CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၇

လူအုပ်ထဲက ပစ်ချတဲ့ အရာဝတ္ထုတွေဟာ ကစားသမားတွေ ဒါမှမဟုတ် ဒိုင်လူကြီးတွေကို ထိမှန်ခဲ့မယ်ဆိုရင် ဒတ်ချ်ဘောလုံးပွဲတွေကို ဖျက်သိမ်းမယ်လို့ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

အေဂျတ်စ်အသင်းက ဖီယင်နုအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒတ်ချ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အေဂျတ်စ် ကွင်းလယ်လူ ကလာဆန်ဟာ လူအုပ်ကြီးထဲက ပစ်ချတဲ့ မီးခြစ်က ဦးခေါင်းကို ထိမှန်ခဲ့တာပါ။

ဒီပွဲမှာ ပွဲချိန်မိနစ် ၃၀ နီးပါး ရပ်တန့်ခဲ့ရပြီး ရဲတွေက အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်ကတော့ ဒါကို လုံးဝ လက်ခံနိုင်မှာ မဟုတ်ဘဲ ဒိုင်လူကြီးတွေ အနေနဲ့ ဒီလိုမျိုးဖြစ်ရပ်တွေ ထပ်ပြီးဖြစ်ခဲ့ရင် ပွဲကို ချက်ချင်း အဆုံးသတ်ရမယ်လို့ ပြောခဲ့တာပါ။

ဒီနှစ်သင်း ကစားခဲ့တဲ့ပွဲ မစတင်ခင်မှာလည်း ပရိသတ်တွေက မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့တဲ့အတွက် ပွဲကို စတင်ဖို့ နှောင့်နှေးခဲ့ရသလို ဂျူးဆန့်ကျင်တဲ့ အော်ဟစ်မှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

အဲဒါကြောင့် ဖီယင်နုအသင်းဟာ ဧပြီလ ၁၃ ရက် ရိုးမားအသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ မီးခြစ်ပစ်ချခဲ့တဲ့ ထိုင်ခုံ ၂၀၀၀ ဆန့်အပိုင်းကို ပိတ်ပင်ပြီး ယှဉ်ပြိုင်ရမှာပါ။

ဒတ်ချ်ဘောလုံးပွဲ တစ်ပွဲမှာ ပရိသတ်က သောင်းကျန်းလို့ ပွဲရပ်ခဲ့ရ

အဲဗာတန် ကစားသမားဟောင်း ကလာဆန်ကို မီးခြစ်နဲ့ ပစ်ချခဲ့တဲ့ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားအပြင် လူ ၂၂ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

ဖီဖာအကြီးအကဲ အင်ဖန်တီနိုဟာ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ နယ်သာလန်အာဏာပိုင်တွေကို တောင်းဆိုခဲ့သလို နယ်သာလန် ဝန်ကြီးချုပ်ကလည်း ဒီအဖြစ်အပျက်ကို လုံးဝသည်းမခံနိုင်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအစိုးရကတော့ အမြင့်ဆုံးအဆင့်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ ကတိပြုထားတာပါ။

အေဂျတ်စ်ကွင်းလယ်လူ ကလာဆန်ဟာ ဒီဖြစ်ရပ်အပြီးမှာ ကုသမှုတွေ ခံယူပြီး ပြန်ကစားခဲ့ပေမယ့် မူးဝေတာကို ခံစားခဲ့ရလို့ လူစားလဲမှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာ အနိုင်ရခဲ့တဲ့ အေဂျတ်စ်အသင်းကတော့ ဒတ်ချ်ဖလားဗိုလ်လုပွဲအဖြစ် ပီအက်စ်ဗွီအသင်းနဲ့ ဧပြီလ ၃၀ ရက် မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC