- By CNI
- Category: အားကစား
- Hits: 1916
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈
၂၀၂၄ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု B ပွဲစဉ်အဖြစ် ဒီနေ့မှာ ကစားခဲ့တဲ့ မြန်မာနဲ့ လာအိုအသင်းတို့ရဲ့ ပွဲစဉ်မှာ မြန်မာအသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ မြန်မာအသင်းဟာ လွင်မိုးအောင်ရဲ့ သွင်းဂိုးနဲ့ လာအိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင် ထားတာပါ။
ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ လာအိုအသင်းကို ဖိကစားပြီး ဂိုးကန်သွင်းခွင့်တွေ အများအပြား ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လာအိုအသင်းက ဂိုးရသွားခဲ့ပြီး ချေပဂိုးနဲ့ ဦးဆောင်ဂိုးကို မိနစ်အနည်းငယ်ခြားပြီး သွင်းယူခဲ့တာပါ။
အဲဒါကြောင့် မြန်မာအသင်းဟာ သွင်းဂိုးတွေပြန်ရရှိဖို့ ဆက်တိုက် ဖိအားပေး တိုက်စစ်ဆင်ခဲ့တာကြောင့် မိနစ် ၉၀ မပြည့်ခင်မှာ ဝင်းနိုင်ထွန်းက ချေပဂိုးသွင်းယူခဲ့ပါတယ်။
မြန်မာအသင်းဟာ အနိုင်ဂိုးရဖို့ ဆက်တိုက် ကြိုးပမ်းခဲ့တာကြောင့် မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ဝင်းနိုင်ထွန်းကပဲ အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
မြန်မာအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် အုပ်စုတွင်းပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄ မှတ်ရရှိကာ နောက်တဆင့် တက်နိုင်မယ့် မျှော်လင့်ချက် ရှင်သန်နေသေးတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 3415
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁
မြန်မာအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကစားမယ့် ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်ဟာ အသင်းအတွက် အရေးကြီးတယ်လို့ ပွဲကြိုမီဒီယာ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
ဦးမျိုးလှိုင်ဝင်းက “ပထမပွဲမှာ အမှတ်ဆုံးရှုံးထားလို့ ကျနော်တို့အတွက် ဒီပွဲစဉ်က အရေးကြီးပါတယ်။ အနိုင် သုံးမှတ်ရယူနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ပြိုင်ဘက် ဖိလစ်ပိုင်အသင်းကလည်း အသင်းကောင်း တစ်သင်းပါ။ ကျနော်တို့အနေနဲ့ ပြိုင်ဘက်အပေါ် လေးစားမှုရှိပါတယ်”လို့ ပြောခဲ့တာပါ။
မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ် အုပ်စု B အဖွင့်ပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့ တုန်းက ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်ဟာ မြန်မာအသင်းအတွက် အလွန်အရေးကြီးနေပြီး အဝေးကွင်းပွဲစဉ်မှာ ရမှတ်ရယူနိုင်ဖို့ လိုအပ်နေတာပါ။

ဦးမျိုးလှိုင်ဝင်းကို တွေ့ရစဉ်
ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာသာ ရလဒ်မကောင်းခဲ့ရင် မြန်မာအသင်းအတွက် နောက်တဆင့် တက်နိုင်မယ့် မျှော်လင့်ချက်တွေ နည်းပါးသွားမှာဖြစ်ပါတယ်။
မြန်မာအသင်း ကွင်းလယ်လူ လွင်မိုးအောင်ကလည်း ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းရော၊ ရလဒ်ပါ အကောင်း ဆုံးဖြစ်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။
လွင်မိုးအောင်က “ကျနော်တို့ ရောက်နေတဲ့ အခြေအနေကို ကျနော်တို့သိပါတယ်။ အဲဒီအတွက် တစ်သင်းလုံး သေချာ ပြင်ဆင်ပြီး ကြိုးစားနေကြပါတယ်။ ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပိုင်းရော၊ ရလဒ်ပါ အကောင်းဆုံး ဖြစ်ဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်အသင်းအတွက်တော့ ဒီပွဲစဉ်ဟာ သူတို့ရဲ့ ၂၀၂၄ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်တာပါ။
