- By CNI
- Category: အားကစား
- Hits: 2997
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂
မြန်မာနိုင်ငံအတွက် မာဒေးကား ချန်ပီယံဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးစည်သူဝင်း ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ မာဒေးကား ချန်ပီယံဖလား ဆွတ်ခူးခဲ့တာ အပါအဝင် မြန်မာ့လက်ရွေးစင် အသင်းအတွက် ကြိုးစား ပေးခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဦးစည်သူဝင်းဟာ စက်တင်ဘာ ၁ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့ သိရပါ တယ်။
ဦးစည်သူဝင်း (မြန်မာ့လက်ရွေးစင်ဟောင်း) ကွယ်လွန်ချိန်မှာ အသက် (၄၇) နှစ်ရှိပြီဖြစ်ပါတယ်။

ဦးစည်သူဝင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ထားစဥ်
သူကွယ်လွန်သွားခဲ့တဲ့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ထို့အတူ မြန်မာလက်ရွေးစင်နဲ့ မကွေးအသင်း၊ ဇေယျာရွှေမြေအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်ခဲ့တဲ့ ဦးစည်သူဝင်း ကွယ်လွန်သွားတဲ့အတွက် မြန်မာနေရှင်နယ်လိဂ်ကလည်း ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန် ထားပါတယ်။
- By CNI
- Category: အားကစား
- Hits: 1875
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ အမှတ်ပေးပြိုင်ပွဲမှာ ပွဲ ၆၀ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်ထားတယ်လို့ သူတို့ရဲ့ Facebook စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ဒီစံချိန်ကို ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကနေ အခုအချိန်ထိ တင်ထားနိုင်ခဲ့ တာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ၁၆ ပွဲ၊ ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ၁၈ ပွဲ၊၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ၂၂ ပွဲနဲ့ လက်ရှိ ကျင်းပနေတဲ့ ပြိုင်ပွဲမှာ ၄ ပွဲအထိ ရှုံးပွဲမရှိအောင် ကစားထားတာ ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ပွဲ ၆၀ ကနေ ပွဲအများအပြား ရှုံးပွဲမရှိတဲ့ အသင်းအဖြစ် ဆက်ပြီး ရပ်တည်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။

ရှမ်းယူနိုက်တက်အသင်းကို တွေ့ရစဉ်
ဒီရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်းဟာ ၄ ပွဲကစား ၄ ပွဲစလုံးအနိုင်နဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး အဆင့် ၂ နေရာက ရန်ကုန်ယူနိုက်တက်အသင်းကို ၂ မှတ် အသာ ရထားတာ ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ဒီရာသီမှာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအပြင် ပြည်ပပြိုင်ပွဲတွေလည်း ယှဉ်ပြိုင် ကစားဖို့ရှိနေလို့ အသင်းလူစာရင်းကို အကောင်းဆုံး အားဖြည့်ထားပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ လာမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အဖြစ် ဩဂုတ် ၄ ရက်မှာတော့ အိမ်ကွင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 3126
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာက အိုလံပစ်ပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်ဖြစ်တဲ့ ကနေဒါကြက်တောင်မယ် မစ်ရှယ်လီနဲ့ ပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် မျှော်လင့်ထားသလို အနိုင်မရခဲ့တဲ့အတွက် တောင်းပန်ကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
သက်ထားသူဇာဟာ ဒီပွဲမှာ မီရှယ်လီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပေမယ့် ၂၁-၁၆၊ ၂၅-၂၃ နဲ့ ၂ ပွဲပြတ် အရေးနိမ့်ခဲ့ တာပါ။
သက်ထားသူဇာဟာ အုပ်စုတွင်း ပထမပွဲစဉ်မှာလည်း ဂျပန်ကြက်တောင်မယ်ကို အရေးနိမ့်ခဲ့တာကြောင့် ၂ ပွဲ ကစား ၂ ပွဲရှုံးနဲ့ အိုလံပစ်ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

