
- By CNI
- Category: လူမှုဘဝ
- Hits: 1675
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၆
မြန်မာ-တရုတ်နယ်စပ်တွင် အလုပ်အကိုင် ရရှိမည်ဟုဆိုကာ မက်လုံးပေး၍ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင် ရန် လိမ်လည်ခေါ်ယူသည့် ဈေးကွက်မှာ ပိုမိုများပြားလာကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းအဖွဲ့များက CNI သတင်းဌာနသို့ ပြောသည်။
မူဆယ်တွင် တရုတ်သို့ တစ်ခါသုံးကဒ်၊ စာအုပ်အနီတို့ဖြင့် တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၃၀၀ ခန့်အထိ ထွက်ခွာ နေကြခြင်းဖြစ်သည်။
တရုတ် ဇနီးမယားအဖြစ် လုပ်ကိုင်ရန် လူကုန်ကူးသည့် ဈေးကွက်သည် ယခင်ကတည်းက ရှိနေခြင်းဖြစ်သော် လည်း ယခုကာလတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ကမ်းလက်ကူညီ ပရဟိတအသင်းမှ ဒုဥက္ကဋ္ဌ ဦးစိန်လှအောင်က CNI သတင်းဌာနသို့ ပြောသည်။
တရုတ်သွားမည့် မြန်မာများကိုတွေ့ရစဉ်
၎င်းက “အဲဒါကတော့ ဆိုက်ဘာပေါ့။ ဆိုက်ဘာ အားနည်းချက်ရှိတဲ့ အခါကြတော့ လူယုတ်မာတွေ၊ လူလိမ်တွေက တရားဝင် ပြောလာနေကြတာပဲလေ။ အဲဒါတွေကတော့ ရှိနေတာပဲ။ စာအုပ်အနီ ကိစ္စတွေရော၊ တစ်ပတ်ကဒ် ကိစ္စ တွေရော၊ UID ကိစ္စတွေရော အကုန်လုံးက အတုအလိမ်တွေချည်းပဲ။ များလာတယ်။ အခုထိကို သွားတာ၊ လာတာ လုပ်နေကြတုန်းပဲ။ လူကုန်ကူးကတော့ ဒီလိုပေါ့။ ဒီတိုင်းကတော့ လူကုန်ကူးတယ်လို့ မသိဘူးပေါ့။ တချို့ကလည်း လူကုန်ကူးမှန်း သိရဲ့နဲ့ သက်သက်မဲ့ သွားတယ်။ တချို့ကြတော့လည်း ဟိုကြမှ လူကုန်ကူး ခံရမှန်းသိတယ် အဲဒီလို တွေလည်း ရှိတယ်။ ဖြစ်နိုင်ရင်တော့ တရုတ်က ဘယ်လောက်ပဲ အာမခံခံ တစ်ခါသုံးကဒ်နဲ့၊ စာအုပ်အနီရှိတဲ့ လူတွေကတော့ အချိန်မရွေး ပြန်ထွက်လို့ရတယ်ပေါ့။ ပြန်ဝင်လို့ရတယ်။ တစ်ပတ်ကဒ်နဲ့ကတော့ တရုတ်ကို ယုံစားလို့မရဘူး။ ပြောရင်တော့ မလာတာ အကောင်းဆုံးပဲ။ UID ကဒ် မပါရင်လည်း တက်မလာကြနဲ့။ တရုတ်ကို ယုံစားပြီးတော့လည်း မလာကြပါနဲ့လို့ message စကား ပေးချင်တယ်” ဟု ပြောသည်။
တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန်အတွက် လူခေါ်ကြသည့်အခါတွင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ ဖြစ်သည့် Facebook နှင့် ဝီချက် (WeChat) တို့ အသုံးပြု၍ ခေါ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးကြရာတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိသို့ ရောင်းစားခံရကြောင်း၊ အမျိုးသမီးတစ်ဦးလျှင် ယွမ်ငွေ သောင်းကဏန်းအထိ ပေါက်ဈေးများ ရှိနေကြောင်းလည်း သိရသည်။
လူကုန်ကူးသည့် ဈေးကွက်မှာ ယခင်ကတည်းက ရှိနေခြင်းဖြစ်ပြီး ထိုခေတ် ကာလကတည်းက အာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် ထိရောက်သည့် အရေးယူ လှုပ်ရှားမှုများ အားနည်းခဲ့ကြောင်း လူကုန်ကူးမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။
တရုတ်သွားမည့် မြန်မာများကိုတွေ့ရစဉ်
လူကုန်ကူးခြင်းခံရသည့် ကိစ္စများတွင် အခြားအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးခြင်းထက် သက်ဆိုင်ရာ အာဏာပိုင်များ၏ စိစစ်အရေးယူမှုသည် အဓိက အရေးပါသော်လည်း လူကုန်ကူး မခံရစေရန် ကာယကံရှင် လူပုဂ္ဂိုလ်က ပိုမိုအရေးကြီးကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လူကုန်ကူးမှုလို့ ပြောလာတဲ့ အခါကြတော့ လူကုန်ကူးမှုမှာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကိုင်တွယ်တဲ့အခါ မှာ မူဝါဒ မတူတဲ့ဟာတွေ တွေ့ရတယ်။ တချို့အရာတွေကို ထိုင်းက လက်ခံပေမယ့် မြန်မာဘက်က လက်မခံဘူး။ တရုတ်က လက်ခံပေမယ့် မြန်မာဘက်က လက်မခံဘူး။ မြန်မာဘက်က လက်ခံပေမယ့် တရုတ်က လက်မခံဘူး၊ ထိုင်းက လက်မခံဘူး ဒီလိုပုံစံမျိုးတွေက ရှိတယ်။ လူကုန်ကူးမှုထက် ပိုပြီးကျူးလွန်လာရင်တော့ ရာဇဝတ်မှု ဖြစ်လာနိုင်တယ်။ လုပ်ဆောင်ချက်အပေါ်မှာ အခြေခံပြီးမှ ဥပဒေအရ တိုင်းတာရတာကို။ ဥပမာ လူတွေကို တစ်နေရာက တစ်နေရာ ရောင်းစားတယ်။ ရောင်းတော့ ရောင်းစားတယ် လူတွေကို နှိပ်စက်တာမရှိဘူး။ သတ်ဖြတ်တာ၊ အကြမ်းဖက်တာတွေ မရှိဘူးဆို လူကုန်ကူးမှုက တစ်မျိုးဖြစ်သွားတာပေါ့။ လူကုန်ကူးမှုခံရတယ်၊ အတင်းအဓမ္မ ပြုကျင့်တာတွေရှိတယ်၊ နှိပ်စက်ခံရတာ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခံရတာတွေရှိတယ်။ သူ့ကို ကြ လူကုန်ကူးမှုဥပဒေ တစ်ခုတည်း ရှုထောင့်က သွားကြည့်လို့ မရပြန်ဘူး။ တခြားရာဇဝတ်မှုအရ အရေးယူလို့ရ တဲ့ နေရာတွေကနေအစ စဉ်းစားရမယ့် အရာတွေဖြစ်တယ်” ဟု ပြောသည်။
လူကုန်ကူးသည့် ဖြစ်စဉ်တွင် အများစုသည် မိမိနှင့်ရင်းနှီးကျွမ်းဝင်သူများ၏ မက်လုံးပေး စည်းရုံးမှုများကြောင့် အဓိက အများဆုံးဖြစ်ကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ဒေသက ဒေသခံအမျိုးသမီးများ အပါအဝင် ရန်ကုန်၊ ပဲခူး၊ မကွေး စသည့် အနယ်နယ်အရပ်ရပ်မှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်း ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 770
CNI International News
ဘန်ကောက်၊ ဧပြီ ၁၂
ထိုင်းနိုင်ငံတွင် ဧပြီ ၁၂ ရက်မှ ဧပြီ ၁၆ ရက်အထိ ကျင်းပမည့် ဆွန်ခရန် ရေကစားပွဲတော် မတိုင်မီ တစ်ရက် အလိုတွင် ဘန်ကောက်မြို့တော်မှ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များသို့ သွားရောက်သည့် အဓိကယာဥ်လမ်းကြောင်းများသည် အသွားအလာ များပြားနေသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ဘန်ကောက်တွင် လာရောက် အလုပ်လုပ်နေသူများသည် ဆွန်ခရန်မတိုင်မီ ၎င်းတို့၏ ဇာတိမြေများဖြစ်သည့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များသို့ ပြန်လည်သွားရောက် နေကြခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် အစိုးရအိမ်တော်တွင် ဗြမ္မာကြီး ဂူဗိမ္မာန်ကို ဂါရဝပြု ခြင်းအားဖြင့် ဆွန်ခရန်ပွဲတော်မတိုင်မီ ကုသိုလ်ပြု အခမ်းအနားကို ကြီးမှူးကျင်းပခဲ့သည်။
ထို့နောက် ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့ပြီး ထေကြီးဝါကြီး ဘုန်းတော်ကြီးများ၏ ကောင်းချီးပေးမှု အား ခံယူခဲ့သည်။
ထိုင်းဆွန်ခရန်ပွဲတော် ကျင်းပရန် ပြင်ဆင်ထားစဉ်
ထို့နောက် ဆရီသာက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိများကို ဆုမွန်ကောင်း တောင်းပေးခဲ့ပြီး ၎င်း၏ လက်ဝါး များပေါ်သို့ ရေလောင်းခံခြင်းဖြင့် ဝန်ကြီးများ၊ အရာရှိများနှင့် သတင်းထောက်များအား ရေလောင်းသည့် ထုံးတမ်း ဓလေ့ကို ပြုလုပ်ခွင့်ပေးခဲ့သည်။
ထို့နောက် ဆရီသာသည် အရာရှိများနှင့် သတင်းထောက်များကို ဗုဒ္ဓ၏ အဆောင်များကို လက်ဆောင်ပေးအပ်ခဲ့ သည်။
