CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြက AFC Futsal Asian Cup 2024 ခြေစစ်ပွဲအတွက် ကျရောက်ခဲ့တဲ့ အုပ်စုအခြေအနေကို ကျေနပ်ပေမယ့် ပေါ့ပေ့ါဆဆတော့ လုပ်လို့မရဘူးလို့ ပြောခဲ့ပါတယ်။

Bunlert Charoenwong က “အုပ်စုခွဲဝေမှု ရလဒ်အတွက်တော့ ကျေနပ်ရပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းက ဖူဆယ် ကို ကောင်းကောင်း ကစားနေကြပြီး တောင့်တင်းတဲ့ အသင်းတွေ ဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ ပေါ့ပေါ့ဆဆ လုပ်လို့ မရပါဘူး။ အသင်းကို အကောင်းဆုံး ပြင်ဆင်သွားမှာပါ"လို့ အုပ်စုမဲခွဲမှုအပြီးမှာ ပြောခဲ့ပါတယ်။

မြန်မာအသင်းဟာ ခြေစစ်ပွဲရဲ့ အုပ်စု E မှာ အိမ်ရှင် တာဂျစ်ကစ္စတန်၊ ပါလက်စတိုင်း၊ အိန္ဒိယအသင်းတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။ 

ခြေစစ်ပွဲဝင်မယ့် ၃၁ သင်းကို ၄ သင်း အုပ်စု ၇ ခု၊ ၃ သင်း အုပ်စု ၁ ခု မဲခွဲခဲ့တာဖြစ်ပြီး အုပ်စုပထမရတဲ့ အသင်း ၈ သင်းနဲ့ အကောင်းဆုံး ဒုတိယရတဲ့ အသင်း ၇ သင်းတို့က ခြေစစ်ပွဲ အောင်မြင်မှာပါ။ 

AFC Futsal Asian Cup 2024 အုပ်စုဇယားကိုတွေ့ရစဉ်

ခြေစစ်ပွဲတွေကို အောက်တိုဘာလ ၂ ရက်ကနေ ၁၃ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာအသင်းဟာ ဒီပြိုင်ပွဲ အတွက် ဇွန်လ ၁၉ ရက်က စတင်ပြီး စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပဏာမကစားသမား ၂၃ ဦးနဲ့ စခန်းဝင် လေ့ကျင့်နေတာဖြစ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ဖို့ နီးကပ်တဲ့ အချိန်မှာ အပြီးသတ် ကစားသမားစာရင်းကို ထုတ်ပြန်သွားမှာပါ။

မြန်မာအသင်းဟာ ဒီပြိုင်ပွဲကို ၂၀၁၈ က တစ်ကြိမ်ထဲသာ ယှဉ်ပြိုင်ခွင့်ရထားခဲ့ပြီး အဲဒီတုန်းက အုပ်စုတွင်း ၃ ပွဲ ကစားခဲ့တာမှာ ၃ ပွဲစလုံး အရေးနိမ့်ပြီး အုပ်စုတွင်း နောက်ဆုံးနေရာနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။