CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃

ဘော့စနီးယားလက်ရွေးစင် ဝါရင့်တိုက်စစ်မှူး ဂျက်ကိုဟာ အင်တာမီလန်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဖီနာဘာချီအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဂျက်ကိုဟာ အင်တာမီလန်အသင်းက မန်စီးတီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အီတလီကလပ်အတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့တာပါ။ 

အသက် ၃၇ နှစ်အရွယ်ရှိ ဂျက်ကိုဟာ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျက်ကိုဟာ အင်တာမီလန်အသင်းထံ ၂၀၂၁ က ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၀၁ ပွဲ ပါဝင်ကစားခဲ့ကာ ၃၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဂျက်ကိုက “နှုတ်ဆက်ပါတယ် အင်တာ၊ တကယ်ကို အံ့သြဖွယ်ကောင်းခဲ့တဲ့ ၂ နှစ်ပါ။ အံ့သြစရာကောင်းခဲ့တဲ့ ခရီးလည်းဖြစ်ခဲ့ပြီး ကျနော်တို့ လမ်းခွဲခဲ့ကြပေမယ့် ကျေးဇူးတင်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဂျက်ကို အင်တာမီလန်အသင်းမှာ ကစားစဉ် 

အင်တာမီလန် အသင်းနဲ့အတူ ကိုပါအီတာလီယာ ဖလား ၂ ကြိမ် ရယူနိုင်ခဲ့တဲ့ ဂျက်ကိုဟာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီး၊ ဂျာမန်ဘွန်ဒစ်လီဂါကလပ် ဝုလ်ဖ်ဘတ်အသင်းတွေမှာ ကစားခဲ့ပြီး ကစားသမားဘဝ ပွဲပေါင်း ၈၀၀ ကျော်မှာ ဂိုးပေါင်း ၃၀၀ ကျော်အထိ သွင်းယူထားတာပါ။

ဂျက်ကိုဟာ ဖီနာဘာချီအသင်းမှာ တစ်နှစ်ကို ပေါင် ၃.၆ သန်း ရရှိမယ်လို့ ကလပ်အသင်းက ပြောထားပါတယ်။

ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ရာသီ တူရကီစူပါလိဂ်မှာ ဂါလာတာစာရေးအသင်းရဲ့ နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး အမှတ်ပေးဖလား နောက်ဆုံး ရယူနိုင်ခဲ့တာက ၂၀၁၄ က ဖြစ်ပါတယ်။ 

ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ရာသီက တူရကီဖလားကို ရယူနိုင်ခဲ့ပြီး ဒါဟာ သူတို့အတွက် ၉ နှစ်တာ ကာလ အတွင်းမှာ ပထမဆုံး ဆုဖလားလည်း ဖြစ်ခဲ့တာပါ။

ဂျက်ကိုဟာ ပြီးခဲ့တဲ့ရာသီက ဖီနာဘာချီအသင်းအတွက် ၂၉ ဂိုးသွင်းပြီး တူရကီ ထိပ်တန်းလိဂ်မှာ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ခဲ့တဲ့ အန်နာဗလင်စီယာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ရမှာ ဖြစ်ပါတယ်။

အန်နာဗလင်စီယာဟာ ဖီနာဘာချီက ထွက်ခွာပြီး ဘရာဇီးလ်ကလပ် အင်တာနေစီယွန်နယ်လ်ကို ပြောင်းရွှေ့ ခဲ့တာ ဖြစ်ပါတယ်။

Source: BBC