CNI International News

တိုကျို၊ ဖေဖော်ဝါရီ ၂၈

၂၀၂၄ ခုနှစ်က ဂျပန်တွင် မွေးဖွားခဲ့သည့် ကလေးအရေအတွက်သည် ၇၂၀,၉၈၈ ဦး(၇ သိန်းကျော်)အထိ စံချိန်တင် ကျဆင်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအခြေအနေသည် ၉ နှစ်ဆက်တိုက် ကလေးမွေးဖွားနှုန်း ကျဆင်းခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း ဖူမီယို ကီရှီဒါ (Fumio Kishida) သည် ကလေးမွေးဖွားမှုကို မြှင့်တင်ရန် အစီအစဉ်များ ဖော်ဆောင်ခဲ့သည့်တိုင် ၂၀၂၄ ခုနှစ်အတွင်း ကလေးမွေးဖွားနှုန်း ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်က ဂျပန်နိုင်ငံတွင် သေဆုံးသူ အရေအတွက် ၁ ဒသမ ၆၂ သန်းရှိခဲ့သဖြင့် ကလေးမွေးဖွားနှုန်းနှင့် သေဆုံးမှုနှုန်းသည် အချိုးအစားမမျှတခဲ့ဘဲ အချိုးကျ တွက်ကြည့်ရမည်ဆိုပါက သေဆုံးသူ ၂ ဦးကျော်ရှိနေချိန်တွင် မွေးဖွားသူ ၁ ဦးသာ ရှိခဲ့သည်။

ဂျပန်မိခင်နဲ့ကလေးငယ်ကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်အတွင်း ဂျပန်၏ အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံတွင် ၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သေဆုံး သူနှုန်း မြင့်တက်ခဲ့သော်လည်း တောင်ကိုရီးယား လူငယ်များသည် အိမ်ထောင်ပြုပြီး ကလေးယူမှု မြင့်တက်ခဲ့ သဖြင့် ဂျပန်လောက် သေဆုံးနှုန်းနှင့် မွေးဖွားနှုန်း အချိုးမညီသည့် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းမရှိပေ။

ဂျပန်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ထောင်ပြုသည့် အရေအတွက် ကျဆင်းခဲ့သဖြင့် ကလေးမွေးဖွားနှုန်းလည်း ကျဆင်းခြင်းဖြစ်ကြောင်း ဂျပန်သုတေသနဌာနမှ စီးပွားရေးပညာရှင် တာကူမီ ဖူဂျီနာမီ (Takumi Fujinami) က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း ဂျပန်တွင် အိမ်ထောင်ပြုသူ အရေအတွက် ၄၉၉,၉၉၉ ဦး(၅ သိန်းဝန်းကျင်)ရှိခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၂ ဒသမ ၂ ရာခိုင်နှုန်းသာရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင်မူ ၁၂ ဒမသ ၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

“အဲဒီလို အိမ်ထောင်ပြုတဲ့ လူဦးရေ ကျဆင်းခဲ့တဲ့ နောက်ဆက်တွဲ ဂယက်ဟာ ၂၀၂၅ ခုနှစ်ကိုလည်း ရိုက်ခတ် နိုင်ခြေရှိပါတယ်”ဟု ဖူဂျီနာမီက ပြောကြားခဲ့သည်။

အနောက်နိုင်ငံများနှင့် မတူသည့် အချက်မှာ ဂျပန်တွင် လက်မထပ်ဘဲ အတူနေသည့် စုံတွဲများသည် ကလေးယူရန် တွန့်ဆုတ်နေခြင်းဖြစ်သဖြင့် လက်ထပ်ပြီးမှ ကလေးယူသော အလေ့အထက ပိုမိုအားကောင်းနေခြင်းဖြစ်သည်။

Source: ရိုက်တာ