့ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဗီယက်နမ်နဲ့ အဝေးကွင်းပွဲက ပွဲကောင်းတစ်ပွဲပါ၊ နောက်ဆုံးအကြိမ် ရန်ကုန်မှာ ကစားခဲ့တုန်းက သရေကျခဲ့တာပါ။ အခု အတောအတွင်းမှာပဲ လာအိုအသင်းက လည်း နည်းပြလက်အောက်မှာ အကြီးအကျယ် တိုးတက်နေပါတယ်”လို့ ပြောပါတယ်။
ဒီပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၄ ရက် အိမ်ကွင်းမှာ မလေးရှား၊ ဒီဇင်ဘာ ၂၇ ရက် အဝေးကွင်းမှာ စင်ကာပူ၊ ဇန်နဝါရီ ၂ ရက် အိမ်ကွင်းမှာ လာအို၊ ဇန်နဝါရီ ၅ ရက် အဝေးကွင်းမှာ ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
အုပ်စု ထိပ်ဆုံး ၂ သင်းစီက ဆီမီးဖိုင်နယ် တက်ခွင့်ရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က နောက်ဆုံးကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
Source: AFF
- By CNI
- Category: အားကစား
- Hits: 1184
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၉
မြန်မာအသင်းဟာ ကျင်းပနေဆဲ အာဆီယံယူ-၁၆ ပြိုင်ပွဲမှာ အုပ်စု ပထမနေရာ ရယူပြီး အကြိုဗိုလ်လုပွဲကို တက်သွားပြီ ဖြစ်ပါတယ်။
အကြိုဗိုလ်လုပွဲ တက်နိုင်ဖို့ အဆုံးအဖြတ် ပွဲစဉ်အဖြစ် ကစားခဲ့ရတဲ့ ကမ္ဘောဒီးယားနဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်း က ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
မြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၄၈ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အသင်းခေါင်းဆောင် လင်းထက်ဦးက သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အဖိုးတန် အနိုင်ဂိုးရအပြီး လက်ကျန်ပွဲ ကစားချိန်တွေ အတွင်းမှာ အနိုင်ရလဒ်ကို ထိန်းခဲ့ကာ အကြိုဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ကမ္ဘောဒီးယားကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပါအဝင် အုပ်စုတွင်းမှာ သြစတြေးလျကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး မလေးရှားအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ပင်နယ်တီကန်ဖို့ လုပ်နေတဲ့ လင်းထက်ဦး (MFF)
အဲ့ဒါကြောင့် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီး ရမှတ် ၇ မှတ်နဲ့ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တခြား အုပ်စုတွေမှာ အိမ်ရှင် အင်ဒိုနီးရှားနဲ့ ထိုင်း အသင်းတို့လည်း အုပ်စုထိပ်ဆုံးနဲ့ အကြိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်း ကတော့ အကောင်းဆုံးအုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အကြိုဗိုလ်လုပွဲအဖြစ် အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိုင်းအသင်းက ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲတွေကို သြဂုတ်လ ၁၀ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာအသင်းရဲ့ ပွဲစဉ်ကိုတော့ မြန်မာစံတော်ချိန် ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
အာဆီယံယူ-၁၆ ပြိုင်ပွဲကို ကိုဗစ်ကူးစက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် မကျင်းပခဲ့ရတာဖြစ်ပြီး အခုနှစ်မှ ပြန်လည် ကျင်းပ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာအသင်းကတော့ အာဆီယံယူ-၁၆ ပြိုင်ပွဲရဲ့ ၂၀၀၂ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ချန်ပီယံဆု ၂ ကြိမ် ရယူထားပြီး အဲ့ဒီနောက်ပိုင်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။