- By CNI
- Category: အားကစား
- Hits: 5131
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀
လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်က တနင်္ဂနွေနေ့ အန်ဖီးလ်မှာ ကစားရမယ့် ပွဲကြီးပွဲကောင်း မတိုင်မီ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားရဖို့ ရေပန်းအစားဆုံးလို့ ပြောခဲ့ပါတယ်။
ဆာလက်က “အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ဖလားကို ရဖို့ ရေပန်းအစားဆုံးဆိုတာ ပြီးခဲ့တဲ့ PFA ဆု ပေးပွဲမှာရော အခုရော ကျနော်ပြောပါတယ်။ ဘာလို့လဲဆိုရင် သူတို့ဟာ ၅ နှစ်၊ ၆ နှစ်လောက် အတူတွဲ ကစား ထားတဲ့ အသင်းတစ်သင်းရှိနေပါတယ်။ ဒါကြောင့် သူတို့ဟာ တစ်ဦးနဲ့တစ်ဦးအကြောင်းကို နားလည်သလို နည်းပြ ဆိုရင်လည်း အသင်းမှာ ၅ နှစ်၊ ၆ နှစ်ကြာရှိခဲ့ပါတယ်။ သူတို့တွေဟာ အချိန်အကြာကြီး အတူတွဲလာခဲ့တဲ့အတွက် ပိုပြီးလွယ်ကူပါတယ်။ ကျနော့်အမြင်အရ ဒီနှစ်မှာ အာဆင်နယ်အသင်းက နံပတ်တစ်ပါ”လို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံးမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိ ထားပြီး တနင်္ဂနွေနေ့မှာ ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ဆာလက်ကတော့ ၂၀၂၅-၂၆ ရာသီဟာ အခုမှ စတင်တာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ် အသင်းရရှိဖို့ ရေပန်းအစားဆုံးလို့ အခိုင်အမာ ပြောနေခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ရာသီဆက်တိုက် အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ် ခဲ့တာကြောင့် ဒီရာသီမှာ အမှတ်ပေးဖလား ရယူနိုင်ဖို့ ပြင်ဆင်ထားပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၇၀ ကျော် အသုံးပြုကာ အသင်းကို ကြီးကြီးမားမား ပြောင်းလဲပြီး ကစားသမားသစ်တွေ အားဖြည့်ထားတာပါ။
လီဗာပူးလ်အသင်းကလည်း ဟူဂိုအက်ကီတီကေ၊ ဖလော်ရီယန်ဗစ်ဇ် အပါအဝင် ကစားသမားသစ်တွေ အားဖြည့်ထားပြီး နယူးကာဆယ်အသင်း တိုက်စစ်မှူး အစ်ဆက်နဲ့ ပဲလေ့စ်အသင်း နောက်ခံလူ ဂူဟီကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။
လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ဆာလက်ဟာ ဒီရာသီမှာ အသင်းအတွက် ၃ ပွဲ ကစားထားပြီး ၁ ဂိုးသွင်းယူကာ ၁ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 5006
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀
ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ စက်တင်ဘာထဲ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပိုလန်အသင်း လူစာရင်းထဲ ပြန်ပါဝင်မယ်လို့ နည်းပြဂျန်ရူဘင်က ပြောပါတယ်။
ဂျန်ရူဘင်က “ရှင်းလင်းတဲ့ အရာတွေနဲ့ လေ့ကျင့်ရေးစခန်းကို ကျနော် စတင်ပြီး ပြုလုပ်ချင်ပါတယ်။ လီဝန်ဒေါ စကီးက အသင်းခေါင်းဆောင်အဖြစ် ရှိမှာဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကျနော်နဲ့အတူ ထွက်လာမှာပါ။ ကျနော်ဟာ ဇီလင်စကီးကို ဒုအသင်းခေါင်းဆောင်နဲ့ ဘတ်နာရက်ဒ်ကို တတိယအသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်တယ်”လို့ ပြောခဲ့ပါတယ်။
ဂျန်ရူဘင်ဟာ ပြီးခဲ့တဲ့ ဇွန်လက ပိုလန်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ နည်းပြဟောင်း ပရိုဘီယာ့ဇ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဇူလိုင်မှာ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ပရိုဘီယာ့ဇ်ဟာ ပြီးခဲ့တဲ့ ဇွန်လက ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ မပါဝင်ခဲ့တဲ့ လီဝန်ဒေါစကီးကို အသင်း ခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှားပြီး ဇီလင်စကီးကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တာပါ။
အဲဒါကြောင့် နည်းပြဟောင်း ပရိုဘီယာ့ဇ်နဲ့ လီဝန်ဒေါစကီးတို့အကြားမှာ တင်းမာမှုတွေရှိလာခဲ့ပြီး လီဝန်ဒေါစကီးဟာ ပရိုဘီယာ့ဇ်လက်ထက်မှာ ပိုလန်အသင်းအတွက် ကစားပေးမှာ မဟုတ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။

ပိုလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဖင်လန်အသင်းကို အရေးနိမ့်ပြီးနောက် ပရိုဘီယာ့ဇ်ဟာ ပိုလန်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာပါ။
ပရိုဘီယာ့ဇ် ထွက်ခွာအပြီးမှာ လီဝန်ဒေါစကီးဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းကာ ပိုလန်အသင်းအတွက် ပြန်ပါဝင်ကစားပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပိုလန်အသင်းအတွက် ၁၅၈ ပွဲ ကစားထားပြီး ၈၅ ဂိုးသွင်းယူကာ နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံးနဲ့ ပွဲအရေအတွက် အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၃ ပွဲကစားထားပြီး ၂ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့်ထားတဲ့ ပိုလန်အသင်းဟာ စက်တင်ဘာ ၄ ရက် မှာ နယ်သာလန်အသင်းနဲ့ အဝေးကွင်း၊ ၇ ရက်မှာ ဖင်လန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1517
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉
၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနဲ့ သြစတြေးလျ အသင်းတို့ ပွဲစဉ်မှာ သြစတြေးလျအသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ သြစတြေးလျအသင်းဟာ ပွဲစကတည်းကနေ ဂိုးရရှိဖို့ ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပြီး မြန်မာအသင်းကတော့ ခံစစ်ပိတ်ကစားကာ တန်ပြန်တိုက်စစ်နဲ့ ဂိုးရရှိဖို့ ကြိုးပမ်းခဲ့တာပါ။
ပထမပိုင်းကတော့ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ သြစတြေးလျအသင်းဟာ ဂိုးရရှိဖို့ ပိုမိုအားထုတ်လာခဲ့ပြီး ဂိုးတိုင် ၂ ကြိမ်ထိခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။
ဒါပေမယ့် သြစတြေးလျအသင်းဟာ ပွဲချိန် ၆၆ မိနစ်မှာတော့ မြန်မာအသင်းဘက်ကို သွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ သြစတြေးလျအသင်းဘက်ကို ဂိုးပေးခဲ့ရပြီးနောက်ပိုင်း ချေပဂိုး ရရှိနိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမယ့် တစ်ဖက်အသင်းခံစစ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိတာပါ။
အဲဒါကြောင့် သြစတြေးလျအသင်းဟာ သူတို့ရရှိတဲ့ အနိုင်ဂိုးကို ပွဲပြီးဆုံးတဲ့ အချိန်ထိ ထိန်းကစားပြီး အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
ဒါအပြင် သြစတြေးလျအသင်းဟာ အုပ်စုတွင်းမှာ မြန်မာအသင်းကို အရေးနိမ့်ခဲ့တဲ့ ရှုံးကြွေးကိုလည်း ဗိုလ်လုပွဲမှာ ပြန်ပြီးဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1731
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆
၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ ထိုင်းအသင်း ပွဲစဉ်မှာ မြန်မာအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန်အစောပိုင်မှာ မြန်မာအသင်း နောက်ခံလူရဲ့ အမှားကနေ ထိုင်းအသင်း ဦးဆောင်ဂိုး သွင်းယူနိုင် ခဲ့တာပါ။
ဒါပေမယ့် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့တာကြောင့် ၁ ဂိုးစီ သရေရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ထိုင်းအသင်း နောက်ခံလူ ဂိုးဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့တာကြောင့် မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပါတယ်။
ဒီပင်နယ်တီကို ဝင်းသိင်္ဂီထွန်းက အမှားအယွင်းမရှိ ကန်သွင်းကာ မြန်မာအသင်းကို ဦးဆောင်ဂိုး ရရှိစေခဲ့တာပါ။
ဒီနောက်ပိုင်းမှာ ၂ သင်းစလုံးဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် မြန်မာအသင်းဟာ ၂ ဂိုး-၁ ဂိုးနဲ့ ထိုင်းအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ၂၀၁၅ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1508