ဆွန်ခရန် အားလပ်ရက် ကာလအတွင်း ဘန်ကောက်မြို့တော်မှ ဒေသအားလုံးသို့ သွားရောက်သည့် အဓိက အဝေးပြေး လမ်းမများနှင့် အခြားလမ်းကြောင်းများပေါ်မှ သတင်းအချက်အလက်များကို အဝေးပြေးလမ်းမများ ဆိုင်ရာ ဦးစီးဌာနက ထုတ်ပြန်ပေးခဲ့သည်။
မော်တော်ယာဥ် အသုံးပြုသူများ အနေဖြင့် ထိုဌာန၏ အရေးပေါ် ဖုန်းနံပါတ်ဖြစ်သည့် ၁၅၈၆ နှင့် အဝေးပြေးလမ်း ရဲတပ်ဖွဲ့၏ ဖုန်းနံပါတ် ၁၁၉၃ ကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး ယာဥ်လမ်းကြော အခြေအနေများကို မေးမြန်း နိုင်ကြောင်းနှင့် မတော်တဆမှုများကို သတင်းပို့နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
Source: Thai PBS World

- By CNI
- Category: လူမှုဘဝ
- Hits: 494
CNI International News
ဝါရှင်တန်၊ ဧပြီ ၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ၎င်း၏ ပြိုင်ဘက် ရီပတ်လစ်ကန်ပါတီမှ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် အီစတာ (Easter) ပွဲတော်နေ့တွင် ကျရောက်နေသည့် လိင်ပြောင်းလဲ ထားသူများ အောင်ပွဲခံနေ့နှင့်ပတ်သက်ပြီး အပြန်အလှန် ဝေဖန်တိုက်ခိုက်ခဲ့ကြသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
လိင်ပြောင်းထားသည့် အမေရိကန်များ၏ ရဲဝံ့မှုနှင့် ဆောင်ရွက်မှုတို့ကို ဂုဏ်ပြုရန် ဘိုင်ဒန်က မတ်လ ၃၁ ရက်နေ့ ကို လိင်ပြောင်းလဲထားသူများ မြင်ကွင်းနေ့ (Transgender Day of Visibility)အဖြစ် မတ်လ ၃၀ ရက်က ကြေညာ ခဲ့သည်။
ဘိုင်ဒန်သည် မတ်လ ၃၁ ရက်နေ့ကို လိင်ပြောင်းသူများ မြင်ကွင်းနေ့အဖြစ် ၂၀၂၁ ခုနှစ်က ပထမဆုံးအကြိမ် ကြေညာခဲ့သော်လည်း ယခုနှစ် မတ်လ ၃၁ ရက်သည် ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် အီစတာပွဲတော်နေ့နှင့် တိုက်ဆိုင်ခဲ့သည်။
ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ကမူ ဘိုင်ဒန်၏ ကြေညာချက်သည် စိတ်ပျက်စရာကောင်းပြီး ခရစ်ယာန်တို့၏ ယုံကြည်မှုကို နှစ်ကာလကြာရှည် တိုက်ခိုက်မှုဖြစ်ကြောင်း တံဆိပ်ကပ်ခဲ့သည်။
လိင်ပြောင်းသူများနေ့ အခမ်းအနားကိုတွေ့ရစဉ်
"ဘိုင်ဒန်ရဲ့ ကျရှုံးနေတဲ့ မဲဆွယ်စည်းရုံးမှုနဲ့ အိမ်ဖြူတော်အနေနဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အမေရိကန် တစ်ဝန်းက သန်းနဲ့ချီတဲ့ ကက်သလစ်နဲ့ ခရစ်ယာန် ဘာသာဝင်တွေကို ပြန်လည်တောင်းပန်ဖို့ ကျမတို့ တောင်းဆို ပါတယ်"ဟု ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီယာဗစ် (Karoline Leavitt) က ပြောကြားခဲ့သည်။
ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သည့် မိုက်ဂျွန်ဆင် (Mike Johnson) ကလည်း ဘိုင်ဒန်၏ ကြေညာချက်သည် အီစကာပွဲတော်ကို သစ္စာဖောက်ဖျက်မှုဖြစ်ပြီး လက်ခံနိုင်ဖွယ်မရှိဘဲ ရွံစရာကောင်းကြောင်း ပြောကြားခဲ့သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်ဒရူး ဘိတ်စ် (Andrew Bates) ကမူ ရီပတ်ဘလစ်ကန်များသည် ရက်စက်မှု၊ မုန်းတီးမှုနှင့် ရိုးသားမှု မရှိသည့် လေလုံးထွား ပြောဆိုမှုများနှင့်အတူ မိမိတို့နိုင်ငံကို သဘောထားကွဲစေပြီး အားနည်းစေရန် ကြိုးပမ်းနေသည်ဟု တုန့်ပြန်ခဲ့သည်။
