CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၈

အာဆင်နယ်အသင်းနည်းပြ အာတီတာက လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ အနိုင်ရအောင် လုပ်နိုင်စွမ်း ရှိတယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အာတီတာက “ကျနော်တို့မှာ ကြီးမားတဲ့ စိန်ခေါ်မှုကြီး ရှိတယ်ဆိုတာကို သိပါတယ်။ ဒါဟာ အန်ဖီးလ်ကွင်းကို သွားပြီး နှစ်ပေါင်းများစွာကြာ ကျနော်တို့ မလုပ်ဖူးတဲ့ အရာတစ်ခုကို လုပ်ဖို့အတွက် ကြီးမားတဲ့ အခွင့်အရေးဖြစ်ပြီး ဒါက အသင်းကို တွန်းအားပေးနေတဲ့ အရာပါ။ ကျနော်တို့ လုပ်နိုင်စွမ်း ရှိပါတယ်။ အနိုင်ရဖို့ အကောင်းဆုံး ကြိုးစား ရမယ်ဆိုတာ သိပါတယ်။ မနှစ်ကထက် ကျနော်တို့ ပိုပြီးကောင်းမယ်ဆိုတာ အသေအချာပါပဲ”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းက လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ နောက်ဆုံး အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ ၂၀၁၂ က ဖြစ်ပြီး အဲဒီတုန်းက အာတီတာဟာ အာဆင်နယ်အသင်းမှာ ကစားသမားအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အန်ဖီးလ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲစလုံး အရေးနိမ့်ခဲ့တာ ဖြစ်ပြီး ဒီပွဲတွေ အားလုံးပေါင်းမှာ လီဗာပူးလ်က ၂၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ အာဆင်နယ်ကတော့ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် နောက်ထပ် ခြေလှမ်းတစ်လှမ်းကို ထပ်ပြီး လှမ်းနိုင်မယ်လို့ ယုံကြည်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက ဆာလတ်ကိုတွေ့ရစဉ်

အဲဒါကြောင့် အာတီတာက အန်ဖီးလ်ကွင်းမှာ ၁၁ နှစ်ကြာ နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ် ချင်နေတာဖြစ်ပြီး မနှစ်ကရာသီ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ပွဲမှာ ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် စပိန်လူမျိုးနည်းပြဟာ ဝေဖန်မှုတွေ ခံခဲ့ရတာပါ။

အာတီတာက “ကစားသမားတွေကို တိရစ္ဆာန်ရုံမှာ လေ့ကျင့်ခိုင်းလို့ မရပေမယ့် တနင်္ဂနွေနေ့မှာ တောအုပ်ကြီးထဲ ကို သွားရမှာပါ။ ဒါက မဖြစ်နိုင်ပေမယ့် ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြင်ဆင်ထားရမှာဖြစ်ပြီး ကစားသမားတွေ ကလည်း ပြင်ဆင်ထားရပါမယ်။ သူတို့ ကြုံတွေ့ရမယ့် အရာတွေကို ပြောပြထားရမှာ ဖြစ်သလို ဒါကိုလည်း အသိ အမှတ် ပြုရပါမယ်။ အသင်းဟာ စိတ်အားထက်သန်မှုနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေကတော့ အပြည့်ရှိ နေပါတယ်”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အခုနှစ်ရာသီ အိမ်ကွင်းမှာ လီဗာပူးလ်အသင်းကို ဧည့်ခံကစားခဲ့တာမှာတော့ ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။

Source: Daily Mail