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆
ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပွဲစဉ်တွေ ဖြစ်တဲ့ ဆီမီးဖိုင်နယ်၊ တတိယ နေရာလုပွဲနဲ့ ဗိုလ်လုပွဲတွေမှာ VAR နည်းပညာစနစ်ကို အသုံးပြုသွားမှာ ဖြစ်ပါ တယ်။
VAR စနစ်ကို အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် အသုံးပြုသွားမှာပါ။
ဆီမီးဖိုင်နယ် ၂ ပွဲနဲ့ ဗိုလ်လုပွဲတွေမှာ ပွဲချိန်မိနစ် ၉၀ အတွင်း သရေကျရင် အချိန်ပို ဆက်ကစားမှာဖြစ်ပြီး အနိုင် အရှုံး ရလဒ် မထွက်ပေါ်ရင် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှာဖြစ်ပါတယ်။
တတိယနေရာ လုပွဲမှာတော့ မိနစ် ၉၀ အတွင်း သရေကျရင် အချိန်ပို ဆက်မကစားဘဲ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမယ်လို့ အတည်ပြုထားတာပါ။

VAR စနစ်ကိုတွေ့ရစဉ်
အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ် ၁၆ ရက်(ဒီနေ့) ကစားသွားမှာဖြစ်ပြီး မြန်မာနဲ့ ထိုင်းအသင်း၊ အိမ်ရှင်ဗီယက်နမ်နဲ့ သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
မြန်မာနဲ့ ထိုင်း အသင်းပွဲစဉ်ကို မြန်မာစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပသွားမှာပါ။
မြန်မာအမျိုးသမီးအသင်း နည်းပြယူကီက ဆီမီးဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး အာရုံ စူးစိုက်မှုအပြည့်နဲ့ တစ်ပွဲချင်းအလိုက် ပြင်ဆင်သွားမယ်လို့ ပွဲကြိုမီဒီယာ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းက အုပ်စုတွင်းမှာ အသင်းကောင်းတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အားလုံးကြိုးစားခဲ့လို့ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ရလဒ်ကောင်း ရယူနိုင်ဖို့ စည်းစည်းလုံးလုံးနဲ့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။
ထိုင်းအမျိုးသမီးအသင်း နည်းပြက မြန်မာအသင်းဟာ တောင့်တင်းတာကြောင့် ခက်ခဲတဲ့ပွဲ ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။
မြန်မာအသင်းဟာ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂ ကြိမ် ဗိုလ်စွဲထားပြီး ထိုင်းအသင်းနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၀၂၃ ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1299
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃
မြန်မာအသင်းဟာ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဒီနေ့ညမှာ ကစားခဲ့တဲ့ ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျပြီး အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာအသင်းဟာ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ပထမပိုင်းမှာ ဖိလစ်ပိုင် အသင်းကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာပါ။
မြန်မာအသင်းဟာ ဒီပွဲမှာ အနိုင်ဂိုး ရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုတွေကြောင့် အုပ်စုတွင်းပွဲစဉ်တွေမှာ ရာနှုန်းပြည့် နိုင်ပွဲမရရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲစလုံး ကစားအပြီးမှာ ရမှတ် ၇ မှတ် ရရှိခဲ့တာကြောင့် အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ် တက်ခဲ့ပြီး ရမှတ် ၆ မှတ် ရရှိခဲ့တဲ့ သြစတြေးလျ ယူ-၂၃ အသင်းက အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ် တက်ခဲ့တာပါ။
ဆီမီးဖိုင်နယ် ပွဲစဉ်တွေအဖြစ် အိမ်ရှင် ဗီယက်နမ်နဲ့ သြစတြေးလျ ယူ-၂၃ အသင်း၊ မြန်မာနဲ့ ထိုင်းအသင်းတို့ သြဂုတ် ၁၆ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1148
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲအုပ်စု B အဖွင့်ပွဲစဉ် တွေထဲက တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ သြစတြေးလျ ယူ-၂၃ အသင်းတို့ပွဲစဉ်မှာ မြန်မာအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာအသင်းအတွက် သွင်းဂိုးတွေကို မေသက်မွန်မြင့်နဲ့ ဝင်းသိင်္ဂီထွန်းတို့က သွင်းယူခဲ့တာဖြစ်ပြီး သြစတြေးလျ ယူ-၂၃ အသင်းအတွက် ချေပဂိုးကို ဝုဒ်ဂိတ်က သွင်းယူခဲ့တာပါ။