"မိသားစုနဲ့အတူ အီစတာပွဲတော်ကို ဆင်နွှဲတဲ့ ခရစ်ယာန်ဘာသာဝင် တစ်ဦးအနေနဲ့ သမ္မတဘိုင်ဒန်ဟာ အမေရိကန်နိုင်ငံသားအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ လွတ်လပ်ခွင့်တွေကို ထိန်းသိမ်းပြီး လူတွေကို စည်းလုံးစေအောင် လုပ်ဆောင်ခဲ့ပါတယ်" ဟု ဘိတ်စ်က ပြောကြားခဲ့သည်။
ထို့ပြင် ဘိုင်ဒန်သည် နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်များ သို့မဟုတ် အကျိုးအမြတ်အတွက် ၎င်း၏ ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်မည် မဟုတ်ကြောင်း ဘိတ်စ်က ထပ်လောင်း ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: လူမှုဘဝ
- Hits: 516
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၉
နှစ်စဉ် ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလမြို့နယ်သည် ယခုနှစ်တွင် ရေရှားပါးမှုဒဏ် အနည်းငယ် သက်သာလာသည်ဟု ဒေသခံများထံမှ သိရသည်။
နွေရာသီရောက်တိုင်း ရေရှားပါးမှုနှင့် ကြုံတွေ့နေရသော်လည်း ယခုနှစ်တွင် ရေကန်များ၌ ရေအနည်းငယ် ကျန်ရှိ နေသေးကြောင်း၊ ရေကို အချိန်ပိုင်းဖြင့် စနစ်တကျ စီမံခန့်ခွဲထားသည့်အတွက် ရေရှားပါးမှုဒဏ်သည် ယခင်က ထက် သက်သာလာသည်ဟု ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးဝင်းက CNI သတင်းဌာန သို့ ပြောသည်။
ဒလမြို့နယ်ရှိ ရေကန်ကိုတွေ့ရစဉ်
၎င်းက “ကန်တွေကို ကျနော်တို့က စနစ်တကျ ထိန်းသိမ်းထားတယ်လေ။ အဲဒါမျိုးလေးတွေတော့ ရှိပါတယ်။ သိပ်ပြီးတော့လည်း ဒီလောက် ဆိုးဆိုးရွားရွား မဖြစ်သေးပါဘူး။ ကျနော် ကန်တွေကို စနစ်တကျ ပြန်ထိန်းသိမ်း ထားတဲ့ အတွက်ကြောင့်မို့လို့ ဒီလောက် ဆိုးဆိုးရွားရွားတော့ မရှိပါဘူး။ လိုအပ်ချက်တော့ ရှိတာပေါ့နော်။ အရင်တုန်းက ဒီထက် ဆိုးရွားတယ်ဆိုတာက ကျနော်တို့ စည်းကမ်းနဲ့ပေါ့နော် အုပ်ချုပ်တဲ့ အဖွဲ့အစည်းကနေ စည်းကမ်းနဲ့ လိုအပ်ချက်ကို ဘယ်အချိန်လောက်မှာ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို သူတို့က စနစ်မရှိခဲ့ တာလည်း ပါရင်ပါမှာပေါ့နော်။ အဲဒါကို တစိုက်မတ်မတ် မကြည့်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီမှာ အခက်အခဲ ကြုံတာပါပဲ။ အခု ကျနော်ဆိုရင် ရေကို ပထမဆုံး တစ်ရက်ကို အချိန်လိုက် မနက်ကို ၂ နာရီ၊ ညကို ၂ နာရီပေး တယ်။ အဲဒီနောက်မှာ ရေအခြေအနေကို ကြည့်တယ်။ သုံးစွဲမှုအင်အားကို ကြည့်တယ်၊ ကြည့်တဲ့အခါကျတော့ အခုနောက်ပိုင်းဆိုရင် တစ်ရက်ကို ၁ နာရီပဲ ပေးတော့တယ်။မနက် ၁ နာရီ ၊ ည ၁ နာရီ အဲဒါမျိုးလေး ကျနော်တို့က ထိန်းချုပ်ပြီး လုပ်တဲ့အခါကျတော့ အလေအလွင့်တွေ နည်းသွားတာပေါ့နော်။ အလေအလွင့်တွေ နည်းသွားတဲ့ အတွက်ကြောင့်မို့လို့ အရင်နှစ်တွေ ထက်စာရင် ခက်ခက်ခဲခဲ ကြုံတွေ့ရတာ မရှိပါဘူး”ဟု ပြောသည်။
ဒလမြို့နယ်သည် ရေချိုမထွက်ဘဲ ရေငန်သာ ထွက်ရှိခြင်းကြောင့် မိုးရေလှောင်ကန်များကိုသာ အဓိကအားထား နေရခြင်း ဖြစ်သည်။
လက်ရှိတွင် မိုးရေလှောင်ကန်များ၌ ရေပမာဏ လျော့နည်းလာနေပြီ ဖြစ်သည့်အတွက် ရေအလေအလွင့် မဖြစ်စေရန် အချိန်အကန့်အသတ်ဖြင့်သာ ရေခပ်ခွင့်ပြုထားကြောင်း၊ တစ်နေ့လျှင် ၁ နာရီသာ ခွင့်ပြုပေး ထားသည်ဟု သိရသည်။
ဒလမြို့နယ်ရှိ ရေကန်မှာ ရေခပ်နေကြစဉ်
ဒလမြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၃) စု၊ ကျေးရွာပေါင်း (၅၄) ရွာရှိပြီး လူဦးရေ ၁၆၂,၀၀၀ ကျော် နေထိုင်လျက်ရှိသည်။
မြို့နယ်အတွင်း ရေကန်ပေါင်း (၃၂၉) ကန်ရှိကြောင်း၊ မြို့ပေါ်ရပ်ကွက်များတွင် (၁၂၄) ကန်နှင့် ကျေးရွာများတွင် (၂၀၅) ကန် ရှိကြောင်း သိရသည်။
ယခုနှစ်က ရေကန်တစ်ကန်ကို ထပ်မံတူးဖော်ထားကြောင်း၊ ထိုရေကန်ကို ရေသိုလှောင်ကန်အနေဖြင့် စီစဉ်နေ ကြောင်း ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးဝင်းက ပြောသည်။
၎င်းက “စီမံကိန်းကတော့ ကျနော်တို့ဆီမှာ ကန်တစ်ကန် ထပ်တူးတာပေါ့နော်။ အဲဒီကန်ကို နောက်ပြီးတော့ သူတို့ ရေသန့်ကနေပြီးတော့ လာလှူတာ။ လောလောဆယ် သူတို့ စီမံကိန်း ဘတ်ဂျက်ရှိသလောက် တူးသွားတာပေါ့ နော်။ အဲဒီကန်က မိုးတွင်းကျရင် ရေပိုရမယ်။ ရေပိုရရင် ကျနော်တို့ရပ်ကွက် ရေဖူလုံသွားမယ်။ နောက်ပိုင်းကျ လို့ရှိရင် အဲဒီကန်ကြီးကို ကျနော်တို့က ရေသိုလှောင်ကန်ပေါ့၊ သိုလှောင်ကန်လုပ်ပြီး ဖြန့်ဖြူးဖို့ အဲဒီအစီအစဉ် သူတို့လုပ်နေတာတော့ ကျနော် တွေ့ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် တချို့သော ရေကန်များသည် ရေခမ်းခြောက်ကာ တိမ်ကောလာပြီဖြစ်သော်လည်း အသုံးပြု၍ ရနေ သေးကြောင်း၊ အခြေအနေ မဆိုးသေးကြောင်း၊ သို့သော်လည်း မိုးရွာသွန်းမှု နောက်ကျမည်ဆိုပါက အခက်အခဲ ဖြစ်သွားနိုင်သည်ဟု ဒလဒေသခံ ကိုမိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်ပြောချင်တာက နောက် ၁၀ ရက် ၁၅ ရက် ရက် ၂၀ အဲဒီအခြေအနေမှာ ကြည့်ပြီးတော့ ထပ်ပြော လို့ရမှာဗျ။ တကယ်လို့ အဲဒီအခြေအနေပေါ်မှာ ဆိုးလာပြီးတော့ မိုးက နောက်ကျသွားမယ်ဆိုလို့ရှိရင်တော့ တော်တော်ဆိုးသွားလိမ့်မယ်။ ကန်တွေပေါ်မှာလည်း အဲဒီလောက် အဆင်မပြေတော့ဘူး။ တဖြည်းဖြည်းနဲ့ ကန်တွေက တိမ်လာပြီဗျ။ အဲဒီအပေါ်မှာတော့ ကြည့်ရအုံးမှာ လောလောဆယ်တော့ အခြေအနေ သိပ်မဆိုး သေးဘူး” ဟု ပြောသည်။
ဒလမြို့နယ် ရေရှားပါးမှုကို နှစ်စဉ် ရေအလှူရှင်များက လာရောက် လှူဒါန်းလေ့ရှိသော်လည်း ယခုနှစ်တွင် လာရောက်ခြင်း မရှိသေးကြောင်း သိရသည်။
ရေအလှူရှင်များ ရေလှူဒါန်းလိုပါက ယခင်ကကဲ့သို့ လွတ်လပ်စွာ လှူဒါန်းခွင့် မရရှိဘဲ သက်ဆိုင်ရာ စည်ပင် သာယာရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အကြောင်းကြားပြီးမှသာ လှူဒါန်းခွင့် ရရှိသည့်အတွက် ယခုနှစ်တွင် ရေအလှူရှင် လာရောက်မှု မရှိခြင်း ဖြစ်နိုင်သည်ဟု ဒလဒေသခံများက ပြောသည်။
ကန်ရေများတွင် ရေခမ်းခြောက်ချိန်၌ ရေအလှူရှင်များ လာရောက်မှု မရှိပါက ဒေသခံများအနေဖြင့် ရေသန့်များကို ဝယ်ယူသုံးစွဲရမည့် အနေအထား ရောက်သွားမည် ဖြစ်သည်။

- By CNI
- Category: လူမှုဘဝ
- Hits: 840
CNI International News
ဘေကျင်း၊ မတ်လ ၂၁
တရုတ်သည် ၎င်း၏ လူဦးရေ တိုးတက်မှုကို ဆယ်စုနှစ်များစွာကြာ ထိန်းချုပ်ရန်ကြိုးပမ်းခဲ့ရပြီး မိသားစုတစ်စုလျင် ကလေးတစ်ဦးသာ မွေးဖွားခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် လူဦးရေကျဆင်းလာမှုကြောင့် တရုတ်အစိုးရက လူဦးရေအကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းနေရသည်ဟု Newsweek မှ ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက တရုတ်၏ အမျိုးသားစာရင်းဇယားဗျူရိုက နိုင်ငံ့လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်၌ တရုတ်တွင် လူပေါင်း ၈၅၀,၀၀၀ ခန့် လျော့ကျခဲ့ပြီး နိုင်ငံ့လူဦးရေ စုစုပေါင်းသည် ၁ ဒသမ ၄၁ ဘီလျံရှိခဲ့သည်။
