CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ လေဗာကူဆင်အသင်းနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ဂိုးသွင်းယူပြီးနောက် ကလပ်ကစားသမားဘဝ သွင်းဂိုး ၃၀၀ ပြည့်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ရရှိသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင် အသင်းတို့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ တိုက်စစ်မှူး ဟာရီကိန်းဟာ ပွဲချိန် ၇ မိနစ်မှာ ဂျာမန် လက်ရှိ ချန်ပီယံအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲစဉ်မှာ ပွဲချိန် ၈၆ မိနစ်အထိ ၂ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ပေးခဲ့ရတဲ့ ပင်နယ်တီကြောင့် လေဗာကူဆင်အသင်းနဲ့ ၂ ဂိုးစီ သရေကျပြီး ရမှတ်ခွဲဝေ ယူခဲ့ရ တာ ဖြစ်ပါတယ်။

ဟာရီကိန်းဟာ ၂၀၀၇ ခုနှစ်က ကလိုဆေးနောက်ပိုင်း ဘွန်ဒစ်လီဂါရာသီ အဖွင့်ပွဲစဉ် ၄ ပွဲမှာ ၄ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး ဘိုင်ယန်မြူးနစ်အသင်း ကစားသမား ဖြစ်လာခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ဟာရီကိန်းဟာ ကလပ် ကစားသမားဘဝသွင်းဂိုး ၃၀၀ မှာ စပါးအသင်းအတွက် ၂၈၀ ဂိုး၊ မီလ်ဝေါအသင်းအတွက် ၉ ဂိုး၊ လေတန်အော်ရီးယန့် အသင်းအတွက် ၅ ဂိုး၊ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄ ဂိုးနဲ့ လက်စတာအသင်း အတွက် ၂ ဂိုး သွင်းယူခဲ့တာပါ။

ဟာရီကိန်းက “ ကျနော်တို့လိုချင်တဲ့ နိုင်ပွဲမရရှိခဲ့ပေမယ့် ဆက်ပြီး အလုပ်လုပ်သွားရမှာပါ။ တိုးတက်ဖို့အရာတွေ အများကြီးရှိသေးပြီး လာမယ့် ရက်ပိုင်းမှာကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ ရလဒ်ကောင်းတွေ ရယူသွားမယ်”လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင် အသင်းတို့ဟာ ဒီပွဲမှာ သရေကျခဲ့တာကြောင့် ရာသီအစ ၃ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲ ရယူနိုင်ခဲ့တဲ့ မှတ်တမ်း ရပ်တန့်သွားခဲ့ပေမယ့် ရှုံးပွဲမရှိနဲ့ အမှတ်ပေးဇယားအဆင့် ၁ နဲ့ ၂ နေရာမှာ ဆက်လက် ရပ်တည်နေကြတာပါ။

လာမယ့် ကြားရက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ယူနိုက်တက်အသင်း၊ လေဗာကူဆင်အသင်းက ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ဟာကန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC