CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇

မြန်မာအသင်းနည်းပြ မိုက်ကယ်က တရုတ်အသင်းနဲ့ ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါ တယ်။

မိုက်ကယ်က “ကျနော်တို့အနေနဲ့ ကမ္ဘာ့အဆင့်ထက်ဝက်လောက်ကွာတဲ့အသင်းကို သူ့ပရိသတ်ရှေ့မှာ၊ သူ့ အိမ် ကွင်းမှာ ခက်ခက်ခဲခဲကစားရမယ်ဆိုတာသိပါတယ်။ ဒါကြောင့် ဂိုးမပေးရရေး အဓိကထားပြီး  ခံစစ်ကနေ တိုက်စစ် အကူးအပြောင်းကို  မြန်မြန်နဲ့ ထိထိမိမိ ကစားတဲ့ဟန်အတိုင်း ကစားခဲ့ပါတယ်။ သေချာပေါက် ဂိုးရမယ့် အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ သန်းပိုင်ရဲ့ အဆုံးသတ်သာ သေချာသွားခဲ့ရင် ပွဲအဖြေ က ပြောင်းလဲသွားနိုင်ပါတယ်။ ရလဒ်မကောင်းဘူးဆိုပေမယ့်လည်း ကစားသွားတဲ့အသင်းရဲ့ စွမ်းဆောင်မှုကို တော့ ကျေနပ်ပါတယ်။ လိဂ်ပြိုင်ပွဲက အစအရာရာ ကွာခြားလွန်းတဲ့ အနေအထားမှာတောင် ကျနော်တို့ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့တာပါ"လို့ ပြောခဲ့တာပါ။

တရုတ်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၆ ကြိမ်အထိ ရှိခဲ့ပါတယ်။ မြန်မာအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။ 

မြန်မာအသင်းဟာ ပထမပိုင်းမှာ တိုက်စစ်မှူး သန်းပိုင်ရဲ့ ဂိုးရနိုင် မယ့်ကန်သွင်းချက်ဟာ ဂိုးဘေးက ထွက်သွားခဲ့လို့ နစ်နာခဲ့ရတာပါ။

မြန်မာအသင်းဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ၈ ရက်က တီမောအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးကတည်းက နောက်ဆုံးကစားခဲ့တဲ့ ၁၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ဆိုးရွားတဲ့ မှတ်တမ်းကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ မိုက်ကယ်ဟာ မြန်မာအသင်းကို အိန္ဒိယအသင်းနဲ့ ပွဲစဉ်ကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူ့ရဲ့လက်ထက် ၃ ပွဲမှာ ၂ ပွဲရှုံး ၁ ပွဲသရေကျခဲ့တာပါ။

မြန်မာအသင်းဟာ တရုတ်နိုင်ငံမှာပဲ နောက်ထပ်ခြေစမ်းပွဲအဖြစ် ဇွန်လ ၁၉ ရက်မှာ မကာအိုအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။