ဖိလစ်ပိုင်နဲ့ မြန်မာအသင်းတို့ရဲ့ ပွဲစဉ်ကို ဒီဇင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီအချိန်မှာ ယှဉ်ပြိုင် ကစားသွားမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 4508
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆
မြန်မာအသင်းဟာ ၂၀၂၄ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup ပြိုင်ပွဲအတွက် ပဏာမရွေးချယ် ထားတဲ့ ကစားသမား ၃၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီစာရင်းထဲမှာ ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်အသင်းက ကစားသမား အများစု ပါဝင်ခဲ့ပြီး ပြည်ပထွက် ကစားနေတဲ့ ကစားသမားတွေထဲမှာ အောင်သူနဲ့ ကျော်မင်းဦးတို့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
ကလပ်အသင်း ပွဲစဉ်တွေရှိနေတဲ့ ပြည်တွင်း၊ပြည်ပ ကစားသမားအချို့ကလွဲပြီး မြန်မာအသင်းဟာ နိုဝင်ဘာ ၂၅ ရက်က စတင်ပြီး စခန်းဝင် လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါ တယ်။
မြန်မာအသင်းရဲ့ ပဏာမ ကစားသမား ၃၀ ဦး စာရင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းက ဆန်းဆက်နိုင်၊ သူရိန်စိုး၊ ရဲလင်းထက်၊ ဥက္ကာနိုင်၊ ဝေလင်းအောင်၊ ဇော်ဝင်းသိန်းနဲ့ ရန်ကျော်ထွေးတို့ ပါဝင်နေပြီး ရှမ်းယူနိုက်တက်အသင်းက ပြည့်ဖြိုးသူ၊ ဟိန်းဖြိုးဝင်း၊ အောင်ဝဏ္ဏစိုး၊ သက်ဟိန်းစိုး၊ နန္ဒကျော်၊ မြတ်ကောင်းခန့်၊ ခွန်ကျော်ဇင်ဟိန်းနဲ့ ရဲရင့်အောင် တို့ ပါဝင်နေပါတယ်။

ISPE အသင်းက ခိုင်ရဲဝင်း၊ ဟံသာဝတီယူနိုက်တက်အသင်းက နေလင်းထက်၊ လတ်ဝေဘုန်းနဲ့ နေမိုးနိုင်၊ ဒဂုံစတားအသင်းက ဇင်ညီညီအောင်၊ ဟီဟထက်အောင်နဲ့ အောင်နိုဝင်းတို့ ပါဝင်နေတာပါ။
ပြည်ပထွက် ကစားနေတဲ့ သူတွေထဲမှာ စိုးမိုးကျော်၊ သီဟဇော်၊ မောင်မောင်လွင်၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ သန်းပိုင်၊ ဝင်းနိုင်ထွန်းနဲ့ အောင်ကောင်းမာန်တို့ ပဏာမစာရင်းထဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲအုပ်စု B မှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။
မြန်မာအသင်းဟာ အုပ်စုတွင်း ၄ ပွဲမှာ ၂ ပွဲကို အိမ်ကွင်း ကစားရမှာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်မှာ အင်ဒိုနီးရှား အသင်းနဲ့ အိမ်ကွင်းအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
၂၀၂၄ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်ကနေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2877
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄
၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု B အဖွင့်ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ မြန်မာနဲ့ သြစတြေးလျအသင်းတို့ ပွဲစဉ်မှာ ၃ ဂိုးစီသရေကျသွားခဲ့ပါတယ်။
မြန်မာအသင်းနည်းပြ ဘန်လတ်က ဒီပွဲရလဒ်ကို ကျေနပ်မိပေမယ့် တိုက်စစ်နဲ့ ခံစစ်မှာ အမှားအနည်းငယ်စီ ရှိခဲ့ တယ်လို့ ပွဲအပြီးသုံးသပ်ချက်မှာ ပြောခဲ့တာပါ။
ဘန်လတ်က “ဒီပွဲကတော့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး စိတ်လှုပ်ရှားမှုများစွာပေးခဲ့တဲ့ ပွဲတစ်ပွဲပါ။ ကျနော့်အနေနဲ့ ရလဒ်ကိုကျေနပ်ပါတယ်။ ကစားသမားတွေကလည်း ကျနော်စီစဉ်ထားတဲ့အတိုင်း အကောင်းဆုံး ကြိုးစားပေး ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ရော ခံစစ်မှာပါ အမှားအနည်းငယ်စီတော့ ရှိနေဆဲပါပဲ”လို့ ပြောခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု B မှာ သြစတြေးလျ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုထိပ်ဆုံး ၂ သင်းက နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။

မြန်မာအသင်းနည်းပြ ဘန်လတ်က ဒီပြိုင်ပွဲမစတင်ခင် ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုမှာ ၂၀၂၂ ပြိုင်ပွဲတုန်းက ရရှိခဲ့တဲ့ အဆင့်ထက် မနိမ့်တဲ့ရလဒ်မျိုးရရှိဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ၂၀၂၂ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ စတုတ္ထနေရာရရှိခဲ့တာပါ။
မြန်မာအသင်းဟာ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂၀၁၆ ခုနှစ်က ဒုတိယနေရာရရှိခဲ့တာက သူတို့အတွက် အမြင့်ဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။
အခုနှစ်ပြိုင်ပွဲကို နိုဝင်ဘာ ၂ ရက်ကနေ ၁၀ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပနေတာပါ။
မြန်မာအသင်းဟာ အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၅ ရက်မှာ ကမ္ဘောဒီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2909
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁
မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ AFC Challenge League ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေ မပြီးဆုံးခင်မှာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
အုပ်စုတွင်း ၂ ပွဲစီ ကစားရတဲ့ ဒီပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်းဟာ အဖွင့်ပွဲစဉ်မှာ လာအိုကလပ် Young Elephants အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိထားတာပါ။
တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီး အသင်းကလည်း Young Elephants အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ်။
အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းနဲ့ တိုင်နန်စီးတီးအသင်းတို့ဟာ အုပ်စုနောက်ဆုံး ပွဲစဉ်မတိုင်ခင်မှာ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ကြတာပါ။
အဲဒါကြောင့် ဒီ ၂ သင်းဟာ အုပ်စုပထမနေရာလုဖို့ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းကို တွေ့ရစဉ်
ရှမ်းယူနိုက်တက်အသင်းဟာ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပရိသတ်တွေရှေ့မှာ တိုင်နန်စီးတီးအသင်းကို အနိုင် ကစားပြီး အုပ်စုပထမနဲ့ ကွာတားဖိုင်နယ်တက်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။
ရှမ်းယူနိုက်တက်အသင်းနဲ့ တိုင်နန်စီးတီးအသင်းတို့ ပွဲစဉ်ကို နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်သွားကြမှာပါ။
AFC Challenge League ပြိုင်ပွဲကို အုပ်စု ၅ စုခွဲထားပြီး West Region မှာ အုပ်စု ၃ စုနဲ့ East Region မှာ အုပ်စု ၂ စု ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
West Region မှာ အုပ်စုထိပ်ဆုံး ၃ သင်းနဲ့ အကောင်းဆုံး ဒုတိယအသင်းဟာ ကွာတားဖိုင်နယ်ကို တက်ရောက် မှာပါ။
East Region မှာတော့ အုပ်စုထိပ်ဆုံး ၂ သင်းစီ ကွာတားဖိုင်နယ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွေကို ၂၀၂၅ ခုနှစ်၊မေလမှာ နှစ်ကျော့ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
- By CNI
- Category: အားကစား
- Hits: 3990
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄
ရှမ်းယူနိုက်တက်အသင်းဟာ ကျင်းပနေတဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ ဒုတိယရာသီဝက်အတွက် ကွင်းလယ် ဖန်တီးရှင် မြတ်ကောင်းခန့်ကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
မြတ်ကောင်းခန့်ဟာ ရှမ်းယူနိုက်တက်အသင်းမှာ ၂၀၂၂ ခုနှစ်က ပထမဆုံးအကြိမ် ကစားခဲ့ပြီး ဒီရာသီမှာ နေရှင်နယ်လိဂ်ဖလား ရယူနိုင်ခဲ့တာပါ။
မြန်မာ့လက်ရွေးစင် ကစားသမားဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာမှာ အင်ဒိုနီးရှားကလပ် ပါဆီကာဘိုအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ဒီရာသီအစ ၂၀၂၄ MNL League Cup ပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်းအတွက် ပါဝင်ကစား ခဲ့သေးတာဖြစ်ပါတယ်။
အခုအချိန်မှာလည်း ရှမ်းယူနိုက်တက်အသင်းဟာ မြတ်ကောင်းခန့်ကို ထပ်မံခေါ်ယူခဲ့ပြီး စာချုပ်ကို ဖော်ပြ မထားပေမယ့် ရာသီအကုန်ထိ ချုပ်ဆိုခဲ့တာဖြစ်နိုင်ပါတယ်။

မြတ်ကောင်းခန့်ကို တွေ့ရစဉ်
မြတ်ကောင်းခန့်က ရှမ်းယူနိုက်တက်အသင်းဟာ သူ့အတွက် အမြဲတမ်း နွေးထွေးတဲ့နေရာဖြစ်ပြီး ကွင်းလယ်မှာ ကစားသမားကောင်းတွေ အများကြီးရှိတဲ့အတွက် ခြေစွမ်းပြနိုင်ဖို့လိုအပ်သလို နည်းပြကစားချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ဖို့ အရေးကြီးကြောင်း ပြောခဲ့တာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ မြတ်ကောင်းခန့်ကို ပြန်လည်ခေါ်ယူခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းက ကွင်းလယ်လူ အောင်နိုင်ဝင်းကို ဒဂုံစတားအသင်းနဲ့ တိုက်စစ်မှူး ကောင်းမြတ်သူကို မဟာယူနိုက်တက်အသင်းထံ အငှား စေလွှတ်ခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်၊ AFF Shopee Cup နဲ့ AFC Challenge League တွေကို ယှဉ်ပြိုင်နေရတဲ့အတွက် အခုအပြောင်းအရွှေ့ကာလမှာ ကစားသမား အပြောင်းအရွှေ့တွေကို ဆက်ပြီး ပြုလုပ်သွားဖို့ ရှိနေတာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ပထမရာသီဝက်အပြီးမှာ ရှုံးပွဲမရှိနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး AFF Shopee Cup ပြိုင်ပွဲမှာတော့ ၂ ပွဲစလုံး ရှုံးပွဲကြုံတွေ့ထားတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 4032
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ Lumpinee အားကစားကွင်းမှာ ကျင်းပသွားမယ့် ONE Friday Fight 81 မှာ မြန်မာဖိုက်တာ စိုးလင်းဦးနဲ့ သန့်ဇင်တို့ ဝင်ရောက်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၇ နာရီခွဲအချိန်မှာ ကျင်းပမယ့် အဲဒီပြိုင်ပွဲမှာ မြန်မာဖိုက်တာ စိုးလင်းဦးနဲ့ ထိုင်းဖိုက်တာ နဘေးလ်၊ မြန်မာဖိုက်တာ သန့်ဇင်နဲ့ ဂျပန်ဖိုက်တာ တာခဲရုတို့ရဲ့ တွဲဆိုင်းတွေ ပါဝင် လာခဲ့တာပါ။
ONE Champion မှာ ရှုံးပွဲမရှိသေးတယ့် မြန်မာဖိုက်တာ ၂ ယောက်လုံးအတွက် ခက်ခဲမယ့် ပွဲစဥ်တွေ ဖြစ်တယ်လို့ လက်ဝှေ့ဝါရင့် ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
ဒါပေမယ့် စိုးလင်းဦးကတော့ အနိုင်ထိုးသွားမယ်လို့ ပြောထားသလို သန့်ဇင်ကလည်း မြန်မာ့လက်ဝှေ့ကို ကမ္ဘာက ဒီပွဲမှာ သိစေရမယ်လို့ ကြုံးဝါးထားပါတယ်။
စိုးလင်းဦးဟာ ONE Champion မှာ ထိုးသတ်ထားတယ့် ၃ ပွဲစလုံး နိုင်ပွဲရယူထားနိုင်ခဲ့ပြီး နဘေးလ်ကတော့ ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရရှိထားတာပါ။