သက်ထားသူဇာကို တွေ့ရစဉ် (THET HTAR Thuzar FB)
သက်ထားသူဇာက အိုလံပစ်ပြိုင်ပွဲမှာ ရလဒ်မကောင်းခဲ့ပေမယ့် အားပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင် ကြောင်းလည်း ပြောခဲ့တာပါ။
သက်ထားသူဇာက "ကျမရဲ့ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲက အဆုံးသတ်သွားခဲ့ပါပြီ။ အုပ်စုဒုတိယပွဲစဉ်မှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် အားလုံးမျှော်လင့်ထားသလို အနိုင်မရခဲ့တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ ကွင်းထဲထိ ရော၊ အွန်လိုင်းကနေပါ အားပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်"လို့ ရေးသားခဲ့တာပါ။
ကမ္ဘာ့အဆင့် ၄၃ ရှိ သက်ထားသူဇာဟာ ပြီးခဲ့တဲ့ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အိုလံပစ်ပြိုင်ပွဲ ၂ ကြိမ်စလုံး အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 5221
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅
မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ ဘရူနိုင်းကလပ် ကာဆူကာအသင်းကို ခြေစစ်ပွဲအဆင့်မှာ အနိုင်ရခဲ့ပြီးနောက် ၂၀၂၄-၂၅ ASEAN Club Championship Shopee Cup ပြိုင်ပွဲရဲ့ အုပ်စု အဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ ကာဆူကာအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဘရူနိုင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျခဲ့ပြီး မြန်မာနိုင်ငံမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်းက ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ASEAN Club Championship Shopee Cup ပြိုင်ပွဲအုပ်စုအဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ အုပ်စုအဆင့်မှာ ထိုင်းကလပ် ဘီဂျီပသန်ယူနိုက်တက်၊ မလေးရှားကလပ် တီရန်ဂါနူ၊ အင်ဒိုနီးရှားကလပ် ပီအက်စ်အမ်၊ ဗီယက်နမ်ကလပ် သန်ဟွာ၊ ကမ္ဘောဒီးယားကလပ် ဆာဗေးအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

ASEAN Club Championship Shopee Cup ပြိုင်ပွဲရဲ့ အုပ်စုစာရင်းကို တွေ့ရစဉ်
အုပ်စုအဆင့် ပွဲစဉ်တွေကို သြဂုတ် ၂၁ ရက်ကနေ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းဟာ အိမ်ကွင်း ၂ ပွဲ ၊အဝေးကွင်း ၃ ပွဲယှဉ်ပြိုင်ရမှာပါ။
တစ်ဖက်အုပ်စုမှာတော့ ထိုင်းကလပ် ဘူရီယမ်၊ မလေးရှားကလပ် ကွာလာလမ်ပူ၊ ဗီယက်နမ်ကလပ် ဟနွိုင်း၊ အင်ဒိုနီးရှားကလပ် ဘော်နီယို၊ ဖိလစ်ပိုင်ကလပ် ကာယာ၊ စင်္ကာပူကလပ် လိုင်းယွန်းစီးတီးအသင်းတို့ ကျရောက် နေတာ ဖြစ်ပါတယ်။
အုပ်စုထိပ်ဆုံး ၂ သင်းစီသာ နောက်တဆင့် ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်လို့ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ နောက်တဆင့် တက်ဖို့အတွက် အများကြီး အားထုတ်ကြိုးပမ်းရဖို့ရှိနေတာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၁ ရက် ဗီယက်နမ်မှာ သန်ဟွာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 3526
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉
2024 AFF U-19 Boys Championship အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ ဇူလိုင် ၁၈ ရက်က ယှဉ်ပြိုင်ခဲ့တာမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီး သွင်းဂိုးတွေကို ဒုတိယပိုင်းမှ သွင်းယူနိုင်ခဲ့တာပါ။
မြန်မာအသင်းက ပွဲချိန် ၅၉ မိနစ်မှာ ဖြိုးပြည့်စုံရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၆၈ မိနစ်မှာ ဗီယက်နမ် အသင်းက ချေပဂိုးသွင်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ၂ သင်းစလုံးဟာ ပွဲအပြီးမှာ ၁ မှတ်စီခွဲယူခဲ့ရတာပါ။
မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စုတွင်းမှာ ဩစတြေးလျ၊ ဗီယက်နမ်၊ လာအိုအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ဗီယက်နမ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒီအုပ်စုတွင်းရဲ့နောက်ထပ် ပွဲစဉ်တစ်ပွဲမှာ ဩစတြေးလျအသင်းက လာအိုအသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။
မြန်မာအသင်းဟာ ဇူလိုင် ၂၁ ရက်မှာ အုပ်စုဒုတိယပွဲစဉ်အဖြစ် လာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
AFF U-19 Boys Championship ပြိုင်ပွဲကို ဇူလိုင် ၁၇ ရက်ကနေ ၂၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတာပါ။
ဒီပြိုင်ပွဲမှာ အုပ်စုတွင်းထိပ်ဆုံး ၃ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယ ၁ သင်းတို့ဟာ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 4308
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ယနေ့(ဇူလိုင် ၉ ရက်နေ့)တွင် ကျင်းပခဲ့သည့် အမျိုးသမီးနိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးအသင်းက အိန္ဒိယအမျိုးသမီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည်။
မြန်မာအမျိုးသမီး အသင်းအတွက် သွင်းဂိုးများကို ၁၄ မိနစ်မှာ ဝင်းသိင်္ဂီထွန်း၊ ၇၄ မိနစ်မှာ စန်းသော်သော်တို့က သွင်းယူပေးခဲ့ကြသည်။

အိန္ဒိယအမျိုးသမီး ဘောလုံးအသင်းကို တွေ့ရစဥ်
အိန္ဒိယအမျိုးသမီး အသင်းအတွက် ခြေပဂိုးကိုတော့ ၅၈ မိနစ်မှာ Pyari Xaxa က သွင်းယူပေးခဲ့သည်။
မြန်မာအမျိုးသမီးအသင်းသည် ကမ္ဘာ့အဆင့် ၅၄ မှာရပ်တည်နေပြီး အိန္ဒိယအမျိုးသမီးအသင်းကတော့ ကမ္ဘာ့ အဆင့် ၆၇ မှာ ရပ်တည်လျက်ရှိသည်။
- By CNI
- Category: အားကစား
- Hits: 4979
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆
ဇူလိုင်လ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ONE Friday Fights ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ပွန်းဆီရိကို ဒုတိယမြောက် အချီမှာပဲ စိုးလင်းဦးက အလဲထိုး(ဒိုင်ပွဲရပ်)နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
စိုးလင်းဦးဟာ ဒီနိုင်ပွဲမှာတော့ အပိုဆုကြေးငွေ ဘတ် ၃ သိန်းခွဲကိုပါ ရရှိပိုင်ဆိုင် သွားခဲ့တာဖြစ်ပါတယ်။
စိုးလင်းဦးက " ဒီနေ့ ကျွန်တော် အနိုင်ရရှိတဲ့အတွက် အရမ်းကို ပျော်ပါတယ်။ ONE Championship က တာဝန်ရှိတဲ့ လူကြီးတွေကိုလဲ ကျေးဇူးတင်ပါတယ်။ အခုချိန်ထိ ကျွန်တေ့နောက်မှာ မားမားမတ်မတ် ရပ်တည်ပေးနေသူတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ရုံအတွင်းမှာ လာအားပေးကြတဲ့ ပရိတ်သတ်တွေရော၊ TV Channel မှာ အားပေးနေကြတဲ့ ပရိတ်သတ်တွေရော၊ နိုင်ငံတကာမှာရှိကြတဲ့ ပရိတ်သတ်တွေရော အရမ်း ကျေးဇူးတင်ပါတယ် " လို့ ပြောခဲ့ပါတယ်။
စိုးလင်းဦးနဲ့ ပွန်းဆီရိတို့ဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ပထမအကြိမ် ရိုးရာလက်ဝှေ့ တွေ့ဆုံမှုမှာ တော့ ပူးတွဲသရေ ကျခဲ့တာဖြစ်ပါတယ်။
ပွန်းဆီရိဟာ မွေ့ထိုင်းကမ္ဘာ့ချန်ပီယံ ၄ ကြိမ်အထိ ရရှိထားသူ ဖြစ်ပါတယ်။

စိုးလင်းဦး နှင့် ပွန်းဆီရိ တို့ ယှဥ်ပြိုင်နေစဥ်
ဒါကြောင့် ပွန်းဆီရိဟာ အတွေ့အကြုံရင့် ကစားသမား တစ်ယောက်ဖြစ်ပြီး ပွဲပေါင်း ၂၀၀ ကျော်လည်း ယှဥ်ပြိုင် ထားသူဖြစ်ပါတယ်။
MAN OF STEEL " SOE LIN OO " သံမဏိ စိုးလင်းဦးလို့ တင်စားခေါ်ဝေါ်ခြင်း ခံနေရတဲ့ စိုးလင်းဦးဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ( Masayoshi Tsuhashi )၊ မတ်လ ၂၉ ရက်နေ့မှာ ( Fabio Reis )၊ ဇူလိုင်လ ၅ ရက်နေ့မှာ ( Pongsiri PK Saenchai ) တို့ကို ၃ ပွဲဆက် အနိုင်ယူပြထားသူ ဖြစ်ပါတယ်။
ဒီပွဲစဥ်အပြီးမှာတော့ ONE Championship က စိုးလင်းဦးကို အပိုဆုကြေးအပြင် ဒေါ်လာ ၁ သိန်းတန် စာချုပ်ကိုပါ ချုပ်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
