
- By CNI
- Category: လူမှုဘဝ
- Hits: 1671
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၂
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ခရီးစဉ်ကနေ ပြန်လည်ရောက်ရှိလာပြီနောက်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှာ ကထိန်သင်္ကန်းကပ်လှူဒါန်းပွဲ လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒ သုဗောဓာရုံကျောင်းတိုက်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်နေ့အထိ သွားရောက်ခဲ့ပြီး စီးပွားရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးများကို တက်ရောက် ဆွေးနွေးခဲ့သည်။
ထို့နောက် တရုတ်ဝန်ကြီးချုပ် လီချန်၊ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်၊ လာအိုဝန်ကြီးချုပ် ဆီဖန်ဒုံ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်စ်တို့နှင့် သီးခြားစီ တွေ့ဆုံ၍ မြန်မာ့အရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ကုန်သွယ်ရေး ကိစ္စ များကို ဆွေးနွေးခဲ့သည်။
တရုတ်ခရီးစဉ်ကနေ နိုဝင်ဘာ ၁၀ ရက်နေ့က ပြန်လည်ရောက်ရှိလာပြီးနောက် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကထိန် သင်္ကန်းကပ်လှူဒါန်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

- By CNI
- Category: လူမှုဘဝ
- Hits: 1679
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂
ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီသည် မိမိတို့ နိုင်ငံအတွင်း၌ရှိသည့် မတူကွဲပြားသည့် ဘာသာဝင်များအကြား သင့်မြတ်ညီညွတ်မှုကို ပြသနေခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်စဉ် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
နစကဥက္ကဌက “ ယခုနှစ်ကျင်းပသည့် ဒီပါဝလီနေ့ အထိမ်းအမှတ် အခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ မြန်မာနိုင်ငံအတွင်း၌ရှိသည့် ဟိန္ဒူဘာသာရေး အဖွဲ့အစည်းများ အပါအဝင် လူမှုရေးအဖွဲ့အစည်းများ အားလုံးနှင့် ဘာသာဝင်များ၊ အခြားသော ဘာသာဝင်များ စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားခြင်း ဖြစ် ကြောင်း၊ ယင်းသည် မိမိတို့နိုင်ငံအတွင်း၌ရှိသည့် မတူကွဲပြားသည့် ဘာသာဝင်များအကြား သင့်မြတ်ညီညွတ်မှုကို ပြသနေခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း” ပြောသည်။
ထို့နောက် ဟိန္ဒူဘာသာဝင်များအားလုံး စုစုစည်းစည်း ပါဝင်ဆင်နွှဲခြင်းသည် မှတ်တိုင်တစ်ခုဖြစ်သည့်အတွက် မိမိ အနေဖြင့် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ၎င်းက ပြောသည်။
မိမိတို့ မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော် လည်း အမိမြေပေါ်တွင် အတူတကွ ကြီးပြင်းလာကြသူများ ဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ယုံ ကြည်ရာ ဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ ပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများကတဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်းသယ်ပိုးသွားကြစေလိုကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 2048
CNI International News
ဟောင်ကောင်၊ အောက်တိုဘာ ၃၁
ဟောင်ကောင်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသဖြင့် ၂၀၄၆ ခုနှစ်တွင် ဟောင်ကောင်နယ်နိမိတ်အတွင်းသို့ လူပေါင်း ၁ သန်းကျော် ဝင်ခွင့်ပေးမည့် ရည်မှန်းချက်နှင့်အတူ တရုတ်ပြည်မကြီးတွင် နေထိုင်သူများကို ဟောင်ကောင်သို့ လာရောက်နေထိုင်ရန် လမ်းဖွင့်ပေးထားကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဟောင်ကောင်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသည့်အပြင် ပညာရှင်များနှင့် ပါရမီရှင် အများအပြားက ပြည်ပ နိုင်ငံများသို့ အစုလိုက်အပြုံလိုက် ထွက်ခွာနေမှုကြောင့် လူဦးရေ ကျဆင်းမှုကို ပြန်လည်ကာမိစေရန် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီ (John Lee) သည် ယခုလ အစောပိုင်းက အစိုးရအဖွဲ့၏ အဓိကမူဝါဒကို မိန့်ခွန်းပြောကြားခဲ့ချိန်တွင် ကျွမ်းကျင်ပညာရှင်များအား ဟောင်ကောင်သို့ လာရောက်စေမည့် အစီအစဉ်များကို အလေးထား ပြောဆိုခဲ့သည်။
ထိုအစီအစဉ်များတွင် တရုတ်ပြည်မကြီးမှ ဘွဲ့ရပညာတတ် လူငယ်များကို ဟောင်ကောင်သို့ ဝင်ရောက်ခွင့် တားမြစ် ကန့်သတ်ချက်များအား ဖြေလျှော့ပေးမည့် အစီအစဉ်လည်း ပါဝင်ခဲ့သည်။
ဂျွန်လီသည် ၂၀၂၃ ခုနှစ်ကလည်း ဟောင်ကောင်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းမှုကို ပြန်လည်မြင့်တက်စေရန် ဆုငွေပေးသည့် အစီအစဉ်ကို စတင်ကျင့်သုံးခဲ့သည်။
ဟောင်ကောင် ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
ထိုအစီအစဉ်အရ ကလေးမွေးဖွားသည့် အိမ်ထောင်စု တစ်စုချင်းစီတိုင်းကို ကလေးတစ်ဦးစီအတွက် ဟောင်ကောင် ဒေါ်လာ ၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၅၅၇ ဒေါ်လာ) ဆုကြေးငွေပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
ထို့ကြောင့် ကလေးရှိသည့် အိမ်ထောင်စုများ အနေဖြင့်လည်း အစိုးရ၏ ထောက်ပံ့မှုများကို လွယ်ကူစွာ ရရှိလိမ့် မည်ဟု ကမ်းလှမ်းခဲ့သည်။
ဟောင်ကောင်တွင် ၂၀၂၃ ခုနှစ်မတိုင်မီ ပြီးခဲ့သည့် ၄ နှစ်အတွင်း ကလေးမွေးဖွားနှုန်း ၄၀ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ပြီး အရေအတွက်အရ ၂၀၁၉ ခုနှစ်တွင် ကလေးမွေးဖွားသည့် အရေအတွက် ၅၂,၉၀၀ မှ ၂၀၂၂ ခုနှစ်တွင် ကလေး မွေးဖွားသည့် အရေအတွက် ၃၂,၅၀၀ အထိ လျော့ကျခဲ့သည်။
ဟောင်ကောင်၏ ကလေးမွေးဖွားနှုန်း စုစုပေါင်းတွင် အမျိုးသမီးတစ်ဦးသည် ၎င်း၏ တစ်သက်တာ ကာလအတွင်း ကလေးမွေးဖွားနိုင်ခြေသည် ၀ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့ပြီး ထိုနှုန်းထားသည် ကမ္ဘာပေါ်တွင် အနိမ့်ဆုံးနှုန်းထား ဖြစ်သည်။
Source: Nikkei Asia

- By CNI
- Category: လူမှုဘဝ
- Hits: 2626
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂
ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ လျှပ်စစ်မီတာခများကို ၂ ဆကျော် တိုးကောက်ခံနေပြီး ထိုသို့ မီတာခ ကောက်ခံရာတွင် ယူနစ်များ မှားယွင်းဖတ်ကာ မီတာခများ တိုးမြှင့်ကောက်ခံနေမှုများ ရှိနေခြင်းကြောင့် စနစ်တကျကောက်ခံရန် လိုအပ်သည်ဟု ပြည်သူများက ထောက်ပြနေကြသည်။
အမှန်တကယ် သုံးစွဲနေသည့် မီတာယူနစ်ပမာဏနှင့် လျှပ်စစ်ရုံးမှ ကောက်ခံနေသည့် မီတာယူနစ်ပမာဏ ကွာခြားမှုများ ရှိနေပြီး သုံးစွဲသူ ပြည်သူများအနေဖြင့် ပို၍ ပေးဆောင်လိုက်ရသည်များလည်း ရှိနေသည်။
ထို့ကြောင့် မီတာခများကို စနစ်တကျ ကောက်ခံရန် လိုအပ်သည်ဟု မန္တလေးမြို့မှ စာရေးဆရာ ဦးဆူးငှက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မီတာခကိုလည်း စနစ်တကျ ကောက်တာမျိုး ပိုကောင်းတယ်။ ပေးတာပေးလိုက်ရတယ်။ တကယ်ရော ကိုယ့်မီတာ ဟုတ်ရဲ့လားဆိုတာ ဘယ်သူမှ မစစ်နိုင်ဘူးလေ။ သာမန်လူအဖို့ စစ်လည်း မစစ်တတ်ဘူးလေ။ ငါတို့ လည်း မစစ်တတ်ဘူး။ ဆိုကြပါဆို့ မီတာမှာ ကျနေတဲ့ မီတာက ကျနေတဲ့နံပါတ်နဲ့ သူတို့ ကောက်သွားတာက ကိုက်ချင်မှလည်း ကိုက်တာလေ။ သူတို့ လျော့ကောက်တာလည်း ရှိတယ်။ ပိုကောက်တာလည်း ရှိတယ်။ သူတို့ကို ကွန်ပလိန်းတက်တဲ့အခါမှာ သူတို့ဘက်က ဆင်ခြေတွေက အများကြီးပဲ။ အဲဒါတွေက စနစ်မကျဘူး။ မီတာ ကောက်တာတွေလည်း စနစ်မကျတာ အများကြီးပါတယ်” ဟု ပြောသည်။
လျှပ်စစ်မီးမှောင်နေစဉ်
လက်ရှိတွင် အလှည့်ကျ မီးပေးသည့်စနစ်ဖြင့် လျှပ်စစ်မီး ပေးနေသော်လည်း ယခင်ကထက် မီးပျက်ချိန် ပို၍ များလာနေကြောင်း၊ လျှပ်စစ်မီး ပုံမှန်မလာသည့်အပြင် မီတာခ တိုး၍ပေးနေရသည့် အခြေအနေ ဖြစ်နေသည်။
စာရေးဆရာ ဦးဆူးငှက်က “မီးများ ၂၄ နာရီ လာရင်တော့ မလွယ်ဘူး။ အခု ပုံမှန်ပြောကြဆို့ဆို ၂၀,၀၀၀ ကျော်၊ ၂၀,၀၀၀ လောက်ကျတဲ့ အိမ်တစ်အိမ်က ၆၀,၀၀၀၊ ၈၀,၀၀၀ လောက် ကျနေတယ်။ ငါတို့အိမ်ဆို အရင် ပုံမှန် ၂၀,၀၀၀ ကျော်။ ၂၃,၀၀၀၊ ၂၄,၀၀၀ ဝန်းကျင် မီတာတစ်လုံးကို။ အခု ပြီးခဲ့တဲ့ နောက်ဆုံး ဆောင်လိုက်ရတာဆိုရင် ၈၆,၀၀၀၊ ၈၄,၀၀၀။ ဒါတောင် ဟိုလိုကြီး သုံးတာ မဟုတ်သေးဘူး ပုံမှန်ပဲ။ အထွေထွေ ကုန်ဈေးနှုန်းပါ တက်ရတဲ့ အထဲ မီတာခပါ တက်တော့ ကျန်တဲ့စရိတ်ပါ ထပ်တက်တာပေါ့” ဟု ပြောသည်။
မီတာခများသည် အိမ်သုံးအမျိုးအစား၊ လုပ်ငန်းသုံးအမျိုးအစား ၂ မျိုးလုံး ၂ ဆကျော် တက်သွားခြင်းဖြစ်ပြီး ကုန်ဈေးနှုန်း အဆင်မတန် ကြီးမားနေသည့်အချိန်၊ အလုပ်အကိုင် အဆင်မပြေသည့်အချိန်တွင် မီတာခ တက်လာ ခြင်းကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ပို၍ ခက်ခဲလာမည် ဖြစ်သည်။
လျှပ်စစ်မီတာစာရွက်ကိုတွေ့ရစဉ်
ထို့အပြင် အိမ်ခန်းငှားနေရသည့် စက်ရုံအလုပ်သမားများတွင်လည်း မီတာခဈေးနှုန်း တက်လာခြင်းကြောင့် မီတာ ဆောင်နေရသော အိမ်ပိုင်ရှင်က အိမ်လခများ တိုးလာနိုင်သည့် အခြေအနေနှင့် ကြုံနေရသည်ဟု ဒဂုံဆိပ်ကမ်း မြို့နယ်မှ စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မနှင်းနန္ဒာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မီတာတက်လို့ရှိရင် အိမ်လခကတော့ မီတာဆောင်ရရင် ဆောင်ရသလို တက်လာမှာပဲ။ မီတာချိန်လို့ အိမ်လခ တက်လာမယ်ဆိုလို့ရှိရင် အခက်အခဲ ဖြစ်တာပေါ့။ အခန်းတွေကလည်း သိပ်ပြီးတော့ အဆင်မပြေ ကြဘူး။ အလုပ်အကိုင်တွေကလည်း သိပ်ပြီးတော့ အဆင်မပြေကြဘူး။ ဒီအတိုင်းထားလို့ရင် အဆင်မပြေဘူး၊ အိမ်လခ တက်မယ်ဆိုရင်လည်း တက်ပေါ့။ ဒါမှမဟုတ် မီတာခ သူ့ချိန်ရင်လည်း ချိန်ပေါ့။ မီတာခ ကိုယ့်ဘာသာ ကိုယ် ဆောင်ရင်တော့ မဆောင်နိုင်ဘူးပေါ့။ အလုပ်အကိုင်တွေက အဆင်မပြေဘူး၊ ပိုက်ဆံကလည်း အဆင်မပြေ ဘူးဆိုတော့ မဆောင်နိုင်ဘူးပေါ့၊ အိမ်လခ တက်မယ်ဆိုလည်း တက်ပေါ့။ အိမ်လခက အခု ၆၀,၀၀၀ လောက်ဆို ပုံမှန်ဆိုလို့ရှိရင် သိပ်ပြီးတော့ အဆင်မပြေနိုင်ကြဘူးပေါ့။ နောက်ထပ် ထပ်တိုးမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ပိုဆိုး သွားလိမ့်မယ်။ မီတာပဲ လျှော့သုံးပေါ့” ဟု ပြောသည်။
ကုန်ဈေးနှုန်း ကြီးမြင့်နေချိန် မီတာခ ဈေးတက်လာခြင်းကြောင့် လျှပ်စစ်မီး သုံးစွဲမှုကို ချွေတာလာမှုများ ရှိနေ ကြောင်း၊ ထိုသို့ ချွေတာမှုကြောင့် ညအချိန်တွင် အမှောင်ကို အားကိုး၍ လုပ်ဆောင်နေကြသည့် ဒုစရိုက်မှုနှင့် လုယက်မှုများ၊ ပစ္စည်းခိုးမှုများ ပို၍ ဖြစ်ပေါ်လာနေသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 1362
CNI International News
ဟာဗားနား၊ အောက်တိုဘာ ၂၁
ကျူးဘားနိုင်ငံတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်နေသဖြင့် တစ်နိုင်ငံလုံး အမှောင်ကျသွားခဲ့ပြီး လျှပ်စစ် ဓာတ်အားများ ပြန်လည်ရရှိရန် အားထုတ်ကြိုးပမ်းမှုလည်း အောင်မြင်ခြင်းမရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုကို ပြန်လည်ထူထောင်ရန် ရုန်းကန်နေရသည့် အစိုးရ၏ စွမ်းဆောင် ရည်အပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
ကျူးဘား၏ အကြီးဆုံး ဓာတ်အားပေးစက်ရုံ လည်ပတ်မှု ရပ်တန့်ခဲ့ပြီးနောက် နိုင်ငံပိုင်လျှပ်စစ် ဓာတ်အားလိုင်း သည် အောက်တိုဘာ ၁၈ ရက် မွန်းတည့်ချိန်ကတည်းက ပထမဆုံးအကြိမ် ပြတ်တောက်သွားခဲ့သည်။
ထို့နောက် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် ထိုဓာတ်အားလိုင်း နောက်တစ်ကြိမ် ပြတ်တောက် သွားခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ကျူးဘားနိုင်ငံအတွင်းက ပြည်သူများကိုတွေ့ရစဉ်
အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် လျှပ်စစ်ဓာတ်အားလိုင်းကို ပြန်လည်ချိတ်ဆက်ရန် အားထုတ်ကြိုးပမ်းမှု များသည် တိုးတက်မှုရရှိခဲ့သော်လည်း နောက်တစ်ကြိမ် ထပ်မံပြတ်တောက်သွားခဲ့သည်။
ကျူးဘား၏ စွမ်းအင်ဝန်ကြီးဌာနကမူ ဟာဗားနား ( Havana) မြို့တော် အပါအဝင် အနောက်ဘက် ဓာတ်အားခွဲ စနစ်တွင် နောက်တစ်ကြိမ် ပြတ်တောက်မှု ဖြစ်ပွားနေသဖြင့် ပြန်လည်ချိတ်ဆက်ရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
အစားအစာများ၊ ဆေးဝါးများနှင့် လောင်စာပြတ်လပ်မှုများကို ခံစားနေရသည့် ကျူးဘားပြည်သူများအတွက် ယခု ကဲ့သို့ လျှပ်စစ်ဓာတ်အားများ အချိန်ကြာမြင့်စွာ ပြတ်တောက်နေမှုသည် နောက်ထပ် စိတ်ပျက်စရာကောင်းသည့် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။
ကျူးဘားအစိုးရကမူ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်က ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများ အပါအဝင် အမေရိကန်၏ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် နိုင်ငံအတွင်း လောင်စာနှင့် အခြားအခြေခံ ကုန်ပစ္စည်းများ ပြတ်လပ်ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။
Source: Reuters

- By CNI
- Category: လူမှုဘဝ
- Hits: 2365
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁
နေပြည်တော် တပ်ကုန်းမှ ရေဘေးသင့်ဒဏ်ခံခဲ့ရသော ဒေသများသို့ သိန်း ၁၂၇၅ ကျပ် တန်ဖိုးရှိသည့် သွပ်များကို လူမှုကူညီရေး အသင်းများမှ လှူဒါန်းနေကြောင်း သိရသည်။
ထို သွပ်များအား ပဲခူးမြို့ရှိ လမင်း သွပ်စက်ရုံမှ စျေးလျှော့ရောင်းပေးပြီး တပ်ကုန်းမြို့နယ် အတွင်း ရေဘေးကြောင့် အိမ်အလုံးလိုက် ပါသွားခဲ့သည့် ဒေသများသို့ သွားရောက်လှူဒါန်းမည် ဟုသိရသည်။
တပ်ကုန်းမြို့ရှိ ရေတွင်းဖြူ ၂၂ အိမ်၊ ညောင်ပင်သာ ၂၃ အိမ်၊ ချောင်းခွ ၅ အိမ်၊ နောင်ခမ်း ၂၇ အိမ်၊ လက်ပံကုန်း ၁၀ အိမ်နှင့် ရှောက်ကုန်း ၁၃ အိမ် လှူဒါန်းပြီးဖြစ်သည်ဟု ဖြူစင်မေတ္တာ ပရဟိတအသင်း(ရန်ကုန်) ၏ ဖေ့စ်ဘွတ်ခ်လူမှုမီဒီယာတွင် ဖော်ပြထားသည်။
ထို့နောက် ကြို့ကုန်း ၁၀ အိမ်၊ ဖောင်းတော ၁၅ အိမ်၊ သစ်ဆိမ့်ပင် ၁၆ အိမ်၊ ငါးတဲစု ၆၆ အိမ်၊ လက်ပံပု ၁၆ အိမ်၊ ကန်ကြီး ၂၇ အိမ်၊ သရက် ၅ အိမ်နှင့် ကင်းသာလမ်းခွဲ (စုံစမ်းဆဲ) တို့အား ထပ်မံလှူဒါန်းရန် စီစဥ်ထားကြောင်း သိရသည်။
လှူဒါန်းမည့် သွပ်များကို တွေ့ရစဥ်
ထို့အတူ စက်တင်ဘာ ၂၇ ရက်နေ့တွင် သပြေကုန်း ၁၀ အိမ်၊ ကြို့ကုန်း ၁၁ အိမ်၊ လက်ပံပု ၁၄ အိမ်နှင့် သရက်အုပ် ၅ အိမ်တို့အား ထပ်မံလှူဒါန်းပြီးကြောင်း သိရသည်။
အိမ်ထောင်စု စုစုပေါင်း ၂၅၅ စုအား တစ်အိမ်လျှင် သွပ်အချပ် ၂၀ (ငါးသိန်းဖိုး) စုစုပေါင်း တန်ဖိုးငွေ ၁၂၇၅ သိန်းဖိုး လှူဒါန်းမှာဖြစ်သည်။
သွပ်လိုအပ်နေသော ရွာများ ထပ်မံပေါ်ပေါက် လာပါကလည်း လှူဒါန်းသွားမည်ဟုသိရသည်။
ပရဟိတ လူမှုကူညီရေး အသင်များမှ စုပေါင်းကူညီ လှူဒါန်းခြင်းဖြစ်ပြီး သကျနွယ်အသင်း (ပဲခူး)၊ အနာဂတ်ကြယ်ပွင့် သွေးလှူရှင်အသင်း (ပဲခူး)၊ မေတ္တာရွှေစင် (ပဲခူး)၊ ကိုအလုံး (ဝေါ) နှင့် ဖြူစင်မေတ္တာ (ရန်ကုန်) တို့မှ စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 1960
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀
နေပြည်တော်ကောင်စီနယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ မိတ္ထီလာဒေသကိုလည်း စံပြနေရာ တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က မိတ္တီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိတ္ထီလာဒေသနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ အရှေ့အနောက်တောင်မြောက်ဆုံသည့် နေရာတွင်ရှိပြီး လမ်းပန်း ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်၍ အချက်အချာကျသည့် လမ်းဆုံမြို့တစ်ခုဖြစ်ကြောင်း၊ မိတ္ထီလာဒေသ၏ အကျယ်အဝန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ၏ အကျယ်အဝန်းမှာ ကွာဟမှု အနည်းငယ် သာ ရှိသသဲ့သို့ လူဦးရေအနေဖြင့်လည်း မိတ္ထီလာတွင် ၉ သိန်းကျော်ခန့်ရှိပြီး နေပြည်တော်တွင် ၁ သန်းကျော် ခန့်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နေပြည်တော်ကောင်စီနယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ မိတ္ထီလာဒေသကိုလည်း စံပြနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ တည်နေရာ အနေအထားအရ နိုင်ငံ၏အလယ်ပိုင်း၌ရှိသည့်အပြင် ကုန်သွယ်မှုတွင် ဗဟိုကျပြီး အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သကဲ့သို့ ပညာရေးနှင့် ပတ်သက်လည်း တက္ကသိုလ်၊ ကောလိပ်များ ပြည့်စုံ စွာတည်ရှိသည့် ခရိုင်တစ်ခုဖြစ်ကြောင်း၊ သွားလာမှုနှင့်ပတ်သက်၍လည်း အဆင်ပြေလွယ်ကူသည့် မြေအနေ အထားကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့သည့် ဒေသတစ်ခုဖြစ်တယ်”ဟု ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က ၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ မင်းနေပြည်တော်အဖြစ် သတ်မှတ်ခဲ့သည်။
ထို့နောက် အစိုးရဌာနဆိုင်ရာများနှင့် စစ်ဘက်ဌာနဆိုင်ရာရုံးများကို ရွှေ့ပြောင်း၍ မြန်မာနိုင်ငံအား အုပ်ချုပ် လျက်ရှိသည်။
နေပြည်တော်တွင် ၁၆ လမ်းသွား လမ်းမကျယ်ကြီးများနှင့် ၈ လမ်းသွား လမ်းမကျယ်ကြီးများ တည်ဆောက် ထားသလို အရှေ့တောင်အာရှမှာ ဉာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် (မာရဝိဇယရုပ်ပွားတော်)ကြီးကိုလည်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပြီးသတ် တည်ထားခဲ့သည်။
မိတ္ထီလာမြို့ကတော့ တပ်မတော်၏ စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ရာ ဒေသဖြစ်သလို တပ်မတော်၏ တပ်မှူးကြီးများ ညီလာခံကို ကျင်းပလေ့ရှိသော ဒေသဖြစ်င တပ်မြို့ဟုလည်း နာမည်ကြီးသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 2986
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄
မြန်မာရေဘေးသင့် ပြည်သူများအတွက် သြစတြေးလျနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၇ သန်း ထပ်မံလှူဒါန်း မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
သြစတြေးလျ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အစီအစဥ်များမှတစ်ဆင့် အကူအညီ လိုအပ်နေသူများအား ဆက်လက်ပံ့ပိုးလျက်ရှိသည်။
အကူအညီ လိုအပ်နေသူ အားလုံးထံသို့ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးမှုများအား ပို့ဆောင်ပေးအပ် နိုင်စေရန် အတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုထားကြောင်း သိရသည်။
ထိုအမေရိကန်ဒေါ်လာ ၁.၇ သန်းအား ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ရေနှင့် ခိုနားရန် နေရာများ ပေးအပ်ပံ့ပိုးရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရေဘေးသင့် အခြေအနေကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ရေဘေးကြောင့် လူနေအိမ် ၂၁၁၆ လုံး ပျက်စီးပြီး ၁၅၈,၃၇၃ လုံး ရေနစ်မြှုပ်ခဲ့၍ အစိုးရက ရေဘေး ကယ်ဆယ်ရေးစခန်း ၄၃၈ ခုဖွင့်လှစ်ကာ အိမ်ထောင်စု ၄၂,၈၅၈ စု၊ လူဦးရေ ၁၆၃,၇၈၀ ဦးကို ရွှေ့ပြောင်း ပေးခဲ့သည်။
အလားတူ ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှငိ့ ဆက်သွယ်ရေးတိုင်များ ပျက်စီးခဲ့ကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈,၃၄၄ ကောင်သေဆုံးပြီး စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆၄၃,၀၈၁ ဧက ရေနစ်မြှုပ်ခဲ့သည်။