CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၆

အဝါကတ် ထိထားတာကြောင့် ပွဲပယ်ခံရနိုင်ဖွယ်ရှိနေတဲ့ ကတ်စမဲရိုးနဲ့ ဘရူနိုဖာနန်ဒက်စ်ကို ဘတ်စ်တစ်အသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲစကတည်းက အသုံးပြုသွားမယ်လို့ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “သူတို့ ၂ ဦးကို ပွဲစကတည်းက အသုံးပြုသွားမှာပါ။ ဘတ်စ်တစ်က အလွန်ကောင်းမွန်တဲ့ ပြိုင်ဘက်ပါ။ ပြီးခဲ့တဲ့ အပတ်က ကျနော်တို့ ကောင်းမွန်တဲ့ ရလဒ်ရခဲ့ပေမယ့် ကျနော်တို့ ထပ်ပြီးသွားရမှာပါ။ အဲဒါကြောင့် အကောင်းဆုံး ကစားသမားတွေ လိုအပ်ပါတယ်။ ကျနော်တို့ နိုင်ပွဲလည်း လိုအပ်တာကြောင့် အကောင်းဆုံးအသင်းကို လိုအပ်ပါတယ်”လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ပထမအကျော့ ပွဲစဉ်တုန်းက ဘတ်စ်တစ် အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကျော့ပွဲစဉ်မှာ ကတ်စမဲရိုးနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ဟာ အဝါကတ် ပြသခံရမယ်ဆိုရင် နောက်လာမယ့်ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

အဲဒါကြောင့် ယူနိုက်တက်သာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်ရောက်ခဲ့ရင် သူတို့ ၂ ဦးဟာ ပထမအကျော့ ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဒီလို အလားတူ အခြေအနေမျိုးမှာ အဝါကတ် ပြသခံခဲ့ရလို့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို မပါဝင်နိုင်ခဲ့တာပါ။ အဲဒါကြောင့် ကတ်စမဲရိုးနဲ့ ဘရူနိုဖာနန်ဒက်စ်ကို ဘတ်စ်တစ်နဲ့ပွဲမှာ အနားပေးမှာလားလို့ မေးမြန်းခဲ့တဲ့အပေါ် အဲရစ်တန်ဟတ်က သူတို့ ၂ ဦးကို ပွဲစက တည်းက အသုံးပြုသွားမယ်လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

လက်ရှိအချိန်မှာ ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ အနီကတ် ပြသခံခဲ့ရလို့ ပြည်တွင်း ပွဲစဉ်တွေမှာ ၄ ပွဲ ပယ်ခံထားရတာပါ။

ဘတ်စ်တစ်အသင်းနဲ့ပွဲမှာ ဒဏ်ရာရရှိနေတဲ့ ဂါနာချို၊ အန်တိုနီနဲ့ မာရှယ်တို့ကတော့ ယူနိုက်တက်အသင်း လူ စာရင်းမှာ မပါဝင်ခဲ့ပါဘူး။ ဂါနာချိုဟာ ဆောက်သမ်တန် အသင်းနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရမှာဖြစ်ပြီး အန်တိုနီကတော့ ဖျားနာနေတာပါ။

တိုက်စစ်မှူး မာရှယ်ကတော့ အခုမှ လေ့ကျင့်မှုတွေ ပြန်ပြီး ပြုလုပ်နေခဲ့တာကြောင့် လူစာရင်းထဲ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်ဒါကို စီမံခန့်ခွဲနိုင်ပါတယ်။ ကစားပွဲတွေကြားမှာ ပြန်ကောင်းလာနိုင်တဲ့ ကစားသမား တွေလည်း ရှိပါတယ်။ ကျနော်တို့ ဒီရာသီရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိသွားတဲ့ အချိန်မှာ ကျနော်တို့ရဲ့ အကောင်းဆုံးအသင်းကို ယူဆောင်လာနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Source: Metro