စိုးလင်းဦးက " ဒီနေ့ကတော့ ကျွန်တော် အရမ်းပျော်တဲ့နေ့ပဲ၊ အပျော်ဆုံးနေ့လို့လည်း ပျော်လို့ရတယ်။ အခုလို လာအားပေးကြတဲ့ ပရိတ်သတ်တွေ အားလုံးကို အရမ်း ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါကြောင့် နောက်ပိုင်း ONE Championship ရဲ့ ONE Fight Night ပြိုင်ပွဲကြီးတွေမှာပါ သံမဏိ စိုးလင်းဦးရဲ့ ပွဲစဥ်တွေကို တွေ့မြင်လာရတော့မှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2321
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅
ရန်ကုန်ယူနိုက်တက်အသင်းဟာ ၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် ဦးကျော်ဒွန်းကို နည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ MNL League Cup ပြိုင်ပွဲဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်အသင်းကို အရေးနိမ့်ပြီးနောက် ဂျာမနီနည်းပြ ဖရန့်ဘန်ဟတ်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာပါ။
အဲဒါကြောင့် ရန်ကုန်ယူနိုက်တက်အသင်းဟာ ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်သူ ဦးကျော်ဒွန်းကို ဖရန့်ဘန်ဟတ်ရဲ့ နေရာအစားထိုးပြီး နည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ဦးကျော်ဒွန်းဟာ ရန်ကုန်ယူနိုက်တက်အသင်းကို ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်ဘောလုံးရာသီတွေမှာ ကိုင်တွယ်ခဲ့ပြီး အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ထွက်ခွာခဲ့ရတာပါ။
ဒါပေမယ့် ဦးကျော်ဒွန်းဟာ ရန်ကုန်ယူနိုက်တက်အသင်းမှာ ဆက်ရှိနေခဲ့ပြီး ဒီရာသီမှာ ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်းကို ကိုင်တွယ်နေခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်ဒွန်းကို တွေ့ရစဉ်
အခုအချိန်မှာတော့ ဦးကျော်ဒွန်းဟာ ရန်ကုန်ယူနိုက်တက်အသင်းကြီးကို ထပ်မံကိုင်တွယ်ခွင့်ရရှိခဲ့တာပါ။
ဦးကျော်ဒွန်းက"ကျနော်ဟာ အခုတစ်ကြိမ်မှာတော့ အများကြီးပြင်ဆင်ပြီး ပြန်ရောက်လာနိုင်ခဲ့ပါပြီ။ ကျနော် အတိုင်းမသိ ဝမ်းသာပါတယ်။ အရင်ကထက်ပိုပြီးတော့ အသင်းကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကြိုးစား ကိုင်တွယ်သွားပါမယ်။ ပရိတ်သတ်တွေလည်း အသင်းကို ဆက်ပြီးအားပေးကြဖို့ တောင်းဆိုချင်ပါတယ်"လို့ပြောခဲ့ပါတယ်။
ဦးကျော်ဒွန်းက ရန်ကုန်ယူနိုက်တက် အသင်းကြီးကို ကိုင်တွယ်ခဲ့တာကြောင့် ယူ-၂၀ အသင်းကို အသင်း ခေါင်းဆောင်ဟောင်း ရန်အောင်ကျော်က နည်းပြချုပ်အဖြစ် တာဝန်ယူနေတာပါ။
ရန်ကုန်ယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၆ ရက်မှာ ရခိုင်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1386
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉
၂၀၂၄-၂၅ ရာသီ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ရန်ကုန်ယူနိုက်တက် အသင်းဟာ ကစားသမားဟောင်းတွေဖြစ်တဲ့ ကြည်လင်းနဲ့ ကောင်းစည်သူကို ပြန်လည်ခေါ်ယူ စာချုပ်ချုပ် ဆိုခဲ့ပါတယ်။
ကြည်လင်းနဲ့ ကောင်းစည်သူတို့ဟာ ပြီးခဲ့တဲ့ MNL League Cup ပြိုင်ပွဲမှာ ရခိုင်ယူနိုက်တက် အသင်းအတွက် ပါဝင် ကစားပေးခဲ့ပြီးနောက် ရာသီသစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပြန်လည် မစတင်ခင်အချိန်မှာ အသင်း ဟောင်း ရန်ကုန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။
ကြည်လင်းနဲ့ ကောင်းစည်သူတို့ဟာ ရန်ကုန်ယူနိုက်တက်အသင်းက ထွက်ပေါ်ခဲ့တဲ့ ကစားသမားတွေဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ရယူထားနိုင်ခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ၂ ဦးဟာ သူတို့ကို မွေးထုတ်ပေးခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းထံ ပြန်လာခွင့်ရတဲ့အတွက် အလွန်ဝမ်းသာမိတယ်လို့ အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ကောင်းစည်သူကိုတွေ့ရစဉ်
ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ MNL League Cup ဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်အသင်းကို အရေးနိမ့် ခဲ့သလို ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွေမှာလည်း ရှမ်းယူနိုက်တက်အသင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရာသီသစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ ကစားသမားသစ်တွေ အားဖြည့် နေတာပါ။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ကြည်လင်းနဲ့ ကောင်းစည်သူအပြင် ဟံသာဝတီယူနိုက်တက်အသင်း နောက်ခံလူ အောင်ဇေယျနဲ့ အသင်းရဲ့ယူ-၂၁ အသင်းမှာ ခြေစွမ်းပြကစားခဲ့တဲ့ စောအောင်မျိုးထွန်းတို့ကို ခေါ်ယူခဲ့ကြောင်း လည်း တရားဝင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ရာသီသစ် မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၆ ရက်မှာ ရခိုင်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
၂၀၂၄-၂၅ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဇူလိုင်ကနေ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1208
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ဖရန့်ဘတ်ဟတ်က သူတို့ဟာ ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားရမယ့် MNL League Cup ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဖရန့်ဘတ်ဟတ်က “ချန်ပီယံဖြစ်ဖို့ ကြိုးစားသွားပါမယ်။ ကြားရက်မှာ ကစားထားတဲ့ ခြေစမ်းပွဲတွေမှာ ရလဒ် ကောင်းတွေ ရရှိထားပါတယ်။ အားလုံးကလည်း ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ပွဲစဉ်တိုင်းမှာ တစ်ချိန်လုံး ပြိုင်ဘက်အသင်းကို ထိန်းချုပ်ထားဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်တို့အခု ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်နဲ့ တက်ရောက်နိုင်ခဲ့ပါတယ်"လို့ ပြောခဲ့တာပါ။
ရှမ်းယူနိုက်တက်အသင်းနဲ့ ဗိုလ်လုပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့အဓိကနောက်ခံလူ ဟိန်းဇေယျာလင်း ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ နည်းပြ ဖရန့်ဘတ်ဟတ်က အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဆီမီး ဖိုင်နယ်ပွဲစဉ်တွေမှာ ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို အနိုင်ရခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို အနိုင်ရကာ ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
ရှမ်းယူနိုက်တက်အသင်းဘက်မှာ လည်း အဓိကကွင်းလယ်လူ မာ့ခ်ဆာကီ ပွဲပယ်ကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။
ရှမ်းယူနိုက်တက်အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက ဒီပွဲအတွက် ပြင်ဆင်ချိန် လုံလုံလောက်လောက်ရခဲ့ပြီး အနိုင် ရဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ မီဒီယာသမားတွေရဲ့ မေးမြန်းမှုကို ဖြေခဲ့ပါတယ်။

ဦးမျိုးလှိုင်ဝင်းက “ဆီမီးဖိုင်နယ်ပွဲအပြီး ပြင်ဆင်ချိန် လုံလုံလောက်လောက်ရခဲ့ပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အနိုင်ရဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ရန်ကုန်မှာ ကစားတဲ့ပွဲဖြစ်လို့ ရှမ်းပရိသတ်ထက် ရန်ကုန်ပရိသတ်က ပိုများမှာပါ။ ဒါက ပြဿနာမရှိပါဘူး။ ကျနော့် အသင်းသားတွေအပေါ် ယုံကြည်မှုရှိပါတယ်” လို့ပြောခဲ့တာပါ။
ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ရဲ့ MNL League Cup 2024 ဗိုလ်လုပွဲစဉ်ကို ဇွန် ၁၉ ရက် ညနေ ၅း၃၀ သုဝဏ္ဏကွင်းမှာ ကျင်းပသွားမယ်လို့ မြန်မာနေရှင်နယ်လိဂ်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2357
