CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅

ယူနိုက်တက်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ဖို့ ဦးစားပေး လုပ်ဆောင် နေပြီး ဒီလိုလုပ်ဆောင်မှုတွေက တိုးတက်မှုရှိတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ လုပ်ဆောင်မှုတွေက တိုးတက်မှုရှိပေမယ့် ဘယ်လို အလုပ်လုပ်နေလဲဆိုတာ ခင်ဗျားတို့ သိပါတယ်။ ကျနော်တို့ သူ့ကို ခေါ်ယူနိုင်မယ်ဆိုရင် ခင်ဗျားတို့ကို ပြောပြမှာပါ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဘတ်ပီ၊ ဟာရီကိန်းတို့နဲ့ သတင်းတွေ ထွက်နေပေမယ့် အတ္တလန္တာအသင်း တိုက်စစ်မှူး ဟော့ဂျ်လန်းကို အဓိက ပစ်မှတ်အဖြစ် တွန်းအားပေး လုပ်ဆောင်နေပါတယ်။ 

ဟော့ဂျ်လန်းကို ယူနိုက်တက်အသင်းက ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့် စီးရီးအေကလပ်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ကို ပေးချေဖို့ ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ ကြန့်ကြာနေခဲ့တာပါ။ 

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ် 

ဒိန်းမတ်လက်ရွေးစင် ဟော့ဂျ်လန်းဟာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက အတ္တလန္တာအသင်းထံ ရောက်ရှိလာခဲ့တာဖြစ်ပြီး မနှစ်ကရာသီက ၃၄ ပွဲ ပါဝင်ကစားကာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

အသက် ၂၀ နှစ်အရွယ်ရှိ ကစားသမားဟာ နိုင်ငံအသင်းအတွက် ယူရို ၂၀၂၄ ခြေစစ်ပွဲ ၆ ပွဲ ကစားအပြီးမှာ ၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အခုအပြောင်းအရွှေ့မှာ မေဆန်မောင့်နဲ့ အိုနာနာတို့ ၂ ဦးကို ခေါ်ယူခဲ့ပြီးဖြစ်လို့ ရာသီသစ် မစတင်ခင် တိုက်စစ်မှူးသစ် ဖြည့်တင်းနိုင်ဖို့ လုပ်ဆောင်နေတာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ဆန်ချိုကို တိုက်စစ်မှူး နေရာထားပြီး အသုံးပြုခဲ့ကာ အင်္ဂလန် ကစားသမားဟာ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရာသီကြုခြေစမ်းပွဲတွေအဖြစ် ယူနိုက်တက်အသင်းဟာ ရက်စ်ဟမ်း၊ ရီးရယ်လ်၊ ဒေါ့မွန်၊ လန်းစ်၊ ဘီလ်ဘာအိုတို့နဲ့ ဆက်လက် ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ 

Source: BBC