နိုင်ငံ၏ စီးပွားရေးကို လျင်မြန်စွာ ချဲ့ထွင်ရန် လုပ်သားအင်အား အများအပြား လိုအပ်နေသည့် တရုတ်အတွက် ထိုကဲ့သို့ ကလေးမွေးဖွားနှုန်း ကျဆင်းမှုသည် အပျက်သဘောဆောင်သော အခြေအနေကို ရောက်ရှိစေခဲ့သည်။
တရုတ် အသက်ရွယ်ကြီးသူများကိုတွေ့ရစဉ်
ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံး နိုင်ငံဖြစ်သည့် တရုတ်၏ လူဦးရေ လျော့ကျလာမှုသည် မကြုံစဖူး အခြေအနေ တစ်ခုဖြစ်သည်ဟု ဒေသတစ်ခုအတွင်း၌ အပိုင်းအခြား တစ်ခုအတွင်း မွေးဖွား၊ သေဆုံး၊ ရောဂါဖြစ်မှုတို့ကို လေ့လာမှု၊ အသက်အရွယ်ကြီးရင့်မှုနှင့် သာတူညီမျှ မရှိမှုတို့ကို လေ့လာသည့် ကျွမ်းကျင်သူဖြစ်သော အမေရိကန် နိုင်ငံ အာဗိုင်း (Irvine) မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ လူမှုဗေဒ ပါမောက္ခတစ်သီးဖြစ်သူ ဝမ်ဖန်း (Wang Feng) က ပြောကြားခဲ့သည်။
"ဒါဟာ ရေရှည်မှာဆိုရင် နောက်ပြန်လှည့်လို့ မရနိုင်တော့ဘဲ ဆိုးဆိုးရွားရွား ကျဆင်းမှု ဖြစ်လာပါလိမ့်မယ်။ ကုလသမဂ္ဂရဲ့ ခန်းမှန်းချက် တစ်ခုမှာဆိုရင် အခုရာစုနှစ်ကုန်ချိန်မှာ တရုတ်ရဲ့ လူဦးရေဟာ အခုရှိနေတဲ့ လူဦးရေရဲ့ ထက်ဝက်ကျော်ကျော်လောက်ပဲ ရှိလာလိမ့်မယ်လို့ ဖော်ပြထားပါတယ်" ဟု ၎င်းက ဆိုသည်။
ထို့ပြင် ထိုနှုန်းအတိုင်း ဆက်သွားမည်ဆိုပါက တရုတ်သည် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး လူဦးရေရှိသည့် နိုင်ငံများစာရင်း၌ ပါဝင်လာမည်ဖြစ်ကြောင်း၊ ၂၀၅၀ ပြည့်နှစ်ဖြစ်သော လာမည့် နှစ်ပေါင်း ၃၀ အတွင်း တရုတ် လူဦးရေ၏ ထက်ဝက်ခန့်ရှိသည့် သက်လတ်ပိုင်း အရွယ်များသည် အသက် ၅၀ ကျော်အရွယ်များ ဖြစ်လာမည် ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်က တရုတ်သည် ပြည်သူများကို ကလေးများ ပိုမိုမွေးဖွားရန် တွန်းအားပေးသည့် ရည်ရွယ်ချက်ဖြင့် ကလေးမမွေးမီနှင့် မွေးဖွားအပြီး ဝန်ဆောင်မှုများကို တိုးမြှင့်ပေးသည့် မူဝါဒအသစ်များကို ပြဋ္ဌာန်းခဲ့သည်။
သို့သော် ထိုအစီအစဉ်များသည် လူဦးရေလျော့ကျမှုကို ပြန်လည်တိုးတက် စေခြင်းမရှိခဲ့ဘဲ ထိုအစီအစဉ်များသည် လုံလောက်ခြင်း မရှိနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
Source: Newsweek

- By CNI
- Category: လူမှုဘဝ
- Hits: 541
CNI International News
အစ္စလာမ်မာဘက်၊ မတ်လ ၁၃
ပါကစ္စတန်နိုင်ငံသားများသည် ဒုံးကျည် အစိတ်အပိုင်းများမှအစ ငွေစက္ကူအတုများအလယ် လူမှောင်ခိုကူးမှုအဆုံး များပြားလှသည့် ကမ္ဘာလုံးဆိုင်ရာ မှောင်ခိုဂိုဏ်းများကို ဦးဆောင်လုပ်ကိုင်နေကြသည်ဟု Al Arabiya မှ ဖော်ပြခဲ့ သည်။
မကြာသေးမီက စပိန်ရဲတပ်ဖွဲ့သည် ဥရောပနှင့် ဥရောပအပြင်ဘက်တွင် ဒေါ်လာ ၁ ဒသမ ၁ သန်း တန်ကြေးရှိ သည့် ၁၀၀ တန် ယူရိုငွေစက္ကူ အတုများကို ဖြန့်နေသည့် ပါကစ္စတန်နိုင်ငံသားအချို့ကို ဖမ်းဆီးရမိခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ အကြီးစား ငွေစက္ကူအတုများ ဖြန့်သည့်ဂိုဏ်းတစ်ခုကို ဖြိုခွင်းခဲ့သည်။
ပါကစ္စတန် ဒုစရိုက်ဂိုဏ်းဝင်များသည် ငွေစက္ကူအတုများကို အကောင်းစား မင်များ၊ ရေစာများနှင့် ထောက်လှမ်း သိရှိရန် ခက်ခဲသည့် နည်းစနစ်များကို အသုံးပြုပြီး ထုတ်လုပ်ခဲ့ကြခြင်းဖြစ်သည်။
