CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းဟာ မြဝတီအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အရေးနိမ့် ပြီးနောက် နည်းပြဖြစ်သူ ဦးကျော်ဒွန်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဇူလိုင် ၂၅ ရက်က စတင်ပြီးတော့ နှစ်ဦး သဘောတူ ဖျက်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်က ကစားခဲ့တဲ့ပွဲမှာ မြဝတီအသင်းဟာ ရန်ကုန်ယူနိုက်တက် အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့ တာပါ။ 

အခုနှစ်ရာသီ အမှတ်ပေး ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ထိပ်ဆုံးက ရှမ်းယူနိုက်တက်အသင်းနဲ့ ရမှတ် ၄ မှတ် ကွာဟသွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် နည်းပြချုပ် ဦးကျော်ဒွန်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့တာပါ။


 ရန်ကုန်ယူနိုက်တက်အသင်းကိုတွေ့ရစဉ် 

ဦးကျော်ဒွန်းက သူဟာ အသင်းကို အမြဲတမ်း သတိရ လွမ်းဆွတ်နေမှာ ဖြစ်သလို အမြဲအားပေးနေမယ်လို့ ပြောခဲ့ပါတယ်။ 

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးကျော်ဒွန်းဟာ ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားသမားဘဝ၊ လူငယ်နည်းပြအဖြစ်ကနေ ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ ယာယီနည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့တာပါ။ 

သူ့ရဲ့လက်ထက်မှာ ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

အခုနှစ် ဘောလုံးရာသီမှာတော့ နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ပြီး အသင်းဟာ ၁၃ ပွဲ ကစားထားခဲ့တာမှာ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။ ရန်ကုန်ယူနိုက်တက်အသင်းဟာ အသင်းနဲ့အတူ လက်တွဲပြီး ကြိုးစားပေးခဲ့တာတွေအတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ အနာဂတ်မှာ အောင်မြင်မှုတွေရဖို့ ဆုတောင်းကြောင်း ရေးသားခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဟောင်း ရန်ကုန်ယူနိုက်တက် အသင်းဟာ ဇူလိုင် ၃၁ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ရခိုင်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။