CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀

နေပြည်တော်ကောင်စီနယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ မိတ္ထီလာဒေသကိုလည်း စံပြနေရာ တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က မိတ္တီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိတ္ထီလာဒေသနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ အရှေ့အနောက်တောင်မြောက်ဆုံသည့် နေရာတွင်ရှိပြီး လမ်းပန်း ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်၍ အချက်အချာကျသည့် လမ်းဆုံမြို့တစ်ခုဖြစ်ကြောင်း၊ မိတ္ထီလာဒေသ၏ အကျယ်အဝန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ၏ အကျယ်အဝန်းမှာ ကွာဟမှု အနည်းငယ် သာ ရှိသသဲ့သို့ လူဦးရေအနေဖြင့်လည်း မိတ္ထီလာတွင် ၉ သိန်းကျော်ခန့်ရှိပြီး နေပြည်တော်တွင် ၁ သန်းကျော် ခန့်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နေပြည်တော်ကောင်စီနယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ မိတ္ထီလာဒေသကိုလည်း စံပြနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ တည်နေရာ အနေအထားအရ နိုင်ငံ၏အလယ်ပိုင်း၌ရှိသည့်အပြင် ကုန်သွယ်မှုတွင် ဗဟိုကျပြီး အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သကဲ့သို့ ပညာရေးနှင့် ပတ်သက်လည်း တက္ကသိုလ်၊ ကောလိပ်များ ပြည့်စုံ စွာတည်ရှိသည့် ခရိုင်တစ်ခုဖြစ်ကြောင်း၊ သွားလာမှုနှင့်ပတ်သက်၍လည်း အဆင်ပြေလွယ်ကူသည့် မြေအနေ အထားကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့သည့် ဒေသတစ်ခုဖြစ်တယ်”ဟု ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က ၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ မင်းနေပြည်တော်အဖြစ် သတ်မှတ်ခဲ့သည်။

ထို့နောက် အစိုးရဌာနဆိုင်ရာများနှင့် စစ်ဘက်ဌာနဆိုင်ရာရုံးများကို ရွှေ့ပြောင်း၍ မြန်မာနိုင်ငံအား အုပ်ချုပ် လျက်ရှိသည်။

နေပြည်တော်တွင် ၁၆ လမ်းသွား လမ်းမကျယ်ကြီးများနှင့် ၈ လမ်းသွား လမ်းမကျယ်ကြီးများ တည်ဆောက် ထားသလို အရှေ့တောင်အာရှမှာ ဉာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် (မာရဝိဇယရုပ်ပွားတော်)ကြီးကိုလည်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပြီးသတ် တည်ထားခဲ့သည်။

မိတ္ထီလာမြို့ကတော့ တပ်မတော်၏ စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ရာ ဒေသဖြစ်သလို တပ်မတော်၏ တပ်မှူးကြီးများ ညီလာခံကို ကျင်းပလေ့ရှိသော ဒေသဖြစ်င တပ်မြို့ဟုလည်း နာမည်ကြီးသည်။