မြန်မာအသင်းဟာ ဒီပွဲမှာ သြစတြေးလျ ယူ-၂၃ အသင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပွဲပြီးခါနီးမှာ သြစတြေးလျ ယူ-၂၃ အသင်းရဲ့ ဖိအားပေးမှုတွေကြောင့် ချေပဂိုး ပြန်ပေးခဲ့ရပြီး နောက်ထပ် ဂိုးပေးရနိုင်တဲ့ အခြေအနေတွေ ကြုံတွေ့ခဲ့ရပေမယ့် မြန်မာအသင်းဟာ အဖိုးတန် နိုင်ပွဲရယူနိုင် ခဲ့ပါတယ်။
မြန်မာအသင်းဟာ သြဂုတ် ၁၀ ရက်မှာ အုပ်စုဒုတိယ ပွဲစဉ်အဖြစ် တီမောအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲ အနိုင်ရခဲ့ရင် ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေ ကောင်းသွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1165
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇
PUBG ကမ္ဘာ့ချန်ပီယမ်ရှစ် PUBG Mobile World Cup (PMWC 2025) ပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့သည့် မြန်မာကိုယ်စားပြု Yangon Galaticos (YG) အသင်းကို ဩဂုတ် ၇ ရက်နေ့မှာ ရန်ကုန်ရှိ ပြည်သူ့ရင်ပြင်တွင် ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်ခဲ့သည်။
ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့မှာကျင်းပခဲ့သည့် PUBG ကမ္ဘာ့ချန်ပီယမ်ရှစ် PUBG Mobile World Cup (PMWC 2025) ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု Yangon Galaticos (YG) အသင်းက အမှတ်အများဆုံးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ထိုပြိုင်ပွဲကို တကမ္ဘာလုံးက ထိပ်တန်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Grand Final အဆင့်ကိုတော့ ဩဂုတ် ၁ ရက် ကနေ ၃ ရက်အတွင်းကျင်းပခဲ့ကာ ကျန်ရှိခဲ့တဲ့ ၁၆ သင်းက ဆက်လက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ပြိုင်ပွဲနောက်ဆုံးရက် ဩဂုတ် ၃ ရက်နေ့မှာတော့ Yangon Galacticos အသင်းက ဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့ချန်ပီယံရှစ်ဖြစ်လာခဲ့ကာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကျော်ကို ရရှိခဲ့သည်။
ကစားသမားများမှာ အသင်း Captain အဖြစ် Smile က ဦးဆောင်ခဲ့ပြီး MAR NETT, SAY CLOUD နှင့် ROMEO တို့ဖြစ်ပြီး Grand Finals ပြိုင်ပွဲအတွင်း Chicken Dinner ၄ ကြိမ်အထိ ရရှိခဲ့ကာ နောက်ဆုံးရမှတ် ၁၅၇ မှတ်ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။
- By CNI
- Category: အားကစား
- Hits: 1331
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂
၂၀၂၆ AFC အာရှဖလား အမျိုးသမီး ခြေစစ်ပွဲအုပ်စု C ဒုတိယမြောက် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အသင်းတို့ပွဲစဉ်မှာ ဘင်္ဂလားဒေ့ရှ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ ဘင်္ဂလားဒေ့ရှ်အသင်းဟာ မြန်မာအသင်းကို အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အများအပြား ပြုလုပ်ကာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။
မြန်မာအသင်းကတော့ ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ လူကျွံဘော ထောက်ချောက်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိဘဲ အကြိမ်ကြိမ် လူကျွံနေခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းအတွက် ချေပဂိုးကို ပွဲပြီးခါနီးမှာ လူစားဝင်လာတဲ့ ဝင်းဝင်းက သွင်းယူပေးခဲ့တာပါ။
ဒီပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ မြန်မာအသင်းဘက်ကို ပင်နယ်တီ အပါအဝင် ပြစ်ဒဏ်ဘောတွေ ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့်လည်း မြန်မာအသင်းဟာ နစ်နာခဲ့ရပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ် ကစားဖို့ ကျန်ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အာရှဖလားခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်သွားပြီဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1599
