CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၂၄ အသင်းရဲ့ အပြီးသတ်လူစာရင်းကို နည်းပြချုပ် မိုက်ကယ်က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ ယူ-၂၄ အသင်းရဲ့ အပြီးသတ်ကစားသမား ၂၂ ဦးစာရင်းမှာ အဓိက ကစားသမားဖြစ်တဲ့ ဟိန်းထက်အောင် မပါဝင်ခဲ့ပေမယ့် အသက် ၂၄ နှစ်အထက် ကစားသမားတွေအဖြစ် ရန်ကျော်ထွေး၊ နေမိုးနိုင်နဲ့ ရန်နိုင်ဦးတို့ကို ရွေးချယ်ခဲ့ပါတယ်။ 

ဒါ့အပြင် နည်းပြ မိုက်ကယ်ဟာ မြန်မာ ယူ-၂၃ အသင်းက ကစားသမားအချို့ကို ပြန်လည်ခေါ်ယူခဲ့ပြီး အသက်မီတဲ့ ထက်ဖြိုးဝေ၊ ဝေလင်းအောင်၊ ဟိန်းဇေယျာလင်းတို့ အပါအဝင် ပြည်တွင်း ကလပ်တွေက ယူ-၂၄ ကစားသမားတွေ နဲ့ အသင်းကို ပေါင်းစပ်ဖွဲ့စည်းခဲ့တာပါ။

မြန်မာအသင်းဟာ အာရှအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စု A မှာ တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေတာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေအဖြစ် စက်တင်ဘာ ၁၉ ရက်မှာ ဘင်္ဂလားဒေ့ရှ်၊ ၂၁ ရက်မှာ တရုတ်နဲ့ ၂၄ ရက် မှာ အိန္ဒိယအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုထိပ်ဆုံး ၂ သင်းစီနဲ့ အကောင်းဆုံးအုပ်စု တတိယ ၄ သင်းတို့ဟာ ၁၆ သင်းအဆင့် ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။

မြန်မာအသင်းဟာ အာရှအားကစားပွဲတော်မှာ ၁၉၆၆ နဲ့ ၁၉၇၀ ခုနှစ်က ချန်ပီယံဆု ၂ ကြိမ် ရရှိထားပြီး နောက်ပိုင်း ပါဝင်ယှဉ်ပြိုင်တဲ့ နှစ်တွေမှာတော့ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

မြန်မာအသင်းဟာ ပြိုင်ပွဲကျင်းပမယ့် Hangzhou မြို့ကို စက်တင်ဘာ ၁၆ ရက်က ထွက်ခွာသွားပြီလို့ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။