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၂၇
မြန်မာအသင်းနည်းပြ မိုက်ကယ်ဖိုင်တန်ဘိုင်နာဟာ ဇွန်လထဲ ယှဉ်ပြိုင်ဖို့ရှိနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်)ဒုတိယအဆင့် ပွဲစဉ်တွေအတွက် ပဏာမလက်ရွေးစင် လူစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင် ပဏာမလူစာရင်း ၃၃ ဦးမှာ ပြည်ပထွက်နေတဲ့ ကစားသမားတွေ အများအပြား ပါဝင်ခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဝါရင့်တိုက်စစ်မှူး ကျော်ကိုကိုတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။
မြန်မာအသင်းရဲ့ ပဏာမလူစာရင်းအပေါ် ပရိသတ်တွေအချို့က ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ပဏာမမြန်မာ့လက်ရွေးစင်အသင်းဟာ မေလ ၂၈ ရက်က စတင်ကာ နိုဗိုတယ်ဟိုတယ်မှာ စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
မြန်မာအသင်းဟာ ခြေစစ်ပွဲတွေအဖြစ် ဇွန်လ ၆ ရက် သုဝဏ္ဏ အားကစားကွင်းမှာ ဂျပန်အသင်း၊ ဇွန်လ ၁၁ ရက် လာအိုနိုင်ငံမှာ မြောက်ကိုရီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာပါ။

မြန်မာအသင်းလူစာရင်းကို တွေ့ရစဉ်
မြန်မာအသင်းဟာ အုပ်စုတွင်းပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၁ မှတ်နဲ့ နောက်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ရမှတ် ၁ မှတ်ကို ဆီးရီးယားအသင်းနဲ့ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျပြီး ရယူနိုင်ခဲ့တာပါ။
အုပ်စုတွင်းမှာ ဂျပန်အသင်းဟာ ၄ ပွဲကစား ၄ ပွဲစလုံးအနိုင်နဲ့ တတိယအဆင့်ကို တက်ရောက်သွားပြီဖြစ်တာပါ။
ဆီးရီးယားအသင်းက ရမှတ် ၇ မှတ်နဲ့ ဒုတိယ၊ မြောက်ကိုရီးယားအသင်းက ရမှတ် ၃ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားအသင်းဟာ ပြီးခဲ့တဲ့ ဂျပန်အသင်းနဲ့ပွဲစဉ်ကို အိမ်ကွင်းမှာ လက်ခံကျင်းပဖို့ ငြင်းဆန်ခဲ့လို့ ဂျပန် အသင်းကို ၃ ဂိုး၊ ၃ မှတ်နဲ့ အရှုံးပေးခဲ့ရတာပါ။
မြောက်ကိုရီးယားအသင်းဟာ လက်ကျန်အိမ်ကွင်း ၂ ပွဲစလုံးကို နိုင်ငံအတွင်း ကျင်းပသွားမှာမဟုတ်ဘဲ ကြားကွင်း အဖြစ် လာအိုနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1168
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၁
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ဒုတိယအဆင့် အုပ်စု B ပွဲစဉ် တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ ဆီးရီးယား အသင်းတို့ပွဲစဉ်ဟာ ၁ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ပထမပိုင်း ၃၅ မိနစ်မှာ နောက်ခံလူ စိုးမိုးကျော်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ မြန်မာအသင်းက ဆီးရီးယားအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ ဆီးရီးယားအသင်းဟာ ချေပဂိုးရယူနိုင်ဖို့ ဆက်တိုက် ဖိအားပေးကစားခဲ့တာကြောင့် ပွဲချိန် ၇၁ မိနစ်မှာ အယ်လ်ဒါလီက ဆီးရီးယားအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဆီးရီးယားအသင်းဟာ ချေပဂိုး ရယူအပြီးမှာ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာအသင်းခံစစ်က အကောင်းဆုံး ကစားနိုင်ခဲ့လို့ ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။
မြန်မာအသင်းဟာ ဒီပွဲသရေ ရလဒ်ကြောင့် ခြေစစ်ပွဲအုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ ရမှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားအသင်းကတော့ ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားတာပါ။
ဆီးရီးယားနဲ့ မြန်မာအသင်းတို့ဟာ မတ်လ ၂၆ ရက်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် ပွဲစဉ် အဖြစ် ဆော်ဒီမှာ ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။