ထို့အတူ သန့်ဇင်က ONE Champion မှာ ထိုးသတ်ခဲ့တဲ့ ၂ ပွဲစလုံး နိုင်ပွဲရယူခဲ့ပေမယ့် တာခဲရုကတော့ ONE Champion မှာ စာချုပ်ရပြီး ပထမဆုံးပွဲမှာတင် ထိုင်းဖိုက်တာ စူပါလက်ကို ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် တာခဲရုဟာ ကမ္ဘာ့အဆင့်မီ ကစားသမား တစ်ယောက်ဖြစ်ပြီး နိုင်ပွဲ ၄၀ ကျော်အထိ စွမ်းဆောင်နိုင်ခဲ့ တာပါ။
မြန်မာပရိသတ်တွေကတော့ ၆ ပေ ၃ လက်မ ရှိတဲ့ နဘေးလ်ရဲ့ အရပ်အမောင်းကြောင့် စိုးလင်းဦးအတွက် ပူပင်နေကြပါတယ်။
ထို့အတူ ONE ဖလိုင်းဝိတ် ကစ်ဘောက်ဆင် အဆင့်သတ်မှတ်ချက်မှာ နံပါတ် ၂ နေရာမှာ ရပ်တည်နေပြီး K -1 ရဲ့ ဝိတ်တန်း ၃ ခု ချန်ပီယံဟောင်းဖြစ်တဲ့ တာခဲရုနဲ့ ပွဲတည်ပေးခဲ့တာကြောင့် သန့်ဇင်ကိုလည်း စိုးရိမ်မှုတွေ ရှိနေ ကြပါတယ်။

သန့်ဇင်နှင့် တာခဲရု ပွဲစဥ်ကို တွေ့ရစဥ် (photo: ONE)
သန့်ဇင်ကတော့ ဒီပွဲကို နိုင်အောင်ထိုးပြီး ရရှိတဲ့ ဆုကြေးတွေကို ရေဘေးသင့် ပြည်သူတွေကို လှူဒါန်းချင်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
သန့်ဇင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ထိုးသတ်ခဲ့တယ့် ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် ဘောနပ်စ်ဆု မရရှိသော ကြောင့် ပရိတ်သတ်တွေအကြား မေးခွန်းထုတ်မှုတွေ ရှိလာခဲ့တာပါ။
ဒါပေမယ့် ONE Champion ရဲ့ CEO ချတ်ထရီကတော့ အဲဒီမေးခွန်းထုတ်မှုတွေကို ဂျပန်ဝါရင့်ဖိုက်တာ တာခဲရုနဲ့ ပွဲတည်ပေးပြီး တိတ်ဆိတ်စေခဲ့တာလို့ လက်ဝှေ့ဝါရင့် ပညာရှင်တွေက သုံးသပ်ကြပါတယ်။
လာမယ့် သောကြာနေ့ညမှာ ကျင်းပမယ့် ONE Friday Fight ပြိုင်ပွဲမှာ တွဲဆိုင်း ၁၂ ဆိုင်းအထိ ထည့်သွင်းထား ပါတယ်။
ထိုပွဲဟာ စိုးလင်းဦးအတွက် ONE Championship နဲ့စာချုပ်ချုပ်ပြီး ပထမဆုံးပွဲဖြစ်သလို သန့်ဇင်အတွက်လည်း စိန်ခေါ်မှုများ ရှိနေပေမယ့် အခွင့်အရေး ကောင်းများလည်း ရှိနေတဲ့ ပွဲစဥ်ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 3467
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဂျာမန်လူမျိုးနည်းပြ မိုက်ကယ်နဲ့ လမ်းခွဲပြီးနောက် လစ်လပ်နေတဲ့ နည်းပြ ရာထူးအတွက် ရှမ်းယူနိုက်တက်အသင်း နည်းပြဟောင်း ဦးမျိုးလှိုင်ဝင်းကို စက်တင်ဘာလက စတင်ကာ နည်းပြ အဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
လက်ရွေးစင် ကစားသမား ဘဝတုန်းက အောင်မြင်မှုအချို့ ရယူနိုင်ခဲ့တဲ့ ဦးမျိုးလှိုင်ဝင်းဟာ သူ့ရဲ့ဦးဆောင်မှုနဲ့ နည်းပြ/အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး စင်္ကာပူ၊ လက်ဘနွန်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ မြန်မာအသင်းကို နည်းပြဘဝ သူ့ရဲ့ပထမဆုံး ပွဲစဉ်တွေအဖြစ် တာဝန်ယူ ကိုင်တွယ်သွားမှာပါ။

ဦးမျိုးလှိုင်ဝင်းကို တွေ့ရစဉ်
ဦးမျိုးလှိုင်ဝင်းဟာ မြန်မာအသင်းနည်းပြဘဝ သူ့ရဲ့ပထမဆုံး ပြိုင်ပွဲအဖြစ် ဒီဇင်ဘာလမှာ ယှဉ်ပြိုင်မယ့် AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် ဦးဆောင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဦးမျိုးလှိုင်ဝင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်းကို ဖော်ပြ ထားခြင်း မရှိပါဘူး။
မြန်မာအသင်းဟာ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲပြီးရင် ၂၀၂၅ ခုနှစ်ထဲမှာ အာရှဖလားခြေစစ်ပွဲတွေ၊ နိုင်ငံတကာ ခြေစမ်းပွဲတွေ ဆက်ပြီး ယှဉ်ပြိုင်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2893
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂
မြန်မာနိုင်ငံအတွက် မာဒေးကား ချန်ပီယံဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးစည်သူဝင်း ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ မာဒေးကား ချန်ပီယံဖလား ဆွတ်ခူးခဲ့တာ အပါအဝင် မြန်မာ့လက်ရွေးစင် အသင်းအတွက် ကြိုးစား ပေးခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဦးစည်သူဝင်းဟာ စက်တင်ဘာ ၁ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့ သိရပါ တယ်။
ဦးစည်သူဝင်း (မြန်မာ့လက်ရွေးစင်ဟောင်း) ကွယ်လွန်ချိန်မှာ အသက် (၄၇) နှစ်ရှိပြီဖြစ်ပါတယ်။

ဦးစည်သူဝင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ထားစဥ်
သူကွယ်လွန်သွားခဲ့တဲ့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ထို့အတူ မြန်မာလက်ရွေးစင်နဲ့ မကွေးအသင်း၊ ဇေယျာရွှေမြေအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်ခဲ့တဲ့ ဦးစည်သူဝင်း ကွယ်လွန်သွားတဲ့အတွက် မြန်မာနေရှင်နယ်လိဂ်ကလည်း ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန် ထားပါတယ်။
- By CNI
- Category: အားကစား
- Hits: 1792
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ အမှတ်ပေးပြိုင်ပွဲမှာ ပွဲ ၆၀ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်ထားတယ်လို့ သူတို့ရဲ့ Facebook စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ဒီစံချိန်ကို ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကနေ အခုအချိန်ထိ တင်ထားနိုင်ခဲ့ တာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ၁၆ ပွဲ၊ ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ၁၈ ပွဲ၊၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ၂၂ ပွဲနဲ့ လက်ရှိ ကျင်းပနေတဲ့ ပြိုင်ပွဲမှာ ၄ ပွဲအထိ ရှုံးပွဲမရှိအောင် ကစားထားတာ ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ပွဲ ၆၀ ကနေ ပွဲအများအပြား ရှုံးပွဲမရှိတဲ့ အသင်းအဖြစ် ဆက်ပြီး ရပ်တည်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။

ရှမ်းယူနိုက်တက်အသင်းကို တွေ့ရစဉ်
ဒီရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်းဟာ ၄ ပွဲကစား ၄ ပွဲစလုံးအနိုင်နဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး အဆင့် ၂ နေရာက ရန်ကုန်ယူနိုက်တက်အသင်းကို ၂ မှတ် အသာ ရထားတာ ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ဒီရာသီမှာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအပြင် ပြည်ပပြိုင်ပွဲတွေလည်း ယှဉ်ပြိုင် ကစားဖို့ရှိနေလို့ အသင်းလူစာရင်းကို အကောင်းဆုံး အားဖြည့်ထားပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ လာမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အဖြစ် ဩဂုတ် ၄ ရက်မှာတော့ အိမ်ကွင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 3041
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာက အိုလံပစ်ပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်ဖြစ်တဲ့ ကနေဒါကြက်တောင်မယ် မစ်ရှယ်လီနဲ့ ပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် မျှော်လင့်ထားသလို အနိုင်မရခဲ့တဲ့အတွက် တောင်းပန်ကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
