CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇

ယူနိုက်တက်အသင်းဟာ အခုလအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့ ဂိုးသမား ဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် ယုံကြည်မှုမရှိတော့ဘူးလို့ ဗြိတိန်အားကစားသတင်းတွေမှာ ဖော်ပြထားပါတယ်။

စပိန်ဂိုးသမားဟာ ယူနိုက်တက်အသင်းထုတ်ပြန်ခဲ့တဲ့ လာမယ့်ရာသီ အသင်းမှာဆက်ရှိမယ့် ကစားသမားစာရင်းမှာ မပါဝင်ခဲ့ပေမယ့် စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်လက်ပြုလုပ်နေခဲ့တာပါ။ စာချုပ် သစ်ကိစ္စအတွက် ကစားသမား၊ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေတယ်လို့ ကလပ်အသင်းက တရားဝင် ထုတ်ပြန်ထားပေမယ့် ဒီဂီယာအသင်းမှာ ဆက်ရှိမယ်ဆိုတာ ယူနိုက်တက်က ယုံကြည်မှုမရှိတော့ဘူးလို့ ဒေးလီး မေးလ်က ဖော်ပြထားပါတယ်။

ဒီဂီယာနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ အခုလ ၃၀ ရက်မှာကုန်ဆုံးမှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ရော်နယ်ဒို၊ဘန်ဇီမာတို့ရှိတဲ့ ဆော်ဒီလိဂ်က ချိတ်ဆက်မှုတွေပြုလုပ်နေတာပါ။ ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရွှေလက်အိတ်ဆုကို ရယူနိုင်ခဲ့ပေမယ့် အမှားအယွင်းပြုလုပ်ခဲ့တဲ့ အရာတွေကြောင့် ဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။ စပိန်ဂိုးသမားဟာ မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ ဂန်ဒိုဂန်ရဲ့ ကန်သွင်းချက်ကို မကာကွယ်နိုင်ခဲ့လို့ အသင်းရဲ့ ကစားသမားဟောင်းတွေကပါ သူ့ကို ဝေဖန်မှုပြုလုပ်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဂိုးသမားအများအပြားကို ချိတ်ဆက်နေပြီး ပေါ်တိုဂိုး သမား ဒီယိုဂိုကော်စတာဟာ အသင်းထံ ရောက်လာဖို့ နာမည်ထွက်နေတဲ့ သူလည်းဖြစ်ပါတယ်။ ဒီဂီယာ အသင်း မှာ ဆက်ရှိမယ်ဆိုရင်လည်း နည်းပြ အဲရစ်တန်ဟတ်ဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့အတွက် ဂိုးသမားအသစ်တစ်ဦး ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေတာပါ။

ဒီဂီယာဟာ မန်ချက်စတာကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ သူ့ရဲ့အနာဂတ်ကို မကြာခင်မှာ ဆုံးဖြတ်ချက်ချရတော့မှာဖြစ်ပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်အသင်းကို ၂၀၁၁ က အသလက်တီကို အသင်း ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၄၅ ပွဲအထိ ပါဝင်ကစားထားခဲ့တာပါ။

စပိန်ဂိုးသမားဟာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ် ချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Goal