CNI International News
နယူးဒေလီ၊ ဇန်နဝါရီ ၁၅
အိန္ဒိယနိုင်ငံ ပရာယာဂရက်ဂျ် (Prayagraj) မြို့တွင် ခြိုးခြံ ခေါင်းပါးစွာ ကျင့်ကြံအားထုတ်နေသည့် ကျင့်စဉ်ကို ကျင့်ကြံနေသော ဟိန္ဒူ တပသီများက ဇန်နဝါရီ ၁၄ ရက်တွင် ပြာများကို ခန္ဓာကိုယ်တွင်လိမ်းခြယ်ပြီး မြစ်များထဲသို့ ဆင်းကာ ရေချိုးသန့်စင်ပွဲတော် ကျင်းပနေကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုပွဲတော်ကို မဟာ ပစ်ချာ ပွဲတော် (Great Pitcher Festival) သို့မဟုတ် Maha Kumbh Mela ပွဲတော်၏ ပထမဆုံး တော်ဝင်ရေချိုးသန့်စင်ပွဲအဖြစ် လူသိများသည်။
ထိုတော်ဝင်ရေချိုးသန့်စင်ပွဲသည် ပရာယာဂရက်ဂျ်မြို့တွင် ၁၂ နှစ်လျှင်တစ်ကြိမ် ကျင်းပသည့် မဟာပစ်ချာ ပွဲတော်၏ အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည်။
ထိုကဲ့သို့ ရေချိုးသန့်စင်မှုသည် ၎င်းတို့၏ အပြစ်များကို ပြေပျောက်စေရန် အထောက်အကူ ဖြစ်စေပြီး မွေးဖွားခြင်း နှင့် သေဆုံးခြင်း သံသရာမှ လွတ်မြောက်စေနိုင်ကြောင်း ဟိန္ဒူဘာသာဝင်များက ယုံကြည်သက်ဝင်ထားကြသည်။
ပုတီးများကိုသာ ဝတ်ဆင်ထားသည့် တပသီများနှင့် လှံများ တောင်ဝှေးများကို ကိုင်ဆောင်ထားသည့် တပသီများ သည် ၎င်းတို့၏ ထုံးတမ်းဓလေ့ ကျင့်စဉ်များကို ပြုလုပ်နေချိန်တွင် ဒေသခံများက ဝိုင်းကြည့်နေကြသည်။
ဟိန္ဒူတပသီများကို တွေ့ရစဉ်
“ဒီလောက် လူတွေ အများကြီးလာတာကို တစ်ခါမှ မမြင်ဖူးပါဘူး။ ကျနော်လည်း ဒီပွဲကိုကြည့်ဖို့ ၂ နာရီလောက် လာခဲ့တာပါ”ဟု ထိုရေချိုးသန့်စင်ပွဲကိုကြည့်ရန် ကီလိုမီတာ ၂၀၀ ခန့် ခရီးနှင်လာခဲ့သည့် ပါဝမ် ယာဒေ့ဗ် (Pawan Yadav) က ပြောကြားခဲ့သည်။
တပသီများသည် မြစ်ရေများအတွင်း ကြွေးကြော်သံများ၊ ဗုံတီးသံများနှင့်အတူ ဆင်းသွားခဲ့ပြီး အချို့ တပသီများ သည် ဝေါယာဉ်များ မြင်းများကို စီးသွားကြသည်ကို တွေ့ရသည်။
ထိုပွဲကို လာကြည့်သူများအတွက် ယာယီတဲအလုံးရေ ၁၅၀,၀၀၀ ကျော် တည်ဆောက်ထားခဲ့ပြီး လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့် ဖြန့်ကြက်ချထားသည်။
ထိုပွဲတော်အတွက် ဘတ်ဂျက်သည် ဒေါ်လာ သန်း ၈၀၀ ခန့်ရှိသော်လည်း အိန္ဒိယ၏ စီးပွားရေးကို ဒေါ်လာ ၃၀ ဘီလျံမှ ၃၅ ဘီလျံအထိ မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့သည်။
Source: ရိုက်တာ