ထိုဒုစရိုက်ဂိုဏ်းဝင်များသည် အီတလီနိုင်ငံ၏ နေပယ် (Naples)၊ ရောမ (Rome) နှင့် စပိန်နိုင်ငံ၏ ဘာစီလိုနာ (Barcelona) မြို့များတွင် အခြေစိုက်ပြီး ၎င်းတို့ ထုတ်လုပ်ထားသည့် ငွေစက္ကူအတုများကို အီတလီ၊ ပြင်သစ်၊ ဂရိနှင့် စပိန်နိုင်ငံများတွင် ဖြန့်ခဲ့ကြသည်ဟု ဆိုသည်။
ငွေစက္ကူအတု မှောင်ခိုဂိုဏ်းလုပ်ငန်းများကိုတွေ့ရစဉ်
ဘာစီလိုနာတွင် ငွေစက္ကူအတုများ ပြန့်နှံ့နေကြောင်း တွေ့ရှိခဲ့သည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ၌ စပိန်၊ အီတလီနှင့် ဂရိရဲတပ်ဖွဲ့များက ငွေစက္ကူအတုများနှင့်ပတ်သက်ပြီး သတိပေးနှိုးဆော်မှုများ ထုတ်ပြန်ခဲ့သည်။
ထို့နောက် ပါကစ္စတန်နိုင်ငံသားများကို ဘာစီလိုနာလေဆိပ်တွင် ယူရိုငွေစက္ကူအတု အရွက် ၇၀,၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလကလည်း အမေရိကန်ရေတပ်သည် ယီမင်နိုင်ငံမှ အီရန်သို့ ပို့ဆောင်သည့် နည်းပညာမြင့် ဒုံးကျည် အစိတ်အပိုင်းများနှင့်အတူ ပါကစ္စတန်နိုင်ငံသားများ ပါဝင်သည့် မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။
ပြီးခဲ့သည့်လကလည်း ပါကစ္စတန်နိုင်ငံသားများနှင့် အခြားနိုင်ငံသားများ စနစ်တကျ ဖွဲ့စည်းထားသော လူမှောင်ခို ကူးသည့် ဂိုဏ်းတစ်ဂိုဏ်းကို ဆိုက်ပရပ်စ်နိုင်ငံတွင် ဖော်ထုတ်ဖမ်းနိုင်ခဲ့သည်။
ထိုဖြစ်စဉ်များသည် ပါကစ္စတန်နိုင်ငံသားများ ပါဝင်နေသည့် မှောင်ခိုဂိုဏ်းများထဲမှ မပြောပလောက်သည့် ဂိုဏ်း အနည်းကိုသာ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ် ထိုကဲ့သို့ မှောင်ခိုဂိုဏ်းများ အများအပြား ရှိနေနိုင် သေးသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Al Arabaya

- By CNI
- Category: လူမှုဘဝ
- Hits: 1038
CNI International News
တိုကျို၊ ဖေဖော်ဝါရီ ၂၈
ဂျပန်နိုင်ငံတွင် မွေးကင်းစ ကလေးငယ် အရေအတွက်သည် ၂၀၂၃ ခုနှစ်တွင် ရှစ်နှစ်ဆက်တိုက် စံချိန်တင် ကျဆင်း သွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် အစိုးရ၏ အချက်အလက်များအရ ထိုကဲ့သို့ ကလေးမွေးဖွားနှုန်း ကျဆင်းမှုသည် လူဦးရေ လျော့နည်းလာမှုကို ဟန့်တားရန် ကြိုးပမ်းရာတွင် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်ကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။
၂၀၂၂ ခုနှစ်က ဂျပန်တွင် ကလေးမွေးဖွားနှုန်း ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကလေးပေါင်း ၇၅၈,၆၃၁ ဦး မွေးဖွားခဲ့သည်။
သို့သော် ပြီးခဲ့သည့်နှစ်က ကလေးမွေးဖွားနှုန်း ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကလေးပေါင်း ၄၈၉,၂၈၁ ဦးသာ မွေးဖွားခဲ့သဖြင့် နှစ်ပေါင်း ၉၀ အတွင်း နှစ်စဉ် မွေးဖွားသည့် ကလေးအရေအတွက် ၅၀၀,၀၀၀ အောက် လျော့ကျ ခဲ့သည့် ပထမဆုံးနှစ် ဖြစ်လာခဲ့သည်။
ဂျပန်အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
အစိုးရအဖွဲ့အနေဖြင့် ထိုကဲ့သို့ ကလေးမွေးဖွားနှုန်း ကျဆင်းမှုကို ဖြေရှင်းရန် ကလေးသူငယ် ကျန်းမာရေး စောင့်ရှောက်မှုကို တိုးမြှင့်ခြင်း၊ လူငယ်လုပ်သားများကို လုပ်ခလစာငွေ တိုးမြှင်းခြင်းတို့ကဲ့သို့ လိုအပ်သည့် စီမံကိန်းများ ချမှတ်လုပ်ဆောင်သွားမည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
"ကျဆင်းနေတဲ့ ကလေးမွေးဖွားနှုန်းက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ လူငယ်အရေအတွက် လျင်မြန်စွာ ကျဆင်းနေမယ်ဆိုရင် ဒီအခြေအနေကို ပြန်လည် တည့်မတ်ထိန်းကျောင်းနိုင်ဖို့အတွက် လာမယ့် ခြောက်နှစ်တာ ကာလ ဒါမှမဟုတ် ၂၀၃၀ ပြည့်နှစ် မတိုင်ခင်ကာလဟာ နောက်ဆုံး အခွင့်အရေးတစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိမာဆာဂဟာယာရှီ (Yoshimasa Hayashi)က သတင်းထောက်များကို ပြောကြား ခဲ့သည်။
လူမှုရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ထောက်ရှုပြီး ကလေးမွေးဖွားနှုန်း ကျဆင်း မှုသည် မိမိတို့နိုင်ငံ၏ အဆိုးရွားဆုံး အကျပ်အတည်းတစ်ခု ဖြစ်လာသည်ဟု ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) က ပြောကြားခဲ့သည်။
ဂျပန်၏ လူဦးရေသည် ၂၀၇၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး ၈၇ သန်းသာ ရှိနိုင်လိမ့်မည်ဖြစ်ကာ လူ ၁၀ ဦးတွင် ၄ ဦးသည် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပိုင်းအရွယ်များ ဖြစ်လာလိမ့်မည်ဟု အမျိုးသား လူဦးရေနှင့် လူမှုဖူလုံရေးသုတေသနအဖွဲ့မှ ခန့်မှန်းခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: လူမှုဘဝ
- Hits: 621
CNI International News
တိုကျို၊ ဖေဖော်ဝါရီ ၂၇
ဂျပန်နိုင်ငံတွင် ကျင်းပသည့် ဝတ်လစ်စလစ်ပွဲတော် (naked festival) ကို ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး များပါ ပါဝင်ဆင်နွှဲခဲ့သည်ဟု ဘီဘီစီမှ ဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ထိုပွဲတော် ကျင်းပသည့် နှစ်ပေါင်း ၁၂၅၀ ပြည့် သမိုင်းတစ်လျောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများ ပါဝင်ဆင်နွှဲမှုလည်း ဖြစ်သည်။
မကောင်းဆိုးရွားများကို နှင်ထုတ်ပြီး ပျော်ရွှင်ခြင်းများကို ဆောင်ကြဉ်းရန် ဆုတောင်းသည့် အဆိုပါ ပွဲတော်တွင် အမျိုးသမီးအဖွဲ့ ၇ ဖွဲ့ ပါဝင်ခဲ့ကြသည်။
ဂျပန်မှာ ကျင်းပတဲ့ ဝတ်လစ်စလစ်ပွဲတော်ကို တွေ့ရစဉ်
ပွဲတော်၏ အမည်မှာ ဝတ်လစ်စလစ်ပွဲတော် ဖြစ်သော်လည်း ထိုပွဲတော်တွင် ပါဝင်သူတိုင်းသည် အဝတ်အစား ဗလာဖြင့် မဟုတ်ဘဲ အဝတ်အစားများ ဝတ်ဆင်ကြသူများစွာ ရှိခဲ့သည်။
“ဒီပွဲမှာ အမျိုးသမီးတွေလည်း ပါဝင်နိုင်တယ်လို့ ကျမ ကြားသိခဲ့ရပါတယ်။ အဲဒါကြောင့် ကျမလည်း စိတ်လှုပ်ရှားမှု တွေနဲ့အတူ ပါဝင်ဆင်နွှဲခဲ့တာပါ” ဟု အသက် ၅၉ နှစ်အရွယ် အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့် အီမီ တာချီဘာနာ (Emi Tachibana) က ပြောကြားခဲ့သည်။
ဝတ်လစ်စလစ်ပွဲတော်မှာ ဂျပန်အမျိုးသမီးတွေကို တွေ့ရစဉ်
ဂျပန်တွင် ကျား/မ ကွာဟချက် ကျဉ်းမြောင်းလာစေရန်နှင့် ကျား/မ လူဦးရေ တူညီစေရန် ရုန်းကန်နေရသည်ဟု စစ်တမ်းတစ်ရပ် ထွက်ပေါ်ခဲ့ပြီးနောက် ဂျပန်အစိုးရကလည်း ထိုပွဲတော်တွင် အမျိုးသမီးများကို ပါဝင်လာစေရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။
ဂျပန်သည် ကမ္ဘာပေါ်တွင် ကျား/မ ကွာဟချက် ကြီးမားမှု စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံပေါင်း ၁၄၆ နိုင်ငံတွင် ၁၂၅ နေရာမှ ရပ်တည်နေကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်က ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။
Source: ဘီဘီစီ