CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းက အတ္တလန္တာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲမှာ မေဂျာလိဂ်ကလပ်အသင်းအတွက် အသင်းဖော် ဘတ်စ်ကွက်စ်နဲ့အတူ ပွဲထွက်ခွင့်ရခဲ့ပြီး ၂ ဂိုးသွင်းယူကာ ၁ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ပွဲချိန် ၈ မိနစ်နဲ့ ၂၂ မိနစ်မှာ ဂိုးသွင်းခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာ သွင်းယူတဲ့ တေလာရဲ့သွင်းဂိုးကို ဖန်တီးနိုင်ခဲ့တာပါ။ အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ အတ္တလန္တာအသင်းကို ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒါဟာ ကလပ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပထမပိုင်းမှာ ပြိုင်ဘက်ကို ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာလို့ အချက်အလက်တွေအရ သိရ ပါတယ်။

အတ္တလန္တာအသင်းဟာ မက်ဆီကစားသမားဘဝတစ်လျှောက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ၁၀၀ သင်းမြောက် ကလပ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ကစားခဲ့တဲ့ ၂ ပွဲမှာ ပွဲချိန် ၁၁၈ မိနစ်သာ ကစားခဲ့ရပေမယ့် ၃ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးထားကာ အသင်းကို လိဂ်ဖလား နောက်တစ်ဆင့်ကို ပို့ဆောင် ပေးနိုင်ခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလား ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံးအနိုင်ရကာ ၃၂ သင်းအဆင့်ကို စောစီးစွာ တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မေဂျာလိဂ်ကလပ်ဟာ မက်ဆီနဲ့ ဘတ်စ်ကွက်စ်တို့ မပါဝင်ခင်ချိန်က နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပေမယ့် သူတို့နှစ်ဦးပါဝင်ပြီးနောက်ပိုင်းမှာ ၂ ပွဲဆက်တိုက် နိုင်ပွဲပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက အသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ပြီလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မာတီနိုက “ဒါဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်။ အလွန်ကောင်းမွန်တဲ့ ပွဲနဲ့အတူ ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ကို နောက်ထပ် ခြေလှမ်း လှမ်းနိုင်ခဲ့ပါတယ်။ မက်ဆီနဲ့ ဘတ်စ်ကွက်စ်တို့ အသင်းမှာရှိနေတာဟာ အလွန်ကောင်းမွန်ပြီး သူတို့တွေဟာ နေရာလွတ်တွေကို ဖန်တီးပေးတယ်” လို့ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ သြဂုတ် ၂၀ ရက်မှ မေဂျာလိဂ်ပွဲအဖြစ် ချားလော့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲဟာ မက်ဆီအတွက် ပထမဆုံး မေဂျာလိဂ်ပွဲဦးထွက် ဖြစ်လာမှာဖြစ်ပါတယ်။ 

Source:ESPN