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉
၂၀၂၆ AFC အမျိုးသမီးအာရှဖလား ခြေစစ်ပွဲအုပ်စု C အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၂၉ ရက်က ကစားခဲ့တဲ့ မြန်မာနဲ့ တာခ့်မင်နစ္စတန်အသင်းတို့ပွဲစဉ်မှာ မြန်မာအသင်းက ၈ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီပွဲစဉ်မှာ ပထမပိုင်းသွင်းဂိုး ၄ ဂိုး၊ ဒုတိယပိုင်းမှာ သွင်းဂိုး ၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
မြန်မာအသင်းအတွက် သွင်းဂိုးတွေကို ဝင်းဝင်းက ၃ ဂိုး၊ ခင်မိုမိုထွန်းက ၂ ဂိုး၊ စန်းသော်သော်၊ မေထက်လူနဲ့ ရွှေရည်ထွန်းတို့က ၁ ဂိုးစီ သွင်းယူခဲ့ပါတယ်။
တာခ့်မင်နစ္စတန်အသင်းဟာ ဒီပွဲမှာ သွင်းဂိုး ရရှိစေမယ့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် မြန်မာအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။
ဒါအပြင် တာခ့်မင်နစ္စတန်အသင်းဟာ ဂိုးသမားဖြစ်သူ လက်စွမ်းပြသမှုတွေကြောင့် မြန်မာအသင်းကို ဒီထက်ပိုပြီး သွင်းဂိုးတွေခွင့် မပြုခဲ့ရတာပါ။
မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇူလိုင် ၂ ရက်မှာ ဘင်္ဂလားဒေ့ရှ်အသင်း၊ တာခ့်မင်နစ္စတန်အသင်းက ဘာရိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2056
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၈
မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းမှာ ဒီနေ့ခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ASEAN All Stars အသင်းတို့ပွဲစဉ်မှာ ASEAN All Stars အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ASEAN All Stars အသင်းအတွက် အနိုင်ဂိုးကို မြန်မာ့လက်ရွေးစင် ကစားသမား မောင်မောင်လွင်က သွင်းယူ ပေးခဲ့တာပါ။
မောင်မောင်လွင်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၅၀ ကျော်မှ လူစားလဲ ဝင်ရောက်လာခဲ့ပေမယ့် ပွဲချိန် ၇၁ မိနစ်မှာ ASEAN All Stars အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ ယူနိုက်တက်အသင်းဘက်ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး မြန်မာကစားသမားလည်း ဖြစ်လာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နောက်ထပ် ခြေစမ်းပွဲအဖြစ် မေလ ၃၀ ရက်မှာ ဟောင်ကောင်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2081
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)ဟာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် ယူနိုက်တက်အသင်းနဲ့ ခြေစမ်းမယ့် ASEAN-All Stars အသင်းမှာ ပါဝင်ကစားဖို့ မြန်မာ့လက်ရွေးစင်အသင်း တောင်ပံကစားသမား မောင်မောင်လွင်ကို ရွေးချယ်ခဲ့ပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ်ဟာ ASEAN-All Stars အသင်းမှာ မောင်မောင်လွင်ကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တရားဝင် ဆက်သွယ် အကြောင်းကြားခဲ့တာပါ။
မောင်မောင်လွင်ဟာ မြန်မာ့လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြသနေသလို ထိုင်းကလပ် Lamphun Warrior အသင်းမှာလည်း ခြေစွမ်းပြ ကစားနေတာကြောင့် ASEAN-All Stars အသင်းမှာ မြန်မာကိုယ်စားပြုအဖြစ် ရွေးချယ်ကြောင်း AFF က ထုတ်ပြန်ခဲ့ပါတယ်။

ASEAN-All Stars အသင်းကို ဗီယက်နမ် လက်ရွေးစင်အသင်းနည်းပြ Kim Sang-Sik က တာဝန်ယူ ကိုင်တွယ် သွားမှာပါ။
ယူနိုက်တက်အသင်းနဲ့ ASEAN-All Stars အသင်းတို့ရဲ့ ခြေစမ်းပွဲကို မေလ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီ ကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