သက်ထားသူဇာဟာ ဒီပွဲမှာ မီရှယ်လီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပေမယ့် ၂၁-၁၆၊ ၂၅-၂၃ နဲ့ ၂ ပွဲပြတ် အရေးနိမ့်ခဲ့ တာပါ။
သက်ထားသူဇာဟာ အုပ်စုတွင်း ပထမပွဲစဉ်မှာလည်း ဂျပန်ကြက်တောင်မယ်ကို အရေးနိမ့်ခဲ့တာကြောင့် ၂ ပွဲ ကစား ၂ ပွဲရှုံးနဲ့ အိုလံပစ်ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

သက်ထားသူဇာကို တွေ့ရစဉ် (THET HTAR Thuzar FB)
သက်ထားသူဇာက အိုလံပစ်ပြိုင်ပွဲမှာ ရလဒ်မကောင်းခဲ့ပေမယ့် အားပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင် ကြောင်းလည်း ပြောခဲ့တာပါ။
သက်ထားသူဇာက "ကျမရဲ့ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲက အဆုံးသတ်သွားခဲ့ပါပြီ။ အုပ်စုဒုတိယပွဲစဉ်မှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် အားလုံးမျှော်လင့်ထားသလို အနိုင်မရခဲ့တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ ကွင်းထဲထိ ရော၊ အွန်လိုင်းကနေပါ အားပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်"လို့ ရေးသားခဲ့တာပါ။
ကမ္ဘာ့အဆင့် ၄၃ ရှိ သက်ထားသူဇာဟာ ပြီးခဲ့တဲ့ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အိုလံပစ်ပြိုင်ပွဲ ၂ ကြိမ်စလုံး အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 5119
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅
မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ ဘရူနိုင်းကလပ် ကာဆူကာအသင်းကို ခြေစစ်ပွဲအဆင့်မှာ အနိုင်ရခဲ့ပြီးနောက် ၂၀၂၄-၂၅ ASEAN Club Championship Shopee Cup ပြိုင်ပွဲရဲ့ အုပ်စု အဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ ကာဆူကာအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဘရူနိုင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျခဲ့ပြီး မြန်မာနိုင်ငံမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်းက ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ASEAN Club Championship Shopee Cup ပြိုင်ပွဲအုပ်စုအဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ အုပ်စုအဆင့်မှာ ထိုင်းကလပ် ဘီဂျီပသန်ယူနိုက်တက်၊ မလေးရှားကလပ် တီရန်ဂါနူ၊ အင်ဒိုနီးရှားကလပ် ပီအက်စ်အမ်၊ ဗီယက်နမ်ကလပ် သန်ဟွာ၊ ကမ္ဘောဒီးယားကလပ် ဆာဗေးအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

ASEAN Club Championship Shopee Cup ပြိုင်ပွဲရဲ့ အုပ်စုစာရင်းကို တွေ့ရစဉ်
အုပ်စုအဆင့် ပွဲစဉ်တွေကို သြဂုတ် ၂၁ ရက်ကနေ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းဟာ အိမ်ကွင်း ၂ ပွဲ ၊အဝေးကွင်း ၃ ပွဲယှဉ်ပြိုင်ရမှာပါ။
တစ်ဖက်အုပ်စုမှာတော့ ထိုင်းကလပ် ဘူရီယမ်၊ မလေးရှားကလပ် ကွာလာလမ်ပူ၊ ဗီယက်နမ်ကလပ် ဟနွိုင်း၊ အင်ဒိုနီးရှားကလပ် ဘော်နီယို၊ ဖိလစ်ပိုင်ကလပ် ကာယာ၊ စင်္ကာပူကလပ် လိုင်းယွန်းစီးတီးအသင်းတို့ ကျရောက် နေတာ ဖြစ်ပါတယ်။
အုပ်စုထိပ်ဆုံး ၂ သင်းစီသာ နောက်တဆင့် ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်လို့ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ နောက်တဆင့် တက်ဖို့အတွက် အများကြီး အားထုတ်ကြိုးပမ်းရဖို့ရှိနေတာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၁ ရက် ဗီယက်နမ်မှာ သန်ဟွာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
